မဟာစည်သြဝါဒကထာပေါင်းချုပ်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

သာသနာ့ရိပ်သာ၌ တရားစတင်ပြသသည့်နေ့မှ ၁၃၃၆ ခုနှစ်၊ နတ်တော်လပြည့်နေ့အထိ သြဝါဒတရားများ

မဟာစည်သြဝါဒကထာပေါင်းချုပ်

Published Date - 1975

Author By - မဟာစည်ဆရာတော်ဘုရားကြီး

67 စာမျက်နှာ


နိဒါန်း

 

ဘဝတု သဗ္ဗမင်္ဂလံ

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ဝိပဿနာတရား ပြသတော်မူသည်မှာ ၁၃၃၆-ယခုနှစ် နတ်တော်လပြည့်နေ့၌ (၂၅)နှစ် ပြည့်မြောက်ပါသည်၊ ယင်း (၂၅)နှစ် အတွင်း၌ သြဝါဒခံယူပူဇော်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့ပါသည်။

၁၃၁၂-ခုနှစ် ပဌမအကြိမ် ကျင်းပသော သြဝါဒခံယူပူဇော်ပွဲမှတပါး ၁၃၁၃-ခုနှစ်မှစ၍ ကျင်းပခဲ့သော သြဝါဒခံယူပူဇော်ပွဲတို့၌ နယ်လေးရပ်မှ ရဟန်းရှင်လူ ယောဂီအပေါင်းတို့ ပျားပန်းခပ်မျှ ထောင်ပေါင်းများစွာ လာရောက် သြဝါဒခံယူပူဇော်ကြပါသည်။

ထိုနှစ်မှစ၍ ရှမ်း, ပလောင်, ကယားစသော ပြည်နယ် ရဟန်းရှင်လူး ယောဂီအပေါင်းတို့လည်း လာရောက် သြဝါဒခံယူပူဇော်ကြသောကြောင့် တချို့နှစ်များ၌ ပရိသတ်များလွန်းသဖြင့် ရှမ်း, ပလောင် ရဟန်းရှင်လူ ယောဂီတို့အား သြဝါဒခံယူပူဇော်ရန် တရက်သီးခြား စီစဉ်ပေးရသည်လည်း ရှိခဲ့ပါသည်။


 

ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ဝိပဿနာကမ္မဋ္ဌာန်း

စတင်ပြခဲ့သည်မှ ၂၅-နှစ်အတွင်း နှစ်ပတ်လည်

မဟာစည် သြဝါဒကထာ ပေါင်းချုပ်

 

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ရန်ကုန်မြို့သာသနာ့ရိပ်သာ၌ ၁၃၁၁-ခုနှစ် နတ်တော်လပြည့်နေ့တွင် ဓမ္မစကြာသုတ်တရားတော်ကြီးကို ဟောကြား၍ ကမ္မဋ္ဌာန်းဌာနအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုနေ့မှစ၍ တရားအားထုတ်ကြသော ပဌမဆုံး ယောဂီများမှာ ၂၅-ဦး ရှိခဲ့သည်။

နေ့စဉ်လိုလိုပင် ယောဂီအသစ်များ လာရောက်၍ အားထုတ်ကြသဖြင့် ၁၃၁၂-ခု နတ်တော်လသို့ ရောက်သောအခါ ယောဂီပေါင်း (၅၈၆)ယောက် ရှိခဲ့လေသည်။

ထိုအခါမှာ တလ နှစ်လ စသည် အားထုတ်ပြီး၍ ပြန်သွားကြသော ယောဂီဟောင်းတို့အား မိမိတို့ အားထုတ်ခဲ့ရာဌာနသို့ရောက်၍ ယခင်က အားထုတ်ခဲ့ပုံကို ပြန်လည်သတိရလျက် စိတ်အားတက်ကြွစေရန်နှင့် ယောဂီအဟောင်း အသစ်များ အချင်းချင်းတွေ့ဆုံ၍ မိတ်သင်္ဂဟဖြစ်လျက် စည်းလုံးညီညာ ပဋိပတ္တိသာသနာကို အားပေးပြုစုနိုင်ကြစေရန် ရည်သန်ချက်ဖြင့် နှစ်ပတ်လည်ယောဂီ အစည်း အဝေးပွဲကို ကျင်းပစေခဲ့သည်။ ထိုအစည်းအဝေးပွဲ၏ အမည်ကိုလည်း ဒါယကာကြီးဆာဦးသွင်၏ လျှောက်ထားချက်အရ သြဝါဒခံယူပူဇော်ပွဲဟု ခေါ်တွင်စေခဲ့သည်။