ဝိသုဒ္ဓိမဂ်မြန်မာပြန် (ပထမတွဲ)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဝိသုဒ္ဓိမဂ် နိဒါန်းသည် အလွန်ရှည်လျားသောကြောင့် အချိန်ကုန်မခံနိုင်လျှင် ထိုနိဒါန်းကိုကျော်၍ ဝိသုဒ္ဓိမဂ်-မြန်မာပြန် စာသားကိုသာလျှင် ဖတ်ရှုသွားနိုင်ကြောင်း ဤနေရာမှနေ၍ အထူးပင် သတိပေးလိုက်ပါသည် စာဖတ် ပရိတ်သတ် အပေါင်း သူတော်ကောင်းတို့။

ဝိသုဒ္ဓိမဂ်မြန်မာပြန် (ပထမတွဲ)

Published Date - 1972

Author By - မဟာစည်ဆရာတော်ဘုရားကြီး

719 စာမျက်နှာ

ဝိသုဒ္ဓိမဂ်-မြန်မာပြန်

အသစ်ဖြစ်ပေါ်လာရခြင်း၏ အကြောင်း

 

အကြောင်းရင်းအစ

ဗုဒ္ဓသာသနာအဖွဲ့က နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် နာယကအဖြစ်ဖြင့် အုပ်ချုပ်စီမံ၍ မေးခွန်းပုစ္ဆာများကို ထုတ်ပေးရန်အတွက် () မဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးဉာဏုတ္တရ၊ () အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်၊ () ဝိသုဒ္ဓိမဂ် ဆရာတော် အရှင်မေဓာဝီတို့အား ၁၃၂၃-ခုနှစ် ဝါတွင်းက လျှောက်ထား တောင်းပန်ခဲ့၏။ ထိုအခါ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားသည် ထိုစာမေးပွဲအတွက် ပြဓာန်း သတ်မှတ်ထားသော မြန်မာပြန်-ဝိသုဒ္ဓိမဂ္ဂမဋ္ဌကထာ တတိယ တွဲကို တာဝန်ရှိသည် အားလျော်စွာ ကြည့်ရှု သုံးသပ်တော်မူ၏။ ထိုသို့ ကြည့်ရှုသုံးသပ်သောအခါ အောက်ပါ စကားရပ်ကိုရှေးဦးစွာ တွေ့ရလေသည်။

ယခုအခါ၌ ဤသို့ အကြင် အကြင်စိစစ် စီရင်အပ်ကုန်ပြီးသော ဝိပဿနာ၏ဖြစ်ရာ အာရုံ ဘုံဖြစ်ကုန်သော ခန္ဓာစသော တရားတို့၌ ဆရာကောင်းထံ၌ ကျမ်းဂန်ကို သင်ယူခြင်းဟူသော ဝါစုဂ္ဂတ နှုတ်သို့ တက်အောင်ပြုခြင်း ထက်ဝန်းကျင် ခပ်သိမ်းသော အပြားအားဖြင့် အနက်ကို သိခြင်းငှါလိုသော သမာဆန္ဒ ပုဗ္ဗင်္ဂမ သဝနဥပပရိက္ခာ စသည်တို့ဖြင့် ထိုကျမ်း၏အနက်ကို နှလုံး၌ထားသော အစီ အရင်၏အစွမ်းဖြင့် ထက်ဝန်းကျင်လေ့လာအပ် မှီဝဲအပ်သောဉာဏ်ကို ပြု၍” ... (စာမျက်နှာ ၂၂၉- ပဌမပိုဒ်မှ)

အထက်ပါစာပိုဒ်ကို နှစ်ခေါက်သုံးခေါက် ဖတ်ကြည့်သော်လည်း တိကျသော အဓိပ္ပါယ်ကို ရှင်းလင်းပြတ်သားစွာ မရပဲရှိနေသဖြင့် ဝိသုဒ္ဓိမဂ်ကျမ်းရင်းပါဠိကို ကြည့်ရှုရ၏။ ထိုသို့ ကြည့်ရှုသောအခါ အောက်ပါအတိုင်း ပြန်ဆိုသင့်သည်ကို တွေ့ရလေသည်။

ယခုအခါ (ဝိပဿနာပညာ၏) ဘုံ အာရုံ ဖြစ်ကုန်သော (ပြဆိုခဲ့ပြီးသော ခန္ဓာအစရှိသော) တရားတို့၌ သင်ယူခြင်း မေးမြန်းခြင်းတို့၏ အစွမ်းအားဖြင့် ဉာဏ်အလေ့အကျက်ကို ပြုပြီးလျှင် ... (ပဌမထုတ် ဝိသုဒ္ဓိမဂ်မြန်မာပြန် နှာ-၈၃၊ ဒုတိယထုတ် ဝိသုဒ္ဓိမဂ်-မြန်မာပြန် စတုတ္ထတွဲ နှာ-၂၂၀) အထက်ပါအတိုင်း အတိအကျ တိုတို ပြန်ဆိုရုံမျှဖြင့် အနက်အဓိပ္ပါယ်ပြည့်စုံ၍ အလွယ်တကူ သိနားလည်နိုင်လောက်ပါလျက် ထိုသို့ အတိအကျမပြန်ပဲ ဋီကာအဖွင့်များနှင့်တကွ နိဿယမှ ဖြည့်စွက်ချက်များကို ထည့်သွင်း၍ ဝေဝေဆာဆာ သာသာထိုးထိုး ပြန်ဆိုထားသောကြောင့် အသိခက်လျက် ရှိနေသည်ကို တွေ့ရသဖြင့် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားမှာ ...

ဤမျှလောက် ရှင်းလင်းသော ပါဠိဝါကျ၌ပင် နားမလည်နိုင်အောင် ပြန်ဆိုထားသော မြန်မာပြန်-ဝိသုဒ္ဓိမဂ်ကျမ်းကို ကြည့်ရှုလေ့လာ သူတို့မှာ တတ်သိနားလည်ရန် ခက်ခဲရုံမျှမက ဝိသုဒ္ဓိမဂ်ဟာ ငါတို့နှင့် မတန်-ဟု အထင်ရောက်လျက် စိတ်ပျက်၍ နောက်ဆုတ်သွားကြဖွယ်ရာ အကြောင်းလည်း ရှိသည်၊ သို့ဖြစ်၍ ဝိသုဒ္ဓိမဂ်ကို သိလွယ်သောနည်းဖြင့် တိတိကျကျ အသစ်ပြန်ဆိုရေးသားရန် သင့်သည်”-ဟု အကြံအစည် ဖြစ်ပေါ်ခဲ့သည် ဟူ၏။

တာဝန်ယူခြင်း

ထိုနှစ်မှာပင် ပြာသိုလဆုတ် ၁၀-ရက် နေ့စွဲဖြင့် ဗုဒ္ဓသာသနာအဖွဲ့က အထက်ပါ နာယကဆရာတော် -ပါးတို့အား ဝိသုဒ္ဓိမဂ်မဟာဋီကာကို စာမေးပွဲပြဓာန်းချက်ဆိုင်ရာ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသမှစ၍ မြန်မာဘာသာ ပြန်ဆိုပေးရန် တောင်းပန်လျှောက်ထားခဲ့၏။ ထိုအခါ နာယကဆရာတော် -ပါး စည်းဝေး၍ ဆွေးနွေးတိုင်ပင်ကြရာ အောက်ပါအတိုင်း သဘောတူညီတော်မူကြသည်။

() မဟာဋီကာကို မြန်မာပြန်လျှင် သံဝဏ္ဏေတဗ္ဗပုဒ်ကို ထုတ်ပြရာ၌ ပါဠိကျမ်းရင်းမှ ပါဠိပုဒ်ကို ထုတ်ပြရန်လည်းမသင့်၊ ယခုလက်ရှိ မြန်မာပြန် အဟောင်းမှာလည်း ဋီကာ အဖွင့်များနှင့် နိဿယမှ ဖြည့်စွက်ချက်များကိုပါ ထည့်သွင်းရေးသား ထားသောကြောင့် ၎င်းမှလည်း ထုတ်ပြရန်မသင့်၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ်ကိုပါ အသစ်တဖန် တိတိကျကျ မြန်မာပြန်ဆို ရေးသားရန်။

() ထိုကိစ္စအတွက် မဟာစည်ဆရာတော်အား တာဝန်လွှဲအပ်ရန်။

အထက်ပါအတိုင်း သဘောတူညီကြ၍ မဟာဋီကာနှင့်တကွ ဝိသုဒ္ဓိမဂ်ကို အသစ်တဖန် မြန်မာပြန်ဆို ရေးသားရန် မဟာစည်ဆရာတော်အား တာဝန်ပေး လွှဲအပ်တော်မူကြသည်။ သို့ဖြစ်၍ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားသည် ပေးအပ်သော ထိုတာဝန်ကို လက်ခံပြီးလျှင် ထိုနှစ်တပေါင်းလဆန်း -ရက်မှအစပြု၍ အခွင့်သာသော အချိန်အခါများတွင် ဝိသုဒ္ဓိမဂ်-မြန်မာပြန်ကျမ်းသစ်ကို ရေးသား စီရင်တော် မူခဲ့ပေသည်။

ပြန်ဆိုရေးသားပုံ

ဋီကာမြန်မာပြန် ထွက်ပေါ်လာလျှင် ယင်းနှင့် တိုက်ဆိုင်ကြည့်သောအခါ ဋီကာနှင့် အဋ္ဌကထာကို ခွဲခြား၍ ရှင်းရှင်းလင်းလင်း အလွယ်တကူသိနိုင်စေရန်အတွက် တိကျနိုင်သမျှ တိကျအောင် ပြန်ဆိုရေးသားတော်မူ၏။ ဋီကာဖွင့်စသည်တို့ကိုပါ ယှဉ်တွဲ၍ပြမှ နားလည်နိုင်မည့်အရာတို့၌မူ ယင်းဋီကာ ဖွင့်စသည်တို့ကိုလည်း လက်သည်းကွင်းဖြင့် ပိုင်းခြား၍ သီးသန့်ဖော်ပြထားတော်မူပေ၏။

အထူးသတြိုပရန်မှာ .... ဤကျမ်းသည် မြန်မာပြန် ဖြစ်သောကြောင့် မြန်မာစကား ချောမော ပြေပြစ်ခြင်းနှင့် ပါဠိမတတ်သော စာဖတ်ပရိတ်တို့အား ရှင်းရှင်းလင်းလင်း သဘောပေါက် သိနားလည်စေခြင်းကို အထူး အလေးပြု၍ ပြန်ဆိုရေးသားထားတော်မူပေသည်။ ဗဟုဝုစ် ဝိသေသန ပါဠိပုဒ်တို့ကို ကုန်သော၊ ကုန်သောဟု အတိအကျပြန်လျှင် မြန်မာစကား မချောမော မပြေပြစ်သည်လည်းရှိ၏။ ဥပမာ...သဥပစာရာ အဋ္ဌသမာပတ္တိယော-ဟူသောပါဌ်ကို ဥပစာရသမာဓိ တို့နှင့်တကွ ဖြစ်ကုန်သော ရှစ်ပါးကုန်သော သမာပတ်တို့ပေတည်းဟု ဗဟုဝုစ်နှင့် အတိအကျ ပြန်ဆိုခြင်းထက် ဥပစာရသမာဓိနှင့် တကွ ရှစ်ပါးသော သမာပတ်တို့ပေတည်းဟု ပြန်ဆိုခြင်းက သာ၍ချောမောပြေပြစ်၏။ ထို့ကြောင့် ယခင် မြန်မာပြန် နှာ-၈၃၊ ယခုစတုတ္ထတွဲ နှာ-၂၂၀- ၎င်းအတိုင်းပင်ပြန်ဆိုထားတော်မူပေသည်။ အကြောင်းမှာ မြန်မာသက်သက် စကားဝါကျတို့၌ ဝိသေသနအရာတွင် ဗဟုဝုစ်ကိုများစွာ သုံးလေ့မရှိသောကြောင့်ပင် ဖြစ်ပေသည်။ သို့ရာတွင် ဗဟုဝုစ်အနက်ကို ထင်ရှားစေသင့်သော အရာတို့၌၎င်း၊ ဗဟုဝုစ် ဝိသေသနနှင့် ဝသေသျတို့ ဆက်စပ်ပုံကို ထင်ရှားစေသင့်သော အရာတို့၌၎င်း ဗဟုဝုစ်ဝိသေသန ပုဒ်များကို ကုန်သောဟူ၍ပင် ဗဟုဝုစ်နှင့် အတိအကျ ပြန်ဆိုထားပေသေး၏။ ထို့ပြင် .... သုခုမတ္တာသိမ်မွေ့သည်၏ အဖြစ်ကြောင့်။ အသမ္မသနုပဂတ္တာ-သုံးသပ်ခြင်းသို့ မရောက်ကုန်သည်၏ အဖြစ်ကြောင့် ဤသို့ စသည်ဖြင့်သဒ္ဒါနက် အတိအကျ ပြန်ဆိုသင့်သော ဘာဝတဒ္ဓိတ်ဟိတ် ပုဒ်တို့၌လည်း သိမ်မွေ့သောကြောင့် (ဟောင်းနှာ - ၉၇၊ သစ် စတုတ္ထတွဲနှာ-၂၃၃) မသုံးသပ်ထိုက်သောကြောင့် (ဟောင်းနှာ-၁၅၆၊ သစ်စတုတ္ထတွဲနှာ-၂၈၇)” ဤသို့စသည်ဖြင့် မြန်မာစကား ချောစေရန် ပြန်ဆိုထားပါပေ၏။ ထို့ပြင် ... မြန်မာစကားဝါကျတို့၌ အနိယတ်ကို သုံးလေ့မရှိသောကြောင့် အနိယတ်ဝါကျများကိုလည်း များသောအားဖြင့် နိယတ်ဝါကျ၌ ထည့်သွင်း၍ ပြန်ထားတော်မူပေ၏။ ဤသို့ အနက်အဓိပ္ပါယ်မပျက်စေပဲ တမျိုးတမည် ပြန်ဆိုထားသည်ကို တွေ့ရလျှင် မြန်မာစကားချော၍ နားလည်လွယ်အောင် ပြန်ဆိုထားသည်ဟု မှတ်ယူကြစေလိုပါသည်။

ခက်ဆစ်မှတ်ချက်များ

ပါဠိ၌ ကံဟော ကတ္တားဟော စသည်ဖြင့် ထူးသောကြောင့်၎င်း၊ ဝိဘတ်ထူးသည်အားလျော်စွာ ကာရိယ ထူးသော ကြောင့်၎င်း ပါဠိ ပညာရှိတို့မှာ ပါဠိဝါကျတို့၌ စာစပ်ကို သိရန် လွယ်ကူပေ၏။ သို့သော်လည်း အချို့သော စာပိုဒ်ဝါကျတို့၌မူ အသိခက်သောကြောင့် အဋ္ဌကထာ ဋီကာတို့၌ပင် သမ္ဗန္ဓောဖြင့် စာစပ်ကို ဖွင့်ပြ ထားရသည်လည်း ရှိသေး၏။ မြန်မာစကားဝါကျတို့၌မူကား ကံဟော ကတ္တားဟော စသည်ဖြင့်လည်း များစွာ မထူးခြားလှ၊ ဝိသေသနပုဒ်တို့၌ ဝိဘတ်ထူးသော်လည်း ကာရိယာမှာ သောဟူ၍ချည်း မထူးပဲလည်း ရှိနေပြန်၏။ ထို့ကြောင့် မြန်မာစကား ဝါကျတို့၌ မြန်မာစာတတ်ပုဂ္ဂိုလ် တို့မှာပင် စာစပ်နှင့် စပ်လျဉ်း၍ သံသယ ဖြစ်ဖွယ်တို့ကို များစွာပင် တွေ့ရတတ်လေသည်။ သို့ဖြစ်၍ ဤမြန်မာပြန်၌ ထိုသို့သံသယ ဖြစ်ဖွယ်ရှိသောပုဒ်များကို အချင်းချင်း ဆက်စပ်ယူရန်လည်း မှတ်ချက်ဖြင့် ညွှန်ပြထားတော်မူပေ၏။ ထို့ပြင် အရာအားလျော်စွာ သိသင့်ပါလျက် မသိနိုင်သော ခက်ဆစ်များကိုလည်း မှတ်ချက်အဖြစ်ဖြင့် ဖွင့်ပြထားတော်မူပေသည်။

ရည်ရွယ်ချက်

ဤဝိသုဒ္ဓိမဂ် မြန်မာပြန်ကို ကြည့်ရှုလေ့လာသောသူတို့သည် ပါဠိဘာသာကို မတတ်သိသော်လည်း ဝိသုဒ္ဓိမဂ် ပါဠိကို ကြည့်ရှုလေ့လာသော ပါဠိတတ် ပညာရှိတို့ကဲ့သို့ပင် ဝိသုဒ္ဓိမဂ်၏ အနက် အဓိပ္ပါယ်တို့ကို အပြည့်အစုံ အလွယ်တကူ တတ်သိ နားလည်ကြစေရန် ထက်သန်သော သမ္မာဆန္ဒဖြင့် ရည်ရွယ်၍ ရေးသားစီရင်တော် မူပေသည်။ အချို့အရာ၌မူ မှတ်ချက်များဖြင့် ရှင်းလင်းဆုံးဖြတ်လျက် ပြဆိုထားသောကြောင့် ဤမြန်မာပြန်ကို ကြည့်ရှုခြင်းဖြင့် ပါဠိ ဝိသုဒ္ဓိမဂ်ကို ကြည့်ရှုခြင်းထက်ပင် အသိဉာဏ် ရှင်းလင်းသွားရန် အကြောင်းလည်း ရှိပေသေး၏။ သို့သော် ကျေးဇူးရှင်ဆရာတော်ဘုရား၏ ရည်ရွယ်ချက် မည်ရွေ့မည်မျှ အောင်မြင် ထမြောက်သည်ကိုမူ ဤမြန်မာပြန်ကို ကြည့်ရှုလေ့လာသူတို့ ကိုယ်တိုင်ပင် ဆုံးဖြတ်ကြစေလိုပါသတည်း။

ဝိသုဒ္ဓိမဂ်-နိဒါန်း

ဤဝိသုဒ္ဓိမဂ်-မြန်မာပြန်ကို ဝါခေါင်လမှစ၍ ပုံနှိပ်စေခဲ့၏။ ထိုသို့ ပုံနှိပ်နေစဉ်မှာပင် ဗဟုသုတကို လိုလားသော ပုဂ္ဂိုလ်တို့က ဝိသုဒ္ဓိမဂ္ဂနိဒါနကထာပါဠိကို မြန်မာပြန်၍ တပါတည်း ပူးတွဲဖော်ပြရန် ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားအား လျှောက်ထားတောင်းပန်ကြပြန်၏။

ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ ဖြစ်ပေါ်လာခဲ့ပုံ

၁၃၁၉-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် -ရက် တနင်္ဂနွေနေ့တွင် အဘိဓဇမဟာရဋ္ဌဂုရု ဥက္ကဋ္ဌ မစိုးရိမ် ဆရာတော်ကြီးနှင့်တကွ အဖွဲ့ဝင်ဆရာတော် ၁၃-ပါးတို့ ကြွရောက်ပါဝင်လျက် ကျင်းပသော ဆဋ္ဌသံဂါယနာ ဝန်ဆောင် သံဃအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ်နံပါတ် () ဝိသုဒ္ဓိမဂ် အဋ္ဌကထာကို စက်တင်ပုံနှိပ်ရာတွင် နိဒါန်းထည့်သွင်းသင့် မသင့်၊ အကယ်၍ ထည့်သွင်းသင့်ပါက မည်သို့ ရေးသား ထည့်သွင်းသင့်ကြောင်းကို ဆွေးနွေးတော်မူကြပြီးလျှင် အောက်ပါအတိုင်း ဆုံးဖြတ်တော်မူကြသည်။

သံဃအဖွဲ့၏ဆုံးဖြတ်ချက်

() ဝိသုဒ္ဓိမဂ် အဋ္ဌကထာ စာအုပ်ကို စက်တင် ပုံနှိပ်ရာတွင် နိဒါန်း ရေးသား ထည့်သွင်းရန်။

() အင်္ဂလိပ်ဘာသာ ယိုးဒယားဘာသာ စသော ဘာသာရပ်တို့ဖြင့် ရေးသားပုံနှိပ်ထားသော ဝိသုဒ္ဓိမဂ်စာ အုပ်တို့၏ နိဒါန်းတို့ကိုလည်း လေ့လာ၍ ဒေသနာတော်နှင့် ညီညွတ်သော နိဒါန်းမျိုးရေးသားရန်။

() ၎င်းနိဒါန်း ရေးသားရန်အတွက် အောက်ပါ ဆရာတော်များကို ရွေးချယ်ကြသည်။

() အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်။

() အဂ္ဂမဟာပဏ္ဍိတ အနီးစခန်းဆရာတော်။

() တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဦးဝိစိတ္တသာရာဘိဝံသဆရာတော်။

()ဂျပန်ဓမ္မဒူတအနုနာယက ဦးသီလာနန္ဒ (တိပိဋကပါဠိ အဘိဓာန်ကျမ်းပြု)

 () ၎င်းဆရာတော်တို့ ရေးသားပြီးသည့် နိဒါန်းကို စက်တင်ပုံမနှိပ်မီ ဝန်ဆောင် ဆရာတော်များထံ ပေးပို့ရန်။

အထက်ပါ ဆုံးဖြတ်ချက်အရ နိဒါန်းနကာရကအဖွဲ့ဝင် အခြားဆရာတော် -ပါးတို့က မဟာစည် ဆရာတော်အား နိဒါန်းမူကြမ်းကို ရေးသားရန် တာဝန်လွှဲအပ်ကြသည်။ ထိုသို့ လွှဲအပ်ခြင်းကို လက်ခံ၍ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားသည် သက်ဆိုင်ရာ ပါဠိအဋ္ဌကထာ ဋီကာ ဂန္ထန္တရကျမ်းစာ အမျိုးမျိုးတို့မှ ထုတ်နှုတ်စုဆောင်းပြီးလျှင် ဝိသုဒ္ဓိမဂ္ဂနိဒါနကထာကို ကမ္ဘာတဝှန်းလုံးက ကြည့်ရှု၍ အရိုအသေ အလေးအမြတ် ပြုနိုင်လောက်အောင် ပါဠိဂတိကျနသော ပါဠိဘာသာဖြင့် ရေးသားစီရင် တော်မူခဲ့လေသည်။ ထိုသို့ရေးသားရာတွင် အောင်ပါ စည်းကမ်းချက်များကိုလည်း မိမိကိုယ်တိုင်ပင် ချထားခဲ့သေးသည် ဟူ၏။

နိဒါန်းရေးရာ၌ စည်းကမ်းချက်များ

() အရှင်ဗုဒ္ဓဃောသနှင့် ပါဠိအဋ္ဌကထာဋီကာတို့၏ ဂုဏ်ကို မထိပါးစေရန်၊ သူတပါးက ထိပါးစွပ်စွဲ ထားသော အချက်များကိုလည်း ဖြေရှင်းသွားရန်။

() မှန်ကန်သော အကြောင်းအဋ္ဌုပ္ပတ္တိကို ထုတ်ဖော်နိုင်သမျှ ထုတ်ဖော်ရန်။

() အကြောင်းယုတ္တိ မလုံလောက်သော ချီးမွမ်းချက်များကို မထည့်ရန်။

() ချီးမွမ်းချက်တိုင်းနှင့် ဆုံးဖြတ်ချက်တိုင်းမှာ ခိုင်လုံသော သာဓကထုတ်ပြနိုင်ရန်။

() ရှေးခေတ်က ဖြစ်ပေါ်ခဲ့သော သာသနာ့ဘေးရန် အရှုပ်အထွေးများကို ထိုခေတ်မထေရ်များက လျစ်လျူရှုမနေကြပဲ ကထာဝတ္ထုကျမ်း မိလိန္ဒပဉှာကျမ်း စသည်တို့ဖြင့် ရဲရဲဝံ့ဝံ့ရင်ဆိုင် ဖြေရှင်းတော်မူကြသကဲ့သို့ ယခုခေတ် အရှုပ်အထွေးများကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြေရှင်းသွားရန်။

() ပရဝါဒီတို့၏ စွပ်စွဲချက်ကို မထုတ်ပြပဲ အဋ္ဌကထာနှင့် အဋ္ဌကထာဆရာကို ချီးကျူးရုံမျှဖြင့် ထိုစွပ်စွဲချက်များ ပြေရှင်းသွားမည် မဟုတ်သောကြောင့် အရေးကြီးသော စွပ်စွဲချက်များကို အပြည့်အစုံ ထုတ်ပြ၍ ရှင်းလင်းရန်။

() မိလိန္ဒပဉှာ၌ ဗုဒ္ဓ-ဘုရားဟူ၍ မရှိ၊ ဗုဒ္ဓ-ဘုရားသည် အလုံးစုံကို မသိနိုင်ဤသို့စသည်ဖြင့် မြတ်စွာဘုရားနှင့် စပ်သော စောဒနာ စွပ်စွဲချက်များကိုပင် ထုတ်ပြ၍ဖြေရှင်း သကဲ့သို့ နိဒါန်း၌လည်း အဋ္ဌကထာဆရာနှင့် စပ်သော စွပ်စွဲချက်များကို စွပ်စွဲသူ၏ မူရင်းအတိုင်းပင် ထုတ်ပြ၍ ဖြေရှင်းရန်။

() ဖြေရှင်းရာ၌ မေတ္တာ ကရုဏာနှင့် ယှဉ်လျက် နူးညံ့ ပြေပြစ်၍ ခံ့ညားသော စကားတို့ကိုသာ သုံးရန်။

() ပရဝါဒီတို့ အထင်မသေးစေရန်အတွက် ရှည်လျား ကျယ်ဝန်း မည်ကိုမငဲ့ပဲ ဖော်ပြသင့်သမျှကို အပြည့်အစုံပင် ဖော်ပြရန်။

(၁၀) စပ်ဆိုင်ရာ ဗဟုသုတများနှင့် ကျမ်းစာညွှန်းများကိုလည်း ထည့်သွင်းဖော်ပြရန်။ (ကျမ်းညွှန်းများကို ပါဠိနိဒါန်း၌ အပြည့်အစုံပင် ပြထားပြီး ဖြစ်သည်။ ဤမြန်မာပြန်ကို ကြည့်ရှုသူတို့မှာ ညွှန်ပြထားသော ထိုပါဠိကျမ်းတို့ကို အများအားဖြင့် ကြည့်ရှုနိုင်ကြမည် မဟုတ်သောကြောင့်၎င်း၊ ကြည့်ရှုနိုင်သူတို့မှာလည်း ပါဠိနိဒါန်း၌ ညွှန်ပြချက်ဖြင့်ပင် သိနိုင်သောကြောင့်၎င်း ဤမြန်မာပြန်၌ကား ထိုကျမ်းညွှန်းကို မပြတော့ပေ။

အထက်ပါ စည်းကမ်းချက်များအရဖြင့် အရှင် ဗုဒ္ဓဃောသမထေရ်နှင့်စပ်၍ လိုလေသေး မရှိရအောင် အပြည့်အစုံ ထုတ်ပြစိစစ်ဝေဘန်၍ ရေးသားထားသဖြင့် ကျေးဇူးရှင် ဆရာတော်ဘုရား၏ နိဒါန်းမှာ ဝိသုဒ္ဓိမဂ် အတွက်သာမဟုတ်ပဲ အားလုံးသော သင်္ဂဟအဋ္ဌကထာတို့အတွက် နိဒါန်းလည်း ဖြစ်နေပါပေ၏။ ထို့ကြောင့် ဤနိဒါန်းမျိုးမှာ သာသနာဝင်တလျှောက်လုံးတွင် မဖြစ်ပေါ်ခဲ့ဘူးသေး-ဟုဆိုလျှင် လွဲမှားမည် မဟုတ်ပေ။ သို့သော် ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားသည် ထိုသို့ ပြည့်စုံစွာ ရေးသားပြီးသော စုဏ္ဏိယပါဠိနိဒါန်းမျှဖြင့် အားရတော် မမူသေးသောကြောင့် ဟံသာဝတီခရိုင် သံလျင်မြို့နယ် သပြေကန်ရွာ မဟာဓမ္မိကာရာမ ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသော အနုနာယကဆရာတော် အရှင်ဝါသေဋ္ဌထံသို့ ထိုနိဒါန်းစာမူကို ပေးပို့လိုက်၍ အနုဂီတိခေါ် သင်္ဂဟဂါထာ များကို ရေးသားစီကုံးရန် တဆင့်တောင်းပန် တိုက်တွန်းခဲ့ပြန်လေသည်။ ထိုဆရာတော် အရှင်ဝါသေဋ္ဌ မထေရ်ကလည်း ကျန်းမာရေးမပြည့်စုံလှသော်လည်း အလွန်ထက်သန်သော စိတ်စန္ဒဖြင့် အနုဂီတိဂါထာ ၇၄-ပုဒ်ကို ဆန်း အလင်္ကာနည်း ပါဠိ သက္ကတသဒ္ဒါနည်းတို့ဖြင့် တန်းဆာဆင်လျက် အဆင့်အတန်း မြင့်မားစွာ ရေးသားစီကုံးပေးခဲ့ပေသည်။

ထိုအနုဂီတိဂါထာများနှင့်တကွ စုဏ္ဏိယပါဠိနိဒါန်းမူကြမ်းကို နိဒါနကာရကအဖွဲ့အား တင်ပြပြီးနောက် ဝန်ဆောင်သံဃအဖွဲ့အား တင်ပြခဲ့၏။ ထိုအခါ ဝန်ဆောင်သံဃအဖွဲ့က သဘောတူလက်ခံ၍ အခွင့်ပြုသဖြင့် ဝိသုဒ္ဓိမဂ္ဂနိဒါနကထာပါဠိကို ဗုဒ္ဓသာသနာအဖွဲ့က ပုံနှိပ်၍ ပြည်တွင်းပြည်ပ တကမ္ဘာလုံးသို့ ဖြန့်ဝေခဲ့ပေသည်။

သို့ရာတွင် ထိုနိဒါနကထာမှာ အဆင့်အတန်းမြင့်သော ပါဠိဘာသာသက်သက်ဖြင့်သာ ရေးသားထား တော်မူသောကြောင့် ပါဠိကို ကောင်းစွာ မတတ်သော သူတို့မှာ မသိနိုင်ပဲ ရှိနေသေး၏။ ထို့ကြောင့် ပုံနှိပ်ဖြန့်ဝေရန် အခွင့်ပြုစဉ်ကပင် ထိုနိဒါန်းကို မြန်မာပြန်ရန်လည်း ဝန်ဆောင်သံဃအဖွဲ့က မဟာစည်ဆရာတော် အားပင် တာဝန်ပေးထားခဲ့ကြောင်း သိရပါသည်။

သို့ဖြစ်၍ ယခုအခါ ဗဟုသုတလိုလားသူတို့အတွက် ထိုပါဠိနိဒါန်းကို ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားပင် မြန်မာပြန်၍ ဤဝိသုဒ္ဓိမဂ်-မြန်မာပြန် စာအုပ်၌ပင် တပါတည်းပူးတွဲလျက် ဖြန့်ချိရန် ဓမ္မဒေသနာဖြန့်ချိရေးအဖွဲ့အား အခွင့်ပြုလိုက်ပေသည်။

အထူးသိစေလိုသည်မှာ ... ပါဠိနိဒါန်းကို မြန်မာပြန်သည်ဟု ဆိုသော်လည်း မြန်မာစကား ချောမော ပြေပြစ်ခြင်း နားလည်လွယ်ခြင်း သိသင့်သောအကြောင်းအရာများ စုံလင်သင့်သမျှ စုံလင်စေခြင်းတို့ကို ပဓာနပြု၍ ရေးသားပြန်ဆိုထားပါသည်။ သို့ဖြစ်၍ အချို့အနည်းငယ်သော အရာတို့၌ ဖြည့်စွက်ပြင်ဆင်၍ ရေးသား ထားသည်ကိုလည်း ပါဠိပညာရှိတို့ တွေ့ကြပါလိမ့်မည်။ အများအားဖြင့် မူကား ပါဠိအရ အတိအကျပြန်ဆိုရေးသားထားသည်ကိုသာလျှင် ရာခိုင်နှုန်း ၉၈-ထက် မနည်းတွေ့ရပါ လိမ့်မည်။ သာဓကအားဖြင့် ထုတ်ပြထားသော ပါဠိ တို့ကိုမူကား ရာခိုင်နှုန်းအပြည့်ပင် အတိအကျ ပြန်ဆိုထားတော်မူပေသည်။

ဝိသုဒ္ဓိမဂ်ကိုသာလျှင် အလျင်အမြန် ကြည့်ရှုလိုသူတို့အတွက် သတိ ပေးလိုသည်မှာ...ဝိသုဒ္ဓိမဂ် နိဒါန်းသည် အလွန်ရှည်လျားသောကြောင့် အချိန်ကုန်မခံနိုင်လျှင် ထိုနိဒါန်းကိုကျော်၍ ဝိသုဒ္ဓိမဂ်-မြန်မာပြန် စာသားကိုသာလျှင် ဖတ်ရှုသွားနိုင်ကြောင်း ဤနေရာမှနေ၍ အထူးပင် သတိပေးလိုက်ပါသည် စာဖတ် ပရိတ်သတ် အပေါင်း သူတော်ကောင်းတို့။

သာသနာ ၂၅၀၆-ခု                                                                                    အရှင်သုဇာတ

ကောဇာ ၁၃၂၄-ခု                                                                                      ပဓာနကမ္မဋ္ဌာနစရိယ

တော်သလင်းလဆုတ် ၁၁-ရက်                                                                      သာသနာ့ရိပ်သာ၊ ရန်ကုန်။