ဓမ္ဓစကြာတရားတော်ကြီး

Author By - မဟာစည်ဆရာတော်ဘုရားကြီး

“နိဗ္ဗာန်မြင်အောင်က ဘယ်လိုမှ မလုပ်ရဘူး၊ မလုပ်ရလို့ နိဗ္ဗာန်လို့ပြောတာ၊ နိဗ္ဗာန်ချမ်းသာက ဘယ့်နှယ်မှ မလုပ်ရပဲ အလိုလိုရှိပြီးသား၊ မလုပ်ရလို့လဲ ချမ်းသာတာ”

ဓမ္ဓစကြာတရားတော်ကြီး

Published Date - 1975

Author By - မဟာစည်ဆရာတော်ဘုရားကြီး

530 စာမျက်နှာ

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးသည် ယင်းတရားစကြာရတနာကြီးကို အမျိုးမျိုးသော နည်းတို့ဖြင့် ဆင်ယင်ဖွင့်ပြလျက် ၁၃၂၄-ခုနှစ် တော်သလင်းလကွယ်နေ့မှ စ၍အခွင့်သင့်သော သီတင်းနေ့တိုင်း ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဗမ္မာရုံကြီး၌ ရှစ်ကြိမ်တိုင်တိုင် ဟောကြားတော် မူခဲ့ပေသည်၊ ယင်းခုနှစ် တန်ခူးလပြည့်နေ့၌ အပြီးသတ်ခဲ့သည်။

ဤဓမ္မစကြာ တရားတော်သည် ဗုဒ္ဓရှင်တော်မြတ်ဘုရားလက်ဦးစ၍ ဟောတော်မူသည့် တရားတော် ဖြစ်သောကြောင့် ဓမ္မစကြာဆိုလျှင် ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တိုင်းလိုလိုပင် ကြားဘူးပြီး သိဘူးပြီး ဖြစ်နေပေသည်၊ အလွန်လည်း အလေးအမြတ် ပြုကြသည့် တရားတော်ဖြစ်ပေသည်၊ အလွန်လည်း အလေးအမြတ် ပြုကြသောကြောင့် ရှေးရှေး ဆရာ့ဆရာများသည် ဓမ္မစကြာသုတ် ပါဌ်နိဿယ အဖြစ်ဖြင့်၎င်း၊ ဓမ္မစကြာ အမေးအဖြေ အဖြစ်ဖြင့်၎င်း၊ ဓမ္မစကြာ ဘာသာပြန် အကျယ်ဖွင့် စသည်ဖြင့်၎င်း၊ အမျိုးမျိုးများစွာပင် ရေးသားဖွင့်ပြတော်မူခဲ့ကြပေသည်၊ ထိုအထဲတွင် ဓမ္မစကြာမဟာဋီကာသစ်ကျမ်းကြီးသည် စာမျက်နှာ ၉၃၀-ကျော် ရှိ၍ အကြီးအကျယ်ဆုံးဖြစ်ပေသည်။

ယင်းသို့ အဖွင့်ကျမ်းပေါင်းများစွာ ရှိခဲ့သော်လည်း ဓမ္မစကြာသုတ်မှ ကျင့်သုံးပွါးများပုံကို ကိုယ်တွေ့ဉာဏ်တွေ့အားဖြင့် တိတိကျကျ ပြဆိုထားသည်မှာ မရှိသလောက်ပင်ဖြစ်ခဲ့ပေသည်၊ ထို့ကြောင့်ပင် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက လုပ်ငန်းစဉ်ပါတဲ့ ဓမ္မစကြာတရားကို ရှာနေသော ဆရာတော် တပါးအကြောင်းကို ထုတ်ဖော်ထည့်သွင်း၍ ပြသွားတော်မူ ပေသည်။ (နှာ )

ဤကျမ်း၌ လုပ်ငန်းစဉ်ပါ ပြည့်စုံသည့်ပြင်

ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ဟောကြား ရေးသားတော်မူတဲ့ ဓမ္မစကြာ တရားတော်ကြီးမှာတော့ ကိုယ်တွေ့ဉာဏ်တွေ့ ဘာဝနာလုပ်ငန်းစဉ်များကို အရာအားလျော်စွာ ဖော်ပြထားသည့်ပြင် အဋ္ဌာကထာ ဋီကာများနှင့် အခြားကျမ်းများမှာပြဆို မထားဘူးသေးတဲ့ မှတ်သားဖွယ်များကိုလည်း အရာအားလျော်စွာ ဖော်ပြထားပေသည်။ အချို့ကို ဖော်ပြရလျှင် အာဠာရ, ဥဒကရသေ့တို့၏ နေရာဌာနနှင့် သူတို့၏ တပည့်ပရိသတ်များကို ထေရဝါဒကျမ်းတို့၌ ဖော်ပြထားခြင်းမရှိပေ၊ ထိုအချက်များကိုလည်း ဆရာတော်ဘုရားကြီးက ဗဟုသုတအဖြစ် မှတ်သားရန် ဖော်ပြထားပေသည်၊ (နှာ ၁၅-နှင့် ၂၂) 

ရှေးက မဖွင့်ပြဘူး၍ ထူးခြားပြည့်စုံလှပေစွ

မဇ္ဈိမပဋိပဒါခေါ် မဂ္ဂင်ရှစ်ပါးကို ဖွင့်ပြဟောကြားရာတွင် အခြားသုတ် ပါဠိများနှင့် အဖွင့်အဋ္ဌကထာ ဋိကာများပါ ဆောင်ပြသည့်ပြင် လက်တွေ့ရှုမှတ်လျက် ပွါးစေပုံများပါ ပြဆိုထားသဖြင့် ဓမ္မစကြာ အဖွင့်ကျမ်းဟောင်းများနှင့် မနှိုင်းသာအောင် ထူးခြားကောင်းမွန်၍ အလွန်ပင် အနှစ်သာရ ပြည့်စုံလှပါပေသည်၊ ယင်းသို့သော ထူးခြားကောင်းမွန်ပုံ အနှစ်သာရ ပြည့်ဝပုံများသည် ဖွင့်ပြဟောပြောတော်မူသော ဆရာတော်ဘုရားကြီး၏ ပရိယတ် ပဋိပတ် ပဋိဝေဓဂုဏ်ကို ဖော်ပြသကဲ့သို့ပင် ရှိနေကြောင်း တရားနာသူ စာကြည့်သူအပေါင်းအား ထင်ရှားပေါ်နေမည်မှာ ယုံမှားဖွယ်မရှိ ဖြစ်ပေသည်။

စိတ် စိတ်အတိုင်းနေတာက အေးချမ်းနေပါကလား၊ ငြိမ်းချမ်းနေပါကလား၊ အေးရာ ငြိမ်းရာ ချုပ်ရာပါကလား၊ နိဗ္ဗာန်ပါကလား၊ ဤလိုမှတပါး ဘာမှ မတိုးရပါကလား၊ ဒီထက်များ တိုးလုပ်လိုက်ယင်တော့ သင်္ခါရမျိုးတွေချည်းပဲ ဖြစ်ကုန်မှာ၊ ဒီအတိုင်းတိုင်း အေးရာမှ တိုးလိုက်ယင်တော့ ဒုက္ခဖြစ်မဲ့ သဘောတွေ ဖြစ်ပြီး ပျောက်ပျက်ကုန်မဲ့ သဘောတွေဖြစ်တော့မယ်လို့ ဧကန်သိသွားတာ ခြားခြားနားနား သိသွားတာကို ပိုင်းခြား သိတယ်လို့ ဟောတာ ဤကား ဒုက္ခ။ ပ။

ဤကား မဂ္ဂင်ရယ်လို့ ပိုင်းခြားပြီး သိတာ ဒီထက်မတိုးရဘူးလို့ သိတော့ ဆုံးနေတယ်ပေါ့၊ ဓမ္မခန်း ဆုံးအောင် သိတဲ့အသိဒဿနကိစ္စ လောကုတ္တရာဆိုတဲ့ သောတာပတ္တိမဂ်ဉာဏ်၊ ဒါမှ သောတာပန် ဖြစ်တာ နိဗ္ဗာန်မြင်တာပဲဟူ၍၎င်း၊နိဗ္ဗာန်မြင်အောင်က ဘယ်လိုမှ မလုပ်ရဘူး၊ မလုပ်ရလို့ နိဗ္ဗာန်လို့ပြောတာ၊ နိဗ္ဗာန်ချမ်းသာက ဘယ့်နှယ်မှ မလုပ်ရပဲ အလိုလိုရှိပြီးသား၊ မလုပ်ရလို့လဲ ချမ်းသာတာစသည်ဖြင့်၎င်း ဤသို့သော ဟောပြောခြင်း ယူဆတွေးခေါ်ခြင်း ယုံကြည်စွဲလမ်းခြင်း တွေလဲ သီလဗ္ဗတပရာမာသ ဒိဋ္ဌိချည်းပဲ။