“လောကုတ္တရာတရားကိုးပါးအား လျော်သောအကျင့်ကို ကျင့်ခြင်းသည် သာလျှင် သာသနာတော်ကိုတည်တံ့စေနိုင်သည်” ဟူသောအဆိုကို အဋ္ဌအထာ စိစစ်ခဏ်း၌ မဟာစည်ဆရာတော်ကြီး ဖွင့်ပြတော်မူခြင်း။

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

သာသနာတော်နှစ် (၉၀၁-၁၀၀၀)အတွင်း ပေါ်ထွန်းတော်မူခဲ့သော အဋ္ဌကထာ ကျမ်းပြုအကျော် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်ကြီး၏ မဟာပဒါနသုတ် အဋ္ဌကထာတွင် “ဓမ္မနုဓမ္မပ္ပဋိပန္နော - လောကုတ္တရာတရားကိုးပါးအား လျော်သောအကျင့်ကို ကျင့်ခြင်းသည်သာလျှင် ဗုဒ္ဓသာသနာတော်ကို တည်တံ့စေခြင်းငှာ စွမ်းနိုင်သည်” ဟု ဖွင့်ပြတော်မူခြင်းကို ဆဋ္ဌသင်္ဂါယနာသဘင် မဟာဝဂ္ဂ အဋ္ဌကထာ စိစစ်ခဏ်းတွင် မဟာစည်ဆရာတော်ကြီး စိစစ်အပ်သည်မှဖော်ပြ၍ ပူဇော်ပါမည်။

အာမိသပူဇာဆိုတာ သာသနာတော်ကို တရက်တောင်မှ မတည်တံ့စေနိုင်ပါဘူးတဲ့။ ယာဂုတခါသောက်မျှ ကြာအောင် တည်တံ့စေခြင်းငှာမစွမ်းနိုင်ဘူးတဲ့။ မဟာဝိဟာရခေါ်တဲ့ ကျောင်းတိုက်ကြီးနှင့်အလားတူတဲ့ ကျောင်းတိုက်ကြီးပေါင်းတထောင်, မဟာစေတီနှင့်တူတဲ့ စေတီကြီးပေါင်းတထောင် ဆောက်လုပ်ပြီး သကာလ ပူဇော်ပေမယ်လို့လည်းပဲ သာသနာကိုတည်စေခြင်းငှာ မစွမ်းနိုင်ပါဘူးတဲ့။ အကယ်၍ သာသနဓမ္မကို ကျင့်တဲ့ပုဂ္ဂိုလ်တွေ တဦးတယောက်မျှမရှိဘဲနဲ့ စေတီကြီးတွေ ကျောင်းကြီးတွေချည်းပဲ ထီးထီးတည်နေတယ်ဆိုရုံနဲ့တော့ သာသနာမတည်တံ့နိုင်ပါဘူး။

ကောင်းသောသမ္မာပဋိပတ်အကျင့်ကို ကျင့်လို့ရှိလျှင် မြတ်စွာဘုရားအား ထိုက်တန်သင့်လျော်တဲ့ ပူဇော်ခြင်းဖြင့် ပူဇော်သည်မည်ပါတယ်တဲ့။ အဲဒီလိုပူဇော်ခြင်းကို မြတ်စွာဘုရားက တောင့်တလည်း တောင့်တပါတယ်။ အဲဒီပူဇော်ခြင်းဟာ သာသနာတော်ကိုလည်း တည်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီအနက်အဓိပ္ပါယ်ကို ပြလိုတဲ့ အတွက် “ရဟန်းဖြစ်စေ, ရဟန်းမိန်းမဖြစ်စေ, ဥပါသကာ ဖြစ်စေ, ဥပါသိကာမ ဖြစ်စေ ဓမ္မာနုဓမ္မ လောကုတ္တရာကိုးပါးအား လျော်သောအကျင့်ကို ကျင့်ပြီးတော့နေလို့ရှိလျှင် အဲဒီပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားကို အမြတ်ဆုံးသောပူဇော်ခြင်းဖြင့် ပူဇော်သည်မည်တယ်” လို့ မြတ်စွာဘုရားမိန့်ကြားသွားပါတယ်။ အဲဒီမှာ ဓမ္မာနုဓမ္မပ္ပဋိပန္နောဆိုတဲ့ ပုဒ်ကလေးရှိပါတယ်။ ဓမ္မက ကိုးပါးသောလောကုတ္တရာတရား၊ အနုဓမ္မက လောကုတ္တရာကိုးပါးနှင့် သင့်လျော်တဲ့အကျင့် အရိယာမဂ်၏ ရှေ့သွားဖြစ်တဲ့အကျင့်၊ ပဋိပန္နက ကျင့်သည်၊ ဒီအနက်ကို အဋ္ဌကထာဆရာက ဖွင့်ပြပါတယ်။ အနောက်နိုင်ငံက ပါဠိပညာရှင်များက ဓမ္မ- ကျင့်ဝတ်တရားရိုးရိုး၊ အနုဓမ္မ- ကျင့်ဝတ်အငယ်စားလို့ ယူပြီးတော့ ဓမ္မာနုဓမ္မ- ကျင့်ဝတ်အကြီးအငယ် အကုန်လုံးလို့ ဘာသာပြန်ထားပါတယ်။

အဲဒီ လောကုတ္တရာတရားကိုးပါးအား လျော်သောအကျင့်သည်ပင်လျှင် သင့်လျော်သောအကျင့် ဖြစ်သောကြောင့် သာမီစိအကျင့်လို့လည်း ခေါ်ရပါတယ်တဲ့။ ကျင့်တဲ့ပုဂ္ဂိုလ်ကိုလည်း သာမီစိပ္ပဋိပန္န - သင့်လျော်သော အကျင့်ကိုကျင့်သူလို့ ဒီလိုလည်း ခေါ်ရပါတယ်တဲ့။ ပြီးတော့ အနုဓမ္မစာရီဆိုတဲ့ပုဒ်ထဲက အနုဓမ္မပုဒ်ကိုလည်း ပုဗ္ဗဘာဂပဋိပဒါ သင်္ခါတံ အနုဓမ္မံစရတိ-လို့ ဖွင့်ပြန်ပါတယ်။ မဂ်၏ ရှေ့အဖို့ဖြစ်တဲ့ အရိယာမဂ်အား လျော်တဲ့အကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်ဟာ အနုဓမ္မစာရီမည်တယ်လို့ ဆိုလိုပါတယ်။ အဲဒီမှာ ပုဗ္ဗဘာဂပဋိပဒါအရ မဂ်၏ရှေ့အဖို့၌ဖြစ်တဲ့ အကျင့်တွေဆိုတာက သီလအကျင့်, အာစာရပညတ်အကျင့်, ဓုတင်အကျင့်၊ နောက်ပြီးတော့ ပြောစရာ အကျင့်တွေကများနေတာနဲ့ အဲဒါတွေကိုချုံးပြီးတော့ ယာဝ ဂေါတြဘုတော သမ္မာပဋိပဒါ ဝေဒိတဗ္ဗာ-လို့မိန့်ဆိုလိုက်ပါတယ်။ အရိယာမဂ်၏ရှေ့အဖို့ အခြားမဲ့မှာ ဂေါတြဘုဆိုတာရှိပါတယ်။ အဲဒီ ဂေါတြဘုတိုင်အောင်အကျင့်တွေကို အကျဉ်းချုံးပြီး ပြဆိုပါတယ်။ ဂေါတြဘုပြီးလျှင်တော့ အရိယာမဂ်ရောက်တော့တာဘဲ။ ဒါကြောင့် ဂေါတြဘုတိုင်အောင်သော သမာဓိç ပညာအကျင့်တွေတဲ့၊ အဲဒါဟာ ပုဗ္ဗဘာဂပဋိပဒါ ရှေ့အဖို့၌ဖြစ်သော အကျင့်ပါပဲတဲ့။ ဆက်လက်ဖတ်ရှုရန် ...

သို့ဖြစ်သောကြောင့် အကြင်ရဟန်းသည်

  • (၁)
    ဗုဒ္ဓအဂါရဝ-ဘုရား၌မရိုသေခြင်း။
  • (၂)
    ဓမ္မအဂါရဝ-တရား၌မရိုသေခြင်း။
  • (၃)
    သံဃအဂါရဝ-သံဃာ၌မရိုသေခြင်း။
  • (၄)
    သိက္ခာအဂါရဝ-မိမိကျင့်ရမည့် အကျင့်သိက္ခာ၌မရိုသေခြင်း။
  • (၅)
    အပ္ပမာဒအဂါရဝ- မမေ့မလျော့ဖြည့်ကျင့်အပ်တဲ့ သတိတရား၌မရိုသေခြင်း။
  • (၆)
    ပဋိသန္ဓာရအဂါရဝ- အာမိသပဋိသန္ဓာရ, ဓမ္မပဋိသန္ဓာရ၌ မရိုသေခြင်းဆိုတဲ့ ဒီအဂါရဝ ၆-ပါးမှာ တည်ပြီးတော့ မြတ်စွာဘုရားပညတ်ထားတဲ့ သိက္ခာပုဒ်တွေကို ကျူးလွန်နေလို့ရှိလျှင် သစ်သီးပေးခြင်း ပန်းပေးခြင်းစသော မရှာမှီးကောင်းတဲ့ အနေသနနည်း မလျော်တဲ့ ရှားမှီးမှုမျိူးနှင့် စီးပွားရှာပြီးတော့ အသက်မွေးနေလို့ရှိလျှင်၊ အယံ၊ ဤရဟန်းသည်။ လောကုတ္တရာတရားကိုးပါးအား လျော်သောအကျင့် ၃၀၁ နဓမ္မာနု ဓမ္မပ္ပဋိပန္နော၊ လောကုတ္တရာတရားကိုးပါးအား လျော်တဲ့အကျင့်ကို ကျင့်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါက သီလအကျင့်ဖောက်ပြန်ပုံလောက်ပဲ ဒီမှာပြထားပါတယ်။ သမာဓိ, ပညာအကျင့်မှာ ဖောက်ပြန်ထာတွေကို ဆက်ပြီးမပြပါဘူး။ သီလပျက်နေတည်းကိုက သမာဓိ, ပညာလည်း ဒီပုဂ္ဂိုလ်မှာ ဖြစ်ဖို့ရာမရှိတော့ပါဘူး၊ ဒါကြောင့် သီလပျက်တာ တခုတည်းကိုသာ ဒီမှာပြထားပါတယ်။

ယော ပန သဗ္ဗံ အတ္တနော ပညတ္တံ သိက္ခာပဒံ ဇိနဝေလံ ဇိနမရိယာဒံ ဇိနကာဠသုတ္တံ အဏုမတ္တမ္ပိ န ဝီတိက္ကမ တိ-စသည်ဖြင့် သမ္မာပဋိပတ် ကျင့်တဲ့ပုဂ္ဂိုလ်ကတော့ မြတ်စွာဘုရားပညတ်တော်မူတဲ့ သိက္ခာပုဒ်, မြတ်စွာဘုရား ပညတ်တော်မူတဲ့ သိက္ခာပုဒ်တည်းဟူသော ကမ်းအပိုင်းအခြား, မြတ်စွာဘုရားပညတ် တော်မူတဲ့ သိက္ခာပုဒ်တည်းဟူသော မျဉ်းနက်ကြိုးနှင့်ချထားတဲ့မျဉ်းကြောင်း၊ အဲဒီ သိက္ခာပုဒ် စည်းကမ်း မျဉ်းကြောင်းကို အဏုမြူမျှ အသေးအငယ်ကလေးမျှ မကျူးမလွန်ဘဲနှင့် ရိုရိုသေသေ စောင့်ထိန်းပြီးတော့ နေပါတယ်တဲ့။ ဒီပုဂ္ဂိုလ်ဟာ ဓမ္မာနုဓမ္မဋိပန္န မည်ပါတယ်။ လောကုတ္တရာတရားကိုးပါးအား လျော်တဲ့အကျင့်ကိုကျင့်သည် မည်ပါတယ်။