ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး သုဝဏ္ဏဘူမိအရပ်ကို အဋ္ဌကထာသံဂါယနာ၌ စိစစ်တော်မူခြင်း။

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီးကို ပါဠိတော်သင်္ဂါယနာ, အဋ္ဌကထာ သင်္ဂါယနာ, ဋီကာသင်္ဂါယနာဟူ၍ ကျင်းပတော်မူခဲ့ရာ ပါဠိတော်သင်္ဂါယနာကို ၁၃၁၆-ခုနှစ် ကဆုန်လပြည့်နေ့တွင် စတင်ဖွင့်လှစ် သင်္ဂါယနာ တင်တော်မူရာ ၁၃၁၈-ခုနှစ်၊ ကဆုန်လဆန်း ၁၀-ရက်နေ့တွင် ပြီးဆုံးခဲ့လေသည်။ သင်္ဂါယနာတင်အောင်ပွဲ အထိမ်းအမှတ် သာသနာ ၂၅၀ဝ-ပြည့်အောင်ပွဲကို ၁၃၁၈-ခုနှစ် ကဆုန်လဆန်း ၁၂-ရက်မှ ကဆုန်လပြည့်ကျော် ၃-ရက်နေ့အထိ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ကျင်းပခဲ့ကြသည်။

အဋ္ဌမ- ရှစ်ခုမြောက် သာသနာပြုမထေရ်က အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဖြစ်ပါတယ်၊ သာသနာပြုရာဌာနကတော့ သုဝဏ္ဏဘူမိအရပ် ဖြစ်ပါတယ်၊ သုဝဏ္ဏဘူမိဆိုတာ ပဲခူးနှင့်မော်လမြိုင်စပ်ကြား ဗမာပြည်အောက်ပိုင်း နယ်ပယ်အရပ်ပဲလို့အများက ယူဆဆုံးဖြတ်ကြတဲ့အကြောင်း ကျောက်စာဌာနက ဖော်ပြထားပါတယ်။

ပုဂ္ဂိုလ်တစ်ဦးကတော့ အိန္ဒိယနိုင်ငံ ဗင်္ဂလားနယ်ထဲက ကဏ္ဏသုဝဏ္ဏဆိုတဲ့ အရပ်ဖြစ်တယ်လို့ ဆိုပါတယ်၊ အခြားတစ်ဦးကတော့ အိန္ဒိယအလယ်ပိုင်းထဲမှာ ဆုန်းမြစ်ရဲ့ပတ်ဝန်းကျင်နယ်ပယ် အရပ်ပဲလို့ ဆိုပြန်ပါတယ်။ အဲဒါတွေကတော့ အသင့်ယုတ္တိရှာလို့မရပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဗင်္ဂလားနယ်ထဲက ကဏ္ဏသုဝဏ္ဏဆိုတဲ့အရပ်ဟာ သုဝဏ္ဏဘူမိ ဟုတ်ခဲ့လို့ရှိလျှင် ဇာတ်တော်ထဲမှာလာတဲ့ မဟာဇနကမင်းသားဟာ အဲဒီဗင်္ဂလားနယ်ထဲမှာပဲရှိနေတဲ့ ဓမ္ပာမြို့က သုဝဏ္ဏဘူမိကို သွားတဲ့အခါမှာ ပင်လယ်ထဲက ဖြတ်သွားဘို့မလိုတဲ့အတွက် ပင်လယ်မှာသင်္ဘောပျက်စရာအကြောင်းကို ရှာလို့မရဘဲ ဖြစ်နေပါလိမ့်မယ်၊ ပြီးတော့ကာ ဆုန်းမြစ်ဆိုတာကဘာလဲ အိန္ဒိယအလယ်ပိုင်းမှာ ရှိပါတယ်၊ ဗုဒ္ဓဂယာနှင့်ဗာရာဏသီအကြား ရထားလမ်းမှာ မြောက်ဘက်သို့ဖြတ်သန်း စီးဆင်းသွားပါတယ်၊ မိုဃ်းမရှိတဲ့ဥတုမှာဆိုလျှင် သဲချောင်းပြန့်ကျယ်ကြီး ဖြစ်နေတာကို တွေ့ရပါတယ်၊ အဲဒါဟာ မဇ္ဈိမဒေသ အလယ်ပိုင်း အရပ်လဲဖြစ်နေပါတယ်၊ ဟိုတုန်းက သာသနာပြုစေလွှတ်တဲ့ ကိုးတိုင်းကိုးဌာနဆိုတာတွေက ပစ္စန္တမဇနပဒလို့ခေါ်ရတဲ့ အစွန်အဖျားအရပ်တွေချည်း ဖြစ်ပါတယ်၊ အဲဒီဆုန်းမြစ်ရဲ့ ပတ်ဝန်းကျင်အရပ် ဆိုတာကလဲ ပင်လယ်နဲ့အလွန်ဝေးနေလို့ သင်္ဘောနှင့်ကူးစရာ, ပင်လယ်ထဲသင်္ဘောပျက်စရာအကြောင်း ဘာမျှမရှိဘဲ ဖြစ်နေပါတယ်၊ ဒါကြောင့်အဲဒီအဆိုတွေဟာ အသင့်ယုတ္တိမရှိဘူးလို့သာ မှတ်သင့်ပါတယ်။

ပြီးတော့တချို့ကလဲ ဘုံဘေပင်လယ်ကွေ့ရဲ့ မြောက်ဖက်ကမ်းခြေမှာရှိတဲ့ ကျွန်းဆွယ်ကြီးကို သုဝဏ္ဏဘူမိလို့ ယူဆကြပါတယ်၊ သို့ပေမဲ့ကျောက်စာဌာနကတော့ အဲဒီလိုဖော်ပြထားတာမတွေ့ရပါဘူး၊ ယခုနေအခါမှာ ဆိုလျှင် သာသနာ့အရိပ်အရောင်လဲ အဲဒီဒေသမှာဘာမျှမရှိတော့ပါဘူး။

အများကယူဆတဲ့ သမာနဝါဒအတိုင်း “ပဲခူးမော်လမြိုင်တလျှောက် ဗမာပြည်အောက်ပိုင်းအရပ်ဟာ သုဝဏ္ဏဘူမိ” ပဲလို့ ပြောဆိုတာကတော့ အိန္ဒိယက ဗမာပြည်ကိုလာလျှင် ပင်လယ်ကနေပြီးလာရတဲ့အတွက် ယုတ္တိလဲရှိပါတယ်၊ ယခုလဲ သာသနာ တည်ထွန်းရာ ဖြစ်နေတဲ့အတွက် အကျိုးလည်းရှိပါတယ်၊ ဒီလိုဆိုတော့ “ရှေးဦးစွာ ဗမာပြည်အောက်ပိုင်းကို သာသနာရောက်လာတယ်၊ ဒီကနေပြီးတော့ ယိုးဒယား, ကမ္ဗောဒီးယား, လာအိုဆိုတဲ့နိုင်ငံတွေလဲ ထေရဝါဒသာသနာဆက်ပြီး ပြန့်သွားတယ်” လို့ ဒီလိုလဲယူဆပြောဆိုနိုင်ပါတယ်၊ ဒါကြောင့် သုဝဏ္ဏဘူမိဆိုတာ ဗမာပြည်ပဲဆိုတာကို မှတ်ယူရပါမယ်။

ပြီးတော့ဗမာပြည်မှာလဲ ဘယ်ဌာနတုန်းဆိုလို့ရှိလျှင် အများသိနေကြတဲ့ သထုံပဲလို့ဆိုကြပါတယ်၊ သာသနာဝံသစာတမ်းက “သထုံမြို့ဟာ ရှေးအခါကာလတုန်း သုဓမ္မပုရ” လို့ခေါ်တယ်တဲ့၊ တည်ရာဌာန ကတော့ ကေလာသတောင်ရဲ့ အနောက်ဖက်မြသပိတ်တောင်ရဲ့မြောက်ဖက်မှာ ဝေပုလ္လတောင်ဆိုတာ ရှိတယ်၊ အဲဒီတောင်ခြေမှာ အဲဒီသုဓမ္မပုရမြို့ရဲ့ မြို့နန်းတည်ရာရှိတယ်လို့ ညွှန်ကြားထားပါတယ်။ ဘုရားတပည့်တော်လဲ အဲဒီနေရာကို ရောက်ဖူးပါတယ်၊ ဒီနေရာပဲလို့ အဲ့ဒီကဆရာတော် ဦးကောသလ္လက ညွှန်ကြားလိုက်ပါတယ်၊ အဲဒါဟာသာသနာဝံသမှာ ပြထားတဲ့အတိုင်း ဆိုလို့ရှိလျှင် ရှေးကသုဓမ္မပုရလို့ခေါ်တဲ့ သထုံပြည်ရဲ့မူလဌာနပဲလို့ ပြောပါတယ်။