ကမ္ဘာကိုသာသနာပြုရန်ရည်ရွယ်၍ ဆိပ်ခွန်၌ဖွဲ့စည်းခဲ့သော သဒ္ဓမ္မပါလ ဝိပဿနာဖြန့်ဖြူးရေးအဖွဲ့၏ စည်းအဝေးတွင် မိန့်ကြားတော်မူခဲ့သော ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သြဝါဒတော် (၁၃၀၉-ခု)

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

မိမိသည် ပဋိပတ္တိ၊ ပဋိဝေဓသာသနာတော် အထူးတလည် စည်ပင်ပြန့်ပွား ထွန်းကားအောင် ဆောင်ရွက်နိုင်စေရန်အတွက်ရည်ရွယ်၍ သဒ္ဓမ္မပါလဝိပဿနာဖြန့်ဖြူးရေး အသင်းအဖွဲ့များကို ဖွဲ့စည်းရန် ညွှန်ကြားခဲ့၏။ ထိုညွှန်ကြားချက်အရ ဒါယကာ များဘက်က အသင်းဖွဲ့စည်း၍ မိမိတို့စွမ်းအားရှိသလောက် ဆောင်ရွက်နေကြပေပြီ။ သံဃာတော်များဘက်ကလည်း အလားတူဖွဲ့စည်း၍ ဆောင်ရွက်ဖို့ လိုနေပါသေးသည်။ ဆက်လက်ဖတ်ရှုရန် ...

ဖွဲ့စည်းသင့်ခြင်း၏အကြောင်းမှာ သာသနာတော်ကို လူများဟောပြော၍ ဖြန့်ဖြူးခြင်းထက် သံဃာတော်များဟောပြော၍ ဖြန့်ဖြူးခြင်းက ပိုမိုလေးနက် တွင်ကျယ် နိုင်သည်။ ထို့ပြင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ကာလမှာ အရှင်မဟာကဿပအမှူးရှိသော ရဟန္တာမထေရ်ကြီးများ၊ အရှင်မဟာယသအမှူးရှိသော ရဟန္တာမထေရ်ကြီးများ၊ အရှင်မဟာမောဂ္ဂလိပုတ္တတိဿအမှူးရှိသော ရဟန္တာမထေရ်ကြီးများ၊ ဤမထေရ်ကြီးများ၏တပည့်အဆက်အနွယ်ဖြစ်သော သာသနာပြုမထေရ်ကြီး များသည် သာသနာတော်၏အရှည်တည်တံ့ကြီးပွားရေးကို မိမိတို့၏အရေးဟု သဘောထားတော်မူ ကြပြီးလျှင် သာသနာတော်ကြီးပွားကြောင်း နည်းလမ်းကောင်းများဖြင့် ဆောင်ရွက် စောင့်ရှောက်တော်မူခဲ့ကြသည်။

ထိုရှေးရှေးသာသနာပြုမထေရ်ကြီးများ မရှိတော့သော ယခုအခါမှာဆိုလျှင် မိမိ နှင့်တကွ ယခုထင်ရှားရှိ တော်မူကြသော ဆရာတော်ကြီးများ၊ ရဟန်းတော်များ၏တာဝန် ပင် ဖြစ်နေ၏။ ဤတာဝန်ကို “ငါနှင့်မဆိုင်”ဟု မည်သူတစ်ဦးမျှ မျက်နှာလွှဲ၍ မနေသင့် ပါ။ ဤတာဝန်ကို ကျေပွန်စေရန် နည်းလမ်းညွှန်ပြနိုင်သူက ညွှန်ပြ၍ ဟောပြောနိုင်သူက ဟောပြောတိုက်တွန်းလျက် ဆောင်ရွက်သင့်၏။ အနည်းဆုံးအားဖြင့် သဘောတူ ဆန္ဒပေး၍သော်လည်း ကူညီထောက်ပံ့သင့်၏။ သို့ဖြစ်၍ ယခုအစည်းအဝေးမှာ အချင်းချင်းဆွေးနွေးတိုင်ပင်၍ သံဃာ့အဖွဲ့ကြီးတစ်ဖွဲ့ ဖွဲ့စည်းပြီးလျှင် ဤအဖွဲ့ကြီးက အသီးသီးတာဝန်ပေးကာ၊ တာဝန်ယူကာ သာသနာတော် အထူးတလည်စည်ပင်ပြန့်ပွား ထွန်းကားအောင် ဆောင်ရွက်ကြစေလိုပါသည်။

အထူးအားဖြင့် အနယ်နယ်အရပ်ရပ်မှာ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော်ကြီး များ ရှေးခေတ်ကလို ပြန်လည်ထွန်းကား ပျံ့နှံ့သွားအောင် ဆောင်ရွက်ကြစေလိုပါသည်။ အဖွဲ့ဝင်သံဃာတော်များကလည်း မိမိတို့၏သန္တာန်မှာရော တပည့်ရဟန်းရှင်လူတို့၏ သန္တာန်မှာပါ ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဣသာ, မစ္ဆရိယ, လောဘ, ဒေါသ, မောဟ, မာန စသော ကိလေသာဘေးရန်တို့ကို ပယ်သတ်နိုင်အောင်အားထုတ်သင့်ပါသည်။ ဒွါရ ၆-ပါးမှာ ကျရောက်လာသော ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံများကြောင့် လှုပ်ရှားခြင်းမရှိဘဲ သည်းခံနိုင် အောင် ကြိုးစားသင့်သည်။ သန္ဒိဋ္ဌိကစသော တရားတော်၏ဂုဏ်တော်များကို ကိုယ်တိုင် သိပြီးလျှင် ရဲရဲရင့်ရင့် သက်သေခံနိုင်အောင် အားထုတ်သင့်သည်။ မိမိတို့၏ တပည့် ဒါယကာဒါယိကာမများကို ယခုဘဝတွင်ပင် နိဗ္ဗာန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် မျက်မှောက် သိမြင်ပြီးလျှင် အပါယ်သံသရာမှ လုံးဝလွတ်မြောက်သည့် အဆင့်အတန်းသို့ မြှင့်တင် ပေးနိုင်အောင် ဆောင်ရွက်သင့်ပါသည်။

ဤကဲ့သို့ သာသနာတော်ပြန့်ပွားရေးအတွက် သက်သက်ရည်ရွယ်၍ စင်စင် ကြယ်ကြယ် သံဃာ့အစည်းအဝေး ပြုလုပ်သည်ကိုပင် အချို့က နယ်ချဲ့သည်ဟု ကဲ့ရဲ့ ပြောဆိုနေကြသေး၏။ ဤအရာ၌ ဝိပဿနာဖြန့်ဖြူးရေးဟူသော အမည်ဖြင့်ပင် ဗုဒ္ဓ သာသနာနယ်ချဲ့ရန်ဟု ဝန်ခံထားပြီးဖြစ်၏။ သူတို့ရည်ရွယ်သည့် လာဘ်လာဘ၊ ဂုဏ် ကျက်သရေအတွက် နယ်ချဲ့ခြင်းကား မဟုတ်ပေ။

မြတ်စွာဘုရားသည် သာသနဓမ္မကို ဖြန့်ဖြူး၍ နယ်ချဲ့ရန်အတွက် ပါရမီတော်တို့ကို ဖြည့်ဆည်းပူး၍ ဘုရားဖြစ်တော်မူခဲ့သည်။ သို့ရာတွင် ဘုရားဖြစ်ပြီးနောက် တရားတော်၏နက်နဲပုံ၊ သတ္တဝါတို့၏ရုန့်ရင်းပုံကို မြင်တော်မူ၍ တရားမဟောဘဲနေရန် ကြံစည်တော်မူမိသောအခါမှာ သာသနဓမ္မ၏အရသာကိုသိ၍ သာသနဓမ္မ နယ်ချဲ့ခြင်း ကိုလိုလားသော သဟမ္ပတိဗြဟ္မာမင်းက တရားဟော၍ နယ်ချဲ့တော်မူရန် လျှောက်ထား တောင်းပန်ခဲ့ပါသည်။ ထိုတောင်းပန်ချက်အရ တရားဟောမည်ဟုဝန်ခံပြီးသောအခါ သာသနဓမ္မ ပြန့်ပွားခြင်းကိုမလိုလားသော မာရ်နတ်သားက မြတ်စွာဘုရားအား တရား မဟောတော့ဘဲ ပရိနိဗ္ဗာန်ပြုရန် တောင်းပန်ခဲ့သည်။ ထိုအခါ မြတ်စွာဘုရားက “ငါ၏ တပည့်ဖြစ်သော ရဟန်းယောကျာ်း၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့သည် တရားတော်ကိုကျင့်၍ သိမြင်ပြီးလျှင် ခိုင်ခိုင်မြဲမြဲ ပြည့်စုံစွာ မဟောပြောနိုင်သေးသမျှ ပရိနိဗ္ဗာန်မပြုသေး”ဟု ပယ်မြစ်တော်မူပြီးလျှင် သာသနဓမ္မပြန့်ပွားစေရန် ကိုယ်တော်တိုင် ထိုထိုအရပ်သို့လှည့်လည်ကြွသွား၍ တရားဟောတော်မူခဲ့သည်။ တပည့်ရဟန်းတို့ အားလည်း “စရထ ဘိက္ခဝေ စာရိကံ၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ” စသည်ဖြင့် နယ်လှည့်၍ တရားကိုဟောပြောဖြန့်ဖြူးစေခဲ့သည်။

သို့ဖြစ်၍ ဤသာသနဓမ္မပြန့်ပွားရေးအတွက် ဟောပြော၍နယ်ချဲ့ခြင်းမှာ ကောင်းသောနယ်ချဲ့ခြင်း၊ အပြစ်ကင်းသောနယ်ချဲ့ခြင်းသာဖြစ်သည်။ ယခုဖွဲ့စည်းမည့် သံဃာ့အဖွဲ့ကြီးက စွမ်းနိုင်ပါလျှင် တစ်ကမ္ဘာလုံး ပျံ့နှံ့သွားအောင် ဝိပဿနာ ပဋိပတ္တိနှင့် ပဋိဝေဓသာသနာတော်မြတ်ကြီးတို့ကို ဖြန့်ဖြူးဟောကြားရမည်ဖြစ်ပါသည်။ ပျံ့မည် မပျံ့မည်မှာ ထိုထိုမြို့ရွာတိုင်းပြည်တို့၌ရှိကြသောလူတို့၏ ကံတရားအတိုင်းပင် ဖြစ်ပါ လိမ့်မည်။ သာသနဓမ္မအမွေကို ရထိုက်သောမြို့ရွာတိုင်းပြည်များသို့ ပျံ့နှံ့သွားမည်ဖြစ်ပါ သည်။ မရထိုက်သော လူရှင်ရဟန်းများထံသို့ မပျံ့ဘဲရှိပါလိမ့်မည်။

မိမိတို့၏တာဝန်မှာ သာသနဓမ္မ ပျံ့နိုင်သမျှ ပျံ့နှံ့ထွန်းကားအောင် ဆောင်ရွက်ရန် ဖြစ်ပါသည်။ တာဝန်ရှိနေသောကြောင့် အနယ်နယ်အရပ်ရပ် တစ်ကမ္ဘာလုံးသို့ ဖြန့်ဖြူးဟောကြားမည်ဟု မြင့်မြတ်သော အာသီသထားပြီးလျှင် ဖွဲ့စည်းဆောင်ရွက်ကြ စေလိုပါသည်။

မဟာစည်ဆရာတော်၊ ၁၃၀၉-ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀-ရက်

(ရေးဦးမြို့မှ စက်ပိုင်သူဌေးဦးဘသင်၏ လမ်းညွှန်ခြင်းကြောင့် သူဌေးကြီး ဆာဦးသွင်သည် မဟာစည်ဆရာတော်ကြီး၏တရားကို နာယူခွင့်ရရှိသည်မှာ ၁၃၀၉-ခု ဝါခေါင်လပြည့်ကျော် ၃-ရက်နေ့အချိန်ကျမှ ဖြစ်ပါသည်။ထိုအချိန်ကာလ မတိုင်မီကတည်းက ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး၏ “ကမ္ဘာကိုသာသနာပြုမယ်”ဟူသော ကြီးမားမြင့်မြတ်သောရည်ရွယ်ချက်မှာ အထက်ဖော်ပြပါ သြဝါဒတော်အတိုင်း အားကောင်းပြည့်စုံပြီး ဖြစ်လေသည်။ သဒ္ဓမ္မပါလဝိပဿနာဖြန့်ဖြူးရေးအဖွဲ့၏ “ကမ္ဘာကိုသာသနာပြုမယ်” ဟူသော ကြေညာချက်ကို ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ၌ “တိုင်းချစ်သတင်းစာ-မန္တလေး”တွင် ဖော်ပြခဲ့ပြီးဖြစ်လေသည်။)


မဟာစည်ဆရာတော်ဘုရားကြီး၏ ဥပဒေ သြဝါဒကထာ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဆရာတော်သည် မဟာသတိပဋ္ဌာန် ဝိပဿနာလုပ်ငန်းတရားကို ၁၃၀ဝ-ပြည့် နှစ်မှစ၍ အထင်အရှား ဟောကြားညွှန်ပြလာခဲ့ပေသည်၊ ဤသို့ ဟောကြားညွှန်ပြရာတွင် သက်ဝင်ယုံကြည်ကာ လိုက်နာ၍ အားထုတ်လိုကြသော သမ္မာဆန္ဒရှိသူ ရဟန်းရှင် လူအပေါင်း ထောင်သောင်းများစွာတို့မှာ အဖိုးမဖြတ်နိုင်အောင်ကောင်းမြတ်သော ဝိပဿနာ၏အကျိုးကျေးဇူးများကို လက်ငင်းပင်ခံစားနေရကြောင်း ကောင်းကောင်း အားထုတ်ဖူးသူတို့အား ထင်ရှားလျက်ရှိပေသည်။ ဆက်လက်ဖတ်ရှုရန် ...

ဤ ရဟန်းရှင်လူအပေါင်း ထောင်သောင်းများစွာတို့ထံမှ ဟောပြောနိုင်သော စွမ်းရည်သတ္တိနှင့် သမ္မာဆန္ဒ ဝီရိယဓာတ်ခံ ထက်သန်စွာရှိကြသော ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်တို့ကလည်း မိမိတို့ကဲ့သို့ပင် ဝိပဿနာ၏အကျိုးများကို ခံစားနိုင်စေရန်အလို့ငှါ ဆိုင်ရာဆိုင်ရာအရပ်ဒေသများတွင် တဆင့်ဟောကြားညွှန်ပြကြသောကြောင့် တစ်စ တစ်စနှင့် တိုးပွါးလာသော မဟာစည်သတိပဋ္ဌာန်ဌာနခွဲများမှာ ယခုအချိန်အခါ၌ တစ်ရာခန့်အထိ ရှိနေလေပြီ။ ဤမျှများပြားသော တပည့်ယောဂီများနှင့် ဌာနခွဲများ အတွက် ဟောကြားညွှန်ပြဆုံးမရန်အလို့ငှါ ဆရာ့တော်ထံမှ မဟာသတိပဋ္ဌာန်သုတ် စသော ဓမ္မလက်ဆောင်မျှကိုသာ ပေးရသေးသည်၊ စည်းမျဉ်းဥပဒေဟူသော ဝိနယ လက်ဆောင်ကိုကား မပေးရသေးပေ၊ ဤသို့ ဝိနယမဖက် ဓမ္မသက်သက်ဖြင့်သာ ဟောကြားညွှန်ပြ သြဝါဒပေးနေသော်လည်း ထိုမျှများပြားသော မဟာစည်သတိပဋ္ဌာန် ဌာနများတွင် ယခုထက်တိုင် ပြောပလောက်သော ချွတ်ယွင်းချက်များ မပေါ်ခဲ့ခြင်းမှာ ဆရာရောတပည့်ပါ ဝိပဿနာဓမ္မကိုရိုသေလေးစားခြင်းကြောင့်ပင်ဖြစ်သည်ဟု ယုံကြည် ရပေသည်၊ သို့ဖြစ်၍ ဤနည်းအတိုင်းသာ ဝိပဿနာဓမ္မကို ရိုသေလေးစားသွားကြမည် ဆိုလျှင် မဟာစည်သတိပဋ္ဌာန်ဌာနများတွင် မည်သည့်အခါမှာမျှ ပြောပလောက်သော ချွတ်ယွင်းချက်များ ပေါ်လာနိုင်ဘွယ်မရှိဟု ထင်ရလောက်ပေသည်။

သို့ရာတွင် သက်ဆိုင်ရာပုဂ္ဂိုလ်တို့ ကိုယ်တိုင်မမြင်နိုင်သော အသေးအမွှား ချွတ်ယွင်းချက်ကလေးများမှာမူကား ရှိနိုင်သေးသည်၊ ထို့ပြင် အသစ်ဖြစ်သော ဌာနခွဲ များလည်း မကြာမီကာလအတွင်း၌ပင် ဆတက်ထမ်းပိုး များစွာတိုးလာမည်မှာ သေချာ လျက်ရှိပေသည်၊ ဤသို့ များပြားလှစွာသော ဌာနခွဲတွေ တိုးပွါးလာသောအခါမှာ လိုက်နာစရာစည်းမျဉ်းများ သတ်မှတ်၍မထားပါက ဆရာများမှာလည်း ညွှန်ကြားရန် မလွယ်ကူမည့်ပြင် တပည့်များမှာလည်း လိုက်နာရန်ခက်ခဲလျက် ချွတ်ယွင်းချက်များ ဖြစ်ပွါးနိုင်ဘွယ်ရာ အကြောင်းလည်း ရှိပေသေးသည်။

သို့ဖြစ်၍ အဆိုပါမမြင်နိုင်သော ချွတ်ယွင်းချက်ကလေးများနှင့် ဖြစ်ပွါးစေနိုင် သော အကြောင်းအချက်များကို စည်းမျဉ်းဖြင့်ကာကွယ်ထားလျှင် သတိပဋ္ဌာန်ဘာဝနာ ဤဝိပဿနာလုပ်ငန်းကြီးသည် အပြစ်ကင်း၍ သန့်ရှင်းစွာ အရှည်တည်တံ့သွားနိုင်လိမ့် မည်ဟု မိမိ၏စိတ်တွင် ထင်မြင်မျှော်လင့်မိပေသည်။ ထို့ကြောင့် မဟာစည်သတိပဋ္ဌာန် အဖွဲ့ထဲတွင် ပဓာနဖြစ်သော ကမ္မဋ္ဌာန်းဆရာတော်များနှင့် ဆွေးနွေးတိုင်ပင် ဆင်ခြင် စဉ်းစားပြီးလျှင် မဟာစည်သတိပဋ္ဌာန်တစ်ဖွဲ့လုံး ကျင့်သုံးရန်အတွက် ဤစည်းမျဉ်း ဥပဒေများကို ရေးသား၍ထုတ်ပြန်ရပေသည်၊ သို့ရာတွင် မိမိတို့၏သဘောအတိုင်း ကြံဖန်၍ရေးသားထားသည်ကား မဟုတ်ပေ၊ ယောဂီပုဂ္ဂိုလ်များနှင့် ကမ္မဋ္ဌာန်းဆရာများ မှာ ရှိသင့်ရှိထိုက်သော ကျင့်ဝတ်ဂုဏ်ထူးများကိုပင် မြတ်စွာဘုရား ဟောကြားပညတ် တော်မူအပ်သော ဓမ္မနှင့်ဝိနယတို့မှ ထုတ်ဖော်၍ ရေးသားခြင်းမျှသာ ဖြစ်ပေသည်။

သို့ဖြစ်၍ ဤစည်းမျဉ်းဥပဒေများကို အသေးစိတ်အားဖြင့် ခွဲခြားဝေဘန်ကြည့် လျှင်-

  • (၁)
    ဓမ္မဥပဒေများ၊
  • (၂)
    ဓမ္မာနုလောမဥပဒေများ၊
  • (၃)
    ဝိနယဥပဒေများ၊
  • (၄)
    ဝိနယာနုလောမဥပဒေများ၊
  • (၅)
    ဓမ္မဝိနယမိဿက ဥပဒေများဟူ၍ ငါးမျိုးကွဲပြားလျက် ရှိသည်ကို တွေ့ရပေလိမ့်မည်။
    • (၁)
      ထိုတွင် ဘုရားဟောတော်မူအပ်သော သုတ်တရားတော်များအရ တိုက်ရိုက် ညွှန်ပြထားသော ဥပဒေများကို “ဓမ္မဥပဒေများ” ဟု မှတ်ကြရမည်။ (ပုံစံမှာ- ကမ္မဋ္ဌာနာ စရိယရဟန်းတော်များ ဥပဒေ၊ အပိုဒ်ကြီး [၃’ အပိုဒ်လတ် (ခ) သွားလာရေး အပိုဒ်ငယ် (၁) ဥပဒေ စသည်ပင်တည်း။)
    • (၂)
      သုတ်တရားတော်များ၌ တိုက်ရိုက်မဟောအပ်သော်လည်း ထိုသုတ်တရား တော်များနှင့်လျော်ညီစွာ ညွှန်ပြထားသောဥပဒေများကို “ဓမ္မာနုလောမဥပဒေများ” ဟု မှတ်ကြရမည်။ (ပုံစံမှာ- ကမ္မဋ္ဌာနစရိယရဟန်းတော်များဥပဒေ အပိုဒ်ကြီး ၃’ အပိုဒ် လတ် (က) နေထိုင်ရေး အပိုဒ်ငယ် (၁) ဥပဒေ စသည်ပင်တည်း။)
    • (၃)
      မြတ်စွာဘုရား ပညတ်တော်မူအပ်သော ဝိနည်းသိက္ခာပုဒ်တော်များအရ တိုက်ရိုက်ပြထားအပ်သော ဥပဒေများကို “ဝိနယဥပဒေ” များဟု မှတ်ကြရမည်။ (ပုံစံမှာ- ကမ္မဋ္ဌာနာစရိယရဟန်းတော်များ ဥပဒေအပိုဒ်ကြီး [၃’ အပိုဒ်လတ် (ခ) သွားလာရေးအပိုဒ်ငယ် (၃) ဥပဒေ စသည်ပင်တည်း။ အပိုဒ်ငယ် (၃)၌ သုပ္ပဋိစ္ဆန္န စသော သေခိယသိက္ခာပုဒ်များနှင့်တကွ ရူပိယသိက္ခာပုဒ်, ရူပိယ သံဝေါဟာရသိက္ခာပုဒ် စသည်တို့ကို စောင့်ရှောက်ရန် အကျဉ်းချုံး၍ ပြထားသည်။)
    • (၄)
      ဝိနည်းသိက္ခာပုဒ်များ၌ တိုက်ရိုက်မဆိုသော်လည်း ထိုဝိနည်းသိက္ခာပုဒ် များနှင့်လျော်ညီစွာ ညွှန်ပြထားသောဥပဒေများကို “ဝိနယာနုလောမဥပဒေများ” ဟု မှတ်ကြရမည်။ (ပုံစံမှာ- ကမ္မဋ္ဌာနစရိယရဟန်းတော်များဥပဒေ အပိုဒ်ကြီး ၃’ အပိုဒ် လတ် (ဃ) စားသောက်ရေးအပိုဒ်ငယ် (၁) ဥပဒေ စသည်ပင်တည်း။)
    • (၅)
      သုတ်နှင့်ဝိနည်း ရကြွောပမ်း၍ထားသော ဥပဒေများကို “ဓမ္မဝိနယမိဿက ဥပဒေများ”ဟု မှတ်ကြရမည်။ (ပုံစံမှာ---ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ ဥပဒေ အပိုဒ်ကြီး ၃’ အပိုဒ်လတ် (က) နေထိုင်ရေး အပိုဒ်ငယ် (၂) ဥပဒေ စသည်ပင်တည်း။)

ဤငါးမျိုးသော ဥပဒေတို့တွင် ဝိနယဥပဒေများမှာ မြတ်စွာဘုရား၏ အာဏာ ပညတ်တော်များဖြစ်၍ မချွတ်မယွင်းလိုက်နာရမည့် ဥပဒေများ ဖြစ်ပေသည်၊ ၎င်းတို့ကို လိုက်နာရသောအခါများ၌ စည်းမျဉ်းဥပဒေက သတိပေးရုံမျှသာဖြစ်သည်၊ အမှန်အား ဖြင့် မြတ်စွာဘုရား၏ အမိန့်အာဏာတော်ကိုသာ ရိုသေကာ လိုက်နာရသည်” ဟု ယောနိသောမနသိကာရဖြင့် နည်းလမ်းမှန်ကန်စွာ နှလုံးသွင်းကြစေလို၏။

ဓမ္မဥပဒေများနှင့် အနုလောမဥပဒေများမှာ သဒ္ဓါ, ဝီရိယစသော မိမိတို့၏ ခွန်အားဗလရှိသမျှသာ လိုက်နာရန်ဖြစ်သည်၊ ၎င်းတို့ကို လိုက်နာသောအခါ၌လည်း “မြတ်စွာဘုရား ဟောကြားညွှန်ပြ ဆုံးမတော်မူအပ်သည့် သန္တုဋ္ဌီ, သလ္လေခ, အပ္ပကိစ္စ, ပါသာဒိကစသော ယောဂီပုဂ္ဂိုလ်တို့၏ဂုဏ်အင်္ဂါများ မချွတ်ယွင်းစေရန်အလို့ငှါ ပဋိပတ္တိ သာသနာ့ဝန်ဆောင်ပုဂ္ဂိုလ် ဖြစ်နေသည့်အတွက် ပြည့်ပြည့်ဝ၀ကြီး ကျင့်သုံးရပေသည်” ဟူ၍သာ နှလုံးသွင်းကြစေလိုသည်။

အထူးသိနားလည်ထားရန်မှာ ဤ ဓမ္မနှင့် အနုလောမ ဥပဒေတို့၏အရာ၌ အတိအကျလိုက်နာရန် ခဲယဉ်းမည်ဟုထင်ရသော အပိုဒ်များတွင် “သတိပြုရမည်၊ လုံ့လပြုရမည်၊ ပြောဆိုနိုင်ရမည်” စသည်ဖြင့် အတိအကျမဆိုပဲ သတိပေးစကားအနေ ဖြင့်သာ ညွှန်ကြားထားသည်ကို၎င်း, အတိအကျလိုက်နာသင့်သော အပိုဒ်များတွင်ကား “ပြောဆိုရမည်၊ ပြုရမည်၊ ဖြစ်စေရမည်၊ ရှိစေရမည်၊ မပြုရ၊ မဖြစ်စေရ” စသည်ဖြင့် အတိအကျပင် သြဝါဒပေးထားသည်ကို၎င်း အထူးသိနားလည်ကြပြီးလျှင် အတိအကျ မလိုက်နာနိုင်ကောင်းသော အရာဌာနများ၌ စွမ်းနိုင်သမျှသာ လိုက်နာကြရန် ဖြစ်သည်၊ အတိအကျလိုက်နာနိုင်ကောင်းသော အရာဌာနများ၌ကား မြတ်စွာဘုရားနှင့် တရား တော်မြတ်တို့၏ ဂုဏ်ကျေးဇူးကို၎င်း, ပဋိပတ္တိသာသနာတော်မြတ်ကြီးနှင့် ဆရာသမား သီတင်းသုံးဘော်များကို၎င်း ကြည်ညိုလေးစားရိုသေသောအားဖြင့် ညွှန်ကြားထားသည့် အတိုင်း အပြည့်အစုံ အတိအကျပင် လိုက်နာကျင့်သုံးသွားကြစေလို၏။

အထူးသတိပြုရန်မှာ ယခုအချိန်အခါမှစ၍ ရှေ့အဖို့၌ ဗုဒ္ဓသာသနာတော်ကြီး ဆုတ်ယုတ်ရေး, တိုးတက်ရေးသည် ယခုလက်ရှိ ဗုဒ္ဓသာသနာဝင် လူရှင်ရဟန်းအားလုံး တို့နှင့် သက်ဆိုင်လျက်ရှိပေသည်၊ ယခုလက်ရှိ လူရှင်ရဟန်းအားလုံးတို့က မိမိတို့၏ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်မသွားလျှင် သာသနာတော်ကြီးသည် ရှေ့အဖို့ တွင် တစ်စတစ်စနှင့် ဆုတ်ယုတ်သွားမည်မှာ မလွဲတော့ပေ၊ မိမိတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားလျှင်ကား သာသနာတော်ကြီးသည် မတိုးတက်စေကာ မူ မဆုတ်ယုတ်ပဲ အရှည်တည်တံ့သွားမည်မှာ သေချာလှပေ၏။

သို့ဖြစ်၍ သာသနာတော်၏ မဆုတ်ယုတ်ရေး, တိုးတက်ရေးကို တကယ်တမ်း အလေးပြုတော်မူကြသော ပရိယတ္တိဝန်ဆောင်ပုဂ္ဂိုလ်မြတ်တို့သည် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ အလုံးစုံသောဘုရားစကားတော်တို့ကို သဘာဝကျကျ စေ့ငစုံလင်စွာ တတ်သိအောင် လေ့လာခြင်း, သင်ကြားပေးခြင်းစသည်ဖြင့် မိမိတို့၏တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်တော်မူကြသကဲ့သို့ ထို့အတူပင် ပဋိပတ္တိဝန်ဆောင်ပုဂ္ဂိုလ်မြတ်တို့ သည်လည်း မိမိတို့၏တာဝန်ဖြစ်သော ပဋိပတ္တိဆိုင်ရာ ကျင့်ဝတ်ဟူသမျှကို ဆင်ခြေ ကန်၍ ငြင်းပယ်ရှောင်ရှားခြင်း, ခိုကပ်ခြင်း အလျှင်းမရှိမူ၍ အင်အားရှိသမျှ ပြည့်ပြည့် ဝ၀ကြီး ကျင့်ဆောင်တော်မူသွားကြရန်နှင့် “မိမိအတွက် သာသနာတော်၏ ဂုဏ် ကျက်သရေကို သိသိသာသာကြီး တိုးတက်စေမည်”ဟု နှလုံးသွင်းဆောက်တည်ကာ ပြည့်စုံစွာ ကျင့်ဆောင်ကြလျက် ပဋိပတ္တိသာသနာတော်မြတ်ကြီးကို အစွမ်းကုန် မြှင့်တင်တော်မူကြရန် ဆရာတော်က သြဝါဒစကားဖြင့် လေးနက်စွာ မှာကြားအပ်ပါသတည်း။

အရှင်သောဘန၊ မဟာစည်ဆရာတော်၊ သာသနာ့ရိပ်သာ၊ ရန်ကုန်

၁၃၁၄-ခုနှစ် တော်သလင်းလပြည့်နေ့။ ၃-၉-၅၂


မဟာစည်သတိပဋ္ဌာန်အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်းဥပဒေများ(၁၃၁၄-ခုနှစ်)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဌမ ပလ္လင်ခံ စကား

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

လောက၌ မည်သည့်အရပ်ဒေသတွင်မဆို လုပ်ငန်းရှိလျှင် ပုဂ္ဂိုလ်ရှိသည်၊ လုပ်ငန်းတူသော ပုဂ္ဂိုလ်များရှိလျှင် သူ့အလိုလိုပင် အစုအဖွဲ့ဖြစ်လေတော့သည်၊ လူများစုပါဝင်သော ဤအစုအဖွဲ့တိုင်းမှာ ခေါ်ဝေါ်လွယ်စေရန်အကျိုးငှါ အမည်သညာ ဝိသေသရှိရိုး ဓမ္မတာဖြစ်သည်၊ ထို့ပြင် ၎င်းအဖွဲ့နှင့် အဖွဲ့၏လုပ်ငန်းစဉ်များ အပြစ်ကင်း ၍ သန့်ရှင်းစင်ကြယ်စွာအရှည်တည်တံ့သွားစေခြင်းအကျိုးငှါ စည်းမျဉ်းဥပဒေလည်း မချွတ်ဧကန် အမှန်ပင် ရှိရရိုးဓမ္မတာ ဖြစ်ပေသည်။ ဆက်လက်ဖတ်ရှုရန် ...

ဤနည်းအတူပင် မဟာစည်ဆရာတော်ကြီးသည် ဆရာမြတ်တို့၏ဥပနိသျများ နှင့်တကွ မဟာသတိပဋ္ဌာနသုတ် အစရှိသော ဘုရားဟောဒေသနာတော်များကို အမှီပြုကာ ရှာကြံအားထုတ်တော်မူပြီးလျှင် မိမိ၏ဉာဏ်တွင် ထင်မြင်သဘောကျသည့် အတိုင်း ဘုရားရှင်၏ကိုယ်စား ထုတ်ဖော်ကာဟောကြားသဖြင့် သတိပဋ္ဌာန်နည်းလမ်း ဝိပဿနာလုပ်ငန်းတရားသည် ထင်ရှားထွန်းပေါ်လျက်ရှိပေသည်၊ ဤဝိပဿနာလုပ်ငန်း တရားကို အားထုတ်ယုံကြည်ကာ လိုက်နာကျင့်သုံးလျက်ရှိသော ရဟန်းရှင် လူအပေါင်း မှာလည်း ထောင်သောင်းများစွာ ရှိနေလေပြီ၊ သို့ရှိနေရာမှာ ဝိပဿနာအလုပ်တရား ဖြင့် စိတ်ထားတူမျှသော ဤရဟန်းရှင်လူအပေါင်း ထောင်သောင်းများစွာတို့သည် လည်း သူ့အလိုလိုပင် အစုအဖွဲ့ကြီးဖြစ်လျက် ရှိနေလေပြီ။

သို့ဖြစ်၍ ဤအစုအဖွဲ့ကြီးမှာလည်း ခေါ်ဝေါ်လွယ်စေရန်အကျိုးငှါ အမည် သညာ ဝိသေသ ရှိသင့်ပါပေသည်၊ ထို့ပြင် ဤအဖွဲ့ကြီးနှင့် အဖွဲ့၏လုပ်ငန်းစဉ်ဖြစ်သော သတိပဋ္ဌာန်ဘာဝနာ ဝိပဿနာ ပဋိပတ်သာသနာတော်မြတ်ကို အပြစ်ကင်း၍ သန့်ရှင်း စင်ကြယ်စွာ အရှည်တည်တံ့သွားစေခြင်းအကျိုးငှါ စည်းမျဉ်းဥပဒေလည်း မချွတ်ဧကန် အမှန်ပင် ရှိသင့်လှပါပေသည်။

သို့ဖြစ်၍ မဟာသတိပဋ္ဌာနသုတ်အစရှိသော ဘုရားဟော ဒေသနာတော်များ နှင့်အညီ မဟာစည်ဆရာတော်ကြီး ထုတ်ဖော်၍ဟောကြားအပ်သော သတိပဋ္ဌာန် နည်းလမ်း ဝိပဿနာလုပ်ငန်းစဉ်ဖြင့် ကျင့်သုံးအားထုတ်လျက်ရှိသော ရဟန်းရှင်လူ အပေါင်းကို “မဟာစည်သတိပဋ္ဌာန်အဖွဲ့”ဟု ခေါ်တွင်စေရန် ဤအဖွဲ့ဝင် “ပဓာန ကမ္မဋ္ဌာနာစရိယ” အားလုံးတို့က တညီတညွတ်တည်း ဆုံးဖြတ်၍ အတည်ပြုကြသည်။

ထို့ပြင် ဤမဟာစည်သတိပဋ္ဌာန်အဖွဲ့ဝင် ရဟန်းရှင်လူတို့ နာယူကျင့်သုံးရန် အလို့ငှါ သြဝါဒကထာသဘွယ်ဖြစ်သော အောက်ပါစည်းမျဉ်းဥပဒေ ၅-ရပ်တို့ကိုလည်း ၎င်းပဓာနကမ္မဋ္ဌာနာစရိယအားလုံးတို့က တညီတညွတ်တည်း ဆုံးဖြတ်၍ ပြဋ္ဌာန်း အတည်ပြုကြသည်။ ၎င်းတို့မှာ...

  • (၁)
    ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များအတွက် စည်းမျဉ်းဥပဒေ၊
  • (၂)
    ကမ္မဋ္ဌာနာစရိယ ဥပါသကာများအတွက် စည်းမျဉ်းဥပဒေ၊
  • (၃)
    ယောဂီ ရဟန်းတော်များအတွက် စည်းမျဉ်းဥပဒေ၊
  • (၄)
    ယောဂီ ဥပါသကာ, ဥပါသိကာမများအတွက် စည်းမျဉ်းဥပဒေ၊
  • (၅)
    ကမ္မဋ္ဌာန်း ဌာနဆိုင်ရာ စည်းမျဉ်းဥပဒေ။ ဤ ၅-ရပ်တို့ပင် ဖြစ်သည်။

ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များအတွက် စည်းမျဉ်းဥပဒေများ

[၁] ကမ္မဋ္ဌာနာစရိယ ရဟန်းတော်ဟူရာ၌ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော ရဟန်းတော်ကို သာလျှင် မှတ်ယူရမည်။

(က) ပရိယတ္တိ အရည်အချင်း

  • (၁)
    မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ရဟန်းတော်သည် သဒ္ဒါ, သင်္ဂြိုဟ်, ဋီကာကျော်စသော ပရိယတ္တိအခြေခံကျမ်းများကို သင်ကြား လေ့လာဖူးသည့် အပြင် ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကိုလည်း အထိုက်အလျောက် ကြည့်ရှုသုံးသပ်နိုင် သော အရည်အချင်း ရှိစေရမည်။ အထူးအားဖြင့် ပရမတ္ထသရုပ်သဘောတို့၌ ပိုင်နိုင် သော အသိဉာဏ်ရှိသည့်ပြင် ဝိသုဒ္ဓိမဂ်အဋ္ဌကထာကိုလည်း လေ့လာပြီး ဖြစ်စေရမည်။
  • (၂)
    ဒွေမာတိကာ သို့မဟုတ် ဘိက္ခုပါတိမောက်နှင့်တကွ မဟာသတိပဋ္ဌာန သုတ်ကို အာဂုံဆောင်ထားရမည့်အပြင် မဇ္ဈိမနိကာယ်မှ ဝိပဿနာဆိုင်ရာ သုတ်ပေါင်း ၂၀-ထက်မနည်း လေ့လာပြီး ဖြစ်စေရမည်။
  • (၃)
    ဝိပဿနာရှုနည်းကျမ်းနှင့် ကမ္မဋ္ဌာန်းဆရာတို့၏မှတ်တမ်းတို့၌ ကျကြွေပန်စွာ ကြည့်ရှုလေ့လာပြီး ဖြစ်စေရမည်။ (ဤစာပိုဒ်သည် ပရိယတ္တိအရည်အချင်း၌ လိုရင်းဖြစ် သည်။)
  • (၄)
    သီလပေးခြင်း, ရေစက်ချခြင်း, ပရိတ်ရွတ်ခြင်း, အနုမောဒနာပြြု့ခင်း စသောကိစ္စတို့၌ ကျမ်းဂန်နှင့်အညီ မူမှန်ဖြစ်စေရန် ဟောပြောရေးသင်တန်း တက်ပြီး ဖြစ်စေရမည်။ (သို့ရာတွင် မူလကပင်အချိုးကျပြီးသောပုဂ္ဂိုလ်များမှာ သင်တန်းတက်ရန် မလိုပါ။)

(ခ) ပဋိပတ္တိအရည်အချင်း

  • (၁)
    မဟာစည်သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယရဟန်းတော်သည် အများ သော ရဟန်းရှင်လူတို့ ကြည်ညိုလေးစားထိုက်သော လဇ္ဇီပေသလ, သိက္ခာကာမ ဂုဏ်နှင့် ပြည့်စုံစေရမည်။
  • (၂)
    မဟာစည်ဆရာတော်၏နည်းနိသျအတိုင်း ဝိပဿနာလုပ်ငန်းကို ပြီးဆုံး သည့်တိုင်အောင် အပြည့်အစုံ နိုင်နိုင်နင်းနင်းကျင့်သုံးအားထုတ်ပြီး ဖြစ်ရမည့်အပြင် ကမ္မဋ္ဌာန်းစစ်မေးရေး၌လည်း လေ့လာသင်ကြားပြီး, ကျွမ်းကျင်နိုင်နင်းပြီး ဖြစ်စေရမည်။
  • (၃)
    သန္တုဋ္ဌီ, သလ္လေခ, အပ္ပကိစ္စ, သလ္လဟုကဝုတ္တိ စသော ယောဂါဝစရ ဂုဏ် အင်္ဂါတို့နှင့်ပြည့်စုံစေရမည်။
  • (၄)
    ခမာ, ဇာဂရိယ, ဥဋ္ဌာန, သံဝိဘာဂ, ဒယာ, ဣက္ခဏာ ဟူသော နာယက ဂုဏ်အင်္ဂါ ၆-ပါးတို့နှင့်လည်း ပြည့်စုံစေရမည်။
  • (၅)
    စိတ်ရှည်ခြင်း, သဘောထားကြီးခြင်း, နူးညံ့ပြေပြစ်သော စကားရှိခြင်း, ချိုသာသောစကားရှိခြင်းစသော ဝန်ဆောင်ပုဂ္ဂိုလ်တို့၏ ဂုဏ်အင်္ဂါများနှင့်လည်း ပြည့်စုံ စေရမည်။
  • (၆)
    ရဟန်းသိက္ခာ၌ အသက်နှင့်မခြား လေးစားခိုင်ခံ့ တည်တံ့သော စိတ်နေ စိတ်ထား ရှိစေရမည်။

အထက်ပါ ပရိယတ္တိ, ပဋိပတ္တိအရည်အချင်းတို့တွင် ပဋိပတ္တိအရည်အချင်းသည် ကမ္မဋ္ဌာန်းဆရာမှာ သာ၍လိုပေသည်၊ သို့ဖြစ်၍ ပဋိပတ္တိအရည်အချင်းအပိုဒ်ငယ် (၁,၂) ဂုဏ်အင်္ဂါများနှင့် ကောင်းကောင်းပြည့်စုံ လျှင်ပင် “မဟာစည်သတိပဋ္ဌာန်အဖွဲ့ ဝင် ကမ္မဋ္ဌာနာစရိယရဟန်းတော်”ဟု အသိအမှတ်ပြုသော သာမန်ဆရာဖြစ်လက်မှတ် ကို ရနိုင်ခွင့်ရှိသည်။ ပရိယတ္တိအရည်အချင်းပါ ပြည့်စုံလျှင်ကား ဂုဏ်ထူးဆောင် ဆရာဖြစ် လက်မှတ်ကိုပါ ရနိုင်ခွင့်ရှိသည်။

မှတ်ချက်။ ။ဤသို့အရည်အချင်းအလိုက် သာမန်လက်မှတ်, ဂုဏ်ထူးဆောင် လက်မှတ်တို့ဖြင့် အသိအမှတ်ပြုရန်စီမံချက်မှာ အရည်အချင်းရှိသောဆရာတို့ကို ဂုဏ် တင်ရန်, ချီးမြှောက်ရန်အတွက် မဟုတ်ပေ၊ အမှန်အားဖြင့်သော်ကား တရားအားထုတ် မည့်ယောဂီတို့မှာ အရည်အချင်းလုံလောက်သော ဆရာများထံမှ လုံလောက်သော နည်း နိသျသြဝါများကိုရကြ၍ ချမ်းချမ်းသာသာနှင့် ရသင့်ရထိုက်သော ဉာဏ်ထူး, တရားထူး များကို အပြည့်အစုံရရှိသွားကြစေရန်အတွက်သာရည်ရွယ်၍ စီမံခြင်း ဖြစ်ပေသည်။

[၂’ မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယရဟန်းတော်သည် မြတ်စွာ ဘုရား ပညတ်တော်မူအပ်သော ဝိနည်းသိက္ခာပုဒ်တော်များကို အသက်ပမာထား၍ လေးစားလုံခြုံစွာ လိုက်နာစောင့်ထိန်းရမည်၊ (အထူးသတိရစေရန် ထပ်မံ၍ သတိပေးချက်သာဖြစ်သည်၊ နောက်နောက် အပိုဒ်များ၌လည်း ဤနည်းချည်းမှတ်လေ။)

[၃’ အထူးအားဖြင့်

  • (က) နေထိုင်ရေး
  • (ခ) သွားလာရေး
  • (ဂ) ဝတ်ရုံရေး
  • (ဃ) စားသောက်ရေး
  • (င) ဟောကြားရေး
  • (စ) ပြောဆိုရေး
  • (ဆ) ဆက်ဆံရေး ဟူသော ဤ ၇-ဌာနတို့၌ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်စေရန် လုံ့လပြုရမည်။ ထိုတွင် ...

(က) နေထိုင်ရေး

  • (၁)
    တပည့်ဖြစ်သူတို့၏ ဣန္ဒြေသိက္ခာထက် ပိုမို၍ တည်ကြည်ခန့်ညားသော ဣန္ဒြေသိက္ခာနှင့် ပြည့်စုံစေရမည်။
  • (၂)
    မာတုဂါမတို့နှင့်စပ်လျဉ်း၍ ပရူပဝါဒကင်းရှင်းအောင် နေထိုင်ရမည်၊ အထူး အားဖြင့် အရေးကြီးသော အကြောင်းကိစ္စမရှိပဲ မာတုဂါမတို့နှင့် ကြာရှည်စွာလက်ခံ၍ စကားပြောဆိုနေထိုင်ခြင်း မရှိစေရ၊ မလွှဲမရှောင်သာသဖြင့် ပြောဆိုနေထိုင်ရာ၌လည်း “ရဟောနိသဇ္ဇ” မဖြစ်ရအောင် သတိရှေ့ဆောင်လျက်နေထိုင်ရမည်။
  • (၃)
    မူရင်းနေမြဲဌာနမဟုတ်လျှင် မည်သည့်ကမ္မဋ္ဌာန်းဌာနကိုမျှ ကိုယ်ပိုင် အမြဲတမ်းနေရာအဖြစ်ဖြင့် အစွဲမထားမူ၍ ပဓာနနာယကဆရာတော်များက အကြောင်း အားလျော်စွာ စေလွှတ်ချထားသော ကမ္မဋ္ဌာန်းဌာနတွင်သာ နေထိုင်စောင့်ရှောက်သွား ရန် ထက်သန်သောစိတ်ဆန္ဒ ရှိစေရမည်။

(ခ) သွားလာရေး

  • (၁)
    ပါသာဒိကေန အဘိက္ကန္တေနစသော ဒေသနာတော်နှင့်အညီ အမှတ်သတိ မကင်းသဖြင့် ကြည်ညိုဘွယ်ကောင်းသော သွားလာခြင်း စသည်နှင့် ပြည့်စုံစေရမည်။
  • (၂)
    ပရူပဝါဒ ဖြစ်နိုင်သောအချိန်အခါ၌၎င်း, ပရူပဝါဒ ဖြစ်နိုင်သောဌာနနှင့် ပုဂ္ဂိုလ်များထံသို့၎င်း သွားလာခြင်း မရှိစေရ။
  • (၃)
    မြို့တွင်းရွာတွင်းသို့ သွားသောအခါဖြစ်စေ, ခရီးရှည်သွားသောအခါဖြစ်စေ ဝိနည်းတော်နှင့်အညီ သွားလာရမည်။

(ဂ) ဝတ်ရုံရေးမှာ

  • (၁)
    ပိန္နဲရောင်, ညောင်ခေါက်ရောင် သင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်ရမည်။
  • (၂)
    ဗုဒ္ဓစေတီတော်များထံသို့ဖြစ်စေ, သံဃာ့အစည်းအဝေးသို့ဖြစ်စေ, မထေရ် မြတ်ကြီးများထံသို့ဖြစ်စေ ဝင်ရောက်သောအခါ၌ လက်ဝဲလက်မောင်းကို ခြုံရုံစေသော ပရိမဏ္ဍလ ဝတ်ရုံနည်းဖြင့် ဝတ်ရုံရမည်။
  • (၃)
    မြို့တွင်းရွာတွင်းသို့ သွားသောအခါဖြစ်စေ, မြို့တွင်းရွာတွင်းမှ ဖြတ်သန်း၍ သွားသောအခါဖြစ်စေ သုပ္ပဋိစ္ဆန္န-သိက္ခာပုဒ်နှင့်အညီ သင်္ကန်းရုံ၍ သွားရမည်။
  • (၄)
    မိမိနေရာတွင် နေထိုင်သောအခါ၌လည်း ပါသာဒိကဖြစ်အောင် ကောင်းစွာ ဝတ်ရုံလျက် ရှိစေရမည်။

(ဃ) စားသောက်ရေးမှာ

  • (၁)
    အကြောင်းထူးမရှိလျှင် ဆွမ်းဘောဇဉ်များကို သပိတ်ဖြင့်သာ ဘုဉ်းပေး သုံးဆောင်နိုင်ရန် လုံ့လပြုရမည်။
  • (၂)
    စားဘွယ်များကို ရပ်လျက်, သွားလျက် မစားမူ၍ ထိုင်လျက်သာလျှင် ဣန္ဒြေရရ စားသုံးရမည်။
  • (၃)
    အကြောင်းအထူးမရှိပဲ ဆေးလိပ်သောက်ခြင်း, ကွမ်းစားခြင်း, ဆေးဝါးခြင်း များကို (ပါသာဒိက, သန္တုဋ္ဌီ, သလ္လေခ, အပ္ပကိစ္စ ဂုဏ်စသည်နှင့် ပြည့်စုံစေခြင်း အကျိုးငှါ) ကြဉ်ရှောင်ရမည်။

(င) ဟောကြားရေးမှာ

  • (၁)
    မိမိတို့၏ကမ္မဋ္ဌာန်းဌာန၌ တလလျှင် ၄ -ကြိမ်ဖြစ်စေ, ၂ -ကြိမ်ဖြစ်စေ ဝိပဿနာလုပ်ငန်းစဉ်တရားကို မဟာစည်ဆရာတော်၏ ယူဆဟောပြောပုံအတိုင်း ဒေသနာတော်နှင့်အညီ ဟောပြောရမည်။ မှတ်ချက်။ ။ဤ၌ ဒေသနာတော်နှင့်အညီဟူသောအပိုဒ်ဖြင့် ဒေသနာတော်နှင့် မညီသည်ကို မဟောရန်တားမြစ်ထားသည်၊ ဟောပြောပုံဟူသည်မှာ အသံနေအသံထား ၌ အထူးပြုပြင်မှုမရှိပဲ ပကတိစကားပြောသကဲ့သို့ ရိုးရိုးဟောပြောခြင်းကို ဆိုလိုသည်။
  • (၂)
    ပြင်ပတရားပွဲများ၌မူကား တရားနာပုဂ္ဂိုလ်တို့၏အဇ္ဈာသယကို ထောက်ချင့် ၍ သဒ္ဓါပသန္နဖြစ်စေခြင်းငှါ သင့်လျော်သလို ဟောပြောနိုင်ခွင့်ရှိပေ၏၊ သို့သော် ဝိနည်းတော်နှင့်အညီ တည်ကြည်ခန့်ညားသော အသံဖြင့်သာ ဟောကြားရမည်။
  • (၃)
    ကမ္မဋ္ဌာန်းစစ်မေးရာ၌ ယောဂီတို့၏ဉာဏ်အဆင့်အတန်း အားလျော်စွာ တိုးတက်သည်ထက် တိုးတက်စေခြင်းငှါ သင့်လျော်သောတရားများကို ဟောကြားခြင်း၊ ယောဂီတို့၏သန္တာန်၌ ဖြစ်ပေါ်နေသော သတိ, သမာဓိ, ဉာဏ်များကို ထိုက်တန် သလောက် ချီးမြှောက်၍အားပေးခြင်း၊ မှတ်ရှုမှုဖြင့်ပင် သီလ, သမာဓိ, ပညာဖြစ်လာပုံ၊ ဗောဓိပက္ခိယတရားများပြီးစီးသွားပုံ စသည်တို့ကို ရှင်းလင်းဖော်ပြခြင်းစသော အားပေး တရားများကို ယောဂီတို့မှာ စိတ်တက်ကြွလာသည့်တိုင်အောင် ဟောကြားရမည်။
  • (၄)
    တရားဟောရာ, ကမ္မဋ္ဌာန်းစစ်မေးရာတို့၌ မယဉ်ကျေးသောဥပမာနှင့် ဟာသကထာတို့ကို ထည့်သွင်း၍မပြောမိစေရန် အထူးသတိပြုရမည်၊ ဟာသကထာ ကိုကား ယဉ်ကျေးငြားသော်လည်း နည်းပါးနိုင်သမျှ နည်းပါးစေရန် သတိပြုရမည်။
  • (၅)
    ကမ္မဋ္ဌာန်းဆရာတဦး စစ်မေးနေသော ယောဂီအား ၎င်းဆရာက ခွင့်မပြုပဲ ဝင်ရောက်စွက်ဖက်၍ စစ်မေးခြင်း, ဆုံးဖြတ်ခြင်းများကို မပြုရ။
  • (၆)
    မဟာစည်ဆရာတော် နည်းလမ်းညွှန်ပြထားသည့်အတိုင်း တပည့်ယောဂီတို့ အား ရသင့်ရထိုက်သော သမာဓိ, ဉာဏ်အဆင့်များ အကြွင်းမဲ့ပြည့်စုံစေရန် တင်းတင်း ရင်းရင်း တိတိကျကျ ဆရာ့တာဝန်မလိုရအောင် ညွှန်ပြတိုက်တွန်းရမည်။
  • (၇)
    ယောဂီမများအား ကမ္မဋ္ဌာန်းစစ်မေးရာဌာနမှာ အများမြင်သာသောဌာန ဖြစ်စေရမည့်အပြင် ၎င်းဌာနသို့ ထိုက်သင့်သလို အပေါင်းလိုက် အစုလိုက် ခေါ်ယူပြီး လျှင် နေ့ခင်းအချိန်တွင်သာ စစ်မေးဟောပြောရမည်။ ထို့ပြင် သိကြားလိမ္မာသော ယောကျာ်းပုဂ္ဂိုလ်လည်း အနီး၌ ရှိစေရဦးမည်။
  • (၈)
    ယောဂီမတို့အား ကမ္မဋ္ဌာန်းပေးရာဌာနမှာ အများမြင်သာသော နေရာ ဖြစ်စေရမည့်အပြင် သိကြားလိမ္မာသော ပုဂ္ဂိုလ်လည်း အနီး၌ ရှိစေရမည်၊ ထို့ပြင် အကြောင်းအားလျော်စွာ ညဉ့်အခါ၌ ကမ္မဋ္ဌာန်းပေးရလျှင် ထိန်ထိန်လင်းသော မီးရောင် လည်း ရှိစေရဦးမည်။
  • (၉)
    စာရွက်စာတမ်းကျမ်းစာအုပ်များကို “ပုံနှိပ်ခွင့်ရှိသော မဟာစည်သတိပဋ္ဌာန် အဖွဲ့ဝင် ဆရာတော်တပါးပါး ထံမှ ခွင့်ပြုချက်မရှိပဲ” မဟာစည်ဆရာတော်၏ ဝိပဿနာ နည်းနိသျည်းအဖြစ်ဖြင့် ရေးသား၍ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ။

(စ) ပြောဆိုရေးမှာ

  • (၁)
    တိရစ္ဆာနကထာကို ပယ်ရှား၍ ကထာဝတ္ထုဆယ်ပါးကိုသာ ပြောဆိုနိုင်ရန် လုံ့လပြုရမည်၊
  • (၂)
    ဒုဗ္ဘာသိတ ဝါစာဖြစ်သော ပြက်ရယ်ပြောင်လှောင်မှုများကို မပြုရ။
  • (၃)
    နက်နဲသောစကား, ဟုတ်မှန်၍ အကျိုးရှိသောစကား, အလေးပြုလောက် သောစကား မှတ်သားဖွယ်ကောင်းသောစကား, ဝမ်းမြောက်ဘွယ်ကောင်းသော စကား, ဤသို့သော စကားများကိုသာ ပြောဆိုနိုင်ရန် လုံ့လပြုရမည်။
  • (၄)
    ကြမ်းတမ်းသောစကား, ကြိမ်းမောင်းချုပ်ချယ်သော စကားများကို မပြောဆိုမိစေရန် သတိပြုရမည်။
  • (၅)
    ကျုပ်, ကျွန်တော်, ခင်ဗျားစသော ဂီဟိဝေါဟာရများကို မသုံးမိစေရန် သတိပြုရမည်။
  • (၆)
    ဘုန်းကြီး, ဆရာတော်, ဒါယကာကြီး, ဒါယိကာမကြီးစသော သမဏ ဝေါဟာရများကိုသာ သုံးစွဲရန် သတိပြုရမည်။
  • (၇)
    ရဟန်းအချင်းချင်း ပြောဆိုရာ၌လည်း “ဘုရားတပည့်တော် အရှင်ဘုရား” စသောသမဏဝေါဟာရ များကိုသာ သုံးစွဲရမည်။
  • (၈)
    မိမိကိုယ်ကို ချီးမြှောက်၍ပြောဆိုခြင်း, သူတပါးကို နှိမ့်ချ၍ပြောဆိုခြင်း များမှ လုံးဝရှောင်ကြဉ်ရမည်။
  • (၉)
    ဥတ္တရိမနုဿဓမ္မ သိက္ခာပုဒ်, ဘူတာရောစန သိက္ခာပုဒ်တို့ဖြင့် ယုံမှားမှု မဖြစ်စေခြင်းအကျိုးငှါ အရိယဓမ္မကို မိမိနှင့်စပ်လျဉ်း၍ မပြောကြားမိစေရန် အထူး သတိထားရမည်။
  • (၁၀)
    အရိယဓမ္မနှင့် စပ်လျဉ်း၍ ပုဂ္ဂလာဓိဋ္ဌာန်အားဖြင့် ဆုံးဖြတ်ပြောဆိုခြင်း မရှိစေရ။
  • (၁၁)
    သဘာဂဖြစ်သော သီတင်းသုံးဘော်များ၏ချွတ်ယွင်းချက်ကို ကြားသိ တွေ့မြင်ရလျှင် မေတ္တာ, ကရုဏာ ရှေ့ထား၍ သတိပေး ပြောဆိုနိုင်ရမည်။
  • (၁၂)
    သီတင်းသုံးဘော်များက မိမိ၏ချွတ်ယွင်းချက်ကို ကြားသိတွေ့မြင်ကြ၍ သတိပေးပြောဆိုလျှင် ဝမ်းမြောက်ကြည်သာစွာဖြင့် သည်းခံနိုင်, ပြင်ဆင်နိုင်ရမည်။
  • (၁၃)
    သီတင်းသုံးဘော်များက ဓမ္မ, ဝိနယဖြင့် သတိပေးဆုံးမလျှင် ဝမ်းမြောက် ကြည်သာ ရိုသေစွာ နာခံနိုင်ရမည်။
  • (၁၄)
    သမယန္တရ ပုဂ္ဂိုလ်များနှင့် တရားငြင်းခုံ ပြိုင်ဆိုင်ခြင်း အလျှင်းမရှိစေရ။

(ဆ) ဆက်ဆံရေးမှာ

  • (၁)
    လဇ္ဇီပေသလ, သိက္ခာကာမဖြစ်သည်ဟု ယုံကြည်ရသော ပုဂ္ဂိုလ်တိုင်းနှင့် ပစ္စယသမ္ဘောဂ, ဓမ္မသမ္ဘောဂ-အားဖြင့် ပေါင်းသင်းဆက်ဆံနိုင်ခွင့် ရှိသည်။ အဓိပ္ပါယ်ဖော်ပြချက်။ ကိုယ့်ပစ္စည်းကို ပေးကမ်းချီးမြှောက်ခြင်းနှင့် သူ့ထံမှ ပစ္စည်းကို ခံယူ၍သုံးစွဲခြင်းသည် ပစ္စယသမ္ဘောဂမည်၏၊ ထိုနည်းတူစွာပင် တရားဓမ္မ သြဝါဒ အပေးအယူဖြင့် ဓမ္မသမ္ဘောဂကို သိအပ်၏၊ ဤမျှသာရည်ရွယ်သည်။
  • (၂)
    မထေရ်ကြီးများအား ဂါရဝ, နိဝါတ ရှေ့ထား၍၎င်း၊ သမာန, နဝကပုဂ္ဂိုလ် တို့အား မေတ္တာ, ကရုဏာရှေ့ထား၍၎င်း၊ နူးညံ့သိမ်မွေ့သော ကိုယ်အမူအရာ, နှုတ် အမူအရာတို့ဖြင့် ပဋိသန္ထာရဝတ် မချွတ်စေရန် လုံ့လပြုရမည်။
  • (၃)
    ဒါယကာ, ဒါယိကာမတို့နှင့် ဆက်ဆံရာ၌ “ကုလေသွ’နနု ဂိဒ္ဓေါ” ဟူသော ဒေသနာတော်နှင့်အညီ ကုလဒူသန, အနေသန-တို့ကို ဝေးစွာရှောင်ကြဉ်၍ သဟနန္ဒီ, သဟသောကီ-တို့နှင့် အကြောင်းဖြစ်သော ဂေဟဿိတပေမ-ဖြင့် ရင်းနှီးစွာ ဆက်ဆံမှု မရှိစေရန် အထူးသတိပြုရမည်။
  • (၄)
    ကမ္မဋ္ဌာန်းစစ်မေးရာ၌ တပည့်ယောဂီတို့သည် မိမိတို့၏သမာဓိဉာဏ် အတွေ့များကို ဟုတ်မှန်သည့်အတိုင်း ရဲရဲဝံ့ဝံ့ မရွံ့မကြောက် ပြောကြားနိုင်စေရန် အလို့ငှါ၎င်း, စိတ်အားတကကြွ်ကလာစေရန်အလို့ငှါ၎င်း ကမ္မဋ္ဌာန်းဆရာမှာ သင့်လျော် သလို လိုက်လျော၍ ဖော်ဖော်ရွေရွေ ပြောဆိုနိုင်ခွင့်ရှိသော်လည်း အခြားကာလများ၌ မူကား ထိုသို့သောပြောဆိုဆက်ဆံမှုများ မရှိစေမူ၍ တည်ကြည်ခန့်ညားသော ပြောဆို ခြင်းဖြင့်သာလျှင် ဣန္ဒြေရရပြောဆိုဆက်ဆံရမည်။ အထူးအားဖြင့်မူကား ထိုအခြား ကာလ ဆက်ဆံရေးတွင် ဥပါသိကာမများနှင့်ဆက်ဆံရာ၌ သာ၍တည်ကြည်ခန့်ညား ခြင်း ရှိစေရမည်။
  • (၅)
    တပည့် ဒါယကာ, ဒါယိကာမတို့၏ သဒ္ဓါတရားအလျောက် ပေးလှူခြင်းမှ တပါး ဉာတိ, ပဝါရိတ-မဟုတ်သော ပုဂ္ဂိုလ်တို့ထံမှ အလှူခံခြင်း အလျှင်းမရှိစေရ။

ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များအတွက် စည်းမျဉ်းဥပဒေများ

ဤတွင် ပြည့်စုံပြီ။


ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တသောဘန၏ သြဝါဒကထာ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၄၂-ခုနှစ် နယုန်လဆန်း ၁၃-ရက်နေ့တွင် ဂိုဏ်းပေါင်းစုံသံဃာတော် ၁၂၀ဝ-ကျော်အစည်းအဝေးကြီးမှ ပေါ်ပေါက်ဖွဲ့စည်းခဲ့သော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး၏ သြဝါဒါစရိယ ဆရာတော်လည်းဖြစ်တော်မူသည်၊ ယင်းသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်လည်း ဖြစ်၍ သီလ, သမာဓိ, ပညာ သိက္ခာများဖြည့်ကျင့်ရန် ညွှန်ကြားဆုံးမသည့် သြဝါဒကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးသို့ ပေးပို့တော်မူခဲ့လေသည်။ ဆက်လက်ဖတ်ရှုရန် ...

သံဃာတော်၏ သုပ္ပဋိပန္နဂုဏ်ကို မြတ်စွာဘုရားက “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော”လို့ ဟောထားပါတယ်၊ ဘဂဝတော-မြတ်စွာဘုရား၏၊ သာဝက သံဃော- တပည့်သားအပေါင်းသံဃာတော်သည်၊ သုပ္ပဋိပန္နော-ကောင်းစွာကျင့်တော်မူ ပါတယ်၊ ကောင်းမြတ်တဲ့အကျင့် ရှိတော်မူပါတယ်တဲ့၊ အဲဒါကို ဗုဒ္ဓသာသနာဝင် ရဟန်းတော်တိုင်း သိနားလည်ပြီး ဖြစ်သင့်ကြတာချည်းပါပဲ၊ သုပ္ပဋိပန္န- ဂုဏ်ပုဒ်ထဲမှာ သု-က ကောင်းစွာတဲ့၊ ပဋိပန္န-က ကျင့်တာတဲ့၊ ဒါကြောင့် သုပ္ပဋိပန္နော-ကောင်းစွာကျင့် တယ်၊ ကောင်းကောင်းကျင့်တယ်လို့ ဆိုလိုပါတယ်၊ နောက်ပြီးတော့ ဥဇုပ္ပဋိပန္နော စသည်တို့ကလဲ အလားတူပါပဲ၊ အမည်မျှသာ ကွဲတာပါ၊ ကျင့်ပုံကျင့်နည်းကတော့ ကောင်းကောင်းကျင့်တာချည်းပါပဲ၊ ဥဇုပ္ပဋိပန္နောက ဖြောင့်မတ်စွာကျင့်တာတဲ့၊ ဉာယပ္ပဋိ ပန္နောက သင့်လျော်စွာကျင့်တာတဲ့၊ သာမိစိပ္ပဋိပန္နောက သင့်တင့်ထိုက်တန်အောင် ကျင့်တာတဲ့။

အဲဒီ ၄-ပုဒ်ထဲမှာ သုပ္ပဋိပန္နောက ဘယ်လိုလဲဆိုလျှင် မြတ်စွာဘုရား ညွှန်ကြား ထားတဲ့ သီလ, သမာဓိ, ပညာအကျင့်တွေကို အပြည့်အစုံ ရိုရိုသေသေကျင့်ဖို့ပါပဲ၊ သီလ အကျင့်ကို ကောင်းကောင်းကျင့်နေလို့ရှိရင် ကိုယ်အမှု, နှုတ်အမှု ချွတ်ယွင်းစေတဲ့ လောဘ, ဒေါသ, မောဟစသောကိလေသာတွေ အကုန်လုံးကင်းငြိမ်းပြီးတော့ သန့်ရှင်း စင်ကြယ်နေတာပါပဲ၊ မဂ်, ဖိုလ်, နိဗ္ဗာန် မရောက်နိုင်သေးဦးတော့ လူ့ဘဝ, နတ်ဘဝ ကောင်းမြတ်တဲ့ဘဝတွေ ရောက်ပြီး ကောင်းစွာချမ်းသာဖို့ပါပဲ၊ မြတ်စွာဘုရား၏ အဆုံးအမသြဝါဒကို ရိုရိုသေသေ လေးလေးစားစား လိုက်နာနေတဲ့ပုဂ္ဂိုလ်ဟာ သီလကို ရိုရိုသေသေ ကျင့်ရပါတယ်။

အရေးကြီးတာကတော့ သီလပြည့်စုံရုံနဲ့လဲ မပြီးသေးဘူး၊ ဘုရားအလိုတော်က သမာဓိလဲ ပြည့်စုံရမယ်တဲ့၊ သမာဓိပြည့်စုံရင်တော့ ဈာန်ရနိုင်တယ်၊ ဈာန်ရရင်တော့ နောက်ဘဝမှာ ဗြဟ္မလောကမှာရောက်လျက် ပိုပြီးချမ်းသာနိုင်ပါတယ်၊ ဒါပေမယ့် အဲဒါ လောက်နဲ့လဲ မပြီးသေးဘူး၊ ပညာပြည့်စုံဖို့လဲ လိုပါသေးတယ်၊ ပညာအကျင့်ကို ပြည့်စုံ သင့်သမျှပြည့်စုံအောင် ကျင့်ဖို့ကသာပြီးလိုပါတယ်၊ ပညာအကျင့်ကို ပြည့်စုံအောင် ကျင့်နိုင်ရင်တော့ ယခုမျက်မှောက်ဘဝမှာ မဂ်, ဖိုလ်, နိဗ္ဗာန်ရောက်ပြီး အကောင်းဆုံး ပေါ့လေ၊ ယခုဘဝမှာ မဂ်, ဖိုလ်, နိဗ္ဗာန်မရောက်တောင်မှ ပညာအကျင့် ပြည့်စုံသင့်သမျှ ပြည့်စုံနေရင်တော့ နောက်နောက်ဘဝတွေရောက်တဲ့အခါမှာ အဲဒီပညာအကျင့်ကိုမှီပြီး မဂ်, ဖိုလ်, နိဗ္ဗာန်တရားတွေကိုရသွားနိုင်ပါတယ်၊ ဒီလိုပြည့်ဝဖို့ဟာ အင်မတန်အရေးကြီး ပါတယ်၊ မြတ်စွာဘုရား၏သာသနာတော်အတွင်းမှာ သီလ, သမာဓိအကျင့်များကို ကျင့်ပြီးတော့ ဝိပဿနာပညာအကျင့်ကို ပြည့်စုံသင့်သမျှ ပြည့်စုံအောင်ကျင့်ဖို့ရာက သာပြီးလိုပါတယ်။

ဝိသုဒ္ဓိမဂ်မှာ သုပ္ပဋိပန္နောပုဒ်ကို “သုဋ္ဌုပဋိပန္နော- ကောင်းစွာကျင့်သည်” လို့ ဖွင့်ပြီးတော့ “သမ္မာပဋိပဒံ- မှန်ကန်သောအကျင့်ကို၊ အနိဝတ္ထိပဋိပဒံ- မဆုတ်မနစ် သောအကျင့်ကို၊ အနုလောမပဋိပဒံ-လျော်သောအကျင့်ကို၊ ဓမ္မာနုဓမ္မပဋိပဒံ္ထလောကုတ္တရာတရားအား လျော်သောအကျင့်ကို၊ ပဋိသန္နောတိဝုတ္တံဟောတိ-ကျင့်ပေ၏ ဟုဆိုလိုသည်” လို့ အကျယ်ဖွင့်ပြထားပါတယ်။ အဲဒီဖွင့်ပြချက်ဖြင့် သီလအကျင့်, သမာဓိအကျင့်, ပညာအကျင့်များကိုပဲ “အကျင့်မှန်လို့, မဆုတ်မနစ်သောအကျင့်ကို, သင့်လျော်တဲ့အကျင့်လို့, မဆန့်ကျင်တဲ့အကျင့်လိုဲ့, မဂ်, ဖိုလ်, နိဗ္ဗာန်သို့ ရောက်စေနိုင်တအကျင့်လို့” ထင်ပေါ်တဲ့အကျင့်ကို ကျင့်မှုဖြစ်ကြောင်း ဖော်ပြတာပါပဲ။ မဂ်, ဖိုလ်, နိဗ္ဗာန် ရောက်ဖို့ရန်ဟာလဲ သီလစင်ကြယ်ဖို့လိုပါတယ်၊ သမာဓိလဲ ပြည့်စုံသင့်သမျှ ပြည့်စုံဖို့လိုပါတယ်။

ဝိပဿနာပညာကတော့ နာမ်, ရုပ်ကိုခွဲခြားပြီး ကိုယ်တိုင်သိတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်, အကြောင်းအကျိုးကို ကိုယ်တိုင်သိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်, မမြဲဘူး, ဆင်းရဲပဲ, ငါကောင် သူကောင် အတ္တမဟုတ်ဘူး, ခဏမစဲဖြစ်ပျက်နေတာကို ကိုယ်တွေ့ သိတဲ့ ဥဒယဗ္ဗယဉာဏ်, ခဏမစဲပျက်ပျက်သွားတာကို ကိုယ်တိုင်တွေ့ပြီးသိတဲ့ ဘင်္ဂ ဉာဏ်စသည်ပါပဲ၊ မဂ်ဉာဏ်၏အနီးဆုံး ဝိပဿနာကတော့ သင်္ခါရုပေက္ခဉာဏ်ပါပဲ၊ အဲဒီ သင်္ခါရုပေက္ခဉာဏ်က ရင့်သန်ပြည့်စုံရင် အနုလောမဉာဏ်ဖြစ်ပြီး အရိယမဂ်ဉာဏ် ချက်ချင်းဖြစ်တော့တာပါပဲ၊ အဲဒီလိုဖြစ်ပုံကိုတော့ ဝိသုဒ္ဓိမဂ် ဒုတိယအုပ် စာမျက်နှာ နံပါတ် ၃၀၈-စသည်မှာ အထင်အရှား ဖော်ပြထားပါတယ်၊ အင်္ဂုတ္တရပါဠိ တိကနိပါတ် စာမျက်နှာနံပါတ် ၂၁၈-စသည်မှာလဲ အရှင်အာနန္ဒာမထေရ်က သုပ္ပဋိပန္နဉာဏ် အကြောင်း ထင်ရှားဟောပြထားပုံကို ထင်ရှားတွေ့ရပါတယ်။

အဲဒီမှာ ထင်ရှားပြထားပုံ အကျဉ်းချုပ်ကတော့ ဒါယကာတယောက်က အရှင် အာနန္ဒာကို သွာက္ခာတ, သုပ္ပဋိပန္န, သုကတဖြစ်သူများအကြောင်း မေးလျှောက်တဲ့အခါ ရာဂ, ဒေါသ, မောဟကို ပယ်ရန် ဟောတဲ့တရားကို သွာက္ခာတ-ကောင်းစွာဟောတဲ့ တရားမည်ကြောင်း၊ ရာဂ, ဒေါသ, မောဟကိုပယ်ရန် ကျင့်တဲ့ပုဂ္ဂိုလ်များကို သုပ္ပဋိပန္န-ကောင်းစွာကျင့်သူများဖြစ်ကြောင်း၊ ရာဂ, ဒေါသ, မောဟတို့ကို ပယ်ပြီးဖြစ်တဲ့ ပုဂ္ဂိုလ် များက သုကတ-ကောင်းစွာပြုပြီး, ကျင့်ပြီးဖြစ်ကြသူများဖြစ်ကြောင်းကို အရှင်အာနန္ဒာ မထေရ်က မေးမြန်းစိစစ်ပြီး ဟောပြထားပါတယ်။

အဲဒီဒေသနာမှာ ပြထားတဲ့အတိုင်း ရာဂစသောကိလေသာတို့ကို ပယ်နိုင်အောင် ကျင့်တာဟာ သုပ္ပဋိပန္နအကျင့်ပဲ၊ သီလကျင့်တာလဲ သုပ္ပဋိပန္နပဲ၊ သမာဓိဘာဝနာ ပညာ ဘာဝနာကျင့်တာလဲ သုပ္ပဋိပန္နပဲ၊ ဒါပေမယ့် သီလအကျင့်, သမာဓိအကျင့်မျှလောက်နဲ့ တော့ ရာဂစသောကိလေသာတို့ကို လုံးဝကင်းအောင် မပယ်နိုင်သေးဘူး၊ ဝိပဿနာ အကျင့်ကို ပြည့်စုံအောင် အပြည့်အစုံကျင့်မှသာ ရာဂစသောကိလေသာတွေကို အကြွင်းမဲ့ပယ်နိုင်တာပဲ၊ သီလနှင့်သမာဓိအရင်းခံပြီး ဝိပဿနာဉာဏ်ကို သင်္ခါရုပေက္ခ ဉာဏ် ရင့်သန်ပြည့်စုံအောင် ရှုမှတ်အားထုတ်ပါမှ ဝိပဿနာအဆုံးဖြစ်တဲ့ အနုလောမ ဉာဏ်နှင့် အရိယမဂ်ဉာဏ်သို့ရောက်ပြီး ကိလေသာကို ကောင်းကောင်းပယ်နိုင်တာပဲ၊ အဲဒီလို အရိယမဂ်ဉာဏ်ရောက်အောင် ကျင့်ပါမှ သုပ္ပဋိပန္နမည်ပါတယ်။

ဝိပဿနာရှုလို့ သင်္ခါရုပေက္ခဉာဏ် ရင့်သန်ပြည့်စုံသွားရင် သောတာပတ္တိမဂ်ဖိုလ် ရောက်ပြီးတော့ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတာပရာမာသ, အပါယ်သို့ကျရောက် စေတတ်သော ကာမရာဂနှင့် ပဋိဃဆိုတဲ့ သံယောဇဉ် ၅-ပါးဟာ လုံးဝကင်းရှင်းသွားပါ တယ်၊ သောတာပန်က ဝိပဿနာဆက်ရှုရင် သကဒါဂါမိမဂ်ဖိုလ် ရောက်ပြီးတော့ ရုန့်ရင်းသည့် ကာမရာဂနှင့် ပဋိဃတို့လဲ ထပ်မံကင်းရှင်းသွားပြန်ပါတယ်၊ သကဒါဂါမ်က ဝိပဿနာဆက်ရှုလို့ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံသွားပြန်ရင်လဲ အနာဂါမိမဂ်ဖိုလ် ရောက်ပြီးတော့ သိမ်မွေ့သည့် ကာမရာဂနှင့် ပဋိဃတို့လဲ ထပ်မံကင်းရှင်းသွားပြန်တယ်၊ ယခုလိုဖော်ပြခဲ့တဲ့အတိုင်း ကင်းရှင်းသွားတဲ့ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတာ ပရာမာသ, ကာမရာဂ, ပဋိဃဆိုတဲ့ သံယောဇဉ်တွေကို အောက်ကာမဘုံ၌ ဖြစ်စေတတ် သော အဓောဘာဂိယသံယောဇဉ်လို့ ခေါ်ပါတယ်။

အနာဂါမ်ပုဂ္ဂိုလ်ကဆက်ပြီး ဝိပဿနာရှုလို့ ဝိပဿနာဉာဏ်ထပ်ပြီး တိုးတက် ပြည့်စုံတဲ့အခါမှာ အရဟတ္တမဂ်ဖိုလ်, ရောက်ပြီး ရဟန္တာဖြစ်သွားတယ်၊ အထက်ရူပဘုံ ရောက်စေတတ်သော ဥဒ္ဓံဘာဂိယခေါ်တဲ့ ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာ ဆိုတဲ့ သံယောဇဉ် ၅-ပါးကိုလဲ ပယ်ပြီးဖြစ်ကာ ကိလေသာအားလုံးကင်းစင်ပြီး သန့်ရှင်း စင်ကြယ်သွားပါတယ်၊ ဒါကြောင့် ကိလေသာဟူသမျှ ကင်းသင့်သလောက် ကင်းရှင်း စင်ကြယ်ရအောင် ဝိပဿနာကို စွမ်းနိုင်သမျှအားထုတ်လျက် သုပ္ပဋိပန္နအကျင့်ကို ရိုရိုသေသေ ကျင့်သွားကြဖို့ပါပဲ၊ ယခုပြောခဲ့တဲ့အတိုင်း ကိလေသာဟူသမျှကို ပယ်နိုင် အောင် ကိလေသာကင်းအောင် သီလကိုလဲ ကျင့်သင့်သမျှကျင့်ရမယ်၊ သမာဓိအကျင့် ပညာအကျင့်ကိုလဲ စွမ်းနိုင်သမျှပြည့်စုံအောင် ကျင့်ရမယ်ဆိုတာ ထင်ရှားနေပါပြီ၊ တတ်နိုင်လို့ရှိရင်တော့ သမာဓိဘာဝနာအကျင့်ကိုလဲ ကျင့်သင့်တာပါပဲ၊ သမာဓိ ကမ္မဋ္ဌာန်းတွေထဲက ကသိုဏ်း ၁၀-ပါးကိုရှုရင်, အာနာပါနကိုရှုရင် ရှုပဈာန် ၅-ပါးလုံး ကိုရနိုင်ပါတယ် အသုဘ ၁၀-ပါးနဲ့ ကာယဂတာသတိကိုရှုရင် ပထမဈာန်ကို ရနိုင်ပါ တယ်၊ မေတ္တာ, ကရုဏာ, မုဒိတာ, ဘာဝနာတွေကိုဖြစ်စေလျှင် စတုတ္ထဈာန်အထိ ရနိုင်ပါတယ်၊ ဥပေက္ခာဘာဝနာကိုတော့ (မေတ္တာစသည်ဖြင့် ဈာန် ၄-ပါးကိုရပြီးမှ) ရှုခြင်းဖြင့် ပဉ္စမဈာန်ကိုရနိုင်ကြောင်းကိုလဲ ကျမ်းဂန်များမှာပြထားပါတယ်။

အရူပကမ္မဋ္ဌာန်း ၄-ပါးကိုတော့ ရူပဈာန်တွေ အပြည့်အစုံရပြီးမှ ဖြစ်ပွားစေခြင်း ဖြင့် အရူပဈာန် ၄-ပါးကိုရကြောင်းလဲ ပြထားပါတယ်။ ဗုဒ္ဓါနုဿတိစသည်ကို ကျင့်ဖို့က တော့ လွယ်ပါတယ်၊ ဘုရားဂုဏ်, တရားဂုဏ်, သံဃာ့ဂုဏ်ကို ရိုရိုသေသေ အာရုံပြုနေ တဲ့အခါ အာရုံပြုပြီး ရှိခိုးနေတဲ့အခါမှာ သမာဓိဘာဝနာဖြစ်တန်သမျှတော့ ဖြစ်နိုင်ပါ တယ်၊ လူတယောက်ကိုဖြစ်စေ, နှစ်ယောက်ကိုဖြစ်စေ, သုံးယောက်စသည်များကို ဖြစ်စေ ချမ်းသာစေလိုတဲ့စေတနာဖြင့် “ချမ်းသာပါစေ၊ ချမ်းသာကြပါစေ”လို့ နှလုံးသွင်း နေရင် မေတ္တာဘာဝနာသမာဓိ ဖြစ်သင့်သမျှ ဖြစ်နေတာပါပဲ၊ အဲဒီလို မေတ္တာဘာဝနာ ဖြစ်ပွားစေတဲ့လူဟာ ချမ်းသာပါစေလို့ အာရုံပြုထားတဲ့သူတွေအား စိတ်ဆင်းရဲ ကိုယ် ဆင်းရဲဖြစ်အောင် မပြောသင့်, မပြုသင့်ပါဘူး၊ အဲဒီလို မတော်မသင့် ပြောတာပြုတာ ကိုလဲ ကြဉ်ရှောင်နေမှ ဘာဝနာကုသိုလ် ကောင်းကောင်းဖြစ်နိုင်ပါတယ်။

ဝိနည်းသိက္ခာပုဒ်များနဲ့ အပြစ်တင်စရာမရှိအောင် သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ် စောင့်ထိန်းနေဖို့လဲလိုပါတယ်၊ မြတ်စွာဘုရား၏သာသနာတော်ကို တိုးတက် ကြီးပွားပါစေ၊ မိမိတို့လဲ ဘေးရန်အန္တရာယ်ဟူသမျှမှ ကင်းပြီးတော့ ကိုယ်စိတ်နှစ်ဖြာ အလိုရှိတိုင်း တိုးတက်ချမ်းသာကြပါစေ။


ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး မိန့်ကြားသော ဓမ္မကထိကများလိုက်နာရန် သြဝါဒတော်

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ပုဂ္ဂိုလ်က ကြည်ညိုဖွယ်ဂုဏ်နှင့်ပြည့်စုံမှ ဟောသည့်တရားကိုလည်း အများက လေးလေးနက်နက် နှလုံးသွင်းလက်ခံကြပေလိမ့်မည်။ ထို့ပြင် အရပ်ရပ်အနယ်နယ်မှ စုံစမ်းဆင်ခြင်တတ်သော ပညာရှိပုဂ္ဂိုလ်များ ရှိနေတတ်ကြပါသည်။ ထို့ကြောင့် မဟာစည်ဓမ္မကထိကအရှင်မြတ်တို့သည် ဝိနည်းသိက္ခာပုဒ်အရအားဖြင့် လည်းကောင်း၊ အပိစ္ဆာ, သန္တုဋ္ဌီ, သလ္လေခဂုဏ်တို့အရအားဖြင့်လည်းကောင်း၊ ပါသာဒိကေန သမ္ပာ-ဒေထဟု မိမိတို့၏ ဥပဇ္ဈာယ်ဆရာများက မိန့်မှာခဲ့သည့်အတိုင်း အဘက်ဘက်မှ ပါသာဒိကဂုဏ်နှင့် ပြည့်စုံအောင် သတိဆောင်ကြစေလိုပါ၏။ ဆက်လက်ဖတ်ရှုရန် ...

အထူးအားဖြင့် ခရီးသွားရာ၌ သင်္ကန်းရုံသွားခြင်းသည် ပါသာဒိကဂုဏ်ကို အထူးပင် ဆောင်တတ်ပါပေသည်။ ထို့ကြောင့် ကျောင်းမှလည်းကောင်း၊ တည်းခိုရာမှ လည်းကောင်း အပြင်သို့သွားလျှင် ဝိနည်းကခွင့်ပြုထားသောအရပ်ပင် ဖြစ်သော်လည်း သင်္ကန်းရုံလျက်သာလျှင် ပါသာဒိကဂုဏ်ကိုဆောင်လျက် သွားကြစေလိုပါ၏။ ထို့ပြင် အပါသာဒိကဖြစ်သော ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်းများကို ရန်ကုန်သာသနာ့ရိပ်သာ၌ ကမ္မဋ္ဌာနာစရိယများကဲ့သို့ပင် ကြဉ်ရှောင်ကြစေလိုပါ၏။ ကျန်းမာပါလျက် ဆိုက်ကား, မြင်းလှည်းစသည်စီးခြင်းကိုလည်း ကြဉ်ရှောင်ကြစေလိုပါ ၏။ ဓမ္မကထိကအရှင်မြတ်များအား ဤကဲ့သို့ သတိပေးစကား ပြောကြားရသည့် အတွက် အားနာပါသည်။ သို့သော် မိမိအမြင်အားဖြင့် သာသနာပြုရာတွင် အလွန် အရေးကြီးသည်ဟု ထင်မြင်သောကြောင့် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။ အရှင်မြတ် တို့ကလည်း အထူးအလေးပြု၍ ကျင့်ဆောင်နိုင်ကြပါစေ။

န ခေါ အာနန္ဒ သုကရံ ပရေသံ ဓမ္မံ ဒေသေတုံ၊ ပရေသံ အာနန္ဒ ဓမ္မံ ဒေသေန္တေန ပဉ္စဓမ္မေ အဇ္ဈတ္တံ ဥပဋ္ဌပေတွာ ပရေသံ ဓမ္မော ဒေသေတဗ္ဗော။

ကတမေ ပဉ္စ အနုပုဗ္ဗိကထံ ကထေဿာမီတိ ပရေသံ ဓမ္မော ဒေသေတဗ္ဗော၊ ပရိယာယ ဒဿာဝီကထံ ကထေဿာမီတိ ပရေသံ ဓမ္မော ဒေသေတဗ္ဗော၊ အနုဒ္ဒယတံ ပဋိစ္စကထံ ကထေဿာမီတိ ပရေသံ ဓမ္မော ဒေသေတဗ္ဗာ၊ န အာမိသန္တရော ကထံ ကထေဿာမီတိ ပရေသံ ဓမ္မော ဒေသေတဗ္ဗော၊ အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ကထံ ကထေဿာမီတိ ပရေသံ ဓမ္မော ဒေသေတဗ္ဗော။ (ပဉ္စင်္ဂုတ္တရ- သဒ္ဓမ္မဝဂ်)

အာနန္ဒ- အာနန္ဒာ၊ ပရေသံ- သူတစ်ပါးတို့အား၊ ဓမ္မံ- တရားကို၊ ဒေသေတုံ- ဟောခြင်းငှာ၊ ဝါ- ဟောခြင်းသည်၊ န ခေါ သုကရံ- မလွယ်ကူလှပေ၊ အာနန္ဒ-အာနန္ဒာ၊ ပရေသံ ဓမ္မံ ဒေသေန္တော- သူတစ်ပါးတို့အား တရားဟောပြသူသည်၊ ပဉ္စဓမ္မေ- ငါးပါးကုန်သော နှလုံးသွင်းမှုတို့ကို၊ အဇ္ဈတ္တံ ဥပဋ္ဌပေတွာ- မိမိ၏သန္တာန်၌ ဖြစ်စေပြီး၍၊ ပရေသံ- သူတစ်ပါးတို့အား၊ ဓမ္မော- တရားကို၊ ဒေသေတဗ္ဗော-ဟောပြောအပ်၏၊ ဟောပြောသင့် ဟောပြောထိုက်၏၊ ဟောပြောရမည်၊ ကတမေ ပဉ္စ-အဘယ်ငါးပါးတို့ကို ဖြစ်စေရမည်နည်း ဟူမူကား -

  • (၁)
    အနုပုဗ္ဗိကထံ- အစဉ်အတိုင်းသော တရားစကားကို၊ ကထေဿာမီတိ- ဟောမည်ဟု နှလုံးသွင်း၍၊ ပရေသံ ဓမ္မော ဒေသေတဗ္ဗော- သူတစ်ပါးတို့အား တရားကို ဟောပြအပ်၏။ ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာဒီနဝကထာ, နေက္ခမ္မာနိသံသ ကထာ, စတုသစ္စဆိုင်ရာ မဂ္ဂကထာဟူသော ဤဒေသနာအစဉ်ဖြင့် ဟောသင့်သော ကာလဒေသတို့၌ ၎င်းအစဉ်အတိုင်းပင် ဟောပြောအပ်၏။ အထူးအားဖြင့်ကား ဘာဝနာအလုပ်၌ ကောင်းစွာမလေ့လာဖူးသေးသော အရပ်ဒေသများတွင် ဘာဝနာ လုပ်ငန်းတရားကို ဟောလိုလျှင် ဒါနကထာမှအစချီ၍ ဟောအပ်၏။ ထိုသို့မဟုတ်ဘဲ ဘာဝနာကိုသာဟောမိလျှင် ဒါနကိုပယ်သည်ဟုထင်မှတ်၍ တရား၌မလေးစားဘဲ ရှိတတ်၏။ သုတ်တစ်ခုခုကိုဖြစ်စေ၊ ဂါထာတစ်ခုခုကိုဖြစ်စေ ဟောရန်အရင်းခံပြု၍ တည်ထားမိလျှင်ကား ထိုသုတ်ထိုဂါထာတို့နှင့် စပ်ဆိုင်သော အနက်အဓိပ္ပာယ်တို့ကို အစဉ်အတိုင်း ရှင်းလင်းဝေဖန်၍ ပြည့်စုံစွာဟောအပ်၏။ ထိုသို့မဟုတ်ဘဲ ခုန်ကျော် ခုန်ပေါက်နှင့် ရောက်တတ်ရာရာကိုလျှောက်၍ ကမောက်ကမအားဖြင့် မဟောအပ်ပေ။
  • (၂)
    ပရိယာယဒဿာဝီ- အကြောင်းယုတ္တိကိုပြလျက်၊ ကထံ- တရားစကားကို၊ ကထေဿာမီတိ- ဟောမည်ဟုနှလုံးသွင်း၍၊ ပရေသံ ဓမ္မော ဒေသေတဗ္ဗော-သူတစ်ပါးတို့အား တရားကို ဟောပြောအပ်၏။ ပရိယာယ ဒဿာဝီတိ တဿ တဿ အတ္ထဿ တံတံကာရဏံ ဒေဿန္တော၊ (အဋ္ဌကထာ) ဟောပြအပ်သောတရား၏ အနက်အဓိပ္ပာယ်၌ တရားနာသူတို့ မသက်ဝင် မယုံကြည်နိုင်ဖွယ်ရှိလျှင် တရားနာသူတို့ နားလည်၍ ယုံကြည်သက်ဝင်နိုင်လောက် အောင် သင့်လျော်မှန်ကန်သောအကြောင်းယုတ္တိကို ဖော်ပြ၍ဟောအပ်၏။ ဥပမာ ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ- ဤသို့သောဒေသနာကို ဟောသောအခါ၌ သွားလျှင် သွားသည်ဟု မှတ်သိရုံဖြင့် အဘယ်သို့ ဝိပဿနာဖြစ်နိုင်ပါမည်နည်း၊ အဘယ်သို့ ပဇာနန- အပြားအားဖြင့် သိခြင်း ဖြစ်နိုင်ပါမည်နည်း၊ အများသူငါ သိနေပုံနှင့် အဘယ်သို့ ထူးခြားပါသနည်း၊ အတူတူပင်ဖြစ်သည်မဟုတ်ပါလော၊ ဤသို့စသည်ဖြင့် တရားနာသူတို့မှာ စဉ်းစားဝေဖန်လျက် ယုံမှားမှုဖြစ်တတ်၏။ ထိုအခါမျိုး၌ ကော ဂစ္ဆတိ- ဘယ်သူသွားသနည်း၊ ကဿဂမနံ- ဘယ်သူ၏သွားခြင်းပေနည်း၊ ကိံ ကာရဏာ ဂစ္ဆတိ- အဘယ်အကြောင်းကြောင့် သွားသနည်းဟူသော ဤအမေးသုံးရပ်လုံး ပြေလည် သွားအောင် ယောဂီ၏အပြားအားဖြင့် သိပုံကိုပြထားသော အဋ္ဌကထာအဖွင့်မျိုးကိုမှီ၍ ယခုယောဂီတို့၏လက်တွေ့ ထူးခြားသောသိပုံများဖြင့် ရှင်းလင်းဝေဖန်လျက် တရား နာသူတို့ ကောင်းကောင်းသက်ဝင်ယုံကြည်နိုင်လောက်အောင် ဟောပြအပ်၏။
  • (၃)
    အနုဒ္ဒယတံ ပဋိစ္စ-သနားခြင်းကိုစွဲမှီ၍၊ ကထံ-တရားစကားကို၊ ကထေဿာမီတိ- ဟောမည်ဟု နှလုံးသွင်း၍၊ ပရေသံ ဓမ္မော ဒေသေတဗ္ဗော-သူတစ်ပါးတို့အား တရားကို ဟောပြောအပ်၏။
    အလွန်ကျဉ်းမြောင်းကျပ်တည်းသော ဝဋ်ဆင်းရဲထဲ၌ ကျရောက်နေသော သတ္တဝါတို့အား ထိုဆင်းရဲမှ ထွက်မြောက်နိုင်အောင် နှလုံးသွင်းအားထုတ်ဖို့ တရားကို ဟောမည်ဟုရည်ရွယ်၍ ဟောအပ်၏။ ဤသို့ စင်ကြယ်သောရည်ရွယ်ခြင်းသည် ဘာဝနာတရားကို ဟောရာ၌ မလွယ်ကူလှပေ။ ကိုယ်တိုင်က ပြည့်စုံစွာအားထုတ်ပြီး သော်လည်းကောင်း၊ အားထုတ်မှု မပြည့်စုံသေးလျှင်လည်း မျက်မှောက်ကိုယ်တိုင်သိ များကို များစွာတွေ့ရပြီးသည့်တိုင်အောင် အားထုတ်ဖူးသော်လည်းကောင်း၊ ဖြစ်ပါမှ သာလျှင် ဘာဝနာလုပ်ငန်းတရားကို ဟောရာ၌ ထိုသို့သောရည်ရွယ်ခြင်း စင်ကြယ်စွာ ဖြစ်နိုင်ပေမည်။ ကိုယ်တိုင်အားထုတ်မှု ကိုယ်တိုင်တွေ့သိမှုက ဘာမျှမရှိသေးပါဘဲလျက် ဘာဝနာလုပ်ငန်းတရားကို ဟောရမည်ဆိုလျှင် သူတစ်ပါးတို့ ဝဋ်ဆင်းရဲမှ ထွက်မြောက် အောင် နှလုံးသွင်းအားထုတ်နိုင်စေရန် စင်ကြယ်စွာ ရည်ရွယ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်နည်းဟူမူ ဟောသောပုဂ္ဂိုလ်ကပင် မိမိ ဟောသောလုပ်ငန်းစဉ်ဖြင့် မဂ်ဖိုလ်သို့ ဧကန်ရောက်နိုင်သည်ဟု စိတ်ချလက်ချ သက်ဝင်ယုံကြည်ချက် မရှိသေး သောကြောင့်ပေတည်း။ သို့ဖြစ်၍ ဘာဝနာလုပ်ငန်းတရားကို ဟောသော ဓမ္မကထိက ပုဂ္ဂိုလ်သည် မြတ်စွာဘုရား၏ အလိုတော်ကျအားဖြင့် ဟောလိုလျှင် သိသင့်သမျှကို မျက်မှောက်သိပြီးဖြစ်အောင် မိမိကိုယ်တိုင်ပင် ရှေးဦးစွာအားထုတ်၍ စိတ်ချလက်ချ သက်ဝင်ယုံကြည်ချက် ရှိသောအခါကျမှ ‘ငါကဲ့သို့ပင် သိကြပါစေ’ ဟု သနားသော စိတ်ဖြင့် ဟောအပ်၏။ ဤသို့ ဟောခြင်းသည် -
    ဗုဒ္ဓေါ သောဘဂဝါ ဗောဓာယ ဓမ္မံ ဒေသေတိ။
    ဒန္တော သောဘဂဝါ ဒမထာယ ဓမ္မံ ဒေသေတိ။
    သန္တော သောဘဂဝါ သမထာယ ဓမ္မံ ဒေသေတိ။
    တိဏ္ဏော သောဘဂဝါ တရဏာယ ဓမ္မံ ဒေသေတိ။
    ပရိနိဗ္ဗုတော သောဘဂဝါ ပရိနိဗ္ဗာနာယ ဓမ္မံ ဒေသေတိ။
    ဟူသော စူဠသစ္စကသုတ် ဒေသနာတော်နှင့်အညီ မြတ်စွာဘုရား၏ဟောပြော နည်းအတိုင်းပငဖြစ်သောကြောင့် ဖြူစင်မြင့်မြတ်သော ဟောပြောခြင်းပေတည်း။ သို့ဖြစ် ၍ ဤသို့သော ဟောပြောခြင်းမျိုးဖြင့် ဟောပြောနိုင်ရန် အားထုတ်ရာ၏။
  • (၄)
    န အာမိသန္တရော- အာမိသ၌ မျှော်သောစိတ် မရှိသည်ဖြစ်၍၊ ဝါ-အာမိသကို မတောင့်တလျှင်း သန့်ရှင်းစင်ကြယ်သောစိတ် ရှိသည်ဖြစ်၍၊ ကထံ- တရားစကားကို၊ ကထေဿာမီတိ-ဟောမည်ဟုနှလုံးသွင်း၍၊ ပရေသံ ဓမ္မော ဒေသေတဗ္ဗော- သူတစ်ပါးတို့အား တရားကို ဟောပြောအပ်၏။
    တရားဟောသည့်အတွက် ‘ငါ့ကို ချီးမွမ်းကြလိမ့်မည်၊ ကြည်ညိုကြလိမ့်မည်၊ လှူဒါန်းပူဇော်ကြလိမ့်မည်’ ဤသို့စသည်ဖြင့် ဂုဏ်သတင်းနှင့်လာဘ်လာဘပစ္စည်း ဟူသော အာမိသကိုမျှော်လင့်၍ မဟောအပ်၊ အာမိသကို မျှော်လင့်မှုလုံးဝကင်း၍ တရား၌အလေးပြုလျက် စင်ကြယ်မြင့်မြတ်သောစိတ်ဖြင့်သာ ဟောအပ်၏။ ဟောပြီး သောကာလ၌လည်း ချီးမွမ်းကြသည်၊ ကဲ့ရဲ့ကြသည်၊ သဘောကျကြသည်၊ မကျကြ သည်တို့ကို စုံစမ်းမေးမြန်း၍မနေရာ၊ အကျိုးများစေနိုင်သော တရားမှန်ကို ဟောခြင်း သည် တရားဟောသောပုဂ္ဂိုလ်၏ အလုပ်တာဝန်ပေတည်း။ ထိုတရားမှန်ကို သဘော ကျခြင်း၊ လိုက်နာ၍ကျင့်ခြင်းများသည် တရားနာပုဂ္ဂိုလ်တို့၏ အလုပ်တာဝန်ပေတည်း။ သို့ဖြစ်၍ ဓမ္မကထိကပုဂ္ဂိုလ်သည် တရားမဟောမီကလည်း မိမိအလုပ်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရန်ကိုသာ နှလုံးသွင်း၍ ဖြူစင်မြင့်မြတ်သောစိတ်ဖြင့် ခံ့ခံ့ ညားညား ဟောပြောအပ်၏။ ဟောပြီးသောကာလ၌လည်း “ငါ့တာဝန်ကိုတော့ ငါ ဆောင်ရွက်ပြီးပြီ၊ သူတို့၏တာဝန်သာလိုတော့သည်။ သူတို့ ကျေပွန်အောင် ဆောင်ရွက် ကြလျှင် သူတို့မှာ ကျေးဇူးများသွားပေလိမ့်မည်။ မဆောင်ရွက်ပဲနေကြလျှင်လည်း သူတို့မှာသာလျှင် ကျေးဇူးမရှိရုံမျှပဲ၊ ငါ့တာဝန်မဟုတ်” ဟု နည်းလမ်းမှန်အတိုင်း သာလျှင် နှလုံးသွင်း၍ စိတ်အေးလက်အေးနှင့် ဣန္ဒြေရရ နေထိုင်တတ်စေရမည်။
  • (၅)
    အတ္တာနဉ္စ- မိမိကိုယ်ကိုလည်းကောင်း၊ ပရဉ္စ- သူတပါးကိုလည်းကောင်း၊ အနုပဟစ္စ- မထိပါးမူ၍၊ ကထံ- တရားစကားကို၊ ကထေဿာမီတိ- ဟောမည်ဟု နှလုံး သွင်း၍၊ ပရေသံ ဓမ္မော ဒေသေတဗ္ဗော- သူတပါးတို့အား တရားကို ဟောပြောအပ်၏။

မိမိကိုယ်ကို ချီးမြှောက်၍ဟောခြင်းသည် မိမိကိုယ်ကို ထိပါး၍ဟောသည် မည်၏။ သူတစ်ပါးအား ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် နှိမ်ချ၍ဟောခြင်းသည် သူတစ်ပါးကို ထိပါး၍ဟောသည်မည်၏။ ဤနှစ်မျိုးလုံးကိုပင် ရှောင်ကြည်အပ်၏။ သို့ဖြစ်၍ ဓမ္မကထိကသည် မိမိ ကျမ်းဂန်တတ်ကြောင်း၊ စိတ်သဘောထားမြင့်မြတ်ကြောင်း၊ တရား အားထုတ်ကြောင်း၊ ဉာဏ်အထူးများသို့ရောက်ကြောင်း စသည်များကိုဖော်ပြလျက် မိမိ ကိုယ်ကိုလည်း မြှောက်ပင့်၍မဟောအပ်၊ တပည့်ဒါယကာ၊ ဒါယိကာမ ပေါများကြောင်း ဘုန်းကြီးကြောင်း စသည်များကိုဖော်ပြလျက် မဟောကောင်းသည်မှာ ဆိုဖွယ်ပင်မရှိ တော့ပြီ၊ သို့ရာတွင် “ကိုယ်တိုင်ကျတော့ မကျင့်ပါဘဲ သူတစ်ပါးအားသာလျှင် ဟောနေ သည်ဟူ၍လည်းကောင်း၊ အလွန်ခဲယဉ်းကြပ်တည်းသောအလုပ်၌ တိုက်တွန်းနေသည် ဟူ၍လည်းကောင်း သူ့အဆုံးအမအတိုင်း လိုက်နာ၍ အားထုတ်သူရှိမည်မဟုတ် ဟူ၍ လည်းကောင်း” ဤသို့စသည်ဖြင့် တရားနာသူတို့က ပြစ်မှားရန်ရှိသောအခါ၌ကား မိမိအားထုတ်ခဲ့ပုံ၊ အားထုတ်၍ နိုင်နိုင်နင်းနင်းဖြစ်ခဲ့ပုံများနှင့် မိမိသြဝါဒကိုလိုက်နာ၍ ကျကျနန အားထုတ်သူများရှိကြောင်း စသည်များကိုလည်း ဟောပြောကောင်းသေး ပေ၏၊ ဤသို့ဟောပြောခြင်းသည်ကား မိမိကိုယ်ကိုချီးမြှောက်၍ ဟောခြင်းသာဖြစ် ပေသည်။ ထို့ကြောင့်ပင်လျှင် ဘုရားရှင်ကိုယ်တော်တိုင်လည်း မိမိ၏အားထုတ်ခဲ့ပုံ စသည်ကို ရံခါရံခါထုတ်ဖော်၍ ဟောတော်မူပေသည်။

ထို့ပြင် တစ်စုံတစ်ယောက်သောသူကို အမည်နာမဖြင့်ထုတ်ဖော်၍ ထိုသူ၏ အပြစ်ကိုဖော်ပြလျက် သူတစ်ပါးကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် နှိမ်ချ၍မဟောအပ်၊ သို့ရာ တွင် လမ်းမှားကိုသိစေခြင်းဖြင့် လမ်းမှန်ကိုထင်ရှားခိုင်မြဲအောင် ဟောသင့်သောအခါ၌ “အချို့ပုဂ္ဂိုလ်က မည်သို့ပြောဟောသည်၊ မည်သို့ယူဆသည်၊ မည်သို့ကျင့်ကြံသည်” ဟု ဓမ္မဓိဋ္ဌာန်ဖြင့်သာ ဖော်ပြ၍ ထိုသို့ဟောပြောခြင်း၊ ယူဆခြင်း၊ ကျင့်ကြံခြင်းများမှာ သဘာဝမကျကြောင်း၊ ကျမ်းဂန်နှင့်မညီကြောင်းများကို ဓမ္မဓိဋ္ဌာန်အားဖြင့် နှိမ်ချ ပယ်မြစ်၍ ဟောခြင်းသည်ကား အပြစ်မရှိသည်သာတည်း၊ ထို့ကြောင့်ပင်လျှင် ထိုထို များစွာသော သုတ်တို့၌ ဘုရားရှင်ကိုယ်တော်တိုင်ပင် ‘သန္တိ ခေါ ပန သာရိပုတ္တံ ဧကေ သမဏ ဗြာဟ္မဏာ ဧဝံဝါဒိနော’ စသည်ဖြင့် လည်းကောင်း၊ ‘ဣဓ ဘိက္ခဝေ ဧကစ္စော အစေလကော ဟောတိ’ စသည်ဖြင့်လည်းကောင်း၊ လမ်းမှားကို ဓမ္မဓိဋ္ဌာန်အားဖြင့် ဖော်ပြ၍ လမ်းမှန်ကို မြဲမြံထင်ရှားစေလျက် ဟောကြားတော်မူပေသည်။ ထို့ပြင် ပုဂ္ဂိုလ် အား နှိမ်ချလိုသောစိတ်မရှိပါဘဲ ပါပဓမ္မကိုသာရှုတ်ချလျက် ထိုပါပဓမ္မ၏ အပြစ်ကြီးမား ကြောင်းကို ထင်ရှားသိစေလိုသောကာလ၌မူကား ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ဖော်ပြ၍ဟောသော် လည်း အပြစ်မရှိဟုယူသင့်ပေ၏။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင်ပင် ဒေဝဒတ္တော အာပါယိကော စသည်ဖြင့်လည်းကောင်း၊ သုနက္ခတ္တော အာပါယိကော စသည်ဖြင့် လည်းကောင်း ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ထုတ်ဖော်၍ သံဃဘေဒ မိစ္ဆာဒိဋ္ဌိစသော ပါပဓမ္မ တို့ကို ရှုတ်ချလျက် ဟောကြားတော်မူပေသည်။

ထို့ပြင် ဥပရိပဏ္ဏာသ အရဏဝိဘင်္ဂသုတ်၌လာသော ဓမ္မကထိက ဥပဒေသများ ကိုလည်း လိုက်နာသင့်ပေ၏။ ၎င်းတို့မှာ -

  • (၁)
    တပည့် ဒါယကာ ဒါယိကာမတို့ကို မြှောက်ပင့်၍ မဟောခြင်း၊
  • (၂)
    ခြိမ်းခြောက်နှိမ်ချ၍ မဟောခြင်း၊
  • (၃)
    တရားသဘောကိုသာ ရိုးရိုးဟောခြင်း၊
  • (၄)
    အဇ္ဈတ္တသုခခေါ်သော သမထ ဝိပဿနာ မဂ်ဖိုလ်ချမ်းသာကို မှီဝဲခြင်း၊
  • (၅)
    မျက်ကွယ်၌ သူတစ်ပါးကို မကဲ့ရဲ့ခြင်း၊
  • (၆)
    မျက်မှောက်၌ ရုန့်ရင်းကြမ်းတမ်းစွာ နားမခံသာအောင် မရှုတ်ချခြင်း၊
  • (၇)
    အမြန် မဟောပြောမူ၍ ဖြည်းညင်းစွာ ရှင်းရှင်းလင်းလင်း ဟောပြောခြင်း၊
  • (၈)
    ရောက်ရာအရပ်ဒေသ၌သုံးစွဲသော ဝေါဟာရစကားတို့ကို မပစ်ပယ်မူ၍ ထို ဝေါဟာရစကားလုံးများဖြင့်ပင် သုံးစွဲပြောဟောခြင်း၊
  • (၉)
    အမည်နာမ ပညတ်ကို ကျော်လွန်၍ မဟောခြင်းများ ဖြစ်ပေသည်။

ဤဥပဒေသများကိုလည်း ဓမ္မကထိကတို့က လိုက်နာနိုင်သမျှ လိုက်နာသင့်ပေ ၏။ လိုက်နာဟောပြောခြင်းဖြင့် ဗုဒ္ဓသာသနာတော်ကို မြှင့်တင်နိုင်ကြပါစေ။