ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချတော်မမူမီ ထူးခြားသော ဖြစ်ရပ် မှတ်တမ်းများ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဇရာယ မဒ္ဒိတံ ဧတံ, မိလာတစမ္မနိဿိတံ၊ မရဏေန ဘိဇ္ဇတိ ဧတံ, မစ္စုဿ ဃသမာမိသံ။ ဧတံ- ဤ ခန္ဓာကိုယ်ရုပ် အကောင်ပုပ်ကို၊ ဇရာယ- သွားကျိုးဆံဖြူ ငယ်မူယိုယွင်း အိုမင်းရင့်ရော် မှည့်ပျော်ခြင်းဇရာသည်၊ မဒ္ဒိတံ- အစဉ်မပြတ် နှိပ်စက် အပ်၏၊ ဧတံ- ဤ ခန္ဓာကိုယ်ရုပ် အကောင်ပုပ်သည်၊ မိလာတ စမ္မနိဿိတံ- ဇရာ ဗျာဓိ တရွေ့ရွေ့ ဖိစီးနှိပ်စက် ညှဉ်းပန်းသဖြင့် ညှိုးနွမ်းသောအရေကို မှီနေ၏၊ ဧတံ- ဤ ခန္ဓာကိုယ်ရုပ် အကောင်ပုပ်သည်၊ မရဏေန- ဇရာဗျာဓိ ဖိစီးနှိပ်စက် ညှဉ်းပန်းသဖြင့် သေဆုံးရခြင်းကြောင့်၊ ဘိဇ္ဇတိ- ဖရိုဖရဲ ပြိုကွဲပျက်စီးရ၏၊ မစ္စုဿ- သေမင်းခေါ်ငြား သေခြင်းတရား၏၊ ဃသမာမိသံ- ဝါးမျိုကိုက်စားရာ အာမိသပေတည်း ဟူသည်နှင့် အညီ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် အာယုတော်တွက်စစ်လျှင် ၇၈-နှစ်ပြည့်တော်မူ၍ ဝါတော်တွက်စစ်ပါက ၅၈-ဝါ ရရှိတော်မူခဲ့လေပြီ၊ အပင်ပန်း ခံ၍ သာသနာအလုပ်တွေ လုပ်ခဲ့သည့်ဒဏ်ချက်, ဇရာဒဏ်ချက်, သွေးတိုးရောဂါ ဝေဒနာစသော ဗျာဓိဒဏ်ချက်, နှိပ်စက်မှုကိုခံရသဖြင့် မြေ, ရေ, လေ, မီး ဘုတ်ကြီး လေးခု တိုင်ခြေပြုသည့် ရိုးစုတပ်ဆင် ဒိုင်းမြှားတင်သည့် ကိုယ်တွင်ဖြစ်လာ ညီညာ စပ်နှော ခန္ဓာကိုယ်အတ္တဘောကြီးကား ရော့ရဲရဲနှင့် ရှိနေလေ၏။ ဆက်လက်ဖတ်ရှုရန် ...

သရက်ဖြူပင်ကြီးလဲကျ၍ အတိတ်နိမိတ်ပြခြင်း

၁၃၄၄-ခုနှစ် ပထမဝါဆိုလပြည့်ကျော်စက ရန်ကုန်မြို့ မဟာစည်သာသနာ့ ရိပ်သာကြီးအတွင်း ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရာ စံကျောင်းတော်၏ ရှေ့မျက်နှာစာ၊ ဖလ်ယဉ်ဓမ္မာရုံနှင့် သိမ်ကျောင်းအကြားရှိ သရက်ဖြူပင်ကြီးသည် ပြိုလဲ ခဲ့လေသည်၊ သို့ရာတွင် ပုဂ္ဂိုလ်တစုံတယောက်မျှ ထိုခိုက်မိခြင်းမရှိပါချေ၊ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ ဥက္ကဋ္ဌဦးပွင့်ကောင်းက “ကျွန်တော်တို့တော့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ် နေကြလို့ နတ်ကောင်းနတ်မြတ်တွေ မ, နေလို့ ထင်ပါရဲ့၊ ဒီသစ်ပင်ကြီးဟာ လူတွေက လှဲရင်တောင် ယခုလိုအန္တရာယ်မရှိဘဲ လဲဖို့ အလွန်ခက်တယ်” ဟု ပြောဆိုခဲ့လေသည်၊ စင်စစ်တမူ သစ်ပင်ကြီးလဲခြင်းကား ဆရာတော်ဘုရားကြီး စုတိကမ္မဇရုပ်ချုပ်မည့် လက္ခဏာဖြစ်ကြောင်း မှန်းဆသိရှိနိုင်လေသည်။

အထူးအားဖြင့် အနယ်နယ်အရပ်ရပ်မှာ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော်ကြီး များ ရှေးခေတ်ကလို ပြန်လည်ထွန်းကား ပျံ့နှံ့သွားအောင် ဆောင်ရွက်ကြစေလိုပါသည်။ အဖွဲ့ဝင်သံဃာတော်များကလည်း မိမိတို့၏သန္တာန်မှာရော တပည့်ရဟန်းရှင်လူတို့၏ သန္တာန်မှာပါ ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဣသာ, မစ္ဆရိယ, လောဘ, ဒေါသ, မောဟ, မာန စသော ကိလေသာဘေးရန်တို့ကို ပယ်သတ်နိုင်အောင်အားထုတ်သင့်ပါသည်။ ဒွါရ ၆-ပါးမှာ ကျရောက်လာသော ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံများကြောင့် လှုပ်ရှားခြင်းမရှိဘဲ သည်းခံနိုင် အောင် ကြိုးစားသင့်သည်။ သန္ဒိဋ္ဌိကစသော တရားတော်၏ဂုဏ်တော်များကို ကိုယ်တိုင် သိပြီးလျှင် ရဲရဲရင့်ရင့် သက်သေခံနိုင်အောင် အားထုတ်သင့်သည်။ မိမိတို့၏ တပည့် ဒါယကာဒါယိကာမများကို ယခုဘဝတွင်ပင် နိဗ္ဗာန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် မျက်မှောက် သိမြင်ပြီးလျှင် အပါယ်သံသရာမှ လုံးဝလွတ်မြောက်သည့် အဆင့်အတန်းသို့ မြှင့်တင် ပေးနိုင်အောင် ဆောင်ရွက်သင့်ပါသည်။

အင်ကြင်းပင်ကြီးလဲကျ၍ အတိတ်နိမိတ်ပြခြင်း

၁၃၄၄-ခုနှစ် နယုန်လဆန်း ၁၁-ရက် ည ၁၁-နာရီအချိန်တွင် ဆိပ်ခွန်ရွာ အင်ကြင်းတောစေတီတော်၏ရင်ပြင်တော်ရှိ အဓိကရ အင်ကြင်းပင်ကြီးသည်လည်း စေတီတော်နှင့်စောင်းတန်းအကြား ပြိုလဲခဲ့လေသည်။ စေတီတော်ကိုလည်းကောင်း၊ စောင်းတန်းကိုလည်းကောင်း၊ မည်သည့်အဆောက်အအုံကိုမျှလည်းကောင်း၊ ထိခိုက် ခြင်း တစ်စုံတစ်ရာမရှိပါပေ။ ထိုအင်ကြင်းပင်ကြီးသည် အင်ကြင်းတောစေတီတော်၏ အထိမ်းအမှတ်၊ အင်ကြင်းတောစေတီတော်သည် ဆိပ်ခွန်ရွာ၏အထိမ်းအမှတ်ဖြစ်၏၊ (အင်ကြင်းတောစေတီတော်ဘုရားပွဲသည် တစ်နယ်လုံးအတွင်းမျှမက တစ်နိုင်ငံလုံးရှိ လူအများစုဝေးရာ စည်ကားလှသောနေရာဌာနဖြစ်လေသည်။)

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်ကား ယခုခေတ်တွင် ဗုဒ္ဓမြတ်စွာသာသနာ၏ အားကိုးအားထားပြုရဆုံးသော ပုဂ္ဂိုလ်မြတ်ကြီးဖြစ်တော်မူလေ ရာ ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကြောင့်ပင် ဆိပ်ခွန်ရွာ၏ဂုဏ်သတင်းသည် လည်း ကမ္ဘာနှင့်အဝှမ်း ထင်ရှားခဲ့လေသည်။

တနည်းဆိုရလျှင် ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်တော်စဉ်တွင် အရေးကြီးဆုံး သော စုတိကမ္မဇရုပ်ချုပ်ခြင်းသည် ကမ္ဘာကြီးတစ်ခုလုံးမျှပင်မက ၃၁-ဘုံဟူသော လောကကြီးတစ်ခုလုံး၏ အကြီးမားဆုံးသောဆုံးရှုံးမှုကြီး ဖြစ်ပါပေ၏။ နယ်မြေဒေသ တစ်ခုချင်းအနေဖြင့် ဆုံးရှုံးမှုကိုတိုင်းတာလျှင်ကား ဆိပ်ခွန်ရွာ၏ဆုံးရှုံးမှုသည် အကြီးမားဆုံး ဖြစ်ပါလိမ့်မည်။ သို့ဖြစ်ပါ၍ ဆိပ်ခွန်ရွာ၏အထိမ်းအမှတ် အင်ကြင်းတောစေတီတော်၊ အင်ကြင်းတောစေတီတော်၏ အထိမ်းအမှတ် အဓိကရဖြစ်သော ထိုအင်ကြင်းပင်ကြီးသည်သာလျှင် (ဆရာတော်ဘုရားကြီး၏ စုတိကမ္မဇရုပ် ချုပ်ခြင်းတည်း ဟူသော ဆိပ်ခွန်ရွာ၏အကြီးမားဆုံးသောဆုံးရှုံးမှုကို) အထူးကိုယ်စားပြုထင်ဟပ်၍ ဖော်ပြနိုင်ပါလိမ့်မည်။

သူတော်ကောင်းနတ်များကပင် အတိတ်နိမိတ်ပြနေကြပြီ ဆိုပါလျှင်

ဤသို့အထင်ကရသစ်ပင်ကြီးများ ဘေးအန္တရာယ်မရှိဘဲ ပြိုလဲသည်ဆိုသည်မှာ သူတော်ကောင်းနတ်များက ပြသသော အတိတ်နိမိတ်ပင် ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာ သာသနာ၏ အားကိုးအားထားပြုရဆုံးသော ပုဂ္ဂိုလ်ထူးဆရာတော်ကြီးတစ်ပါး ဆုံးရှုံး တော့မည်ကို သူတော်ကောင်းနတ်များကပင် သိနိုင်သည်ဆိုပါလျှင် ကာယကံရှင်ဖြစ် သော ဆရာတော်ကြီးကိုယ်တော်တိုင်မူကား သာလွန်၍သိနေမည်သာ ဖြစ်ပါသည်။

“၇၈-နှစ်မှာ လွန်တော်မူမလားပဲ” ဟူ၍ ၄-နှစ်ခန့် ကြိုတင်မိန့်ကြားတော်မူခြင်း။

၁၃၄၀-ခုနှစ်က ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် တောင်ဝိုင်းလေး မဟာစည်သာသနာ့ရိပ်သာ သိမ်ကျောင်း၌ ဥပုသ်ပြုအပြီးတွင် သံဃာတော်များအား အမိန့်ရှိတော်မူသည်မှာ “တပည့်တော်ရဲ့ ဆရာဘုန်းတော်ကြီးဟာ ဒီကျောင်းတိုက်မှာ သက်တော် ၇၈-နှစ်မှာ လွန်တော်မူတယ်၊ တပည့်တော်ရဲ့ဒကာကြီးလည်း ၇၈-နှစ်မှာ ကွယ်လွန်တယ်၊ တပည့်တော်လည်း ၇၈-နှစ်မှာ လွန်မလားပဲ” ဟူ၍ဖြစ်သည်ကို လက်ရှိ တောင်ဝိုင်းလေးဆရာတော် အရှင်အာဒိစ္စထံမှ ကြားသိရဖူးကြောင်း မြို့ဝသတိပဋ္ဌာန် ဆရာတော်၏ဘဝနှင့် ဝိပဿနာဓမ္မဂုဏ်ရည်များစာအုပ်၌ ပါရှိလေသည်။ (၁၃၄၀-ခုနှစ် ပြာသိုလပြည့်တွင် မော်လမြိုင်၌သီတင်းသုံးခဲ့ကြောင်း အရှင်ကစ္စာယန၏ ဆောင်းပါး အရလည်း သိရှိရပါသည်။)

“သေတဲ့အခါ ယူသွားရအောင်လို့တော့ မရည်ရွယ်ပါဘူး”ဟူ၍ လွန်တော်မမူမီ ၃-နှစ်ခန့်က ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူခြင်း။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ၁၃၄၁-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကြီး၌ မိန့်ကြားတော်မူခဲ့သည်မှာ ...

“အခုနေအခါ ဘုန်းကြီးတို့ ထပ်ပြီးတော့ အကြံဉာဏ်ပေးချင်တာလဲ ရှိနေပါ တယ်၊ ဒီက အဖွဲ့ဝင်ဒကာကြီးတွေရော, ဒီပြင်ပုဂ္ဂိုလ်တွေရော, စေတနာကောင်းနဲ့ ဆောင်ရွက်နေကြတာကို သိနေပါတယ်၊ ခုနေအခါ ရဟန်းယောဂီနဲ့ အမျိုးသမီးယောဂီ တွေအတွက် နေရာထိုင်ခင်း ပြည့်စုံသင့်သလောက် မပြည့်စုံသေးပဲ ဖြစ်နေတာပါပဲ။

ဘုန်းကြီးက အခု နေမကောင်းထိုင်မသာဖြစ်လာတော့ တနေ့တချိန်ကျလို့ရှိရင် ဒီလို နေမကောင်းထိုင်မသာ ဖြစ်ပြီးတော့ သေချင်လဲ သေနိုင်တာပဲ၊ သေသွားလို့ရှိရင် ဘုန်းကြီးတို့ ပိုင်ဆိုင်ပြီးနေတဲ့ ပစ္စည်းဥစ္စာတွေလဲပဲ ဘာမှအသုံးမကျပဲနဲ့ အလဟဿ ဖြစ်ကုန်မယ်၊ ဒီတော့ ဘုန်းကြီးက တတ်နိုင်သမျှ အဆောက်အအုံ ဆောက်ရအောင်လို့ အခြေခံရှေ့သွားအနေနဲ့ အလှူဝင်ထားရင် ကောင်းမယ်လို့ ဘုန်းကြီးက ဒီလိုစဉ်းစား ထားမိတယ်။

ဒါကြောင့် ဘုန်းကြီးတို့ကလဲပဲ အဲဒီ ရဟန်းယောဂီ, အမျိုးသမီးယောဂီတွေ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနှင့် နေဖို့ရာ နေရာထိုင်ခင်းအတွက် အဆောက်အအုံ ကလေး စပြီးပြုပြင်ပေးဖို့ ညွှန်ကြားရပါတယ်။ အဲဒါတွေ ပြုပြင်ရာမှာ ကုန်ကျဖို့ဟာလဲပဲ ဘုန်းကြီးက တတ်နိုင်သမျှလောက် အကူအညီပေးရမှာပဲ၊ ဘုန်းကြီးက ဒီလိုမှမဟုတ်လဲ ပဲ တနေ့ကျတော့ သေသွားလို့ရှိရင်ဖြင့် ယူတော့မသွားနိုင်ဘူး၊ မိမိပိုင်တဲ့ပစ္စည်းတွေဟာ အကျိုးမဲ့ဖြစ်နေမှာပဲ၊ ယခုလို ဆောက်ပြီးတော့လှူတာဟာလဲပဲ သေတဲ့အခါ ယူသွားရ အောင်လို့တော့ မရည်ရွယ်ပါဘူး၊ လောလောဆယ်မှာ တရားအားထုတ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ချမ်းချမ်းသာသာ နေရအောင်, ရည်စူးပြီးတော့ ဘုန်းကြီးက စိတ်ကူးရှိပါ တယ်၊ အခုလို နေမကောင်းတဲ့အခါမှာ ဒီစိတ်ကူးက ဖြစ်လာတယ်၊ အဲဒါပါပဲ” ဟူ၍ ဖြစ်လေသည်။

ဆိပ်ခွန်ရွာဇာတိမြေသို့ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ကြွရောက်တော်မူခဲ့ သော နောက်ဆုံးခရီး၌ ထူးခြားမှု

“ရဟန်းတို့၊ ငါဘုရားသည် ထူးသောဉာဏ်ဖြင့် သိတော်မူ၍ ဟောကြားခဲ့သော တရားများကို ကောင်းစွာသင်ကြ၊ မှီဝဲကြ၊ ပွားများကြ၊ အဖန်ဖန်လေ့ကျင့်ကြ၊ ယင်းသို့ ဆောင်ရွက်လျှင် ဤမြတ်သောအကျင့် “သာသနာတော်”သည် အရှည်ခိုင်ခံ့ပြီး တည်ပေမည်”

“ရဟန်းတို့၊ သင်တို့အား ယခု ငါ မိန့်မှာဦးအံ့၊ ပြုပြင်အပ်သော သင်္ခါရတရားတို့ သည် ပျက်စီးခြင်းသဘောရှိကုန်၏၊ မမေ့သော သတိတရားဖြင့် ကိစ္စပြီးစီးအောင် အားထုတ်ကြကုန်လော့။ ဤနေ့မှ သုံးလလွန်မြောက်သောအခါ၌ ငါ ဘုရားသည် ပရိနိဗ္ဗာန် ပြုချေတော့မည်”

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည် တော်မူပြီးလျှင် ဆွမ်းစားတော်မူပါသည်။ ပြီးနောက် ဆွမ်းစားရာမှ ဖယ်ခွာခဲ့ပြီး ဝေသာလီပြည်ကို ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်ပါလှည့်လျက် ကြည့်ရှုတော်မူ၏။ “အာနန္ဒာ၊ ဤယခုကြည့်ရှုခြင်းသည် ဝေသာလီပြည်ကို ငါဘုရား၏နောက်ဆုံးကြည့်ခြင်း ပေတည်း၊ အာနန္ဒာ၊ လာ သွားကုန်အံ့၊ ဘဏ္ဍုရွာသို့ ချဉ်းကပ်ကုန်အံ့” ဟူ၍ မြတ်စွာဘုရားမိန့်တော်မူခဲ့လေသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် လွန်တော်မမူမီ ၅-လ ခန့်အလို ၁၃၄၃-ခုနှစ် တပေါင်းလတွင် ဆိပ်ခွန်ရွာသို့ နောက်ဆုံးအကြိမ် ကြွရောက် တော်မူခဲ့လေသည်။ မိမိရပ်ရွာရှိ ဆွေမျိုးများ၊ ရဟန်းရှင်လူ ဒါယကာ၊ ဒါယိကာမများကို နောက်ဆုံးကိုယ်တော်တိုင် ကြွရောက်၍ တရားရေအေး တိုက်ကျွေးတော်မူခြင်းအဖြစ် လည်း မှတ်တမ်းပြုရပါမည်။ ဆိပ်ခွန်မဟာစည်ကျောင်းတိုက်တွင် ရက်အနည်းငယ် သီတင်းသုံးတော်မူပြီးနောက် ဆရာတော်ကြီးအား ရန်ကုန်သို့ပြန်လည်ကြွရောက်ရန် ကားဖြင့်ပင့်ဆောင်ကြပါသည်။

ဆိပ်ခွန်ရွာမှမထွက်ခွာမီ ဆရာတော်ဘုရားကြီး၏ဆန္ဒတော်အရ ရွာတောင်ပိုင်းရှိ ဆရာတော်ဘုရားကြီး ဖွားမြင်ချက်မြှုပ်တော်မူရာ နေအိမ်အနီး ဆွေမျိုးတော်စပ်သူ ဒကာကြီး ဦးမြ၊ ဒကာမကြီး ဒေါ်ဖွားညွန့်တို့၏နေအိမ်သို့ ဝင်ရောက်ပူဇော်ခံရင်း နှုတ်ဆက်မိန့်ခွန်းအနည်းငယ် မြွက်ကြားတော်မူခဲ့ပါသည်။

ဖွားမြင်ချက်မြှုပ်တော်မူရာ နေအိမ်ကို နောက်ဆုံးအကြိမ် ကြည့်ရှုပြီးနောက် စောင့်ကြိုလျက်ရှိသော ကားပေါ်သို့ ကြွရောက်၍ ဆိပ်ခွန်ရွာမှ ထွက်ခွာတော်မူခဲ့လေသည်။ (ကားပေါ်သို့ ကြွရောက်တော်မူစဉ် မှတ်တမ်းဓာတ်ပုံကို ကြည်ညိုနိုင်ပါသည်)

ဤနေရာတွင် ၁၃၅၉-ခု၊ ဝါဆိုလဆန်း ၁-ရက်နေ့တွင် ရွှေမင်းဝံဆရာတော်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဝင်းထိန်၊ ဦးလူကျော်တို့ တွေ့ဆုံမေးမြန်းလျှောက်ထားကြသည့် “ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ နောက်ဆုံးနေ့များ” အကြောင်းမှ လွန်တော်မမူမီ နောက်ဆုံးညနေခင်းအကြောင်းကို ကောက်နုတ်၍ ဖော်ပြပါဦးမည်။

“သို့သော် ညနေပိုင်း အလုပ်ပေးတရား နာချိန်ပေါ့နော်။ အဲဒီအလုပ်ပေး တရားနာချိန်မှာ ထူးခြားမှုတစ်ခုရှိပါတယ်။ ဘုန်းကြီးက ရိပ်သာမှာ အလုပ်ပေးတရား ဖွင့်ပေးရပါတယ်။ ဉာဏ်စဉ်တရားလည်း ဘုန်းကြီးဖွင့်ပေးပါတယ်။ အားလုံး ယောဂီများ ရောက်ပြီဆိုရင် ဆရာတော်ဘုရားကြီးကို သွားပင့်ရပါတယ်။ ဆရာတော်ဘုရားကြီးက တစ်ခါတစ်ရံမှာ လုပ်ငန်းမအားရင် ဦးပဉ္စင်းပဲ သီလချီးမြှင့်လိုက်ဆိုရင် ဘုန်းကြီးပဲ ယောဂီတွေကို သီလချီးမြှင့်ပေးရပါတယ်။ အဲ ဆရာတော်ဘုရားကြီး ကျန်းမာတယ်။ နေထိုင်ကောင်းတယ်။ အလုပ်ဘာမှ ထူးထူးခြားခြားမရှိဘူးဆိုရင် ဆရာတော်ဘုရားကြီး ကိုယ်တိုင် ကြွရောက်ပြီးတော့ သီလချီးမြှင့်ပေးပါတယ်။

အဲဒီနေ့က ဆရာတော်ဘုရားကြီးကို ဘုန်းကြီးသွားပင့်တော့ ဆရာတော် ဘုရားကြီး ကြွလိုက်လာပါတယ်။ ကြွလာပြီးတော့ ဆရာတော်ဘုရားကြီး သီလချီးမြှင့်ပါတယ်။ အဲဒီ သီလချီးမြှင့်ပြီးတဲ့အခါမှာ ဆရာတော်ဘုရားကြီးဟာ ဘယ်တုန်းကမှ နောက်ပြန်လှည့်ကြည့်တယ်ဆိုတာ မရှိဘူး။ ဆရာတော်ဘုရားကြီးကိုပြုစုတဲ့ သက်တမ်း ၈-နှစ်အတွင်းမှာ ဘယ်တုန်းကမှ ဆရာတော်ဘုရားကြီး နောက်ပြန်ကြည့်တာ မတွေ့ဖူး ပါဘူး။ ဆရာတော်ဘုရားကြီး သီလချီးမြှင့်ပြီး အလုပ်ပေးတရားဟောပြီးပြီ ဆိုတဲ့အခါ ကျတော့ ဆရာတော်ဘုရားကြီး ထပါတယ်။ အဲဒီလိုထပြီး ပြန်တဲ့အခါမှာ ဆရာတော် ဘုရားကြီးဟာ နောက်ကို တစ်ခါလှည့်ပြီးတော့ စာအုပ်ဗီရိုကိုလေ နောက်က ပိဋကတ်တို့ကိုလေ တစ်ခါတည်း ပြန်ပြီးတော့ အကြာကြီးကြည့်ပါတယ်။ ကြည့်ပြီးတော့မှ ဆရာတော်ဘုရားကြီးကြွပါတယ်” ဟူ၍ ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး နောက်ဆုံးတရားတော်အဖြစ် ပြန်လည်ဟောကြားတော်မူခဲ့သည့် ဓမ္မစကြာတရားတော်

ရွှေမင်းဝံဆရာတော်ပြောပြသော ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ နောက်ဆုံးနေ့များ ဆောင်းပါးမှ ကောက်နုတ်၍ ဖော်ပြအပ်ပါသည်။

“၁၃၄၄-ခုနှစ် နယုန်လပြည့်ကျော် ဥပုသ်နေ့တစ်ညမှာ ရွှေမင်းဝံဆရာတော် လောင်းလျာ အရှင်သောဘနနှင့် အရှင်သူရိယတို့အား ဆရာတော်ဘုရားကြီးက အသံဖမ်းစက်များအကြောင်း မေးပါတယ်၊ အဲဒါတွေကို ပြင်ဆင်ပေးထားပါတဲ့ ‘ဒီက ဆာဦးသွင်တို့ ဦးနုတို့ ပင့်လာတဲ့အချိန်ကာလတုန်းက ဒီသာသနာ့ရိပ်သာကြီးကို ဒီဓမ္မစကြာတရားနဲ့ပဲ ဖွင့်ပေးခဲ့တယ်တဲ့၊ အခုလည်းပဲ ဒီဓမ္မစကြာတရားကိုပဲ ဘုန်းကြီး ပြန်ဟောပေးထားခဲ့မယ်၊ နားသာထောင်ကြည့်တော့’ ဆိုတာ ..

ဆရာတော်ဘုရားကြီးက ငါ ကြွတော့မယ်လို့ အတိအလင်းပြောနေသလိုပဲ၊ အဲဒီအချိန်မှာ အတူတကွရှိနေကြတဲ့ ဦးပဉ္စင်းတွေအချင်းချင်း တစ်ပါးလက်ကိုတစ်ပါး ဆုပ်ပြီးသားတောင် ဖြစ်သွားခဲ့ကြတယ်။ ၁၃၄၄-ခုနှစ် ပထမဝါဆိုလပြည့်နေ့က စပြီး တော့ ဒီဓမ္မစကြာတရားကို စာအုပ်ကိုဖတ်ပြီးတော့ ဟောကြားပေးခဲ့ပါတယ်၊ အဲဒီ အချိန်မှာဆိုရင် ဘုန်းကြီးက ဆရာတော်ဘုရားကြီးနောက်က အသံဖမ်းနေတာဆိုတော့ ရှေ့ကပရိသတ်ကို ဘုန်းကြီးက အားလုံးမြင်နေရပါတယ်၊ အဲဒီ သတိထားမိတဲ့ တချို့ ပုဂ္ဂိုလ်များဟာ ဆရာတော်ဘုရားကြီး အဲဒီစကားအမိန့်ရှိလိုက်တယ်ဆိုရင် မျက်ရည်ကျ တာ ဘုန်းကြီးကိုယ်တိုင်မြင်ရတယ်၊ သတိထားမိကြတာပေါ့လေ၊ ဆရာတော်ဘုရားကြီး နောက်ဆုံးစကား ပြောနေပြီလားဆိုတာကို သူတို့စိတ်ထဲ ခံစားချက်တွေဖြစ်သွားတာကို တခါတည်း တွေ့နေရပါတယ်။ အခု ဘုန်းကြီးပြောတဲ့စကားအတိုင်း အသံတိပ်ခွေထဲမှာ ဆရာတော်ဘုရားကြီး ပြောတာကို ပြန်ပြီးကြားနိုင်ပါလိမ့်မယ်” ဟူ၍ဖြစ်ပါသည်။

ပြည့်စုံစွာကြည်ညိုနိုင်စေရန် ဆရာတော်ဘုရားကြီး နောက်ဆုံးဟောကြားတော်မူ ခဲ့သော ဓမ္မစကြာတရားတော်မှ တရားအသံတော်များကို ကူးယူ၍ ဖော်ပြအပ်ပါသည်။ စုစုပေါင်း ၈-ခွေမှတ်တမ်းတင်ထားရာတွင် ပထမခွေအစ၌ “မြတ်စွာဘုရား ပထမဆုံး ဟောကြားတဲ့ ဓမ္မစကြာတရားကိုဟောဖို့ ရည်ရွယ်ထားပါတယ်၊ ဘာဖြစ်လို့ ရည်ရွယ် ထားသလဲဆိုရင် အစတုန်းက အသံဖမ်းထားတာတွေရှိတယ်၊ ဒါပေမယ်လို့ ပုံနှိပ်ထားတဲ့ တရားစာလောက် မစင်ကြယ်ဘူး၊ ဒါကြောင့် ပုံနှိပ်ထားတဲ့တရားစာနဲ့ စင်ကြယ်တဲ့ တရားကို ကိုယ်တိုင်ဖတ်ပြီးတော့၊ ဟောပြီးတာကို နာလို့ရှိရင် ပိုကောင်းတယ်လို့၊ နောင်ကို အစဉ်မပြတ် ဘုန်းကြီးဟောတဲ့တရားကို နာနိုင်အောင်လို့၊ ...

ခါတိုင်းခါတိုင်း လပြည့်တစ်ကြိမ်တစ်ကြိမ် ဟောနေတာကိုး၊ အဲဒီလောက်နဲ့ ဟောလို့လည်း ...၊ ဒီမှာ သီတင်းနေ့သီလပေးတဲ့အခါ သီလယူတဲ့ပုဂ္ဂိုလ်တွေကိုလည်း တစ်နာရီလောက်ဟော၊ ဟိုမှာလည်း လပြည့်တစ်ကြိမ်တစ်ကြိမ်ဟော၊ ...၊ ဒိပြင်လဲပဲ ဒီထက်မြန်မြန်ပြည့်စုံအောင်လို့ ...၊ ဦးသံဝရက နေ့စဉ် အမျိုးသမီးယောဂီတွေကို ဟောနေတာရှိတယ်၊ အဲဒါနဲ့စပ်ပြီးတော့ တနင်္ဂနွေတစ်နေ့တစ်နေ့လောက်တော့ အဲဒီမှာ ကိုယ်တိုင်ဟောပြီးအသံသွင်းရင် တရားတွေတော်တော်စုံသွားမယ်လို့ အဲဒီလို စဉ်းစား ထားပါတယ်” ဟူ၍လည်းကောင်း၊ စတုတ္ထခွေအစ၌လည်း “လပြည့်နေ့ကျရင်တော့ မနက်သီလပေးတဲ့အခါ ဒီမှာပဲ ဟောရမှာပဲ၊ အဲဒီကနောက် နေ့လည်ပိုင်းကျတော့လဲပဲ ၂-နာရီလောက်ဟောရမယ်၊ အဲဒါ ဒုတိယတရားပိုင်း၊ အခုက ပထမတရားပိုင်း၊ ဆက်ပြီးတော့ နာနိုင်တဲ့ပုဂ္ဂိုလ် နာကြပေါ့” ဟူ၍လည်းကောင်း၊ ကျေးဇူးရှင်ဆရာတော် ဘုရားကြီးသည် လွန်တော်မမူမီ ရရှိနိုင်သမျှအချိန်များကိုရယူလျက် ဓမ္မစကြာတရားတော်ကိုပင် နောက်ဆုံးဟောကြား တော်မူခဲ့သောတရားတော်အဖြစ် မှတ်တမ်းတင်ထားရှိတော်မူခဲ့လေသည်။ (သာသနာ့ ရိပ်သာကြီးကို ဖွင့်ပေးတော်မူခဲ့စဉ်ကလည်း ဓမ္မစကြာတရားတော်နှင့်ပင် ဖြစ်ပါသည်။)

ဆရာတော်ဘုရားကြီး၏ နောက်ဆုံးသြဝါဒ

သီတင်းနေ့တိုင်း ညဆိုလျှင် ဆရာတော်ဘုရားကြီးထံ နာယကဆရာတော်များ ဝန်ဆောင်ဆရာတော်များ အစုံအလင်တက်ရောက်ကြရပါသည်။

၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၈-ရက်နေ့ည (လွန်တော်မမူမီ ၂-ရက်) ဆရာတော်ဘုရားကြီး ပေးအပ်တော်မူသောသြဝါဒမှာ “အားလုံးညီညီညွတ်ညွတ်နဲ့ အစုံ အညီ ဒီနေရာကိုရောက်ကြဖို့၊ စုံစုံညီညီရောက်မှ စုံစုံညီညီညှိနှိုင်းမိမယ်၊ စည်းဝေးနိုင် မယ်ပေါ့လေ၊ အဲဒီလိုစုံညီစွာစည်းဝေးညှ

နှိုင်းခြင်းဟာ ညီညွတ်ခြင်းရဲ့အကြောင်း၊ အဲဒီလို ညီညွတ်မှသာ ချမ်းသာခြင်းရဲ့အကြောင်းဖြစ်တယ်။ တကယ်လို့ ဒီလိုညီညီညွတ်ညွတ် မလာဘဲနဲ့ ကိုယ့်ဟာကိုယ်သီးခြားလေးတွေနေကြမယ်ဆိုရင် အဲဒါဟာ ညီညွတ်ခြင်းရဲ့ အကြောင်းမဟုတ်ဘူး” ဟူ၍ နောက်ဆုံးသြဝါဒ ပေးအပ်တော်မူခဲ့လေသည်။

ဆရာတော်ဘုရားကြီး နောက်ဆုံးမှတ်တမ်းတင်ဓာတ်ပုံ ချီးမြှင့်တော်မူခြင်း။

လွန်တော်မမူမီ ၁-ရက်၏ ထူးခြားသောမှတ်တမ်း ဖြစ်ပါပေ၏။

၁၃၄၄-ခု ပထမဝါဆိုလဆုတ်တွင် ဟိတေသီအဖွဲ့အမှုဆောင်လူကြီးများသည် စံကျောင်းတော်သို့သွားရောက်၍ ဆရာတော်ကြီးဘုရားကြီးအား “ဆရာတော်ကြီးဘုရား၊ တပည့်တော်များ လက်ရှိပူဇော်နေကြသော ဆရာတော်ဘုရားကြီး၏ပုံတော်များသည် လွန်ခဲ့သော ၃-နှစ်ခန့်က ပုံတော်များသာဖြစ်နေပါ၍ ယခုသက်တော်ဝါတော်နှင့် ရိုက်ကူးထားသော ဓာတ်ပုံတော်ကို ချီးမြှင့်တော်မူပါဘုရား” ဟူ၍လျှောက်ထားကြရာ ဆရာတော်ဘုရားကြီးက “ဘုန်းကြီးပြောမယ်လေ” ဟုအမိန့်ရှိခဲ့လေသည်။

၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၉-ရက်နေ့၊ နံနက် ၉-နာရီခန့်တွင် ဆရာတော်ဘုရားကြီးက ဓာတ်ပုံကိုဒီနေ့လာ၍ရိုက်ကူးရန် ဟိတေသီအဖွဲ့အား မိန့်တော်မူလေသည်။ ဟိတေသီအဖွဲ့အမှုဆောင်များသည် ဝမ်းသာအားရစွာ အာရှဓာတ်ပုံတိုက်ပိုင်ရှင် ဓာတ်ပုံဆရာဦးကျော့နှင့်အဖွဲ့အား ချက်ချင်းသွားရောက်ခေါ်ဆောင်ပြီး နံနက် ၁၁-နာရီခန့်တွင် ဓာတ်ပုံမှတ်တမ်းတင်ခွင့် ရရှိခဲ့သည်။ လွန်တော်မမူမီ ၁-ရက်အလို ဆရာတော်ဘုရားကြီးချီးမြှင့်တော်မူခဲ့သော နောက်ဆုံးဓာတ်ပုံတော်ပင် ဖြစ်ပါပေ၏။

ထိုနေ့သည့် ၁၃၄၄-ခု၊ ဒုတိယဝါဆိုလပြည့်ကျော် ၉-ရက်နေ့ဖြစ်သည်။ ဆရာတော်ဘုရားကြီးသည် လွန်ခဲ့သောနေ့များထက်ပင် ဆွမ်းပိုမိုဘုဉ်းပေးကြောင်း အမိန့်ရှိသည်ဟု အနီးနေကပ္ပိယများထံမှသိရသည်။ ညနေ ၅-နာရီအချိန် အလုပ်ပေးတရားတော်ကို ဟောနေကျအတိုင်း ဆရာတော်ဘုရားကြီးသည် ကျန်းမာစွာ အလုပ်ပေး တရား ချီးမြှင့်ပြီးနောက် အပေါ်ထပ်သို့ပြန်တက်သွားပြီးလျှင် နေ့စဉ်ဆောင်ရွက်နေကျ ပါတိမောက်ကို ရွတ်ဆို၍ စင်္ကြံလျှောက်တော်မူသည်။ ပြီးလျှင် သီတင်းသုံးနေကျ ခုတင်၌ လျောင်းစက် အနားယူနေတော်မူသည်။

ထိုနေ့ည ၇-နာရီခွဲခန့်တွင် ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ပြင်းထန်သော ခေါင်းကိုက်ခြင်းဝေဒနာကို ရုတ်တရက်ခံစားရတော်မူ၍ ဆရာတော်များရောက်လာကြပြီး နှိပ်နယ်ပြုစုပေးရာ လက်သင့်မခံပဲ နှိပ်နယ်သည့် လက်ကို ပယ်ရှားလျက် ရှုမှတ်မှုသတိဖြင့်သာ နေတော်မူ၏။ ဆေးရုံတွင် ဦးသောဘနလေးက ဆရာတော်ကြီး၏ သင်းပိုင်ကိုကိုင်ပြီး ပြန်လိပ်သည့်အခါ ဆရာတော်ဘုရားကြီးက လက်နဲ့ အနည်းအငယ် တွန်းဖယ်ပစ်လိုက်သည်ကို တွေ့ရ၍ ရှုမှတ်စိတ်ဖြင့် ဝေဒနာကိုမှတ်နေသည့် သဘောပင်ဖြစ်၏။ နောက်တစ်နေ့ မွန်းလွဲ ၁-နာရီ ၃၆-မိနစ်တွင် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော် မူခဲ့ပါသည်။

ဆရာတော်ဘုရားကြီး လွန်တော်မမူမီ နောက်ဆုံးညနေခင်း။

ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် နေ့စဉ်နံနက် ၃-နာရီတွင် ကျိန်းစက်ရာမှ ထတော်မူ၍ မျက်နှာသစ်ခြင်း၊ ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူပြီး စင်္ကြံခန်းအတွင်းမှာ စင်္ကြံကမ္မဋ္ဌာန်းဖြင့် ရှုမှတ်နေတော်မူသည်။ နံနက် ၄-နာရီတွင် နာယက ဆရာတော်များ ဝန်ဆောင်ရဟန်းတော်များနှင့်အတူ စံကျောင်းတော်အပေါ်ထပ်ရှိ ဘုရားခန်း၌ အရုဏ်တက်ချိန်အထိ ဝိပဿနာတရား ရှုမှတ်ပွားများတော်မူသည်။

အရုဏ်မတက်မီ နံနက်တိုင်း ဆရာတော်ဘုရားကြီး၏ အိပ်ခန်းအတွင်းရှိ နေ့စဉ်သုံး သံလိုက်ပြက္ခဒိန် ရက်စွဲပြောင်းရွှေ့ခြင်းကို ဆရာတော်ဘုရားကြီးသည် ကိုယ်တော်တိုင် ဆောင်ရွက်တော်မူသည်။

ဆရာတော်ဘုရားကြီးသည် ၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၁၀-ရက် စနေနေ့ မွန်းလွဲ ၁-နာရီ ၃၆-မိနစ်တွင် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူခဲ့ပါသည်။ လွန်တော်မမူမီတစ်ရက် သောကြာနေ့ ည ၇-နာရီခွဲခန့်တွင် ဆရာတော်ဘုရားကြီးသည် ပြင်းထန်သောခေါင်းကိုက်ခြင်းဝေဒနာကို ရုတ်တရက်ခံစားရတော်မူသောကြောင့် ထိုည ၌ပင် ဆရာတော်ဘုရားကြီးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြလေသည်။

နေ့စဉ်သုံး သံလိုက်ပြက္ခဒိန် ရက်စွဲပြောင်းရွှေ့ခြင်းကို ဆရာတော်ဘုရားကြီးသည် အရုဏ်မတက်မီ နံနက်တိုင်း ဆောင်ရွက်နေကျဖြစ်သော်လည်း ၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၉-ရက် သောကြာနေ့ကမူ ၁-ရက်ကြိုတင်၍ ရက်စွဲပြောင်း ရွှေ့ခြင်းကို ဆောင်ရွက်တော်မူခဲ့လေသည်။ ဆရာတော်ဘုရားကြီးသည် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူမည့် နေ့ရက်ကို သံလိုက်ပြက္ခဒိန်၌ ကြိုတင်၍ညွှန်ပြတော်မူခဲ့လေသည်။

ဆရာတော်ဘုရားကြီး လွန်တော်မူပြီး ၈-ရက်အတွင်း ထူးခြားမှတ်တမ်း။

ဆရာတော်ဘုရားကြီးက ဈာပနနှင့်စပ်လျင်း၍ “ပရိယတ္တိနဲ့သက်ဆိုင်တဲ့ ဘုန်းကြီးများနဲ့ ပတ်သက်လို့တော့ မပြောလိုပါဘူး။ ဘုန်းကြီးတို့ ကမ္မဋ္ဌာန်းပြတဲ့ ပဋိပတ္တိဆိုင်ရာပုဂ္ဂိုလ်များနဲ့ ပတ်သက်ရင်တော့ သက်ဆိုင်ရာ အစိုးရအာဏာပိုင် အဖွဲ့ အစည်းများက ဆုံးဖြတ်ထားတဲ့နေရာမှာ သင်္ဂြိုလ်ရုံပါပဲ။ သင်္ဂြိုလ်ရက်ကို အချိန်တိုတိုနဲ့ အမြန်ဆုံးသင်္ဂြိုလ်နိုင်ရင် အကောင်းဆုံးပါပဲ။ မလွဲမရှောင်သာလို့ ထားရရင် ၇-ရက် ထက်ထားဖို့ မသင့်ပါဘူး။ တကယ်တော့ ဘယ်မှာပဲ ဘုန်းကြီးပျံလွန်တော်မူတာပဲဖြစ်ဖြစ် ပျံလွန်တော်မူတဲ့နေရာမှာ သင်္ဂြိုလ်ပစ်တာ အကောင်းဆုံးပဲ”လို့ အမိန့်ရှိပါတယ်။

ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ၃၂-ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲ၌ သြဝါဒပေးတော်မူခဲ့ရာတွင် “အသုဘဈာပန ကိစ္စများနှင့်စပ်၍ အတီး, အမှုတ်, အက, အဆို ပွဲလမ်းကျင်းပတာတွေက တော်တော်များများပင် ရှိတတ်ကြပါတယ်၊ အဲဒီလို ဟာကို ရဟန်းများမှာ မကျင်းပသင့်, မပြုသင့်, မကြည့်ရှုသင့်, နားမထောင်သင့်ပါဘူး၊ ဒါပေမယ့် ဘုန်းကြီးတဲ့ရဟန်းတော်များ ကွယ်လွန်သွားတဲ့အခါမှာ တပည့်ရဟန်းများက ရော, ဒကာတွေကရော ပွဲလမ်းသဘင်တွေကျင်းပပြီး ပူဇော်ပွဲတွေ ပြုလုပ်တတ်ကြပါ တယ်၊ ဝိနည်းသိက္ခာပုဒ်ကို ရိုသေတဲ့သူတွေ ဘာဝနာကို အလေးအမြတ်ပြုတဲ့သူတွေ ကတော့ ဒီပွဲလမ်းမျိုးကို မပြုသင့်ပါဘူး၊ ဒါကြောင့် အဲဒီပွဲလမ်းမျိုးကို ကိုယ်တိုင်လဲမပြုဖို့ သူများက ပြုလုပ်နေရာမှာလဲ သွားမကြည့်ဖို့, အားမပေးဖို့ သတိပေးလိုက်ပါတယ်” ဟူ၍ မိန့်တော်မူခဲ့သည့် သြဝါဒတော်အတိုင်းပင် ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနကို ၁၃၄၄-ခုနှစ် ဝါခေါင်လဆန်း ၁-ရက် သောကြာနေ့ မွန်းလွဲ ၃-နာရီ အချိန်တွင် မဟာစည်စံကျောင်းတော်မှ ကြံတောသုသာန်သို့ပို့ဆောင်ပြီး မီးသင်္ဂြိုဟ်၍ ပူဇော်ခဲ့ကြပါသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနမှတ်တမ်းကို ဓာတ်ပုံမှတ်တမ်း၊ ရုပ်ရှင်မှတ်တမ်းများ၌ ဖူးမြော်ကြည်ညိုခွင့်ရရှိခဲ့ရာ ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်သည် အလွန်ကြည်လင်သောအဆင်းရှိပြီး ပကတိတည်ငြိမ်တော် မူလှသည်၊ ကျိန်းစက်တော်မူနေသကဲ့သို့လည်း ရှိပါပေသည်၊ ဆရာတော်ဘုရားကြီး၏ အလောင်းတော်ကို မှန်ခေါင်းတွင်းသို့ သွင်းကြရာ၌ ဆရာတော်ဘုရားကြီး ရုပ်ကလာပ် တော်သည် ခါးအလည်ပိုင်း၌ ညွှတ်ကိုင်း၍ အလွန်ပျော့ပျောင်းတော်မူသည်ကို ဖူးတွေ့ နိုင်ပါသည်။

ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး လွန်တော်မူပြီး ၈-ရက်မြောက်နေ့ ၁၃၄၄-ခု ဝါခေါင်လဆန်း ၃-ရက် တနင်္ဂနွေနေ့၌ ဆရာတော်အရှင်သုဇာတသည် မဟာစည်သာသနာ့ရိပ်သာ၏ သြဝါဒါစရိယဆရာတော်အဖြစ် တင်မြှောက်ခြင်းကို ခံယူ တော်မူခဲ့သည်။ ဆရာတော်အရှင်သုဇာတသည်ကား ထိုနေ့ ညနေ ၅-နာရီ ၃၀-မိနစ် တွင် သြဝါဒကထာ မိန့်ကြားတော်မူပြီးနောက် ည ၈-နာရီ ၄၅-မိနစ်တွင် လွန်တော်မူခဲ့ လေသည်။

ဆရာတော်အရှင်သုဇာတသည် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ရန်ကုန်သာသနာ့ရိပ်သာသို့ မကြွရောက်မီကာလကတည်းက ဆိပ်ခွန်မဟာစည်ရိပ်သာ၌ သတိပဋ္ဌာန်ဝိပဿနာတရား အားထုတ်တော်မူခဲ့ ပါသည်။ စစ်ကိုင်းဆင်များရှင်ရိပ်သာ၌ လည်းကောင်း၊ ၁၃၁၃-ခုနှစ် မန္တလေးမဟာစည်ရတနာပုံသာသနာ့ရိပ်သာ တည်ထောင် ခါစကာလများ၌လည်းကောင်း၊ ၁၃၁၇-ခုနှစ် သီရိလင်္ကာနိုင်ငံသို့ ဝိပဿနာသာသနာပြု ရာတွင် ဦးဆောင်ဆရာတော်အဖြစ်လည်းကောင်း၊ ၁၃၃၃-ခု မော်လမြိုင် တောင်ဝိုင်း ကလေး မဟာစည်သာသနာ့ရိပ်သာ တည်ထောင်ခါစကာလများ၌လည်းကောင်း၊ ကျန်ရှိသောကာလများဝယ် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး၏ အားထားရဆုံး သော လက်ရုံးဆရာတော်အဖြစ်လည်းကောင်း၊ ပဋိပတ္တိသာသနာပြုတော်မူခဲ့လေသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ပါရမီဖြည့်ဘက်ဖြစ်တော်မူ သော ဆရာတော်အရှင်သုဇာတသည် လွန်တော်မူမည့်နေ့ ညနေ၌ ဆိပ်ခွန်မှ ဒါယကာ၊ ဒါယိကာမများ လာရောက်ဖူးမြော်ကန်တော့ကြရာ ထူးခြားသောအကြောင်းအရာများကို ဟောကြားတော်မူခဲ့လေသည်။

“ရဟန္တာမထေရ်မြတ်ကြီးတို့ ပရိနိဗ္ဗာန်စံဝင်တော်မူကြသည့်အခါ ကျန်ရှိသော ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်၍ပူဇော်ရာ၌ ပရိနိဗ္ဗာန်စံဝင်ခါနီး အဓိဋ္ဌာန်ခဲ့လျှင် ဓာတ်တော်အစိတ်စိတ်ကျမယ်၊ အဓိဋ္ဌာန်ချက်မရှိခဲ့လျှင် ပကတိအရိုးတော်သာကျမယ်” ဟူ၍ဖြစ်ပါသည်။ (ရဟန္တာမထေရ်မြတ်ကြီးများဖြစ်တော်မူကြသော ပထမအဂ္ဂသာဝက အရှင်သာရိပုတြာမထေရ်မြတ်ကြီး၊ ဒုတိယအဂ္ဂသာဝက အရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီး၊ တတိယသံဂါယနာကိုဦးဆောင်တော်မူခဲ့သော အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် မြတ်ကြီးတို့၏ ဓာတ်တော်များသည် ပကတိအရိုးတော်များသာ ဖြစ်ကြပါသည်)

ထိုနောက် ဆရာတော်အရှင်သုဇာတ ဟောကြားတော်မူသောတရားတော်မှာ ကုန်းဘောင်ခေတ် စတုဂီရိတောင်လေးလုံးဆရာတော်ကြီး အရှင်မေဓာဝီနှင့် ညီတော် အရှင်ဓမ္မပိယ ဆရာတော်ကြီးနှစ်ပါးတို့သည် ကြိုတင်စီရင်ထားသော ခေါင်းနှစ်လုံး အတွင်းသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လဲလျောင်းကြပြီး ပရိနိဗ္ဗာန်ဝင်စံတော်မူကြသည့် အကြောင်းအရာများဖြစ်လေသည်။ ဟောကြားတော်မူပြီးနောက် ဆရာတော် အရှင်သုဇာတသည် ထိုနေ့ည ၈-နာရီ ၄၅-မိနစ်တွင် လွန်တော်မူခဲ့လေသည်။

ဤအကြောင်းအရာများကို ပြန်လည်ဟောကြားတော်မူအပ်သော ဆရာတော် အရှင်သုဇာတထေရ်(၁၂၇၁-၁၃၄၄)နှင့် မဟာစည်ဆရာတော်ဘုရားကြီးအရှင်သောဘန ထေရ်(၁၂၆၆-၁၃၄၄)တို့သည်ကား မြတ်စွာဘုရားရှင်၏ သာသနာ့ဝန်ဆောင် ထူးမြတ် လှသော ကျေးဇူးတော်ရှင် မထေရ်မြတ်ကြီးများပင် ဖြစ်တော်မူကြပါသည်။ (မဟာစည် ဝိပဿနာစိန်ရတုအထိမ်းအမှတ်စာစောင်မှ မှီငြမ်းပါသည်)

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ သက်တော်ရှည် ရွှေစေတီဆရာတော်ကြီးကမူ “မဟာစည်ဆရာတော်ပျံလွန်တော့ ငါက စစ်ကိုင်းမှာ၊ ရန်ကုန်က နောက်ဆုံးပြန်တဲ့ အခေါက်မှာ ငါ့ရှေ့ နေရာထိုင်ကလေး ကျကျနနခင်းပြီး၊ သေသေချာချာ ဝတ်ချတယ်၊ ကားဆီအထိ လိုက်ပို့လို့ မနည်းပြန်ခိုင်းရတယ်။ အရင်တုန်းက ဒီလိုမဟုတ်ဘူး။ ငါ ပြန်မယ်ဆို သာမန် နှုတ်ဆက်တာပါပဲ”ဟု အမိန့်ရှိတော်မူပါသည်။

ရွှေစေတီဆရာတော်ဘုရားကြီးအား မဟာစည်ဆရာတော်ဘုရားကြီး ပျံလွန် တော်မူသည်နှင့်စပ်၍ သြဝါဒကထာ အနည်းငယ်မျှ ချီးမြှင့်တော်မူပါဟု ပန်ကြား လျှောက်ထားသောအခါ ...

“မဟာစည်ဆရာတော်ဟာ အလုပ်အင်မတန်လုပ်တယ်။ သူလွန်သော်လည်း သူရေးခဲ့တဲ့ ကျမ်းတွေ၊ သူဟောခဲ့တဲ့ တရားတွေ၊ သူပြသနည်းပေးတဲ့ နည်းစနစ်တွေ ပြန့်ပွားကျန်ခဲ့တယ်။ ဒီလောက် သာသနာတော်ဘက်ကို အပြည့်အစုံ တာဝန်ကျေခဲ့ တာမို့ ဆုံးရှုံးတယ်လို့ မပြောနိုင်ဘူး။ သူ့တာဝန် သူကျေကုန်အောင် ရွက်ဆောင်သွား တာပဲ”ဟု အမိန့်ရှိတော်မူပါသည်။

ကျေးဇူးရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အဂ္ဂမဟာပဏ္ဍိတ အရှင်သေဋ္ဌိလာဘိဝံသ ဆရာတော်ဘုရားကြီးက “မဟာစည်ဆရာတော်သည် ဝိပဿနာသာသနာပြုရာတွင် ထိပ်တန်းမှရှိကြောင်း” အမိန့်ရှိတော်မူပါသည်။

သာသနာရေးဦးစီးဌာနမှ ပေးပို့သော သဝဏ်လွှာ၌လည်း “သာသနာတော်၌ သာသနာပြု ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ကွယ်ပတော်မူခြင်းအတွက် အထူးဝမ်းနည်းပါ ကြောင်း” ဟု ရေးသားထားပေသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ တပည့် ဒကာရင်းတစ်ဦးက ပြောကြား သည်မှာ “မဟာစည်ဆရာတော်ကြီး ပျံတော်မူတော့ သတင်းစာထဲလည်း ပါတယ်။ တစ်မြို့လုံးပဲ လိုက်ပို့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆုံးတဲ့နောက်ပိုင်း ဒီလောက် ကြီးကျယ်စည်ကားတဲ့ဈာပန မရှိခဲ့ဘူးလို့ ဦးပွင့်ကောင်းတို့ ပြောတယ်။ မဟာစည် ဆရာတော်ဘုရားကြီးကို အသုဘချတော့ နိဗ္ဗာန်ယာဉ်ကားက ကြံတောရောက်နေပြီ။ ရိပ်သာဝင်းကြီးထဲမှာက လူတွေ အပြည့်ရှိသေးတယ်။

တပည့်တော်ကတော့ ဆရာတော်ကြီးရဲ့ ဥတုဇရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ် တော့ မီးခိုးထွက်တဲ့ ခေါင်းတိုင်ကိုပဲ ကြည့်နေတယ်ဘုရား။ လူရဲ့အဆီက မီးလောင်ရင် မီးခိုးလုံးအမဲကြီးတွေ ထွက်တယ်ဘုရား။ ဆရာတော်ကြီးကတော့ စပြီး လောင်ကျွမ်း ကတည်းက ပြာကျသွားတဲ့အထိ အပ်ချည်မျှင်လောက်ရှိတဲ့ အဖြူရောင်အမျှင်တန်း လေးပဲ ထွက်တယ်။ အစအဆုံး ဒါနဲ့ပဲ ပြီးသွားတယ်။ လုံးဝ မီးခိုးလုံးအမဲကြီးတွေ မတက်ဘူး။ ကိုယ်တိုင် မြင်ခဲ့ရတာ။ ကြည့်နေတဲ့ သူတွေကတော့ အားလုံးမြင်မှာပါပဲ။ လူတွေက သင်္ချိုင်းတစ်ခုလုံး ပြည့်နေတာကို ဘုရား” ဟူ၍ ဖြစ်ပါသည်။


အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်ကြီးကဲ့သို့ အဆုံးမရှိများပြားသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

“ဆဋ္ဌသင်္ဂါယနာက လက်ခံအတည်ပြုအပ်သော အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်ကြီး၏ အတ္တုပ္ပတိအသစ်ဟုပင်ဆိုထိုက်လှသည့် ဝိသုဒ္ဓိမဂ္ဂနိဒါနကထာကို ၁၃၂၂-ခုနှစ်တွင် သီးခြားစာအုပ်အဖြစ် ထုတ်ဝေခဲ့လေသည်။ ထိုကျမ်း၌ အနုဂီတိ ဂါထာတို့ကိုရေးသားတော်မူသော ပရိတ်ကြီးနိဿယသစ်ကျမ်းပြုအကျော် သပြေကန် ဆရာတော်ကြီးက အရှင်မဟာဗုဒ္ဓဃောသကို အောက်ပါဂါထာဖြင့်ချီးကျူးရင်း နိဂုံးချုပ် ခဲ့သည်။

‘ကုန်စင်အောင်စု ရွေးစုငယ်နုတ် ထုတ်အပ်ပါသော်လည်း ထိုအရှင်မဟာဗုဒ္ဓ ဃောသမထေရ်မြတ်ကြီး၏ ဂုဏ်ကျေးဇူးသည် ကုန်နိုင်ဖွယ်ရာမရှိပါပေ” အဘယ့်ကြောင့် ဟူမူ ထိုအရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်ကြီး၏ ဂုဏ်တော်တို့သည် များပြားလှ၍ အဆုံးမရှိကုန်သည်မဟုတ်တုံလော။ အဘယ်သူသည် သမုဒ္ဒရာရေတို့ကို ကုန်စင်အောင် ထုတ်တင်ဆောင်ယူနိုင်ပါမည်နည်း။ ထိုသို့ပင် မကုန်နိုင်အောင် များမြောက်လှသော် လည်း ဂုဏ်ကျေးဇူးကိုအထူးသိမြင်တတ်သောပညာရှိတို့သည် အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်ကြီး၏ဂုဏ်တော်တို့ကို အမြဲတမ်းအမှတ်တရ အောက်မေ့နိုင်ကြပါစေကုန် သတည်း။ ဆက်လက်ဖတ်ရှုရန် ...

အထက်ပါဂါထာသည် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်ကြီး၏ ဂုဏ်တော်တို့ကို ချီးကျူးရေးသားအပ်သော ဂါထာဖြစ်၏။ ထိုဂါထာသည် မဟာစည်ဆရာတော်ကြီး၏ဂုဏ်ကို ထုတ်ဖော်ချီးကျူးသောဂါထာ မဖြစ်နိုင်ပါသလော။ မဖြစ်နိုင်ဟု အဘယ်သူသည် ပြောဆိုနိုင်ပါမည်နည်း’ ဟူ၍ပင် ရဲရင့်စွာဖော်ပြလျက် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးအား ဆရာတော်အရှင်သီလာနန္ဒာဘိဝံသက ချီးကျုး ပူဇော်တော်မူခဲ့လေသည်။

အဆုံးမရှိများပြားလှသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော မဟာစည် ဆရာတော်ဘုရားကြီးသည် သက်တော် ၇၈-နှစ် သိက္ခာတော် ၅၈-ဝါတွင် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူခဲ့လေရာ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်ပူဇော်ကြပြီးလျှင် ကြွင်းကျန်ရစ်သော အရိုးဓာတ်တော်တို့ကို ဌာပနာ၍ “မဟာစည်ဓာတု စေတီတော်မြတ်ကြီး” ကို ဆိပ်ခွန်ရွာ၌ တည်ထားကိုးကွယ်ခဲ့ကြပါသည်။ ဂုဏ်ကျေးဇူးကို အထူးသိမြင်တတ်သော ပညာရှိတို့သည် မဟာစည်ဆရာတော်မထေရ်မြတ်ကြီး၏ ဂုဏ်တော်တို့ကို အမြဲတမ်း အမှတ်တရ အောက်မေ့နိုင်ကြပါစေကုန်သတည်း။