ဝိပဿနာရှုနည်းကျမ်း၌လည်း ဓမ္မဒါယာဒသုတ်တရားတော်ကိုပင် ဟောကြားတော်မူခဲ့ခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ၁၃၀၄-ခုနှစ်ကပင် ရေးသားစီရင်ခဲ့သော ဝိပဿနာရှုနည်းကျမ်း ၌လည်း ဤဓမ္မဒါယာဒသုတ်တရားတော်ကိုပင် အခြေပြုလျက် ဝိပဿနာတရား ပွားများအားထုတ်ရန် တိုက်တွန်းတော်မူခဲ့ပါသည်။

ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထ၊ မာ အာမိသဒါယာဒါ၊ အတ္ထိ မေ တုမှေသု အနုကမ္ပာ “ကိန္တိ မေ သာဝကာ ဓမ္မဒါယာဒါ ဘဝေယျုံ၊ နော အာမိသဒါယာဒါ”တိ။ (မ ၁-၁၅)

“အို ရဟန်းတို့μ သင်တို့သည် ငါဘုရား၏မြတ်သောတရားအမွေကို ခံယူသူတို့ ဖြစ်ကြပါလော့၊ ညံ့သော အာမိသအမွေကို ခံယူသူတို့ မဖြစ်ကြပါလင့်။

အဓိပ္ပါယ်ကား ဘုရားခွင့်ပြုအပ်သော သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး, ဤ ပစ္စည်းလေးပါးသည် အာမိသအမွေညံ့(အစစ်) မည်၏၊ ဘဝချမ်းသာကို တောင့်တ၍ ပြုအပ်သော ကုသိုလ်ဟူသမျှသည် အာမိသအမွေညံ့(အတု) မည်၏။

တွေ့ကြုံခဲသော ဘုရားသာသနာတော်ကြီးနှင့် ကံကောင်းထောက်မ၍ တွေ့ကြုံ ရပါလျက် ထိုအာမိသအမွေညံ့ကိုသာ ခံယူသောသူတို့သည် ဝဋ်ဆင်းရဲမှ မထွက်မြောက် နိုင်ကုန်၊ ကြီးစွာသောဝဋ်ဆင်းရဲနှင့် တွေ့ကြုံမြဲသာလျှင် တွေ့ကြုံ၍နေကြရလတံ့ဟု မြင်တော်မူ၍ မြတ်စွာဘုရားမှာ သနားခြင်းဖြစ်တော်မူလေသည်။ သို့ဖြစ်၍ အာမိသ အမွေညံ့ကိုခံယူရုံမျှဖြင့် အားရတင်းတိမ်၍မနေကြရန် ဆုံးမတော်မူပေသည်။

လောကုတ္တရာကိုးပါးတည်းဟူသော မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်သည် တရားအမွေမြတ်(အစစ်) မည်၏၊ ထိုမဂ်ဖိုလ်နိဗ္ဗာန်သည် အကြောင်းပဋိပတ်နှင့် မကင်းသောကြောင့် ယခုဘဝ၌ပင် မဂ်ဖိုလ်သို့ ရောက်စေနိုင်သော သီလ, သမာဓိ, ဝိပဿနာတို့ကို ပွားများအားထုတ်ရမည်ဟူလို” ဟူ၍ ဖြစ်ပါသည်။