ကျေးဇူးတော်ရှင် သီးလုံးတောရဆရာတော်ဘုရားကြီး (၁၁၄၈-၁၂၂၂)

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူသည်မှနောက်၌ အနှစ်တစ်ထောင်ကျော်တိုင်အောင် အပ္ပမာဒတရားကို ရဟန်း, ရှင်, လူတို့ အထူးလေ့လာပွားစေခဲ့ကြသည်ဟူ၍ လည်းကောင်း, ထိုပုဂ္ဂိုလ်မြတ်တို့၏နှလုံးဓာတ်တို့၌ အပ္ပမာဒတရား ကိန်းဝပ်ကွန့်မြူးခဲ့ပြီဟူ၍ လည်းကောင်း, အဋ္ဌကထာ ဋီကာ ဒီပဝင် မဟာဝင်စသော ကျမ်းတို့ဖြင့် ထင်ရှား၏။ ထိုမှနောက်ကာလ၌ကား ထိုသို့သောပြဆိုချက်ကိုများစွာမတွေ့ရသောကြောင့် အပ္ပမာဒ အလုပ်ကို အားထုတ်သူနည်းပါးခဲ့သည်ဟု ယူဆဖွယ်ရှိ၏။ အစဉ်အဆက် လေ့လာပွားစေမှု နည်းပါးခဲ့ကြသည့်အတွက် ဤအပ္ပမာဒသတိပဋ္ဌာန်အားထုတ်နည်းကို ကျနစွာသိရန်ပင် နောင်လာနောက်သား တို့မှာ မလွယ်ကူပဲရှိခဲ့လေပြီ။ ဝမ်းနည်းဖွယ်ကောင်းလေစွ။

သို့သော်လည်း ‘ဤအပ္ပမာဒတရား လုံးဝကွယ်သွားပြီ’ ဟူ၍ကား မမှတ်အပ်ပေ။ အတ္တဟိတအစစ်အမှန်ကို ရှာမှီးလေ့ရှိသောပုဂ္ဂိုလ်မြတ်တို့၏သန္တာန်၌ကား ဤအပ္ပမာဒသည် တည်လျက်ပင် ရှိခဲ့ပေသည်။ တည်ရှိပုံကို အနီးကာလအားဖြင့်ဖော်ပြရလျှင် သီးလုံးတောရဆရာတော်ဘုရားကြီးသည် ဤအပ္ပမာဒပဋိပတ်အရာ၌ နေ, လအလားကဲ့ သို့ ထင်ရှားတော်မူခဲ့လေပြီ။

ထိုမျှသာမက ရှိမ်းမကားရွာ၌ သိမ်သမုတ်ကိစ္စအတွက် ရာဇဂုရုတံဆိပ်ရ ဆရာတော်ကြီးများစွာတို့ စုဝေးမိကြရာတွင် လျှောက်ထားတောင်းပန်သောကြောင့် သီးလုံးဆရာတော်ဘုရားကြီးက သံဃာ့ပရိသတ်အား တရားဟောပြ ဆုံးမတော်မူသတတ်၊ ဟောသောအခါမှာလည်း ‘မိမိသဘောကျ နှလုံးသွင်းအားထုတ်သည့် အတိုင်း ဟောပါမည်’ဟု စကားပလ္လင်ခံပြီးလျှင်, အနာဂါမိမဂ်ဖိုလ်တိုင်အောင် ဝိပဿနာရှုပုံ, ဝိပဿနာ ဉာဏ်များဖြစ်ပုံ, မဂ်ဖိုလ်သို့ရောက်ပုံ, ဖလသမာပတ်ဝင်စားပုံတို့ကို ကျနစွာ ဟောပြတော်မူသတတ်၊ ဟောအပ်သော ထိုတရားတော်သည် ကျမ်းဂန်တတ်ဖြစ်သော ထိုဆရာတော်ကြီးများပင် အံ့သြလောက်အောင် နက်နဲသိမ်မွေ့သတတ်။

ထို့ကြောင့် သင်္ဂဇာဆရာတော် အရှင်အဂ္ဂဓမ္မ(၁၁၇၇-၁၂၄၈)က ‘ယခု အရှင်ဘုရား ဟောပြသည့်အတိုင်း ကျမ်းပြုစုတော်မူပါက အလွန်ကောင်းပါလိမ့်မည်’ ဟု လျှောက်သတတ်၊ ထိုအခါ၌ ဆရာတော်ဘုရားကြီးက အမိန့်တော်ရှိသည်မှာ ‘ ဦးအဂ္ဂရေ … ဟောမှုကျင့်မှုကတော့ ကိုယ်သဘောကျသည့်အတိုင်း ပြုလုပ်နိုင်သည်။ ကျမ်းရေးသားလျှင်တော့ သူတပါးကျမ်းများနှင့် တူညီစေရသည်၊ ငါတို့ရှိခိုက်မှာ နားလည်အောင် ဖြေပြနိုင်သော်လည်း ငါတို့က မကြာမီသေသွားကြမည်၊ ထိုအခါမှာ ထူးသောအချက်၌ ငြင်းခုံမှုဖြစ်ပွားနေရစ် ကြမည်ကို စိုးရိမ်ရသည်’ ဟု မိန့်တော်မူ သတတ်” ဟူ၍ မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်း၊ ကျမ်းဦးနိဒါန်း၌ ဖော်ပြထားလေသည်။

သီးလုံးဆရာတော်ဘုရားကြီးသည် သာရဏီယဓမ္မုတ္တရကထာကျမ်း, မူလ ပဏ္ဏာသ အဋ္ဌကထာနိသျကျမ်း, ဂမ္ဘီရတ္ထဒေသနာကျမ်း, ပဋိပတ္တိပကာသနီကျမ်း, ကင်္ခါထွက်ပုံတက်ပုံကျမ်းစသည်ဖြင့် ကျမ်းဂန်ပေါင်း ၆၄-ကျမ်းအထိ ပြုစုတော်မူခဲ့သော် လည်း မိမိ၏အားထုတ်ပုံကို ကျမ်းဂန်မရေးခဲ့ဟု အထက်ပါစကားတို့ကို ထောက်ဆ သောအားဖြင့် ထင်ရှားသိရ၏။

သီးလုံးဆရာတော်ကြီး၏ပဋိပတ်ဂုဏ်ကို ရွှေဟင်္သာဆရာတော်ကြီးကမူ ရွှေကျင် နိကာယ သာသနာဝင်ကျမ်း၌ “သီးလုံးဆရာတော်ဘုရားကြီးက လောကီအဘိညာဏ်မျှ မဟုတ်မူ၍ အာသဝက္ခယအဘိညာဏ်နှင့်တကွ ဆဠဘိညပုဂ္ဂိုလ်မဖြစ်ဘူးဟူ၍ မဆိုဝံ့ချေ။ သူတော်ကောင်းတို့၏လက္ခဏာမှာ အလွန်လျှို့ဝှက်စောင့်စည်းသော အခြင်းအရာ ရှိတော်မူတတ်ကြသည်” ဟူ၍ လည်းကောင်း၊ “သီးလုံးဆရာတော်ကြီးသည် ဝိနည်း ဧတဒဂ်ရ အရှင်ဥပါလိမထေရ်မြတ်ကြီး၏ အနွယ်ဝင်ဖြစ်တော်မူသည်” ဟူ၍လည်းကောင်း ထုတ်ဖော်ရေးသားထားတော မူပါသည်။