ဝိပဿနာအလုပ်ပေးတရားတော်(မိနစ်-၃၀ )

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဝိပဿနာတရားအားထုတ်ရာတွင် အခြေခံအကျဆုံး၊ အရေးကြီးဆုံးသော တရားဖြစ်ပါသည်။

ဝိပဿနာအလုပ်ပေးတရားတော်(မိနစ်-၃၀ )

Published Date - 2016

Author By - မဟာစည်ဆရာတော်ဘုရားကြီး

56 စာမျက်နှာ


မိနစ် (၃၀) ဝိပဿနာအလုပ်ပေးတရားတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ၏အမှာစာ

 

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၁၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၆) ရက်နေ့၊ (၁၀-၁၁-၁၉၄၉)တွင် ရန်ကုန်မြို့၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး၏ ပင့်ဆောင်ကိုးကွယ်မှုဖြင့် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူခဲ့ပါသည်။

 ၁၃၁၁ ခုနှစ်၊ နတ်တော်လပြည့်နေ့ (၄-၁၂-၁၉၄၉)နေ့တွင် ယောဂီ (၂၅)ဦးဖြင့် တရားစခန်းစတင်၍ ဖွင့်လှစ်ရာတွင် မဟာစည်ဆရာတော်ဘုရားကြီးသည် သတိပဋ္ဌာန်ဝိပဿနာ အကြောင်း၊ ရည်ရွယ်ချက်၊ ကျင့်သုံးအားထုတ်ပုံ နည်းစနစ်များဖြင့် ဝိပဿနာ အလုပ်ပေးတရားတော်ကြီးကို စတင်ပြီး ဟောကြားတော်မူခဲ့ကြောင်း သိရှိခဲ့ရပါသည်။ ဤကဲ့သို့ နှစ်စဉ်လိုလို ဟောကြားနေရသောကြောင့် ဆရာတော်ကြီး ပင်ပန်းနွမ်းနယ်ခြင်း မဖြစ်စေရန်၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က အသံသွင်းစက် (tape recorder) ဖြင့် ၁၉၅၁ ခု၊ ဇူလိုင်လ (၂၇)ရက်နေ့တွင် တရားဝင်ယောဂီ (၁၅)ဦးအား မဟာစည်ဆရာတော်ဘုရားကြီးက အလုပ်ပေးတရားတော်ကို ဟောကြားတော်မူစဉ် အသံသွင်းယူခဲ့ကြောင်း သိရှိခဲ့ရပါသည်။

မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဝိပဿနာအလုပ်ပေး တရားတော်သည် (၁)  ၁နာရီ ဝိပဿနာအလုပ်ပေးတရားတော် (၂) ၃၀ မိနစ် ဝိပဿနာအလုပ်ပေးတရားတော် (၃) ၁၅ မိနစ် ဝိပဿနာလုပ်ငန်းစဉ်တရား ဟူ၍ (၃)မျိုးရှိကြောင်းစိစစ်တွေ့ရှိရပါသည်။

(၁) နာရီအလုပ်ပေးတရား

(၁)နာရီ အလုပ်ပေးတရားတော်ကို ၁၃၃၆ ခုနှစ်၊ ဝါဆိုလ (၁၉၅၄ ခုနှစ်၊ ဇူလိုင်လ)တွင် ပထမအကြိမ် စတင်ပုံနှိပ်ထုတ်ဝေခဲ့ရာ ၁၃၇၇ ခုနှစ် (၂၀၁၆ ခုနှစ်)ထိ အကြိမ် (၂၀)ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ဤသို့ ထုတ်ဝေခဲ့ရာတွင် ဝိပဿနာအလုပ်ပေးတရားတော်အပြင် ဆရာတော်ကြီး ဟောကြားသော ဝေဒနာနုပဿနာတရားတော်ကြီးနှင့် ရွှေဘိုသို့ နှုတ်ခွန်းဆက်မိန့်ခွန်းတရားတော်ကြီးကိုလည်း ထည့်သွင်းရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။ အဆိုပါ (၁)နာရီတရားကို ၂၀၀၉ ခုနှစ်တွင် အိတ်ဆောင်အရွယ် (pocket size) ဖြင့် ဓမ္မဒါနအဖြစ် စတင်ထုတ်ဝေဖြန့်ချိခဲ့ရာ ၂၀၁၆ ခုနှစ်အထိ အကြိမ်များစွာ ရိုက်နှိပ်ဖြန့်ချိလျက်ရှိပါသည်။

(၁၅)မိနစ် ဝိပဿနာလုပ်ငန်းစဉ်တရား

ဝိပဿနာလုပ်ငန်းစဉ်တရားတော်ကြီးကို ယခင် မြန်မာ့အသံလက်ထက်တွင် အသံလွှင့်ခဲ့ကြောင်း သိရှိခဲ့ရသော်လည်း မည်သည့်ကာလများက အသံလွှင့်ခဲ့သည်ကို တိတိကျကျ မသိရှိခဲ့ရပါ။ (၁၅) မိနစ် ဝိပဿနာလုပ်ငန်းစဉ်တရားတော်ကို စာအုပ်အဖြစ် တစ်ခါမှ ပုံနှိပ်ခဲ့ခြင်းမရှိခဲ့ပါ။ ယခုအခါ ယင်းတရားတော်ကို အသံမှ စာအုပ်အဖြစ်သို့ အိတ်ဆောင်အရွယ် (pocket size) ဖြင့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် ပထမအကြိမ် ပုံနှိပ်ဖြန့်ချိခဲ့ပြီးဖြစ်ပါသည်။

မိနစ် (၃၀)အလုပ်ပေးတရား

မိနစ်(၃၀) ဝိပဿနာအလုပ်ပေးတရားကိုမူ မဟာစည်ရိပ်သာကြီးတွင်လည်းကောင်း၊ မဟာစည်ဩဝါဒခံ ရိပ်သာအသီးသီးတွင်လည်းကောင်း၊ တရားစခန်းဝင်သော ယောဂီများအား တရားဝင်သော ပထမနေ့ ညနေ (၃)နာရီအချိန်တွင် အသံသွင်းစက်ဖြင့် ဖွင့်လှစ်၍ နာယူစေခဲ့ပါသည်။ ယင်းတရားတော်ကိုလည်း မပျောက်ပျက်စေရန်အတွက် စာအုပ်အဖြစ် ၁၃၄၀ ခုနှစ်၊ နတ်တော်လ (၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလ)တွင် ပထမအကြိမ်အဖြစ် ထုတ်ဝေသော သာသနာ့ရိပ်သာငွေရတုတရားတော် စာအုပ်တွင် ဝိပဿနာအလုပ်ပေးတရားတော် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ထည့်သွင်း၍ ပုံနှိပ်ဖြန့်ချိခဲ့ပါသည်။ သာသနာ့ရိပ်သာငွေရတုတရားတော်ကို ဒုတိယအကြိမ် ၁၃၅၆ ခုနှစ်၊ ဝါဆိုလ (၁၉၉၄ ခုနှစ်၊ ဩဂုတ်လ)တွင် ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ (၃၀)မိနစ် ဝိပဿနာအလုပ်ပေးတရားတော် ကိုပင် အဖွဲ့ချုပ် အမှုဆောင် ဦးညီညီက (Practical Vipassana Meditation Exercise)အမည်ဖြင့် အင်္ဂလိပ်ဘာသာပြန်ဆိုပြီး သီးသန့်စာအုပ်အဖြစ် ပထမအကြိမ် ၁၉၇၈ ခု၊ ဒီဇင်ဘာလ၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ဦးညီညီ အင်္ဂလိပ်ဘာသာပြန်ဆိုချက်ကိုမူ ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလတွင် သီးခြားပုံနှိပ်ခဲ့ပြီး၊ ဒုတိယ/ တတိယ အကြိမ်များကို မည်သည့်ခုနှစ်က ထုတ်ဝေခဲ့ကြောင်း လက်ခံစာအုပ်များ မရှိသဖြင့် မသိရှိခဲ့ရပါ။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က စတုတ္ထအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေခဲ့ရာ ဦးညီညီ၏ နောက်ဆက်တွဲ အမှာစာပါ ထည့်သွင်းရိုက်နှိပ်ခဲ့ကြောင်း သိရှိရပါသည်။

ယခုအခါ မိနစ် (၃၀)ဝိပဿနာအလုပ်ပေးတရားတော် သက်သက်ကိုလည်း အလွယ်တကူ ဆောင်ယူဖတ်ရှုနိုင်စေရန် မြန်မာဘာသာဖြင့် အိတ်ဆောင်အရွယ် (pocket size)ဖြင့် ပထမအကြိမ် ထုတ်ဝေဖြန့်ချိလိုက်ရပါသည်။ ဤအလုပ်ပေး (၃၀)မိနစ်ဝိပဿနာအလုပ်ပေးတရားတော်သည် မဟာစည် ဆရာတော်ဘုရားကြီး၏ ရှုမှတ်နည်းဖြင့် ဝိပဿနာတရားအားထုတ်ရာတွင် အခြေခံအကျဆုံး၊ အရေးကြီးဆုံးသော တရားဖြစ်ပါသည်။ မိနစ် (၃၀) ဝိပဿနာ အလုပ်ပေးတရားတိုင်း ယောဂီများ စနစ်တကျ လိုက်နာ လက်တွေ့အားထုတ်နိုင်ကြပါစေ၊ မိမိတို့ ပါရမီအလျောက် ဝိပဿနာဉာဏ်စဉ်များ အဆင့်ဆင့်တက်၍ ထိုးထွင်းသိမြင်ပြီး မဂ်ဉာဏ်, ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။ 

 သတ္တဝါများစွာ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။

 

ဒေါက်တာတင့်စိုးလင်း

(ဥက္ကဋ္ဌ)

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

မဟာစည်သာသနာ့ရိပ်သာ။