ဝိပဿနာလုပ်ငန်းစဉ်တရားတော်(၁၅မိနစ်)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

လိုရင်းတိုရှင်း ထိထိမိမိ နားလည်သဘောပေါက်အောင် ဟောကြားထား

ဝိပဿနာလုပ်ငန်းစဉ်တရားတော်(၁၅မိနစ်)

Published Date - 2016

Author By - မဟာစည်ဆရာတော်ဘုရားကြီး

35 စာမျက်နှာ


(၁၅)မိနစ် ဝိပဿနာရှုပုံလုပ်ငန်းစဉ်တရားတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ၏အမှာစာ

 

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၁၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၆) ရက်နေ့၊ (၁၀-၁၁-၁၉၄၉)တွင် ရန်ကုန်မြို့၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး၏ ပင့်ဆောင်ကိုးကွယ်မှုဖြင့် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူကာ ၁၃၁၁ ခုနှစ်၊ နတ်တော်လပြည့်နေ့ (၄-၁၂-၁၉၄၉)မှစ၍ ယောဂီများအား ဝိပဿနာအလုပ်ပေးတရားကြီးကို ဟောကြား၍ သတိပဋ္ဌာန်ဝိပဿနာ တရားကို စတင်၍ ပြသပေးတော်မူခဲ့ပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် နောက်ပိုင်းတွင် ဆဋ္ဌသင်္ဂါယနာတင်ရန် အလုပ်ကိစ္စများအတွက် အချိန်များစွာ ပေးရန်ရှိသည့်အတွက် ကိုယ်တော်တိုင် မဟောကြားတော့ဘဲ အသံသွင်းကြိုးခွေဖြင့်သွင်းကာ တရားအားထုတ်ကြမည့် ယောဂီများအား နာကြားစေ၍ တရားအားထုတ်စေခဲ့ပါသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ အလုပ်ပေးတရားတော်သည် (၁)နာရီအလုပ်ပေး၊ မိနစ် (၃၀) အလုပ်ပေး၊ (၁၅) မိနစ် ဝိပဿနာရှုပုံ လုပ်ငန်းစဉ်ဟူ၍ (၃)မျိုးရှိပါသည်။

(၁) နာရီအလုပ်ပေးတရား

(၁)နာရီ အလုပ်ပေးတရားတော်ကို ၁၃၃၆ ခုနှစ်၊ ဝါဆိုလ (၁၉၅၄ ခုနှစ်၊ ဇူလိုင်လ)တွင် ပထမအကြိမ် စတင်ပုံနှိပ်ထုတ်ဝေခဲ့ရာ ၁၃၇၇ ခုနှစ် (၂၀၁၆ ခုနှစ်)ထိ အကြိမ် (၂၀)ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ဤသို့ ထုတ်ဝေခဲ့ရာတွင် ဝိပဿနာအလုပ်ပေးတရားတော်အပြင် ဆရာတော်ကြီး ဟောကြားသော ဝေဒနာနုပဿနာတရားတော်ကြီးနှင့် ရွှေဘိုသို့ နှုတ်ခွန်းဆက်မိန့်ခွန်းတရားတော်ကြီးကိုလည်း ထည့်သွင်းရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။ ထို့ကြောင့် အလုပ်ပေးတရားသက်သက်ကိုသာ ယောဂီသူတော်စင်များ အလွယ်တကူ ဆောင်ယူဖတ်ရှုနိုင်ရန် အဆိုပါ (၁)နာရီတရားကို ၂၀၀၉ ခုနှစ်တွင် အိတ်ဆောင်အရွယ် (pocket) ဆိုဒ်ဖြင့် ဓမ္မဒါနအဖြစ် စတင်ထုတ်ဝေဖြန့်ချိခဲ့ရာ ၂၀၁၆ ခုနှစ်အထိ အကြိမ်များစွာ ရိုက်နှိပ်ထုတ်ဝေလျက်ရှိပါသည်။

မိနစ် (၃၀)အလုပ်ပေးတရား

မိနစ်(၃၀) ဝိပဿနာအလုပ်ပေးတရားကိုမူ မဟာစည်ရိပ်သာကြီးတွင် တရားဝင်သော ယောဂီများအား တရားဝင်သော ပထမနေ့ ညနေ (၃)နာရီအချိန်တွင် အသံသွင်းစက်ဖြင့် ဖွင့်လှစ်၍ နာယူစေခဲ့ပါသည်။ ယင်းတရားတော်ကိုလည်း မပျောက်ပျက်စေရန်အတွက် စာအုပ်အဖြစ် ၁၃၄၀ ခုနှစ်၊ နတ်တော်လ (၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလ)တွင် ပထမအကြိမ်အဖြစ် ထုတ်ဝေသော သာသနာ့ရိပ်သာငွေရတုတရားတော် စာအုပ်တွင် ဝိပဿနာအလုပ်ပေးတရားတော် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ထည့်သွင်း၍ ပုံနှိပ်ဖြန့်ချိခဲ့ပါသည်။ သာသနာ့ရိပ်သာငွေရတုတရားတော်ကို ဒုတိယအကြိမ် ၁၃၅၆ ခုနှစ်၊ ဝါဆိုလ (၁၉၉၄ ခုနှစ်၊ ဩဂုတ်လ)တွင် ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ယင်း (၃၀)မိနစ် ဝိပဿနာအလုပ်ပေးတရားတော်သက်သက်ကိုလည်း အလွယ်တကူ ဆောင်ယူဖတ်ရှုနိုင်စေရန် မြန်မာဘာသာဖြင့် အိတ်ဆောင်အရွယ်ထုတ်ဝေရန် စီစဉ်ထားပါသည်။

ဝိပဿနာရှုပုံလုပ်ငန်းစဉ်တရားတော်

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက “နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီး၏ အဖွဲ့ခွဲဖြစ်တဲ့ ပဋိပတ္တိသာသနာနုဂ္ဂဟအဖွဲ့က လျှောက်ထားတောင်းပန်လို့ ဟောရတာပဲ။ အဲဒီ သာသနာ့ဒါယကာ အဖွဲ့ရဲ့ လျှောက်ထားပုံကတော့ ဗမာပြည်မှာလှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူတိုင်းလူတိုင်း ဝိပဿနာလုပ်ငန်းစဉ်ကို နားလည်ပြီး အားထုတ်နိုင်အောင် သိလွယ်တဲ့နည်းနဲ့လည်း ဟောပါတဲ့။ ပြီးတော့ သွားလာ၊ ရောင်းဝယ်ရင်း အလုပ်အကိုင်မပျက်ဘဲ အားထုတ်းသွားနိုင်အောင် လွယ်ကူတဲ့ နည်းနဲ့လည်း ဟောပါတဲ့။ ဒီလိုခိုင်းတဲ့အတိုင်း ဟောရမယ်ဆိုရင်တော့ ကျမ်းဂန်စကားတွေ အကြောင်းယုတ္တိတွေ ဒီလိုနက်နဲတာတွေကို ထုတ်ပြနေဖို့မလိုတော့ပါဘူး။ အချိန်ကလည်း (၁၅)မိနစ်ထဲဆိုတော့ တကယ်တမ်းအားထုတ်သွားရမယ့် လုပ်ငန်းစဉ်ကိုချည်း လွယ်လွယ်နဲ့တည့်တိုး ဟောသွားရမှာပဲ”လို့ ပဏာမစကားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

အဆိုပါ ဝိပဿနာရှုပုံလုပ်ငန်းစဉ် အလုပ်ပေးတရားတော်ကြီးကို ယခင် မြန်မာ့အသံလက်ထက်တွင် အသံလွှင့်ခဲ့ကြောင်း သိရှိရသော်လည်း မည်သည့်ကာလများက လွှင့်ခဲ့သည်ကို တိတိကျကျမသိရှိရပါ။

(၁၅) မိနစ် ဝိပဿနာရှုပုံလုပ်ငန်းစဉ် တရားတော်ကို စာအုပ်အဖြစ် တစ်ခါမှ ပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့ခြင်း မရှိသေးပါ။ ယခုအခါ မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို မပျောက်မပျက် အရှည်တည်တံ့ ထိန်းသိမ်းနိုင်စေရန်အတွက်လည်းကောင်း၊ (၁၅)မိနစ် ဝိပဿနာရှုပုံ အလုပ်ပေးတရားတော်သည် အချိန်အနည်းငယ်အတွင်း လိုရင်းတိုရှင်း ထိထိမိမိ နားလည်သဘောပေါက်အောင် ဟောကြားထားသော တရားတော်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဓမ္မမိတ်ဆွေ စာတော်ဖတ်များ၏ လိုအပ်နေသော ကွက်လပ်ကိုဖြည့်ဆည်းသောအနေအားဖြင့် လည်းကောင်း၊ အချိန်တိုအတွင်းဖတ်ရှုပြီး လက်တွေ့ကျင့်ကြံပွားများ၍ ဝိပဿနာဉာဏ်များဖြစ်ပွားစေရန် အတွက်လည်းကောင်း၊ ထိုမှတစ်ဆင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေရန် စိတ်ရည်သန်၍ ကျွန်တော်များ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ အိတ်ဆောင်အရွယ် (pocket size) ဖြင့် ဓမ္မဒါန ထုတ်ဝေလိုက်ရပါကြောင်း။

 သတ္တဝါမှန်သရွေ့ တရားတွေ့ အေးမြချမ်းသာရှိကြပါစေ။

 

ဒေါက်တာတင့်စိုးလင်း

(ဥက္ကဋ္ဌ)

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

မဟာစည်သာသနာ့ရိပ်သာ။