"၂၃" ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲ သြဝါဒကထာ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ပြောဘို့ ရည်ရွယ်ထားတာကတော့ အပိုင်း(၇)ခုရှိပါတယ်။ ဘာတွေလဲဆိုလျှင်

"၂၃" ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲ သြဝါဒကထာ

Published Date - 1973

Author By - မဟာစည်ဆရာတော်ဘုရားကြီး

26 စာမျက်နှာ


၁၃၃၄-ခုနှစ်၊ နတ္တော်လပြည့်ကျော် (၃)ရက်

ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၌

၂၃ ကြိမ်မြောက် နှစ်ပတ်လည်ပွဲအကြိုနေ့တွင်

မဟာစည်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော

သြဝါဒကထာ

 

နက်ဖြန် ကျင်းပမည့် နှစ်ပတ်လည်သြဝါဒ ခံယူပူဇော်ပွဲအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ သာသနာ့ရိပ်သာ ကမ္မဋ္ဌာန်းဌာနများမှ ကမ္မဋ္ဌာနာစရိယ နာယကဆရာတော်များ ယခုလို တက်တက်ကြွကြွ ညီညီညွတ်ညွတ်နှင့် လာရောက်ကြတာကို တွေ့ရတဲ့အတွက် ဝမ်းမြောက်ပါတယ်။ ယခုနှစ်မှာ ကြွရောက်လာကြတာဟာ ယခင်နှစ်များကထက် များပါတယ်။ ကမ္မဋ္ဌာနာစရိယ အပါးရေ (၇၀)ကျော် ရှိတဲ့အကြောင်း ခုတင်က ဦးသံဝရက ဖတ်ကြားသွားတာကို ကြားလိုက်ရပါတယ်။ တချို့ ဆရာတော်များဆိုလျှင် လာရောက်နိုင်လိမ့်မယ်လို့တောင် မထင်ခဲ့မိပါဘူး။ ဒါပေမယ့် လာရောက်ကြတာကို တွေ့ရပါတယ်။ အဝေးဆုံးဖြစ်တဲ့ မြစ်ကြီးနားကလဲ လာရောက်တယ်၊ လေယာဉ် ခရီးဖြစ်တဲ့ ထားဝယ်နဲ့ ကျောက်ဖြူမြို့များမှလည်း ကြွလာကြတယ်။ မပင့်မဖိတ်ရဘဲနဲ့ မိမိတို့၏ သဒ္ဓါဆန္ဒအလျောက် ဒီလိုကြိုးစားပြီးလာကြတာကို တွေ့မြင်ရတဲ့အတွက် အထူးဝမ်းမြောက်တဲ့အကြောင်း နှုတ်ခွန်းဆက်သည့် အနေအားဖြင့် ရှေးဦးစွာ ပြောကြားပါတယ်။

ဒီကနေ့ညမှာ ယခင်နှစ်များကလိုဘဲ မဟာစည် သတိပဋ္ဌာန် ဝိပဿနာနည်းပြ ကမ္မဋ္ဌာနာစရိယ နာယက အရှင်မြတ်များအား သတိပေးစကား ညွှန်ကြားပြောဆိုဘို့ပါပဲ။ ပြောဘို့ ရည်ရွယ်ထားတာကတော့ အပိုင်း(၇)ခုရှိပါတယ်။ ဘာတွေလဲဆိုလျှင်

(၁)      ဝိနည်းကိုအလေးပြုရေး

(၂)      တရားကို အလေးပြုရေး

(၃)      နည်းလမ်းမှန်ကန်ကျနရေး

(၄)      အရှည်တည်တံ့ရေး

(၅)      အညီအညွတ် ဆောင်ရွက်ရေး

(၆)      နောက်နှစ်အတွက် အစီအစဉ်

(၇)      ဟောပြောရေး စသည်အတွက် အကြံပေးရန် ဆိုတဲ့ ဒီ(၇)ပိုင်းပါပဲ။