"၂၄" ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲ သြဝါဒကထာ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

၁၃၁၂ -ခုနှစ်၊ နတ္တော်လမှစပြီး နှစ်စဉ်နှစ်တိုင်း ဒီရိပ်သာမှာ နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကျင်းပ

"၂၄" ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲ သြဝါဒကထာ

Published Date - 1973

Author By - မဟာစည်ဆရာတော်ဘုရားကြီး

60 စာမျက်နှာ


၁၃၃၅-ခုနှစ်၊ နတ္တော်လဆန်း(၁၄)ရက်

ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ

၂၄ ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲ အကြိုနေ့၌

အဂ္ဂမဟာပဏ္ဍိတ

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး

မိန့်ကြားတော်မူသော

သြဝါဒကထာ

 

ဒီရန်ကုန်မြို့၊ သာသနာ့ရိပ်သာမှာ ၁၃၁၁ ခုနှစ်၊ နတ္တော်လပြည့်နေ့က စတင်ပြီး သတိပဋ္ဌာန်ဝိပဿနာတရား ဟောကြားညွှန်ပြခဲ့ပါတယ်။ ဒါကြောင့် အဲဒီနေ့ရက်ကစပြီး ဒီရိပ်သာမှာ သတိပဋ္ဌာန်ဝိပဿနာတရားကို အမြဲမပြတ် အားထုတ်လာခဲ့ကြတယ်၊ ဟောပြောလဲ ဟောပြောလာခဲ့ကြတယ်။ ဒီလို ဟောပြောကြ အားထုတ်ကြရာမှာ တဖြည်းဖြည်း ပြန့်ကျယ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံအနှံ့အပြား သတိပဋ္ဌာန် ဝိပဿနာကမ္မဋ္ဌာန်းဌာန သာသနာ့ရိပ်သာတွေ တိုးပွားလာခဲ့ပါတယ်။

ရွှေဘိုနယ်မှာတော့ ၁၃၀၀ ပြည့်နှစ် ကစပြီး သတိပဋ္ဌာန်ဝိပဿနာ ကမ္မဋ္ဌာန်းဌာနတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် အများအားဖြင့်ဆိုယင်တော့ ဒီရိပ်သာကို သတိပဋ္ဌာန် ဝိပဿနာ ကမ္မဋ္ဌာန်းဌာနအဖြစ် ဖွင့်လှစ်တဲ့ ၁၃၁၁ ခုနှစ်၊ နတ္တော်လပြည့်နေ့ကို အကြောင်းပြုပြီးတော့ ၁၃၁၂ ခုနှစ် နတ္တော်လမှစပြီး နှစ်စဉ်နှစ်တိုင်း ဒီရိပ်သာမှာ နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကျင်းပလာခဲ့ ပါတယ်။

ယခုနှစ်မှာ ၂၄ ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီလိုကျင်းပရာမှာ ရည်ရွယ်ချက်ကတော့ ပဋိပတ္တိသာသနာတော် တိုးတက်ရေးအတွက် အညီအညွတ် ဆောင်ရွက်သွားနိုင်ဘို့ဖြစ်ကြောင်း ယခင်နှစ်က သြဝါဒကထာထဲတွင် အညီအညွတ် ဆောင်ရွက်ရေးဆိုတဲ့ အပိုင်းထဲမှာ ပြောခဲ့ပါပြီ။ အဲဒီ အညီအညွတ် ဆောင်ရွက်ရေးကို အားပေးတဲ့အနေဖြင့် ယခင်နှစ်က ကြွလာကြတဲ့ ကမ္မဋ္ဌာနာစရိယ အရှင်မြတ်တွေဟာ (၇၀)ကျော်ရှိခဲ့ပါတယ်။

ယခုနှစ်မှာတော့ ယခင်နှစ်က နှိုးဆော်ဖိတ်ကြားထားတဲ့ အတွက် ယခင်နှစ်စံချိန် (၇၀) နှစ်လီ (၁၄၀)မျှမကဘဲ (၂၀၀)ခန့်အထိ ကြွလာကြတာကို တွေ့မြင်ရလို့ ပဋိပတ္တိသာသနာတော် တိုးတက်ရေးအတွက် မျှော်မှန်းပြီး ဝမ်းမြောက်တဲ့အကြောင်း နှုတ်ခွန်းဆက်သည့် အနေအားဖြင့် ရှေးဦးစွာ ပြောကြားပါတယ်။ 

ယခုနှစ်ပြောကြားဘို့ သြဝါဒစကားကတော့ ယမန်နှစ်က ပြောခဲ့တဲ့အတိုင်း အပိုင်း (၇)ခုကို မူတည်ပြီး ပြောဘို့ ရည်ရွယ်ထားပါတယ်။

နံပါတ် (၁)က   ဝိနည်းကိုအလေးပြုရေး

နံပါတ် (၂)က   တရားကို အလေးပြုရေး

နံပါတ် (၃)က   နည်းလမ်းမှန်ကန်ကျနရေး

နံပါတ် (၄)က   အရှည်တည်တံ့ရေး

နံပါတ် (၅)က   အညီအညွတ် ဆောင်ရွက်ရေး

နံပါတ် (၆)က   နောက်နှစ်အတွက် အစီအစဉ်

နံပါတ် (၇)က   ဟောပြောရေး စသည်အတွက် ညွှန်ကြားရေးဆိုတဲ့ ဒီအပိုင်း ၇ ခုကို မူတည်ပြီး ပြောဘို့ပါဘဲ။