ကျောင်းအနုမောဒနာတရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ချမ်းမြအောင်စည်ရိပ်သာဖွင့်ပွဲ အနုမောဒနာတရားတော်နှင့် ချမ်းမြအောင်စည်သာသနာ့ရိပ်သာသမိုင်း

ကျောင်းအနုမောဒနာတရားတော်

Published Date - 1982

Author By - မဟာစည်ဆရာတော်ဘုရားကြီး

98 စာမျက်နှာ


ချမ်းမြအောင်စည် သာသနာ့ရိပ်သာ၌

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး

ဟောကြားတော်မူအပ်သော

ကျောင်းအနုမောဒနာတရားတော်

 

ယနေ့ ၁၃၄၃ ခု၊ တပေါင်းလပြည့်ကျော် (၅)ရက်၊ တနင်္ဂနွေနေ့၊ အချိန်ကတော့ (၁)နာရီနဲ့ မိနစ် (၃၀)၊  ဟောရမယ့်တရားကတော့ ချမ်းမြအောင်စည် သာသနာ့ရိပ်သာအတွင်း ဆောက်လုပ်ထားတဲ့ကျောင်း (၁၀)ကျောင်းနှင့်တကွ တံတိုင်းစတဲ့ အဆောက်အအုံ အလှူဝတ္ထု အရပ်ရပ်ကို ရေစက်ချ အမျှဝေရာ၌ အနုမောဒနာတရားတဲ့။

တရားကိုတော့ ခပ်ကျဉ်းကျဉ်းပဲ ကြည့်ပြီးတော့ ဟောရမှာပေါ့လေ။ ဒါပေမယ့်လို့ အဆင်မပြေ မဖြစ်ရအောင်ဆိုပြီး တရားနဲ့ပတ်သက်တဲ့ စာလေးတွေကို အကုန်ယူလာရတယ်။ ဟောပြောတဲ့အခါ ဖြုန်းကနဲမပေါ်ဘဲဖြစ်နေမှာစိုးလို့ စာလေးတွေကို အပြည့်အစုံ ယူလာရတာပဲ။ သာသနာ့ရိပ်သာထဲမှာ တရားအားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်တွေ ချမ်းချမ်းသာသာ တရားအားထုတ်ရအောင်လို့ ကျောင်းအဆောက်အအုံလေးတွေ ဆောက်လုပ်ပြီး သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေက လှူဒါန်းကြတယ်။ အဲဒါတွေကို စုပေါင်းပြီးတော့ ယခု ရေစက်ချဖို့ပါပဲ။