မဟာသတိပဋ္ဌာနသုတ်တရားတော်ကြီး

Author By - မဟာစည်ဆရာတော်ဘုရားကြီး

လွယ်လင့်တကူ နာကြား၍၊ သဒ္ဓါတရားဖြစ်ပေါ်ကာ၊ သတိပဋ္ဌာန်ဘာဝနာကို မှန်ကန်စွာ ပွါးစေလျက် မဂ်, ဖိုလ်, နိဗ္ဗာန် တိုင်အောင် ရှေ့ဆောင်ညွှန်ကြား ကျေးဇူးများပေမည်”

မဟာသတိပဋ္ဌာနသုတ်တရားတော်ကြီး

Published Date - 1951

Author By - မဟာစည်ဆရာတော်ဘုရားကြီး

44 စာမျက်နှာ


နိဒါန်း 

မဟာသတိပဋ္ဌာန် တရားတော်ကြီးဟူသော အမည်ဖြင့် ဤစာအုပ်ငယ်ကလေး ထွက်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၏ ဒါယကာ “သတိုးသီရိသုဓမ္မ သူဌေးကြီး ဆာဦးသွင် က ဗုဒ္ဓသာသနာတော်မှာ အစဉ်ကျေးဇူးများ၍ အထူးလေးစားကြည်ညိုထိုက်သော တရားတော်တစ်ပုဒ်ကို အသံသွင်းထားလိုပါသည်။ တစ်နာရီခန့်မျှဖြင့် ပြည့်ဝစုံလင်အောင် စီစဉ်၍ ချီးမြှောက်တော်မူပါရန်” တောင်းပန်လျှောက်ထားသောကြောင့်၊ သာသနာ့ရိပ်သာတွင် ဝိပဿနာလက်တွေ့တရားကို ဟောကြားညွှန်ပြ သြဝါဒပေးလျက်ရှိသော “ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး” သည် “မဟာသတိပဋ္ဌာန်တရားတော်ကြီး”ကို အသံသွင်းထားရလျှင်၊ နာလိုသူများ လွယ်လင့်တကူ နာကြား၍၊ သဒ္ဓါတရားဖြစ်ပေါ်ကာ၊ သတိပဋ္ဌာန်ဘာဝနာကို မှန်ကန်စွာ ပွါးစေလျက် မဂ်, ဖိုလ်, နိဗ္ဗာန် တိုင်အောင် ရှေ့ဆောင်ညွှန်ကြား ကျေးဇူးများပေမည်” ဟု မြော်မြင်တော်မူကာ၊ သာသနာ့ရိပ်သာတွင် ၁၃၁၂ ခု၊ တပေါင်းလဆုတ် (၈)ရက်နေ့က မဟာသတိပဋ္ဌာန် တရားတော်ကြီးကို အသံသွင်းယူစေရန်၊ အကျဉ်းချုပ်အားဖြင့် ဟောကြားချီးမြှောက်တော်မူခဲ့ပေသည်။

အသံသွင်းယူထားသော ဤတရားတော်ကို နာကြားကြရသော ရဟန်း, ရှင်, လူ , အပေါင်း ယောဂီသူတော်စင်ကောင်းတို့သည် မိမိတို့၏ ကိုယ်တွေ့ဖြစ်ပုံနှင့် အလုံးစုံညီညွတ်လှသဖြင့် အားရနှစ်ထောင်း ကောင်းကောင်းကြီးသဘောကျပြီးလျှင် “စာအုပ်ကလေးတစ်ခုအဖြစ်ဖြင့် ပုံနှိပ်ဖြန့်ဝေရလျှင် သာ၍ပင်ကျေးဇူးများမည်”ဟု သဒ္ဓါဆန္ဒဖြစ်ပွားကြ၍ ၎င်းတရားတော်ကို ပုံနှိပ်ခွင့်ပြုရန် တောင်းပန်လျှောက်ထားကာ ဆရာတော်၏ခွင့်ပြုချက်ရပါ၍ သာသနာ့ရိပ်သာ မဟာစည်ယောဂီအပေါင်းတို့က ပုံနှိပ်ဝေငှရန် စီမံကြရာတွင် ရန်ကုန်မြို့ အမြတ်တော်ဝန်ထောက်မင်း ဦးသာဒင်အမှူးရှိသော သာသနာ့ရိပ်သာ မဟာစည်ယောဂီအပေါင်းတို့က ဓမ္မဒါန ကုသိုလ်အဖြစ်ဖြင့် ပုံနှိပ်လှူဒါန်းအပ်ပါကြောင်း။

 

                                                                                                ရွှေဘိုဆရာတော် ဦးမုနိန္ဒ

သာသနာတော်နှစ် ၂၄၉၅                                                                                           သာသနာ့ရိပ်သာ

မြန်မာနှစ် ၁၃၁၃                                                                                                                   ရန်ကုန်မြို့