ကာမသုတ္တန်တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

အလွယ်ဆုံး အရှင်းဆုံး အမြန်ဆုံး တွေ့သိသဘောပေါက်နိုင်လောက်အောင် လိုအပ်သည့်အဓိပ္ပါယ်မျှကိုသာ သွင်း၍ကျဉ်းကျဉ်းနှင့် လိုရင်းရောက်သည်အထိ ရှင်းလင်းညွှန်ပြ ဟောကြားထားတော်မူသည်။

ကာမသုတ္တန်တရားတော်

Published Date - 1974

Author By - မဟာစည်ဆရာတော်ဘုရားကြီး

77 စာမျက်နှာ


"ကာမကို အကြောင်းပြုပြီး ဟောတဲ့သုတ်ဖြစ်တဲ့အတွက် ဒီသုတ်ကို ကာမသုတ်လို့ခေါ်ပါတယ်။       သုတ္တ နှင့် သုတ္တန္တ ဆိုတာ အနက်အားဖြင့်အတူတူပါပဲ၊ ဒါကြောင့် ကာမသုတ္တန်လို့လည်း ခေါ်ရပါတယ်။ မြတ်စွာဘုရား ဟောတော်မူတဲ့သုတ်တရားတွေဟာ ကာမဂုဏ်နဲ့ ကိလေသာတွေကိုပယ်ဖို့၊ အရိယာမဂ်ဖိုလ်တရားကိုရောက်ဖို့ ရည်ရွယ်ပြီး ဟောတော်မူတာချည်းပါပဲ။ ဘာဝနာနဲ့ပြောရမယ်ဆိုရင် တော့ သတိပဋ္ဌာန်လေးပါးအစရှိတဲ့ ဗောဓိပက္ခိယတရားတွေကို ပွားများပြီး အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်ဖို့ချည်းပါပဲ၊ ဒီသုတ်မှာတော့ ကာမဂုဏ်ကို အခြေပြုပြီး ဟောထားတယ်။"


လက်ဦးရှုဖွယ်

ဤတရားတော်ကို လှူဒါန်းရခြင်းအကြောင်း

ကျွန်တော်များမိသားစုသည် ပစ္စည်းလေးပါးဖြစ်​သော အာမိသအလှူများကို လှူဒါန်းခဲ့သည်မှာ များလှပါပြီ၊ ယခုအကြိမ် ကျွန်တော်၏သားနှင့် တူများအား ရှင်ပြုရဟန်းခံပွဲ မင်္ဂလာနှစ်ရပ်ကို  ပြုလုပ်၍ သာသနာတော်အတွင်းသို့ သွတ်သွင်းချီးမြှင့်ရာဝယ် အာမိသဒါနဖြစ်သော ဝတ္ထုပစ္စည်းများအပြင် ဓမ္မဒါနကိုပါ ပြုလုပ်လှူဒါန်းလိုသော သမ္မာဆန္ဒများ တဖွားဖွား ပေါ်ပေါက်လာပါသည်။ ယင်းသို့ သမ္မာဆန္ဒများ တဖွားဖွားဖြစ်ပေါ်လာပြီးနောက် ကျွန်တော်များ အိမ်ထောင်စု၏ အများဆန္ဒ သဘောအရ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်များမှ ဤကာမသုတ္တန် တရားတော်ကို ဓမ္မဒါနပြုဖို့ သဘောတူကြပါသည်။

လောကသဘာဝ

လောကတွင် အတက်ရှိလျှင် အဆင်းရှိရသကဲ့သို့ ချမ်းသာရှိလျှင်လည်း ဆင်းရဲကားရှိမြဲသာဖြစ်သည်။  ချမ်းသာနှင့်ဆင်းရဲသည် ဒွန်တွဲ၍သွားနေသည်။ သို့သော် များစွာသောသူတို့သည်ကား ချမ်းသာနေစဉ် အခါဝယ် “ငါသည် မည်မျှချမ်းသာနေသည်၊ ဤ ချမ်းသာသည် မည်ကဲ့သို့ ဖောက်ပြန်နိုင်သည်”ဟု သတိမရ၊ မသိကြပေ။ ဆင်းရဲကိုတွေ့ရသောအခါ၌ကား စိတ်အားကုန်ခမ်း ညှိုးနွမ်းထိတ်လန့်လျက် သတိသံဝေဂ ရကြလေတော့သည်။ ဆင်းရဲလေလေ သံဝေဂရ ဆိုသည့် မြန်မာစကားပုံအတိုင်း လုံးဝဆင်တူခံစားလာကြရလေသည်။

ချမ်းသာနေစဉ် ချမ်းသာကိုခံစားနေရသည်ဟု မသိခြင်းမှာ သားသမီးနှင့် ဇနီး အိမ်ရာ ဥစ္စာ ခြွေရံ မိတ်ဆွေ ပေါင်းရံလျက် ပြည့်စုံနေသည့် ကာမဂုံအာရုံတော်အပေါ်မှာ နှစ်သက်သာယာ နစ်မြုပ်မျောပါပြီး အလွန်အမင်း အားကိုးနေခြင်းကြောင့်ပင်ဖြစ်သည်။ ယင်းသို့ နှစ်သက်သာယာ နစ်မြုမျောပြပြီး ပျော်တပြုံးပြုံးဖြစ်နေတုန်းအချိန်မှာပင် ကာမဂုံအာရုံတွေ ပျက်စီးဆုံးရှုံးသွားခဲ့လျှင် စိတ်နွမ်း ကိုယ်နွမ်း ရောဂါလွှမ်း၍ ဘရမ်းဘတာ ပျက်စီးသွားတတ်ကြသည်အထိ ဖြစ်တတ်ကြသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ “သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မ ဒါယာဒါ- သတ္တဝါအားလုံးသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည် (မိမိကံအတိုင်းသာလာ၍ မိမိကံအတိုင်းသာသွားကြသည်၊ တစ်ပါးသူနှင့် ဘာမျှ မစပ်ဆိုင်)၊ ကံသာလျှင် အမွေခံဥစ္စာရှိကြသည်။” (ဆိုးမွေ ကောင်းမွေ ဟူသမျှသည် မိမိပြုထားခဲ့သော ကံ၏အကျိုးပေးအရသာ ခံစားရရှိကြသည်၊ မည်သူ၏ ပယောဂနှင့်မျှ မစပ်ဆိုင်)ဟု အသိဉာဏ်မပေါက်ကြခြင်းကြောင့်သာ ဖြစ်ပေသည်။

ဤတရားတော်၏ ရည်ညွှန်းချက်

လူ့သဘာဝ လူ့ဆန္ဒအရ ဘဝတကွေ့တွင် တွေ့ကြုံရတတ်သည့် ဤသဘောတရားများကို ပယ်ဖျောက်နိုင်ရန်အတွက် ဤကာမသုတ္တန်တရားတော်တွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက သတ္တဝါများစွာတို့သည် ကာမဂုဏ်အာရုံများ၌ တပ်မက်သာယာ ဆာလောင်တောင့်တမှုဟူသမျှကို ပယ်ရှား၍ ကျော်လွှား လွန်မြောက်နိုင်စေကြောင်းဖြစ်သော ဝတ္ထုကြောင်းများဖြင့်လည်းကောင်း၊ လောကဥပမာများဖြင့်လည်းကောင်း၊ သတိပဋ္ဌာန်ရှုမှတ်ပွားများနည်းများဖြင့်လည်းကောင်း သညာသိ၊ ဝိဉာဏ်သိအပြင် ပညာသိအထိ အလွယ်ဆုံး အရှင်းဆုံး အမြန်ဆုံး တွေ့သိသဘောပေါက်နိုင်လောက်အောင် လိုအပ်သည့်အဓိပ္ပါယ်မျှကိုသာ သွင်း၍ကျဉ်းကျဉ်းနှင့် လိုရင်းရောက်သည်အထိ ရှင်းလင်းညွှန်ပြ ဟောကြားထားတော်မူသည်။

ဤမျှ နက်ရှိုင်းကျယ်ပြန့်၍ အစ အလယ် အဆုံးဟူသော ကောင်းခြင်းသုံးပါးလုံးနှင့် ပြည့်စုံလှပေသော ဤကာမသုတ္တန်တရားတော်ကို နာယူဖတ်ရှု မှတ်သားကြရသော ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့သည် တရားတော်တွင်ပါရှိသော အနက်အဓိပ္ပါယ်များအတိုင်း ရှုမှတ်ပွားများအားထုတ် နိုင်ကြပြီးလျှင် ဝိပဿနာဉာဏ်အစဉ်  မဂ်ဉာဏ်အစဉ်ဖြင့် နိဗ္ဗာန်ချမ်းသာကို  လျင်မြန်စွာဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြလိမ့်မည်။ မျက်မှောက်ပြုနိုင်ကြပါစေဟူသော သမ္မာဆန္ဒ အာသီသပြင်းပြစွာဖြင့် မေတ္တာဓမ္မဒါနကမ်းလှမ်းအပ်ပါသည်။

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့သည် ကျွန်တော်များမိသားစု၏ ပဗ္ဗဇ္ဇမင်္ဂလာ ဥပသမ္ပဒ မင်္ဂလာပွဲသို့ ကြွရောက်ပါမည့်အကြောင်း ထပ်လောင်း၍ လေးမြတ်စွာဖိတ်ကြားအပ်ပါသည်ခင်ဗျား။


ဦးသိန်းအောင်

အကျိုးဆောင်အထွေထွေအတွင်းရေးမှူး

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

သာသနာ့ရိပ်သာ၊ ဟာမစ်တိတ်လမ်း

ကုက္ကိုင်း၊ ရန်ကုန်မြို့။