မာလုကျပုတ္တသုတ်တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဒွါရခြောက်ဖြာမှ ထင်ပေါ်ရာ ရုပ်နာမ်ကို ရှုမှတ်၍ ဝိပဿနာဉာဏ်ဖြစ်ပုံ, ကိလေသာကင်းပုံ, ဝဋ်ဆင်းရဲ ငြိမ်းပုံတို့ကို တိကျစွာ ပေါ်လွင်စွာ ရှင်းလင်း ဟောကြားထားပါသည်။

မာလုကျပုတ္တသုတ်တရားတော်

Published Date - 1978

Author By - မဟာစည်ဆရာတော်ဘုရားကြီး

246 စာမျက်နှာ


ယုံဘွယ်ညွှန်းပြ သာဓက 

ဤစာရေးသူ၏ ရဟန်းဒါယကာ ဦးမြစိန်သည် ညစဉ် (၂)နာရီမျှ တလခန့် အားထုတ်ဖူးသည်၊ ရဟန်းအမသည်ကား ထူးကြီးမြို့ (၄၅)ရက်စခန်းမှာ ၄၃-ရက်ကြာ အားထုတ်ဖူးသည်။ ထိုမှနောက်၌ ရဟန်းဒါယကာထံမှ စာတစောင် ဖတ်ရသည်မှာ-

“တပည့်တော်တို့ တရားအားထုတ်လို့ ရလာတဲ့အကျိုးအမြတ်ဟာ ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီးရေးတဲ့ ကျမ်းစာတွေကို ဖတ်ရတာ အရသာတွေ့လာတယ်၊ ဖတ်မိယင် စာအုပ်ကို လက်ကမချချင်ဘူး၊ ဦးပဉ္စင်းရဲ့ ဒါယိကာမ မိအေးမြိုင်ကလဲ ခဏ ခဏ စာဖတ်ပြပါဆိုတယ်၊ သူအားထုတ်တုန်းက တွေ့သိတာတွေနဲ့ ကိုက်တာတွေပါနေလို့တဲ့၊ သူက စာမဖတ်တတ်တော့ တပည့်တော်ကဘဲ ဖတ်ပြနေရတယ်၊ အရင်ကဆို မဟာစည်စာအုပ်ကို ဖတ်ရတာ နားထောင်ရတာ စိတ်မဝင်စားကြဘူး၊ အခုတရားလဲ နာတတ်ပြီ၊ စာလဲ ဖတ်တတ်ပြီ၊ တရားအားထုတ်တာ အချိန်တွေ နောက်ကျသွားတယ် တွေးမိတယ်” ဟူ၍ ဖြစ်သည်။

မာလုကျပုတ္တသုတ် တရားတော်

ပရိယတ္တိ-စာပေပညာရှင် သူတော်စင်များနှင့် ပဋိပတ္တိ ကိုယ်တွေ့ဉာဏ်မြင်ပညာရှင် မြှော်လင့်နေကြတဲ့ မာလုကျပုတ္တသုတ်တရားတော်ကြီး ယခု ထွက်ပေါ်လာပြန်ပါပြီ။ ဤမာလကျပုတ္တသုတ် တရားတော်ကြီး၌ ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးက-

“ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဘဝိဿတိ” စသည်အရ ဒွါရခြောက်ဖြာမှ ထင်ပေါ်ရာ ရုပ်နာမ်ကို ရှုမှတ်၍ ဝိပဿနာဉာဏ်ဖြစ်ပုံ, ကိလေသာကင်းပုံ, ဝဋ်ဆင်းရဲ ငြိမ်းပုံတို့ကို တိကျစွာ ပေါ်လွင်စွာ ရှင်းလင်း ဟောကြားထားပါသည်။

လက်ငင်းချမ်းသာလိုသလော

အို-ပညာရှိ သူတော်ကောင်း၊ သင်သည် လက်ငင်း ချမ်းသာခြင်းကို ရယူလိုပါမူ ရှုမှတ်ပွားများ အားထုတ်ပုံ ပြည့်စုံစွာညွှန်ပြ ဟောကြားထားသာ ဤ ‘မာလုကျပုတ္တသုတ်’ တရားတော်ကြီးကို သေချာဂန ဖတ်ရှု လေ့လာပြီး တိကျပြည့်ဝစွာ အားထုတ်ကြည့်စမ်းပါ။

အာမခံရဲတင်း ပွင့်လင်းလှသည်

(အာနိသံသကထာ-အကျိုးပြစကား၊ မဟာသတိပဋ္ဌာနသုတ်တော်။)

ဘိက္ခဝေ-သံသရာအပြစ်ဘေး နောင်အရေးကို မြှော်တွေးသိမြင် ပညာရှင် အို-သူတော်ကောင်းတို့၊ ယော ဟိ ကောစိ အမှတ်မရှိ တစုံတယောက်သော ယောဂီသည်၊ ဣမေ စတ္တာရော သတိပဋ္ဌာနေ- (ကာယာနုပဿနာ သတိပဋ္ဌာန်, ဝေဒနာခနုပဿနာ သတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်) ဤသတိပဋ္ဌာန်တရားလေးပါးတို့ကို၊ ဧဝံ- ယခုဟောပြခဲ့တဲ့ ရှုမှတ်အားထုတ်ပုံနည်းအတိုင်း သတ္တာဟံ-ခုနစ် (၇)ရက်၊ ဘာဝေယျ- (ရှုမှတ်အားထုတ်လျက် ဝိပဿနာဉာဏ်တို့ကို) ဖြစ်ပွားစေငြားအံ့၊ (ဧဝံ ဤသို့ဖြစ်ပွားစေပါလျှင်) တဿ- ထိုယောဂီအား၊ ဒိဋ္ဌေဝဓမ္မေ- မျက်မှောက် အတ္တဘော ယခုဘဝ၌ပင်လျှင်၊ အညာ ဝါ-အရဟတ္တဖိုလ် ဖြစ်စေ၊ သတိ ဥပါဒိသေသေ၊ စွဲလမ်းမှု ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင်၊ အနာဂါမိတာ ဝါ-အနာဂါမိဖိုလ်ဖြစ်စေ၊ ဒွိန္နံ ဖလာနံ-ဤ ၂-ပါးသောဖိုလ်တို့တွင်၊ ဝါ-အရဟတ္တဖိုလ်, အနာဂါမိဖိုလ် ၂-ပါးထဲက၊ အညတရံ ဖလံ တပါးပါးသောဖိုလ် (ရဟန္တာအဖြစ် အနာဂါမ်အဖြစ် တပါးပါး)ကို၊ ပါဋိကင်္ခံ- မချွတ်ဧကန် အမှန်ပင် ရမည်ဟု ပုံသေဒိဋ္ဌ စိတ်ချယုံကြည်ရပေသတည်း။

ဤသည်မှာ မြတ်စွာဘုရား၏ ပွင့်လင်းရဲတင်းသော အာမခံချက်ကြီးဖြစ်ပါသည်၊ ရ-ရက်အားထုတ် လျှင်ပင် ရဟန္တာဖြစ်၍ အနာဂါမ်ဖြစ်၍ လက်ငင်းချမ်းသာခြင်းကို ရယူနိုင်သည်၊ သကဒါဂါမ်ဖြစ်၍ သောတာပန်ဖြစ်၍လည်း လက်ငင်းချမ်းသာခြင်းကို ရယူနိုင်သည်၊ ဆိုပြီးသော အရိယာ စခန်းသို့ မရောက်သေးတောင်မှ ဝိပဿနာဉာဏ်များ ပြည့်စုံစွာဖြစ်အောင် အားထုတ်ထားသူ ယောဂီမှာ “ဖြစ်ပေါ်လာသော စိတ်အနှောက်အယှက်များကို ရှုမှတ်ပြီးပယ်လိုက်လျှင် လက်ငင်းပင် ချမ်းသာခြင်းကို ရယူနိုင်သည်” ဟု တိကျပြည့်ဝစွာ အားထုတ်ဖူးသူ ယောဂီတိုင်း မငြင်းကွယ်သာ ဝန်ခံကြရပါသည်။ 

မဟာသတိပဋ္ဌာနသုတ်တော် ညွှန်ကြားချက်နှင့်အညီ 

ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးသည် ဤ “မာလုကျပုတ္တသုတ်” တရားတော်ကြီးကို မဟာသတိပဋ္ဌာနသုတ်တော် ညွှန်ကြားချက်များဖြင့် တိကျပြည့်စုံစွာ အမွှန်းတင်လျက် တန်ဆာဆင်၍ “ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဘဝိဿတိ” စသည်အရ မြင်တိုင်းကြားတိုင်း၊ နံတိုင်း၊ စားသိတိုင်း၊ တွေ့ထိတိုင်း၊ လှမ်းသွားတိုင်း၊ ကွေးတိုင်း၊ ဆန့်တိုင်း၊ စောင်းတိုင်း၊ လှည့်တိုင်း၊ ယူတိုင်း၊ ထားတိုင်း၊ ထိုင်တိုင်း၊ အိပ်တိုင်း၊ ရပ်တိုင်း၊ ဖောင်းတိုင်း၊ ပိန်တိုင်း၊ ပူတိုင်း၊ အေးတိုင်း၊ နွေးတိုင်း၊ ရှိန်တိုင်း၊ စိတ်ကူး၊ စဉ်းစားကြံစည်တိုင်း၊ တွေးတိုင်း၊ ဒွါရခြောက်ဖြာမှ ထင်ပေါ်ရာ ရုပ်နာမ်ကို ရှုမှတ်၍ ဝိပဿနာဉာဏ်များ ဖြစ်ပေါ်ပုံ၊ မဂ်ဖိုလ်ဉာဏ်များ ဖြစ်ပေါ်ပုံ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုပုံ၊ သိမြင်ပုံ၊ ကိလေသာကင်းပုံ၊ ဝဋ်ဆင်းရဲကင်းပုံတို့ကို အကွက်စေ့စေ့ သူတော်ကောင်း ပညာရှင်များ သဘောတွေ့ မနောခွေ့အောင် ပြောင်မြောက်စွာ ဟောတော်မူထားပါသည်။

သိဘွယ် မှတ်ဖွယ် အသွယ်သွယ်

ဤ “မာလုကျပုတ္တသုတ်” တရားတော်ကြီးကို သေချာစွာလေ့လာဖတ်ရှုပါလျှင် မြတ်စွာဘုရားအလိုတော်နှင့် ညီညွတ်သော မှန်ကန်တိကျသော ဝိပဿနာ အားထုတ်နည်းကို ဧကန်သိနားလည်ကြရမည်သာ ဖြစ်ပါသည်၊ ထို့အပြင် သိဘွယ်မှတ်ဖွယ် အသွယ်သွယ်သော ဗဟုဿုတများလည်း ပြည့်ဝလာမည်မှာ မလွှဲဧကန် အမှန်ပင်ဖြစ်ပါသည်၊ အနည်းငယ် အမြွက်မျှ ထုတ်ပြရပါမူသမ္မပ္ပဓာန် အမှတ် (၃) ဒါန, သီလ, သမထ, ဝိပဿနာကုသိုလ်များကို ပြုလုပ်ဖွယ် မလိုဟူသော အယူအစွဲ ထင်ပေါ်လာသော ဤခေတ်မှာ ယင်းလွဲမှားမှုကို ဤတရားတော်စာအုပ် နှာ (၈) က သမ္မပ္ပဓာန် အမှတ် (၃) ဖြင့် လမ်းတည့်ပေးထားသည်။

ကိုယ်နှင့်အသက် မငဲ့ကွက်ပဲ

နိဗ္ဗာန်ရရေးအတွက် တကယ်တန်း အားထုတ်သော ပုဂ္ဂိုလ်မှန်လျှင် ကိုယ်နှင့်အသက် မငဲ့ကွက်ပဲ တင်းတင်းရင်းရင်း ထက်ထက်သန်သန် အားထုတ်သင့်ကြောင်းကို ဤတရား စာအုပ်နှာ (၉)၌ ပဟိတတ္တော-ပုဒ်အဖွင့်ဖြင့် ဖော်ပြထားသည်မှာ သဘာဝကျလှပါပေသည်။

အတုယူဖွယ်

အသက်ငယ်သူများလည်း တရားအားထုတ်သင့်ပုံ၊ အသက်ကြီး၍ အရွယ်လွန်သူများလည်း စိတ်ဓာတ်ကျဆင်းဖွယ် မရှိပုံကို နှာ (၁၂) မာလုကျပုတ္တ ရဟန်းအိုကြီးဖြင့် စာရှုသူအား ပညာပေးထားသည်။

အဒိဋ္ဌပုဗ္ဗာ မှတ်ဖွယ်

မြင်မှုဆိုင်ရာမှာ ကိလေသာဖြစ်နိုင်, မဖြစ်နိုင် မေးခွန်းထုတ်ကာ ဝိပဿနာအလုပ် ထုတ်ဖော်ညွှန်ကြား ထားသည်ကိုလည်း နှာ (၁၄) မှ စ၍ ဖတ်ရှုလေ့လာနိုင်ပါသည်၊ အာရမ္မဏာနုသယ ကိလေသကိန်းသည်ကို ဓာတ်ပုံဥပမာဖြင့် နှာ (၂၅)မှာ ပြထားသည်၊ ပဋိစ္စသမုပ္ပါဒ်, ပဋ္ဌာန်း အဘိဓမ္မာစသည် လေ့လာပြီး ရုပ်နာမ် အနိစ္စ ဒုက္ခ အနတ္တဟု စိတ်ကူးမျှဖြင့် ရှုနေသော ဝိပဿနာ အတုများကို နှာ (၂၆) နှင့် (၇၃)မှာ သုံးသပ်၍ အစစ်ကို ညွှန်ပြထားသည်၊ မြင်ရာစသည်၌ စိတ်ဖြစ်ပေါ်လာပုံ များကိုလည်း နှာ (၃၀) မှစ၍ စိတ်ဝင်စားဖွယ် ဖတ်ရှုနိုင်ပါသည်။

အာရမ္မဏာနုသယ ကင်းငြိမ်းအောင်

မြင်တဲ့အခါ ဖြစ်ပေါ်တဲ့ ရုပ်နာမ်များ၌ မရှုမမှတ်၍ (အနိစ္စ ဒုက္ခ အနတ္တ) ဟု အမှန်အတိုင်းမသိလျှင် ကိလေသာ ကိန်းသည်၊ အကြောင်းသင့်သောအခါ ဖြစ်ခွင့်ရရှိသွားသည်၊  ယင်းသို့ ကိလေသာ ဖြစ်ခွင့်ရရှိသွားခြင်းကို အာရမ္မဏာနုသယ ကိလေသာ ကိန်းသည်ဟု ခေါ်သည်၊ ယင်း ကိလေသာ မကိန်းနိုင်အောင် ပညတ်နယ်သို့ မရောက်မီမှာ “မြင်တယ်”ဟု ရှုမှတ်ရပုံကို ဤစာအုပ် နှာ (၃၇) မှာ ဖော်ပြပြီးနောက်--

မြင်ဆဲမှာ မြင်နေတုန်းမှာ

“မြင်တယ်” ဟု ရှုမှတ်သူမှာ သတိသမာဓိဉာဏ်အားကောင်း၍ ဘင်္ဂဉာဏ် ထက်သန်စွာ ဖြစ်ပေါ်လာတဲ့အခါ ‘ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဘဝိဿတိ’ လမ်းညွှန်ချက်နှင့်အညီ ‘မြင်ရုံမျှ’ တွင် တည်ပုံယောဂီများ အတွေ့အကြုံဖြင့် နှာ (၄၄) မှာ လေ့လာမှတ်သားနိုင်ပါသည်။

လူတယောက်၏ စောဒနာရှင်းပြချက်

မြင်သိစိတ်၏ ဝါ-စက္ခုဒွါရိက စိတ်အားလုံး၏၎င်း၊ ထိုစိတ်များ စွဲမှီရာ အာရုံ၏၎င်း အဖြစ်အပျက်ကို ရှုမှတ်၍ သိပုံကို လူတယောက် စောဒနာသော စကားနှင့် အဘိဓမ္မာ, သုတ္တန်သဘော နှီးနှောကာ နှာ (၄၄-၄၈) မှာ လေ့လာနိုင်ပါသည်၊ ရူပါရုံအဆင်းရုပ်၏ ဥပါဒ်, ဘင်ဖြစ်ပျက်ကို မှန်ကန်စွာသိရန်နှင့် ပစ္စုပ္ပန်ကိုသာ ရှုသိရသည်ဆိုရာမှာလည်း ချုပ်ပြီးကာစ အနီးကပ်ပစ္စုပ္ပန်ကိုသာ ရှုသိနိုင်ခြင်းဖြစ်ကြောင်း နှာ (၄၉) မှာလေ့လာ၍ အဘိဓမ္မာဆရားများ အသိဉာဏ်ပွါးနိုင်ပါသည်။

န တတ္ထ-ထို၌ မတည်ပုံကို နှာ (၅၇) မှာ နိဗ္ဗာန်တွေ့ပုံနှင့် အညေဆရာတို့၏ အယူအဆကို မျက်မှောက်ခေတ် လက်ရှိယောဂီများ၏ အတွေ့အကြုံဖြင့် ညှိထားသည်ကို နှာ (၅၉) မှာ ဖတ်ရှုနိုင်ပါသည်၊ နှာ (၆၁) ကို ဆက်လေ့လာပါက နိဗ္ဗာန်သို့ ဆိုက်ရောက်ပုံကိုလည်း သိခွင့်ရပါလိမ့်မည်။ တရားနယ်မှ မေ့ပုံနှင့် လောကနယ်မှ မေ့ပုံ ခြားနားချက်ကို နှာ (၆၅-၆၆) မှာ စိတ်ဝင်စားဘွယ် လေ့လာမှတ်သားနိုင်ပါသည်။

နှာ (၇၃) မှာ “ရူပံ ဒိသွာ အဆင်းကိုမြင်ပြီး၍၊ ဝါ-မြင်ပြီးလျှင်” ဟူသောစကားဖြင့် စိတ်ကူးဝိပဿနာ ဆရားများကို အလင်းသို့ ရောက်စေသည်၊ နှာ (၇၃-၇၆) မှာတော့ ပဋိစ္စသမုပ္ပါဒ်သင်တန်း (စာသိမျှ)ကို ရှေ့တန်းတင် ဦးစားပေးနေသူတို့အား “ဝေဒနာပစ္စယာ တဏှာ” တကယ် ရှုမှတ်လျှင် ဝေဒနာနောက်ဆွယ်မှ တဏှာစသော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်များမှ ကျွတ်လွတ်ပုံကို ဖော်ပြကာ လက်တွေ့အားထုတ်ဖို့ ညွှန်ပြထားသည်။

ဉာဏ်စဉ်မလိုပါဘူး

နှာ (၈၁-၈၄) မှာ ဝိပဿနာကို နည်းမှန် စည်းမှန် အားထုတ်သူတိုင်း၌ နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ ဝိပဿနာဉာဏ် အစဉ်အတိုင်း ဖြစ်ပေါ်သည်ကို ပဋ္ဌာန်းပါဠိတော်ကြီးကို ကိုးကားလျက် “ဉာဏ်စဉ်မလိုပါဘူးကွာ ဘုရားက သုံးဉာဏ်ထည်း ဟောထားတယ်” လို့ အယူ ကောက်သူတို့အား ဖြောင့်ပေးထားသည်။

မြင်တာကိုသာ ပြသည်

သုဏတော-ပါဠိကိုထောက်ဆ၍ ‘ပဿတော’ ပါဠိသည် ဝိပဿနာရှုပုံကို မပြညွှန်းဘဲ မျက်စိဖြင့် မြင်တာကိုသာ ပြဆိုသည် စာပေပညာရှင်များအတွက် အဋ္ဌကထာကို သုံးသပ်ထားသည်မှာ (နှာ ၁၀၄) ၌ တွေ့ရမည်။

ဝိပဿနာရှုရတယ်လို့ မသိကြဘူး

ဝိပဿနာယောဂီမှာ ရွံ့ဘွယ်အပုပ်အညှီနံ့များကို နံရတတ်ကြောင်း စသည်ကို နှာ (၁၁၃) မှာ ပြကာ စားသောက်ရာမှာ စက်ဆုပ်ဘွယ် ဆင်ခြင်၍ မစားသင့်ကြောင်း လူတယောက်၏ ထင်မြင်ချက်ကို နှာ (၁၂၆) မှာ ပြပြီးလျှင် ရဟန်းများမှာ ပစ္စဝေက္ခဏာဖြင့်၎င်း၊ ပဋိကူလသညာဖြင့်၎င်း ဆင်ခြင်၍ စားသင့်ပုံများကို ဖော်ပြပြီးနောက် ရှုမှတ်၍ စားသောက်တာ အကောင်းဆုံးဟု နှာ (၁၂၈) ၌ ညွှန်ပြထားသည်မှာ သိမှတ်ဖွယ် ကျင့်ဖွယ်ကောင်းလှပါသည်။ စားသောက်ရင်း ဝိပဿနာရှုမှတ်၍ မဂ်ဖိုလ်ရသည်ကို ခိုင်လုံသော ပုဂ္ဂလပညတ် အဋ္ဌကထာကို ကိုးကား၍ နှာ (၁၃၉) မှာ ဆက်လက်ညွှန်ကြားထားသည်။ ကက္ကဋကရသဝိမာနဝတ္ထုဖြင့်လည်း စားသောက်ရာ၌ ဝိပဿနာရှုမှတ်ရကြောင်း ထင်ရှားပါသည်။

စိတ်ဝင်စားဖွယ် ဖြေရှင်းချက်

“အာနာပါနကို ဝိပဿနာရှုဘို့ရာ မညွှန်ကြားဘဲ ဖေါင်းတာပိန်တာကိုသာ ဝိပဿနာရှုဘို့ ဘာကြောင့် ညွှန်ပြရသနည်း” ဤမေးခွန်း၏အဖြေကို နှာ (၁၄၆-၁၅၁)မှာ စိတ်ဝင်စားဘွယ် ဖတ်ရှုနိုင်ပါသည်။

ဖောဋ္ဌဗ္ဗအာရုံ (အတွေ့အထိ)ကို ခံစားရာမှာတောင်မှ ဒို့က ဝိပဿနာဖြစ်ပါတယ်ဟု ပြောတတ်သူတို့အား ရှုနည်းမှန်ကို သိရအောင် နှာ (၁၅၁)စသည်မှာ အတိအကျ ညွှန်ပြထားပါသည်။

ဓာတ်ဟု ရှုရမယ်၊ ရုပ် ရုပ်ဟု ရှုရမယ်၊ နာမ် နာမ်ဟု ရှုရမယ်၊ မျက်မြင်ကို မရှုမှတ်ရဘူး၊ ဉာဏ်မြင်ကိုသာ ရှုမှတ်ရမယ် စသည်ဖြင့် ဉာဏ်ကွန့်လျက် နည်းညွှန်ချက်များ စသည်ကို နှာ (၁၅၉) မှာ ဖြောင့်ပေးထားသည်။

ဝိပဿနာနည်းမှန်ကို ပစ်ပယ်၍ဟောပြလျှင် အဓမ္မ-မတရားဟောသည်ဟု နှာ (၁၆၈-၉)မှာ ပါဠိသာဓက ထောက်ပြ၍ ဆုံးမထားသည်ကို လေ့လာကျင့်သုံးနိုင်ပါသည်။

“မနောစိတ်ကူးထဲမှာ ထင်ပေါ်လာတဲ့ သဘောအာရုံဆိုတာဘာလဲ” ဤမေးခွန်းကို နှာ (၁၈၃)မှာ မှတ်သားဘွယ် ဖြေဆိုထားပါသည်။ မျက်စိမှိတ်ကာ ဖောင်းတယ် ပိန်တယ်စသည် ရှုမှတ်နေယင်း စိတ်ကူးဖြင့် ဘုရားပုံတော်စသည်များကို မြင်ရာ တွေ့ရာမှာ သိမှတ်ဖွယ်အချက်ကိုလည်း နှာ (၁၈၃)မှာပင် ဖတ်ရှုနိုင်ပါသည်။

မိတ်ဆက်အချီး၌ ဤစာရေးသူညွှန်ပြထားသည်မှာ အနည်းငယ် အမြွက်မျှသာ ဖြစ်ပါသည်၊ စာမျက်နှာ မကျော်ဘဲ အစဉ်အတိုင်း ဤကျမ်းစာကို လေ့လာဖတ်ရှုပါက များစွာသောကျင့်ဘွယ် မှတ်သားဘွယ်များကို တွေ့သိရမည် ဧကန်ဖြစ်ပါသည်၊ ဒါကြောင့် ဤ “မာလုကျပုတ္တသုတ်” တရားတော်ကြီးကို ဖတ်ရှုလေ့လာ ကျင့်သုံးကာလျှင် ခုဘဝမှာပင် ချမ်းသာလက်ငင်း ရပါစေဟု ပတ္တနာ ပြုပါသတည်း။

 

အရှင်စန္ဒာဝရ

(သရက်-အောင်မင်္ဂလာ)

နည်လှည့်ဓမ္မကထိက ကမ္မဋ္ဌာနာစရိယ

မဟာစည်သာသနာ့ရိပ်သာ

ရန်ကုန်မြို့

၁၃၃၉-ခုနှစ်၊ နတ်တော်လဆန်း (၁၀)ရက်

၁၉၇၇-ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်