ဗောဇ္ဈင် (၇)ပါး တရားတော်ကြီး (အကျဉ်း)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

သတိသမ္ဗောဇ္ဈင်ဆိုတာ သတိပဋ္ဌာန်ဝိပဿနာတရားပဲ၊ တတ်အားသမျှ ဝိပဿနာရှုမှတ်ရမယ်ဟု မိန့်ကြားပါသည်။

ဗောဇ္ဈင် (၇)ပါး တရားတော်ကြီး (အကျဉ်း)

Published Date - 1988

Author By - မဟာစည်ဆရာတော်ဘုရားကြီး

47 စာမျက်နှာ


ဗောဇ္ဈင် ၇ ပါးတရားတော်ကြီး

စာအုပ်အမှာ

လွန်ခဲ့သော ၁၃၄၃-ခုနှစ်၊ နတ်တော်လက ဥပုသ်နေ့ တစ်နေ့မှာ အလုပ်နားခွင့်ရသဖြင့် မင်္ဂလာသည် အိမ်ရှင်မနှင့် သမီးကိုပါခေါ်၍ သင်္ကန်းကျွန်းမြို့နယ်၊ ဆရာမြိုင်တို့အိမ်သို့ ခပ်စောစောပင် အလည်သွားကြသည်။ စာပေဆရာနှင့် ဝေဒဆရာတို့ နှစ်ဦးသား တွေ့ဆုံတိုင်ပင် ဗဟုသုတဖလှယ်သည့် အနေအားဖြင့် ဝမ်းမြောက်ဝမ်းသာပင် “ကွန်တော်တို့ မရောက်ဖူးသေးသော သံသရာခရီးကြမ်း၏ လမ်းဆုံး” “အပါယ်ဘေးငြိမ်းခွင့် ဉာဏ်အဆင့်သို့ အသင့်ရောက်ဖို့ရာ နိဗ္ဗူတာကို” ဆွေးနွေး ကြပါသည်။

ဆွေးနွေးချိန် သိပ်မကြာလိုက်ပါ၊ မြို့တော်အင်ဂျင်နီယာ ဦးဝင်းထိန် ရောက်လာပါသည်။ ကျွန်တော်တို့ မိသားစုရော, ဆရာမြိုင် အိမ်သူအိမ်သားများရော ဧည့်သည်နှင့် ဆရာမြိုင်တို့ လွတ်လပ်စွာ စကားပြောခွင့်ရပါစေတော့ဟု ခပ်လှမ်းလှမ်းသို့ ဖယ်ပေးကြပါသည်၊ ဦးဝင်းထိန်၏ ဣန္ဒြေမှာ အနည်းငယ်ညှိုးငယ်နေသည်ကို တွေ့ရ၍ အကြောင်းတစ်ခုခုတော့ရှိပြီဟု စိတ်ပူမိပါသည်။ ဆရာမြိုင်သည် ဝေဒဆရာပီပီ တွက်ကြည့်နေသည်။ အခြေအနေကတော့ သိပ်မကောင်းလှဘူး၊ အသက် အန္တရာယ်ရှိတယ်၊ ဒါပေမယ့် ကြာသပတေးဂြိုဟ်ကြီးကတော့ အားကိုးစရာဘဲ ပေါ်လာနေတယ်၊ ကယ်မ မည့်သူ ပေါ်လိမ့်မယ်၊ ဒီကနေ့ စနေနေ့ မွန်းလွဲ (၁)နာရီကျော်လျှင်တော့ ကောင်းလာနိုင်ပါတယ်ဟု ပြောပါသည်။

မင်္ဂလာလဲ စိတ်မကောင်းဖြစ်ရာမှ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးကို သတိရလာပါသည်။ ဆရာတော်ဘုရားကြီးအား အကျိုးအကြောင်း လျှောက်ထားပြီးလျှင် ပရိတ်တရားတော် ချီးမြှင့်တော်မူပါရန် ဆည်းကပ်ရလျှင် ကောင်းမည်လားဟု ထင်ပါကြောင်း ပြောပြပါသည်။ ဆရာမြိုင်က သိပ်ကောင်းပါတယ်၊ ဆရာတော်ကြီးသာ ကြွရောက်ချီးမြှင့်ပါလျှင် အကောင်းဆုံးပါဘဲဟု ထောက်ခံသည်။ ဦးဝင်းထိန်လဲ မျက်နှာကြည်လင်ပြီးလျှင် ကဲ ရိပ်သာကိုသွားကြစို့ဟု နှုတ်ဆက်ခါ ကျွန်တော်တို့ မဟာစည်ရိပ်သာသွားကြပါသည်။ ဆရာတော်ဘုရားကြီးအား အကျိုးအကြောင်း လျှောက်ထားရာ ဆရာတော်ဘုရားကြီးသည် ဒကာရင်းဖြစ်ကြသော မဟာစည်ရိပ်သာ အမှုဆောင်များကို တရင်းတနှီး စကားပြောလေ့မရှိပါ။ ကိစ္စရှိ၍ သွားရောက်လျှောက်ထားလျှင်လည်း မည်သူမည်ဝါဟု မှတ်သားထားလေ့မရှိသဖြင့် သူက ဘယ်သူလဲဟုမေးပါသည်။

မင်္ဂလာက မြို့တော်အင်ဂျင်နီယာ ဦးဝင်းထိန်ပါဘုရား၊ ရိပ်သာအဖွဲ့ချုပ် အမှုဆောင် ဆောက်လုပ်ရေး အဖွဲ့ငယ် ဥက္ကဋ္ဌပါဘုရား၊ နေမကောင်းတဲ့ ဒကာမက ဦးဝင်းထိန်၏ဇနီး ဆွမ်းစားကျောင်း ဝေယျာဝစ္စလဲ ဆောင်ရွက်ပါတယ်။ အမျိုးသမီး-ယောဂီစောင့်ရှောက်ရေးအဖွဲ့ အမှုဆောင်လဲ ဖြစ်ပါတယ်ဘုရားဟု လျှောက်ပါသည်။ ဆရာတော်ဘုရားကြီးသည် ငြိမ်သက်စွာဖြင့် သုံးမိနစ်ခန့်နေပြီးမှ အင်း ဒီကနေ့ (၁၂)နာရီလောက်မှာ လာပင့်ပါ။ နေထိုင်ကောင်းသွားပါလိမ့်မယ်ဟု မိန့်ကြားပါသည်။ မင်္ဂလာနှင့် ဦးဝင်းထိန်တို့ ဆရတော်ဘုရားကြီးအား ဦးညွတ်ရိုကျိုးပြီးလျှင် ဝမ်းသာစွာပြန်လာခဲ့ကြပါသည်။

မွန်းလွဲ (၁၂)နာရီမှာ ဦးပွင့်ကောင်း, ဦးတိုက်စိုးနှင့် မင်္ဂလာတို့ ဆရာတော်ဘုရားကြီးအား မော်တော်ယာဉ်ဖြင့် လူမမာရှိရာ ဆေးခန်းသို့ ပင့်သွားပါသည်။ ဆရာတော်ကြီးသည် အနည်းငယ်ခန့် စကားပြောပြီးနောက် ဗောဇ္ဈင် ၇ ပါးတရားတော် ချီးမြှင့်တော်မူခဲ့ပါသည်။ ဝိပဿနာရှုမှတ်နည်းကိုပါ မိန့်ကြားပါသည်။

တရားနာယူကာမျှဖြင့်မဟုတ်ဘဲ သတိသမ္ဗောဇ္ဈင်ဆိုတာ သတိပဋ္ဌာန်ဝိပဿနာတရားပဲ၊ တတ်အားသမျှ ဝိပဿနာရှုမှတ်ရမယ်ဟု မိန့်ကြားပါသည်။ ဆရာတော်ဘုရားကြီး တရားတော်ကို ထိုစဉ်က ကက်ဆက်ဖြင့် အသံဖမ်းယူထားခဲ့ရာ နှစ်ကတော့ အတော်ကြာခဲ့ပါပြီ။ ၁၉၈၇ - ခုနှစ်၊ သင်္ကြန်မကျမီက မဟာစည်သာသနာ့ရိပ်သာ၌ ရဟန်းခံပွဲတစ်ခုတွင် ဦးဝင်းထိန်တို့နှင့် ဆုံမိကြ၍ ဒေါ်ခင်ခင်လှ ကျန်းမာနေပြီဖြစ်ကြောင်း သတိရပါသည်။ ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသည့် “ဗောဇ္ဈင် ၇ ပါးတရားတော်ကြီး” တိတ်ခွေမှ တရားတော်ကို လက်ရေးမူအဖြစ် ကူးယူပြီးလျှင် စာအုပ်ပုံနှိပ်၍ ဓမ္မဒါနအဖြစ်ပြုသင့်ပါကြောင်း၊ ဆရာတော်ကြီးသည် အင်ဂျင်နီယာ ဦးဦးခိုင် နေထိုင်မကောင်းစဉ်က တစ်ကြိမ်၊ ဦးကျော်သောင်း နေမကောင်းထိုင်မသာဖြစ်စဉ်ကတစ်ကြိမ်၊ ဒေါ်ခင်ခင်လှ နေထိုင်မကောင်းစဉ်ကတစ်ကြိမ် (၃)ကြိမ်တိုင်တိုင်  ဗောဇ္ဈင် ၇ ပါး တရားတော်ကြီးကို ဟောကြားခဲ့သော်လည်း စာအုပ်အဖြစ်သို့ မရောက်ခဲ့ပါ။ ဗောဇ္ဈင် ၇ ပါးတရားတော်ကြီးသည် အလွန်တရာ တန်ခိုးထက်ပါသောကြောင့် မကျန်းမမာသူများ အနာရောဂါရှိသူများ အလွန်တရာ တောင့်တကြပါသည်။ ဓမ္မဒါနပြုစမ်းပါဟု တိုက်တွန်းခဲ့ပါသည်။

ဆရာက ဆောင်ရွက်ပေးပါ၊ ကျွန်တော်တို့ ဓမ္မဒါနပြုပါမည်ဟု ဝန်ခံခဲ့ပါသည်။ ဦးဝင်းထိန်+ဒေါ်ခင်ခင်လှ ဇနီးမောင်နှံတို့၏ အိမ်ထောင်သက်မှာ လာမည့် (၁၈-၆-၈၈) နေ့၌ ၂၄ - နှစ်ပြည့်မည်ဖြစ်ပါသောကြောင့် (၂၄)နှစ်မြောက် အလှူတော်မင်္ဂလာပွဲတွင် ဓမ္မဒါနအဖြစ် လှူဒါန်းမည်ဟု ကတိပြုခဲ့သည့်အတိုင်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဗောဇ္ဈင် ၇ ပါး တရားတော်ကြီးစာအုပ်ကို ဓမ္မဒါနအဖြစ် လှူဒါန်းပါသောကြောင့် အလှူတော်မင်္ဂလာပွဲလာ ရဟန်း ရှင် လူ သူတော်စင်အပေါင်းတို့က သာဓု-သာဓု-သာဓု သုံးကြိမ်ခေါ်ကြကြောင်း မင်္ဂလာအမှာစကားဖြင့် နှုတ်ခွန်းဆက်အပ်ပါသည်။ 

မင်္ဂလာအောင်မြင့်