အာဒိတ္တသုတ္တန်တရားတော် (အသေး)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

မီးငြိမ်းပုံ၊ မီးငြိမ်းအောင် ဝိပဿနာတရားရှုရပုံ အဲဒီတော့မှ နာမရူပပရိစ္ဆေဒဉာဏ် စသည့် အဆင့်ဆင့် ဖြစ်ပုံ၊ အထက်ထက်ဉာဏ်တွေဖြစ်ပြီး ရုပ်နာမ်ချုပ်ငြိမ်းရာသို့ ရောက်ပုံ၊ ရှုမှတ်ခြင်းဖြင့် ဉာဏ်အဆင့်ဆင့် တက်၍ ရသေ့ညီနောင်တို့ ရဟန္တာဖြစ်ပုံများကို ဟောထား၏။

အာဒိတ္တသုတ္တန်တရားတော် (အသေး)

Published Date - 2009

Author By - မဟာစည်ဆရာတော်ဘုရားကြီး

82 စာမျက်နှာ


“အကြောင်းပြနိဒါန်း”

အနန္တကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော “အာဒိတ္တသုတ္တန်” တရားတော်ကြီးကို လွန်ခဲ့သော ၁၃၃၈ ခု၊ တော်သလင်းလပြည့်ကျော် (၄)ရက်နေ့က ရန်ကုန်မြို့၊ ရွှေသာလျောင်းဘုရားကြီး၏ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကြီးတွင် ဟောကြားတော်မူခဲ့ရာ ယခုနှစ်ပေါင်းသုံးဆယ်ကျော်မှ တရားတော်စာမူကို တွေ့ရှိဖတ်ရှုရလေတော့သည်။

တရားတော်စာမူကို ဓမ္မဒါနရှင်များဖြစ်ကြသည့် ဦးတင်စိုးနှင့် ဦးအေးကြူတို့က တိပ်ခွေမှလက်နှိပ်စက် စာမူကျမ်းပြု၍ (၂-၉-၉၆)နေ့တွင် အချောကူးပြီးသည်ဟု မှတ်တမ်းတင်ထားပါသည်။

ထိုစာမူကို ဘဒ္ဒန္တဝိဇ္ဇောဘာသ ၊ ဒီဃဘာဏက၊ ဓမ္မာစရိယက မမျှော်လင့်ဘဲ ရုတ်တရက်တွေ့ရှိရ၍ စာမူကိုဖတ်ကြည့်ရာ ယခင်ကထုတ်ဝေခဲ့သော မဟာစည်စာအုပ်များကဲ့သို့ ဤစာမူမှာလည်း စာအုပ်ဖြစ်သင့်သော စာမူကောင်းတစ်ခုဟု သဘောရသဖြင့် စာရေးသူထံ ပေးပို့ခဲ့ပါသည်။

ထို့ကြောင့် စာမူကို ဖတ်ရှုပြင်ဆင်၍ မဟာစည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ တရားတော်ပြန့်ပွားရေး အဖွဲ့ငယ်သို့ ပို့ကာ စာအုပ်ဖြစ်မြောက်ရေးအတွက် တင်ပြခဲ့ပါသည်။

အာဒိတ္တသုတ္တန်ကို အခြား​သော ဓမ္မကထိကများ ဟောကြားသည်ကို စာရေးသူတို့ နာဖူးကြပါသည်။ သို့သော် မတူလှပါ၊ မဟာစည်ဆရာတော်ဘုရားကြီးဟောပုံမှာ တရားအလုပ် အားထုတ်မှုနှင့်ညှိ၍ ဟောကြားထားသဖြင့် အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်းပါသည်။

အချို့က မီးတစ်ဆယ့်တစ်တန် ငြိမ်းရာမှန်သော နိဗ္ဗာန်ရွှေပြည်မြတ်ကြီးသို့ဟု ဆုတောင်းပေးတတ်ကြသည် စသည်ဖြင့်အစချီကာ ရသေ့ညီနောင်ရှင်တစ်ထောင်တို့ကို အကြောင်းပြု၍ ဟောခဲ့ပုံ မီးဆယ့်တစ်တန်တို့၏ အလွယ်တကူသိရန်လင်္ကာ၊ မီးလောင်ပုံ၊ တစ်ဒွါရမှာ မီးစာ ငါးမျိုးရှိပုံ၊ မီးကလောင်မှန်းမသိပုံတွေကိုလည်း ဟောကြားထား၏။

မီးငြိမ်းပုံ၊ မီးငြိမ်းအောင်  ဝိပဿနာတရားရှုရပုံ အဲဒီတော့မှ နာမရူပပရိစ္ဆေဒဉာဏ် စသည့် အဆင့်ဆင့် ဖြစ်ပုံ၊ အထက်ထက်ဉာဏ်တွေဖြစ်ပြီး ရုပ်နာမ်ချုပ်ငြိမ်းရာသို့ ရောက်ပုံ၊ ရှုမှတ်ခြင်းဖြင့် ဉာဏ်အဆင့်ဆင့် တက်၍ ရသေ့ညီနောင်တို့ ရဟန္တာဖြစ်ပုံများကို ဟောထား၏။ အကျယ်တဝင့်သိရန် ဤတရားတော်စာအုပ်ကို ဆက်လက်ဖတ်ရှုသွားရန် တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါသည်။

 

ဘဒ္ဒန္တဇဋိလ

သာသနဓဇ သိရီပဝရ ဓမ္မာစရိယ

ဝိနယပါဠိပါရဂူ

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ

မဟာစည်နာယကဆရာတော်