မဟာစည်သြကာသအဖွင့်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

သြကာသတမူတည်း တသံတည်းဖြစ်ဖို့ရာမှာ သာသနာတော်၌ အတော်အသင့် သြဇာညောင်းရုံမျှသော ပုဂ္ဂိုလ်ဆောင်ရွက်၍ ရနိုင်မည် မဟုတ်ပါ

မဟာစည်သြကာသအဖွင့်

Published Date - 1975

Author By - မဟာစည်ဆရာတော်ဘုရားကြီး

153 စာမျက်နှာ


သြကာသအဖွင့်အကြောင်းရင်း

နမောဝရုတ္တမဿ

 

 

သြကာသစွဲ

ကျွန်တော်တို့သည် ဗုဒ္ဓသာသနာတော်ကို မိရိုးဖလာအားဖြင့် ကိုးကွယ်လာကြသူတို့ ဖြစ်သောကြောင့် စာမတတ်မီကပင် သြကာသကို နှုတ်တက်ရနေပါသည်၊ ကျွန်တော်တို့၏ ရိုးရာ ယဉ်ကျေးမှု အခမ်းအနားတိုင်း၌ ကလေးကင်ပွန်းတပ်ကအစ ဒုမင်္ဂလ သရဏဂုံတင်သည်အထိ ရတနာ မြတ်သုံးပါးကို ဦးစွာရှိခိုးကန်တော့ခြင်းဖြင့် အခမ်းအနားဖွင့်လေ့ရှိခဲ့ပါသည်။

ပရိသတ်စုံသည်နှင့် တပြိုင်နက် “ကန်တော့ကြရအောင်ခင်ဗျား”ဟု နှိုးဆော်လိုက်သောအခါ ပရိသတ်အားလုံးက သြကာသကို ဆိုလိုက်ကြသည်၊ ကျွန်တော်တို့မှာ သြကာသစွဲ ဘယ်လောက်မြဲသလဲဆိုလျှင် သြကာသမပါယင် သီလတောင် မခံယူကောင်းဟု ထင်မှတ်ခဲ့ပါသည်။

သြကာသ တယောက်တမျိုး

သြကာသသည် တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသလို မူမတူ ကွဲပြားသဖြင့် ပရိသတ်နှင့် ရှိခိုးသောအခါ တယောက်တမျိုး အသံထွက်လာ၍ ရုတ်တရက် ရွာချလိုက်သော မိုးသံလို တဝေါဝေါ အသံထွက်လာတော့သည်၊ သြကာသ ပြီးဆုံးသောအခါလည်း ချက်ခြင်း တိတ်သွားသောမိုးသံကဲ့သို့ မဟုတ်ပဲ၊ တဖြေးဖြေး စဲသွားသော မိုးသံပမာ စောစောပြီးသူက ပြီးကြ၏၊ နောက်မှ ပြီးသူက ပြီးကြပါသည်။

တမူတည်းဖြစ်အောင်ပြင်ဖို့

ကျွန်တော်သည် အသက် ၂၀-ခန့်က မိတ်သင်္ဂဟတို့နှင့်အတူ ငယ်ဆရာ ဖြစ်သော ပခုက္ကူ မဟာဝိသုကာရာမ တိုက်အုပ်ဆရာတော် ဦးနန္ဒိယအား ဝတ်ပြုနေသောအခါ အခြားဆရာတော်ကြီး တစ်ပါးသည် တိုက်အုပ် ဆရာတော်နှင့် စာပေအကြောင်း ဆွေးနွေးရင်းက သြကာသအကြောင်း ရောက်လာသည်။ ထိုအခါ တိုက်အုပ်ဆရာတော်က ဒီသြကာသက ရှေးဆရာကြီးတို့ စီစဉ်ခဲ့တဲ့ မြန်မာဘုရားရှိခိုးပါပဲ၊ ဘယ်ခေတ်ကစပြီး ပေါ်ပေါက်လာတယ် ဆိုတာတော့ အမှတ်အသား မတွေ့ဘူးဘူး၊ မ, တလုံးကျေ ခင်ကြီးပျော် ရေးခဲ့သလိုလို တဆင့်စကား ကြားဖူးတာပဲ ရှိတယ်၊ သြကာသတမျိုးစီ ဖြစ်ပေမယ့်လို့ စပုံခြင်းကတော့ တူကြပါတယ်။ နောက်ပိုင်းကျတော့သာ ကွဲလွဲကြတာပဲ၊ တမူတည်းဖြစ်အောင် အမှားအမှန်ပြင်ဖို့ ကောင်းတယ်”ဟု အမိန့်ရှိဘူးပါသည်။

ရတနာ့ဂုဏ်ရည် သြကာသ

ကျွန်တော်သည် ဂျပန်ခေတ်က ပျော်ဘွယ်မြို့ အနောက်ဖက် ပုဆိုးဖြူတောင်၌ နေစဉ် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသော ရတနာဂုဏ်ရည် ကျမ်းစာကို ဖတ်ရပါ၏၊ ယင်းစာအုပ်၌ သြကာသအကြောင်း ပါသည်။

ကျွန်တော်တို့ငယ်ငယ်က ရထားသော သြကာသထက် သဒ္ဒါအနေအထားကောင်းသည်ဟု ယူဆသဖြင့် ရထားပြီး သြကာသကို အသုံးမပြုတော့ပဲ ရတနာ့ဂုဏ်ရည်ကျမ်းလာ သြကာသကိုပင် အသုံးပြု၍ ကိုယ်တိုင်လဲ ရှိခိုးပါသည်။ မိတ်သင်္ဂဟတို့ကိုလဲ တူညီသော သြကာသဖြစ်အောင် ဆောင်ရွက်ခဲ့ဘူး ပါသည်။

မဟာစည် ဆရာတော်ဘုရားကြီး

စစ်ပြီးနောက် ၁၃၀၉-ခုနှစ်သို့ ရောက်သောအခါ ကျွန်တော်တို့ ရန်ကုန်ရောက်လာပါပြီ၊ ထိုနှစ်၌ပင် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ပေါ်ပေါက်လာသောအခါ သုဓမ္မဝတီ ဦးပန်းမောင် ရေကြည်တော် ဦးလှစိန် ဒိဗ္ဗစက္ခု ဆရာကျော်တို့နှင့် သိကျွမ်းသဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် ဖြစ်လာ၏၊ သူဋ္ဌေးကြီး ဆာဦးသွင်၏ တိုက်တွန်းချက်အရ သာသနာ့ရိပ်သာ၌ တိပိဋကဓရ ရွေးချယ်ပွဲစသော သာသနာရေးကိစ္စတို့ကို ပါဝင်ဆောင်ရွက်ခွင့် ရလာပါသည်၊ သာသနာ့ရိပ်သာတည်ထောင်စက ရိပ်သာ၌ အမြဲသီတင်းသုံးသော ရဟန်းသံဃာတော် မရှိသေးပါ၊ ၁၃၁၁-ခုနှစ်သို့ ရောက်သော အခါ၌သာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့က ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကို ပင့်၍ အမြဲ ကိုးကွယ်သောကြောင့် သီတင်းနေ့တိုင်း သီလခံယူခွင့် တရားနာခွင့် ရလာပါသည်။

သဲသဲမဲမဲရွာသော မိုးပမာ

ရန်ကုန် သာသနာ့ရိပ်သာသို့ ကြွရောက် သီတင်းသုံးရန် ဆရာတော်ဘုရားကြီးအား လျောက်ထားစဉ်က ဆရာတော် ဘုရားကြီးက “ဘုန်းကြီးတို့ တရားက ဝိပဿနာအလုပ် တရားဖြစ်တယ်၊ ကြားနာရုံနဲ့တော့ အကျိုးများသင့်သလောက်များမယ် မဟုတ်ဘူး၊ အားထုတ်ပါမှသာ အကျိုးများနိုင်တယ်”ဟု အမိန့်ရှိသောကြောင့် သွားရောက်ပင့်သော ပုဂ္ဂိုလ်က “တရားအားထုတ်မည့် ယောဂီတွေလဲ ရှိပါတယ်၊ အဆောက်အဦလဲ ပြည့်စုံပါတယ်၊ သာသနာပြု ကြွတော်မူပါဘုရား”ဟု လျှောက်ထားသတဲ့၊ ထိုအခါ ဆရာတော်ဘုရားကြီးက “တရားအားထုတ်မည့် ယောဂီရှိလျှင် ကြွရောက်သီတင်းသုံးမည်”ဟု အမိန့်ရှိကြောင်း၊ သွားရောက်ပင့်သူ ပုဂ္ဂိုလ်ကြီး တစ်ဦးက ဒုတိယအကြိမ် သြဝါဒခံယူပူဇော်ပွဲ၌ ပြောကြား၍ မှတ်သားခဲ့ရပါသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် ၁၃၁၁-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၆-ရက်နေ့၌ ရန်ကုန်သာသနာ့ရိပ်သာကို ရောက်တော်မူ၍ နတ္တော်လပြည့်နေ့ မွန်းလွဲ ၂-နာရီအချိန်၌ ဓမ္မစက္ကပဝတ္တနသုတ်ကို စတင်ဟောကြားခဲ့ပါသည်။ တရားအားထုတ်လိုသူ ယောဂီသစ် ၂၅-ဦးတို့အားလဲ ထိုနေ့ညနေ ၅-နာရီခွဲ အချိန်၌ပင် ဝိပဿနာအလုပ်ပေး တရားတော်ကို စတင်ဟောကြားခဲ့ပါသည်၊ ထိုတရားပွဲတို့၌လဲ အစဉ်အလာအရ သီလခံယူသောအခါ သြကာသဖြင့်ပင် စခဲ့လေရာ တယောက်တမျိုး ရှိခိုးကြသော သြကာသ အသံတို့မှာ မသဲမကွဲ သဲသဲမဲမဲ ရွာသွန်းလိုက်သော မိုးပမာ တဝေါဝေါ မည်လာပြီးလျှင် တဖြည်းဖြည်း အသံစဲ၍ တိတ်သွားတော့သည်။

ဆရာတော်ဘုရားကြီးသည် ထိုစဉ်က ဥပုသ်သီတင်းနေ့တိုင်း မွန်းလွဲ ၂-နာရီအချိန်မှန် ဝိပဿနာတရားကို ဟောတော်မူလေ့ရှိပါ၏၊ (ဤစာရေးချိန်၌ နေ့ ၁-နာရီခွဲ၌ စ၍ ဟောပါသည်) တရားနာ ပရိသတ်တို့လဲ မဏ္ဍပ်ကြီးအပြည့်ပင် လာရောက်နာကြားကြသော်လည်း တရားအားထုတ် ပြီးသူ မဟုတ်ကြသေးသော သူတို့အဖို့မှာ စွဲစွဲမြဲမြဲ တရားမနာတတ်အောင် ရှိနေကြသည်၊ “ဒီတရားက အားထုတ်ဖူးမှ နာတတ်တယ်” ဟူသော တီးတိုးသံသည် တရားနာ ပရိသတ်ထဲကပင် တစ်စတစ်စ ထွက်ပေါ်လာတော့၏၊ တရားအားထုတ်လိုသူ ယောဂီတို့လဲ တနေ့ထက်တနေ့ တိုး၍လာတော့၏၊ တရားအားထုတ်သူတွေ များလာသည်နှင့်အမျှ စွဲစွဲမြဲမြဲတရားနာ ပရိသတ်တို့လဲ များလာပါတော့သည်။

ယောဂီတွေ ဒီရေအလား

ထိုစဉ်က မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်တစ်နယ်လျှင် ရဟန်းတော်တပါးနှင့် လူဒါယကာနှစ်ယောက် အနည်းဆုံး လာရောက်တရားအားထုတ်ရန် အလာစရိတ် အပြန်စရိတ်နှင့်တကွ စားစရိတ်ပါထောက်ပံ့၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က သီးခြားရံပုံငွေ ဖွင့်လှစ် ဖိတ်ကြားခဲ့သောကြောင့် တရားအားထုတ်သူ ရဟန်းယောဂီ, လူယောဂီတို့ ဒီရေအလား အဆမတန် များပြားခဲ့ပါသည်။ သို့ပါသော်လဲ သြကာသမှာမူ သဲသဲမဲမဲ ရွာသွန်းမြဲ မိုးပမာ အသံမကွဲ တသဲသဲပင် ရှိပါသေးသည်။

နိုင်ငံရပ်ခြား ယောဂီတွေ

ဆဋ္ဌသံဂါယနာမတင်မီ ၁၃၁၄-ခုနှစ်လောက်က ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သြဝါဒခံ ကမ္မဋ္ဌာန်းဌာနတို့မှာ မြန်မာနိုင်ငံအရပ်ရပ်၌ တစ်ရာနီးပါးရှိလာပါပြီ၊ ရန်ကုန် သာသနာ့ရိပ်သာ၌ တရားအားထုတ်နေကြသော ရဟန်း ရှင်လူ ယောဂီတို့လည်း နှစ်ရာခန့် အမြဲလိုလို ရှိနေပါပြီ၊ နိုင်ငံရပ်ခြား တိုင်းတပါးမှ လူမျိုးပေါင်းစုံတို့လဲ လာရောက် တရားအားထုတ်စ ပြုနေပါပြီ၊ ဆဋ္ဌသံဂါယနာတင်စဉ်အတွင် ဂျာမဏီ, ပြင်သစ်, ဗြိတိန်, ဆွီဒင်, ဂျပန် စသော နိုင်ငံတို့က လူမျိုးပေါင်းစုံတို့ လာရောက် အားထုတ်နေသည်ကိုပင် မြင်ရသောကြောင့် ဥက္ကဋ္ဌကြီး ဆာဦးသွင်က ယောဂီထောက်ပံ့ရေး အစည်းအဝေးတခု၌ “ကျုပ်တို့က ဗမာပြည်သာမက ကမ္ဘာကိုပါ သာသနာပြုချင်လို့ ရိပ်သာထောင်စက ဘုန်းကြီးကောင်းကို ရွေးချယ်ကိုးကွယ်ခဲ့တာဗျာ့၊ အခုတော့ ကျုပ်တို့ရွေးချယ်တာ မှန်တာပေါ့ဗျာ၊ ဗမာပြည်သာမက နိုင်ငံရပ်ခြားကတောင် လာရောက် တရားအားထုတ်ကုန်ကြပြီ”ဟု အားရပါးရ ပြောခဲ့လေသည်၊ သို့ပါသော်လည်း သြကာသကတော့ သဲသဲမဲမဲ ရွာသွန်းမြဲ မိုးပမာ မသဲမကွဲ ရွာလေတသဲသဲပင် ရှိပါသေးသည်။

သြကာသ တမူတည်း တသံတည်း ဖြစ်စေချင်

ကျွန်တော်သည် သြကာသကို တမူတည်းတသံတည်း ဖြစ်စေချင်ပါသည်။ မည်သို့ဆောင်ရွက်ရပါအံ့နည်း၊ သြကာသတမူတည်း တသံတည်းဖြစ်ဖို့ရာမှာ သာသနာတော်၌ အတော်အသင့် သြဇာညောင်းရုံမျှသော ပုဂ္ဂိုလ်ဆောင်ရွက်၍ ရနိုင်မည် မဟုတ်ပါ၊ အလွန်တရာ ထင်ရှား၍ တပည့်တပန်းပေါသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဆောင်ရွက်မှသာ ဖြစ်နိုင်ဖွယ်ရာရှိသည်ဟု ယုံကြည်ထားပါသည်။

ဥက္ကဋ္ဌကြီးထံမှ အကြံကောင်း

တစ်နေ့သော် ဥက္ကဋ္ဌကြီး ဆာဦးသွင်အား သြကာသ တမူတည်းတသံတည်း ဖြစ်ရေးအတွက် တိုင်ပင်ကြည့်ရာ “တယောက်တမျိုးရထားတဲ့ သြကာသကို ညီအောင်လုပ်လို့ ရမလားဗျာ့၊ သြကာသမူတခု ဖြစ်လာအောင် မဟာစည်ဆရာတော်ကို အရင်လျှောက်ပေါ့”ဟု အကြံပေးပါသည်၊ မှန်ပါသည်၊ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ချီးမြှင့်သော သြကာသဆိုပါလျှင် ဆရာတော်ဘုရားကြီး၏ သြဝါဒခံ ကမ္မဋ္ဌာန်းဌာနတိုင်း၌ အသုံးပြုကြပေမည်၊ အထူးသဖြင့် ဤသာသနာ့ ရိပ်သာ၌လည်း တမူထဲ တသံထဲ သြကာသကို ကြားနာရပေတော့မည်ဟု ကြိုတင်ဝမ်းသာ နေမိပါတော့သည်။

ဥက္ကဋ္ဌကြီးထံမှ အကြံကောင်းကို ရပြီးနောက်တနေ့မှာပင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးထံ ချဉ်းကပ်၍ သြကာသကန်တော့ခန်းက တစ်ဦးနှင့်တစ်ဦးမတူပုံ အများအားဖြင့် မှားယွင်းတဲ့ သြကာသက များပုံတို့ကို အကြောင်းပြ၍ ဤသာသနာ့ရိပ်သာ၌ “သြကာသမူ တခုတည်းရှိရန် ရေးသားချီးမြှင့်တော်မူပါမည့်အကြောင်း ရိုသေစွာ လျှောက်ထားပါသည်၊ ဆရာတော်ဘုရားကြီးသည် အတန်ကြာအောင် စဉ်းစားတော်မူပြီးမှ “ဟုတ်တယ်၊ တမူတည်း ရှိသင့်ပါ တယ်”ဟု အမိန့်ရှိလိုက်ပါသည်။

မဟာစည် သြကာသစာမူရပြီ

နှစ်ရက်ခန့်ကြာသောအခါ ဆရာတော်ဘုရားကြီးက ခေါ်၍ “သြကာသစာမူ”ကို ချီးမြှင့်လိုက်ပါသည်။ ယောဂီများ ဖြစ်ကြသော ပုဇွန်တောင် ဒေါ်ငွေစော ဝင်္ကပါ ဒေါ်သန်းမေ ၁၅-လမ်း (ဦးချက်) ဒေါ်စော ရိပ်သာ ဒေါ်အေးကြည် ဒေါ်သာမေတို့၏ အကူအညီကိုယူ၍ ရွက်ရေ ငါးထောင်ခန့် ပုံနှိပ်ပြီးလျှင် ရိပ်သာအတွင်း တရားနာလာကြသော ပရိသတ်အား ဝေငှလိုက်ပါသည်။

ဒွါရတွေ ပါနေလို့

ထိုစဉ်က ဝေငှသော သြကာသ စာမူသည် ယခု အများနှုတ်တက်နေသော သြကာသစာမူနှင့် နောက်ပိုင်း၌ မတူတတ်ပါ၊ ဘုရားရတနာ, တရားရတနာ, သံဃရတနာ တည်းဟူသော ရတနာမြတ်သုံးပါး (ဆရာသမား)တို့ကို ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ တည်းဟူသော သုံးပါးသောဒွါရတို့ဖြင့် အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ပါ၏ (အရှင်ဘုရား)ဟု ဖြစ်ပါသည်။

ဤသြကာသစာမူ၌ “ရတနာမြတ်သုံးပါးတို့ကို ဘာဖြင့်ရှိခိုးသလဲ၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရတို့ဖြင့် ရှိခိုးပါတယ်”ဟု ကရိုဏ်းပုဒ်ကို မှန်ကန်စွာ ထုတ်ပြနိုင်သောကြောင့် သဒ္ဒါအနေအထားကို သဘောကျပါ၏၊ သို့သော်လည်း အများသော အမျိုးသမီးတို့က ဒွါရတို့ကို နှုတ်ကရွတ်ဆိုရန် မဝံ့မရဲ ဖြစ်နေကြသည်။ သို့ဖြစ်၍ ဤသြကာသကို ညီညီညာညာ ဆိုကြဖို့ရာ နှိုးဆော်ရန် ခက်နေပါတော့သည်။

မဟာစည်ဆရာတော်ဘုရားကြီး အင်ဒိုနီးရှားသို့ကြွ

အချိန်ကား ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင် ပါဠိတော် သံဂါယနာကြီးပြီး၍ ၁၃၂၁-ခုနှစ်သို့ တိုင်ခဲ့ပါပြီ၊ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၁-ခုနှစ် ကဆုန်လဆန်း ၈-ရက် (၁၄-၅-၅၉) နေ့၌ အင်ဒိုနီးရှား ပြည်သို့ ကိုယ်တော်တပါးတည်း သာသနာပြု ကြွတော်မူရ၏၊အကြောင်းကား ၁၃၁၅-ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်လာသော အင်ဒိုနီးရှားလူမျိုး အင်္ဂလိပ်စာတတ် မစ္စတာဘွန်အမ်းသည် သာသနာ့ရိပ်သာ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ခြေတော်ရင်း၌ ဝိပဿနာသတိပဋ္ဌာန် တရားတော်ကို ကမ္မဋ္ဌာနစရိယ ဆရာတော်တို့ ကျေနပ်လောက်အောင် အားထုတ်ပြီးနောက် ရဟန်းပြု၍ ဝိနည်းတရားတို့ကိုပါ သင်ယူပြီးလျှင် အမိနိုင်ငံဖြစ်သော အင်ဒိုးနီးရှားပြည်ကို ပြန်လည်သာသနာပြုနေ လေသည်။ ဘွဲ့တော်မှာ အရှင်ဇိနရက္ခိတဖြစ်ပါ၏ ငါးနှစ်ခန့်ကြာသောအခါ အင်ဒိုနီးရှား၌ ကျောင်းအဆောက်အဦး ငါးဆယ်ခန့်နှင့် ဗုဒ္ဓသာသနာကိုးကွယ်သူ အမျိုးသား အမျိုးသမီးခြောက်ရာ ကျော် ရှိလာသည်သာမက ရှင်အဖြစ်, ရဟန်းအဖြစ်, ခံယူလိုသူတို့ပင် ဖြစ်ပေါ်လာခဲ့လေသည်။

သို့ဖြစ်၍ အရှင်ဇိနရက္ခိတသည် အင်ဒိုနီးရှားနိုင်ငံ၌ သာသနာတော် အရှည်တည်တံ့ ခိုင်မြဲရန်အလို့ငှါ ရှင်ရဟန်း ပြုလိုသူတို့အား ရှင်ရဟန်း ပြုပေးရေးနှင့် ကံကြီး, ကံငယ်တို့ကို ဆောင်ရွက်ရန်အလို့ငှါ သိမ်သမုတ်ရေးအတွက် မြန်မာနိုင်ငံမှ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး အပါအဝင် ထေရဝါဒ ငါးနိုင်ငံမှ ရဟန်း, သံဃာတော်တို့ကို အင်ဒိုနီးရှားသို့ ပင့်တော်မူခဲ့လေသည်။ ထို့ကြောင့်ပင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် အင်ဒိုနီးရှားကို သာသနာပြု ကြွတော်မူရလေသည်။ (အကျယ်ကို အင်ဒိုနီးရှား သာသနာပြုမှတ်တမ်း စာအုပ်၌ ဖတ်ရှုနိုင်ပါသည်)

စံနစ်တကျ ဖြစ်အောင်

ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ၁၃၂၁-ခုနှစ် နယုန်လဆုတ် ၁၁-ရက် (၃၀-၆-၅၉) နေ့၌ ရန်ကုန်မြို့ကို ပြန်ကြွလာပြီးနောက် တပတ်ခန့်ကြာသော တနေ့ဝယ် ကျွန်ုပ်တို့အားခေါ်၍ ဤသို့ မိန့်ကြားပါသည်၊ “ဇိနရက္ခိတက အင်ဒိုနီးရှားမှာ ထေရဝါဒ ဗုဒ္ဓသာသနာကို စံနစ်တကျဖြစ်အောင် ပြုစုပျိုးထောင်ထားတယ်၊ ရဟန်းသံဃာရှေ့မှာ လူဒါယကာ ဒါယိကာမတွေ ထိုင်တာကအစ အင်မတန် စံနစ်ကျတယ်၊ အားလုံးတန်းစီဝင်လာကြပြီး သံဃာရှေ့မှောက်မှာ တန်းစီထိုင်ကြတယ်၊ ဦးချပုံကလဲ ပြီးလွယ် စီးလွယ် ဦးချပုံမျိုး မဟုတ်ဘူး၊ တည်ခြင်းငါးပါးနဲ့ ညီညွတ်အောင် အလေးအမြတ် လက်အုပ်မိုးပြီး ဦးချကြတယ်၊ သီလခံယူတဲ့အခါမှာလဲ ဗမာပြည်မှာလို မဟုတ်ကြဘူး၊ အားလုံးညီညီညွတ်ညွတ် ရှိကြတယ်၊ ရှေ့က ရောက်နေတာတို့ နောက်ကျနေတာတို့ ရယ်လို့ မရှိကြဘူး၊ အားလုံး တသံတည်း တပုံစံတည်းရှိကြတယ်၊ ဒါပေမယ့်လို့ ဘုန်းကြီးတို့ မြန်မာပြည်မှာလိုတော့ သြကာသက မစကြဘူး၊ သူတို့ဆီမှာ သြကာသ မရှိလို့ပါဘဲ၊ သီလတောင်းက စကြတယ်၊ သီလတောင်းကိုလဲ မြန်မာပြည်မှာလို အများစုပေါင်းပြီး တောင်းကြတာပါပဲ၊ သီလတောင်းက စပြီးတော့ သီလခံယူပြီးသည့်အထိ မြန်မာပြည်မှာလိုပဲ အများစုပေါင်းပြီး လိုက်ဆိုကြတယ်၊ အင်မတန်ညီတယ်၊ ကြားရသူတိုင်း စိတ်နှလုံး ကြည်နူးကြတယ်၊ ကြည်ညိုဖွယ်ကို ဆောင်နိုင်တဲ့ နည်းကောင်းပါပဲ၊ တနေ့ကျယင် ဇိနရက္ခိတက သူ့တပည့် ဒါယကာ ဒါယိကာမတွေနဲ့ မြန်မာပြည်ကို မလာဘူးလို့ မပြောနိုင်ဘူး၊ ဆရာသမားရဲ့ တိုင်းပြည်ဆိုပြီး အတုယူစရာတွေ အများကြီး ရလိမ့်မယ်လို့ လာတဲ့အခါ အစစအရာရာ တယောက်တမျိုး ဆိုကြတာတွေကို တွေ့သွားယင် နေရာမကျလှဘူး၊ သြကာသကအစ ညီညီညွတ်ညွတ် ဖြစ်အောင် လုပ်ကြအုံးမှ တော်လိမ့်မယ်။”

ကျွန်တော့်မှာ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသည်ကို နာယူရင်း အတိုင်းမသိ ဝမ်းသာနေပါတော့သည်၊ ရွာလေတသဲသဲ မသဲကွဲသော မိုးသံပမာ တဝေါဝေါ ကြားနေရသော သြကာသသံသည် ကွယ်ပျောက်၍ တမူတည်းသော သြကာသသံကို ကြားနေရသလိုပင် ရှိနေပါတော့သည်။ 

သြကာသ တသံထဲ

ဆက်လက်၍ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးက “ဦးအောင်မြင့် အရင်က ပုံနှိပ်ဝေငှတဲ့ သြကာသကို တသံတည်းဖြစ်အောင် ဆောင်ရွက်ဖို့လိုလာပြီ၊ သြကာသရော သီလခံယူတာပါ အားလုံး တညီတညွတ်တည်း တသံတည်း ဖြစ်အောင်ဆောင်ရွက်ရမယ်”ဟု အမိန့်ရှိတော်မူပါသည်။

ဘာလျှောက်စရာရှိလို့တုံး

ကျွန်တော်သည် “မှန်ပါဘုရား”ဟု လျှောက်ထားကာ လက်အုပ်ချီ၍ အိမ်သို့ ပြန်ခဲ့ပြီးလျှင် ယခင် ဆရာတော် ဘုရားကြီး ချီးမြှင့်တော်မူသော သြကာသ စာမူ နှစ်ရွက်ကို ယူခဲ့ပါသည်၊ တစ်ရွက်ကို ဆရာတော်ဘုရားကြီးအား ဆက်ကပ်လိုက်ပြီးလျှင် ကျန်တစ်ရွက်ကို ကျွန်တော်က ဖြန့်၍ ကြည့်နေပါသည်၊ ဆရာတော်ဘုရားကြီးက “ဘာလျှောက်စရာ ရှိလို့တုံး” ဟု အမိန့်ရှိပါသည်၊ ကျွန်တော့်မှာ ဘယ်ကစပြီး ဘယ်လိုလျှောက်ရမှန်း မသိနိုင်အောင် စကားစရှာမရနိုင်ပဲ ရှိနေပါသည်၊ နောက်မှ နိုင်ငံတော်အစိုးရ ဗုဒ္ဓသာသနာအဖွဲ့ အစည်းဝေးတခု၌ တရားလွှတ်တော်ချုပ် တရားဝန်ကြီးချုပ် ပြောကြားသော စကားကို သတိရသဖြင့် ဤသို့ လျှောက်ထားလိုက်ရပါသည်။ “တခါတုံးက ဗုဒ္ဓသာသနာအဖွဲ့ အမှုဆောင် အစည်းအဝေးမှာ ကံနှင့် ဒွါရအကြောင်းကို စကားစပ်မိကြလို့ အမှုဆောင်လူကြီးများ တယောက်တမျိုးစီ ပြောကြပါတယ်ဘုရား၊ ဒီအခါတုံးက တရားဝန်ကြီးချုပ် ဒေါက်တာ ဦးသိမ်းမောင်က ကျုပ်ကတော့ ဒွါရပဲ၊ ဒါပေမယ့်လို့ ဘုရားရှိခိုးတဲ့အခါ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရလို့ မဆိုဘူး၊ ဘာပြုလို့လဲဆိုတော့ကာ ဒွါရဆိုတဲ့ အသံကို လူအများက မကြိုက်ကြဘူး၊ အထူးသဖြင့် အမျိုးသ္မီးတွေက မကြိုက်ကြဘူးဗျာ့လို့ ပြောဘူးပါတယ်ဘုရား”ဟု လျှောက်ပါသည်။

ထိုအခါ ဆရာတော်ဘုရားကြီးက မဆိုင်းမတွပင် “ဒီသြကာသထဲမှာ ဒွါရတွေ ပါနေသလား၊ ဒွါရပါတာက မှန်တော့ မှန်တာပဲ၊ ဒါပေမယ့်လို့ အများမကြိုက်တာကိုတော့ ဖြုတ်တာ ကောင်းတယ်”ဟု အမိန့်ရှိတော်မူပြီးလျှင် ကာယဒွါရ, ဝစီဒွါရ, မနောဒွါရတို့ကို ဖြုတ်၍ သြကာသစာမူကို ပြန်ပေးလိုက်ပါသည်။

တသံတည်းသော သြကာသကို ကြားရပါပြီ

ကျွန်တော်သည် ဆရာတော်ဘုရားကြီး ပြင်ပေးတော်မူလိုက်သော သြကာသမူမှန် ဘုရားရှိခိုး ကန်တော့ခန်းကို အမြန်ဆုံးပုံနှိပ်၍ သာသနာ့ရိပ်သာ ယောဂီများနှင့် တရားနာလာရောက်ကြသော ပရိသတ်အား ဝေငှခဲ့ပါသည်၊ ဆရာတော်ဘုရားကြီး၏ ဆန္ဒတော်အတိုင်း ဖြစ်မြောက်အောင်လည်း သြကာသမှစ၍ သီလတောင်းပုံ သရဏဂုံဆောက်တည်ပုံ သီလခံယူ ပုံတို့ကိုပါ တညီတညွတ်တည်း တသံတည်းဖြစ်အောင် ကြားရသူတိုင်း ကြည်ညိုဖွယ်ဖြစ်အောင် ၁၃၂၁-ခုနှစ်အတွင်း၌ပင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ရွာလေမစဲ တသဲသဲမိုးပမာ မသဲမကွဲ တယောက်တပေါက် ကန်တော့ ကြသော သြကာသ အမျိုးမျိုးတို့သည် ရန်ကုန်သာသနာ့ရိပ်သာ၌ ထို ၁၃၂၁-ခုနှစ်ကပင် ဆိတ်သုန်းခဲ့ပါလေပြီ၊ နေ့စဉ်ညနေ ၅-နာရိအချိန်မှန် အလုပ်ပေး ဝိပဿနာတရားတောင်းရန် ယောဂီသစ်တို့အား အချက်ပေးသော ခေါင်းလောင်းသံအလား ပရိသတ် ဘယ်လောက်ပင်များများ, တသံတည်းပီသ၍ ကြည်မြ ခန့်ညားလှသော သြကာသအသံကို နေ့စဉ်ကြားရပါလေပြီ။

တန်းစီထိုင်ရန်

သီလတောင်းပုံ သရဏဂုံဆောက်တည်ပုံ သီလခံယူပုံတို့ကိုလဲ ထိုနှစ်ကစ၍ တမူတည်း, တစံနစ်တည်း, တသံတည်းဖြစ်လာခဲ့ပါပြီ၊ ဖလ်ယဉ်ဓမ္မာရုံကြီးအတွင်း၌ တရားနာပရိသတ်တို့ တန်းစီ၍ ထိုင်ကြရန်ကိုလဲ ဥပုသ်နေ့တိုင်း နှိုးဆော်ခဲ့သဖြင့် တရားပွဲမစမီကပင် ညီညီညွတ်ညွတ် တန်းစီပြီးသား ဖြစ်နေပါတော့သည်။ “သြကာသမူမှန် ဘုရားရှိခိုး ကန်တော့ခန်းကို မြန်မာနိုင်ငံ အရပ်ရပ်ရှိ မဟာစည်ကမ္မဋ္ဌာန်း ဌာနခွဲတို့သို့လဲ ဓမ္မဒါနပုံနှိပ် ဝေငှခဲ့သည့်အပြင် တတိယအကြိမ် ပုံနှိပ်သော ဓမ္မ ဒေသနာဆောင်ပုဒ် စာအုပ်မှအစြုပ၍ ယင်းစာအုပ် အကြိမ်ကြိမ်ပုံနှိပ်တိုင်း ထည့်သွင်းပုံနှိပ်ခဲ့ပါသည်။

ယောဂီခုနစ်သိန်းကျော် တူညီရွတ်ဆိုသော သြကာသ

ဤနိဒါန်းရေးသည့် ၁၃၃၅-ခုနှစ်၌ မြန်မာနိုင်ငံအရပ်ရပ်ဝယ် မဟာစည်ကမ္မဋ္ဌာန်း ဌာနပေါင်း ၂၀၉-ဌာန ရှိခဲ့လေပြီ၊ တရားအားထုတ်ပြီး ယောဂီပေါင်းမှာ ၇၄၇၃၆၄-ဦးရှိခဲ့လေပြီ၊ ဤယောဂီအပေါင်းတို့သည် မဟာစည်သြကာသကို အကြေအညက် ရရှိထားပြီးသူတို့ ဖြစ်ကြပါသည်။ ဤတရားအားထုတ်ပြီး ယောဂီစာရင်းတွင် ရန်ကုန်သာသနာ့ရိပ်သာ၌ တရားအားထုတ်ပြီးတော်မူကြသော နယ်အရပ်ရပ်မှ ရဟန်းတော် ယောဂီ ၈၃၄၈-ပါးတို့သည်လည်း ပါဝင်ပါ၏၊ ဤရဟန်းသံဃာတော်တို့တွင် အများအားဖြင့် ကျောင်းထိုင် ဘုန်းတော်ကြီးများ ဂဏဝါစက, ဓမ္မာစရိယများလဲ ပါဝင်ကြလေရာ မိမိတို့၏ ရပ်ရွာဒေသတို့သို့ ပြန်ရောက်သောအခါ မိမိတို့၏ တပည့်များ, ဒါယကာ ဒါယိကာမများကို ဤသြကာသမူမှန် ကန်တော့ခန်းဖြင့် ရှိခိုးကန်တော့ကြရန် သင်ကြား ပေးကြမည်မှာ ယုံမှားစရာမရှိပါ။

နေရာတကာမှာ ကြားနေရသော သြကာသ

လွန်ခဲ့သော ၁၃၃၁-ခုနှစ်က ပခုက္ကူမြို့ မဟာဝိသုကာရာမာဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက်ကို ကြွလာသောအခါ ကျွန်ုပ်တို့ မိသားစုက သွားရောက်၍ မဟာစည်သြကာသမူမှန် ဘုရားရှိခိုးကန်တော့ခန်းဖြင့်ပင် ကန်တော့ကြပါသည်၊ ကန်တော့ပြီးသောအခါ ဆရာတော်ဘုရားကြီးက “မင်းတို့ မဟာစည် သြကာသကို နေရာတကာမှာ ကြားနေရပါပေါ့ပဲကွ”ဟု ဂုဏ်ပြုစကား မိန့်ကြားပါသည်။

နိဗ္ဗိန္ဒ ဆရာတော်ကြီးက

၁၃၃၃-နှစ် ဝါဦးက ကျွန်ုပ်တို့၏ မိတ်ဆွေကြီး ဦးတင်အောင်သည် အိမ်သူအိမ်သားတို့နှင့်အတူ ပြည်မြို့ နိဗ္ဗိန္ဒချောင်သို့သွား၍ ငယ်ဆရာဖြစ်သော နိဗ္ဗိန္ဒဆရာတော်ကြီးအား ကန်တော့လေရာ ဆရာတော်ကြီးက မင်းတို့ ရှိခိုးကန်တော့တဲ့ သြကာသက နားထောင် ကောင်းသားကွဲ့ ဘယ်ကရသတုံး-ဟု မေးတော်မူပါသတဲ့” မဟာစည်ဆရာတော် ဘုရားကြီး ချီးမြှင့်တော်မူတဲ့ သြကာသပါဘုရားဟု လျှောက်ထားသောအခါ မင်းတို့က ဆရာကောင်း တပည့်တွေကိုးကွဲ့-ဟု မိန့်ကြား၍ သာဓုခေါ်လိုက် ကြောင်း ဦးတင်အောင်က တဆင့် ပြောပြပါသည်။

ပဲခူးမှာ မဟာစည် သြကာသ

၁၃၃၅-ခု ပြာသိုလပြည့်နေ့က ပဲခူးမြို့ ဟင်္သာလမ်းနေ သာသနာ့ အကျိုးတော်ဆောင် အငြိမ်းစား အခွန်ဝန် ဦးစိုးမြိုင် ကွယ်လွန်၍ အသုဘပို့သွားရောက်ခဲ့စဉ်က ထိုနေ့ နံနက်၌ ဦးစိုးမြိုင်အတွက် ဆွမ်းသွတ်တရားနာသောအခါ ပရိသတ်က မဟာစည်သြကာသဖြင့်ပင် တညီတညွတ်တည်း ကန်တော့ကြသည်ကို ကြားခဲ့ရ၍ ဝမ်းသာရပြန်သည်။

မဟာစည် သြကာသမှာ မဟာစည် ကမ္မဋ္ဌာန်းဌာနတို့၌သာ အသုံးပြုသည်မဟုတ်ပါ၊ အချို့အချို့သော မြို့ရွာကျောင်းထိုင် ဘုန်းတော်ကြီးများက “မဟာစည်သြကာသသည် သဒ္ဒါအနေအထားမှန်ကန်သည် ရည်ရွယ်ချက်ပြည့်စုံသည်”ဟု သဘောကျတော်မူကြပြီးလျှင် မိမိတို့နှင့်စပ်ရာ တပည့်ဒါယကာ ဒါယိကာမတို့အား သင်ကြားပေး၍ ဘုရားရှိခိုး ကန်တော့စေသည်ကို နေရာအနှံ့ တွေ့နေရပါလေပြီ။

သံလျင်မင်းကျောင်းမှာ မဟာစည်သြကာသ

ဤနိဒါန်းရေနေစဉ်မှာပင် ၁၃၃၅-ခု တပို့တွဲ လဆန်း ၈-ရက်နေ့က ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် ကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးသုမန သီတင်းသုံးရာ ခရမ်းမြို့ သပြေကုန်း သာသနာ့ရိပ်သာသို့ အကြွမှာ သံလျင်မြို့ မင်းကျောင်း ပဌမပြန်စာသင်တိုက်၌ မင်းကျောင်းဆရာတော်ဘုရား အမှူးပြုသော ပရိသတ် တစ်ထောင်ကျော်တို့က ဆရာတော် ဘုရားကြီးအား ခရီးဦးကြိုဆို၍ ပူဇော်ကန်တော့ကြပါ၏၊ မင်းကျောင်းမှာ ကမ္မဋ္ဌာန်းဌာန မဟုတ်သော်လည်း ဆရာတော်နှင့်တကွ ပရိသတ် တစ်ထောင်ကျော်တို့က မဟာစည်သြကာသဖြင့်ပင် တသံတည်း တညီတည်း ကန်တော့ကြ သည်ကို ကြားနာခဲ့ရပါသည်။

တိုက်တွန်းသည့် ဆရာတော်များ

အလားတူပင် မဟာစည် ကမ္မဋ္ဌာန်းဌာန မဟုတ်သော အချို့အရပ် ဒေသတို့၌လည်း မဟာစည် သြကာသကိုပင် အသုံးပြု၍ ဘုရားရှိခိုးကန်တော့နေကြပြီဖြစ်သောကြောင့် “မဟာစည်သြကာသ”ကို ဗုဒ္ဓသာသနာဝင်တိုင်း အဓိပ္ပါယ် ပြည့်စုံစွာ နားလည်လွယ်အောင် အဖွင့်ရေးဖို့ရာ ပုသိမြို့မ အောင်မြေဘုံကျော် မဟာစည် သာသနာ့ရိပ်သာခွဲ ပဓာနနာယက ကမ္မဋ္ဌာနာစရိယ ညောင်ကန် အရှင်ဣန္ဒက ထေရ်က ကျွန်ုပ်တို့အား တိုက်တွန်းခဲ့ပါသည်။ မော်လြုမိင် မဟာစည်သာသနာ့ရိပ်သာ ပဓာနနာယက ကမ္မဋ္ဌာနာစရိယ ဦးသံဝရသာသနဓဇ သီရိပဝရ ဓမ္မာစရိယ ဆရာတော်ကလဲ မဟာစည်သြကာသအဖွင့်ကို ပြည့်ပြည့်စုံစုံ ရေးသားရန် တိုက်တွန်းပြန်ပါသေးသည်။

ကျွန်ုပ်တို့သည် ညောင်ကန် အရှင်ဣန္ဒကထေရ်နှင့် ကမ္မဋ္ဌာနာစရိယ ဦးသံဝရ ဆရာတော်တို့၏ တာဝန်ပေး တိုက်တွန်းသည်ကို အလေးအမြတ် ခံယူ၍ ၁၃၃၄-ခု သီတင်းကျွတ် လပြည့်နေ့ နံနက်က ကျေးဇူးတော်ရှင်မဟာစည် ဆရာတော်ဘုရားကြီးသည် သီလယူလာကြသော ပရိသတ်အား သီလပေးအပြီး အကျဉ်းအားဖြင့် ဟောကြားတော်မူအပ်သော သြကာသ အကြောင်းပါသော တရားတော်နှင့် ယင်းသြကာသအကြောင်းနှင့် သက်ဆိုင်ရာ ပါဠိ အဋ္ဌကထာ ဋီကာတို့ကို မှီငြမ်းပြု၍ ဤ “မဟာစည် သြကာသအဖွင့်”ကို ပြုစုပြီးလျှင် ဝက်လက်မြို့ မစိုးရိမ်ဆရာတော် ဦးတိဿမှတဆင့် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးထံ ဆက်ကပ်တင်ပြ၍ ပုံနှိပ်အပ်ပါသည်။

ထိုမှတပါး လူငယ်များအတွက် ငါးပါးသီလ ခံယူပုံနှင့် အဓိပ္ပါယ်ဖွင့်, ရှစ်ပါးသီလ ခံယူပုံနှင့် အဓိပ္ပါယ်ဖွင့်တို့ကိုလည်း ရေးသား ဖေါ်ပြသည့်အပြင် အဖိုးတန် ဘုရားရှိခိုးတို့ကိုလဲ ဤ “မဟာစည် သြကာသအဖွင့်”၏ နောက်ဆက်တွဲအဖြစ် ထည့်သွင်း ပုံနှိပ်အပ်ပါသည်။

 

မင်္ဂလာပါခင်ဗျား

မင်္ဂလာအောင်မြင့်

(ဗုဒ္ဓဓမ္မလောက အယ်ဒီတာ)

၁၃၃၅-ခု၊ တပေါင်းလပြည့်ကျော် ၁-ရက်နေ့။


 

သြကာသအစ

 

ကျွန်ုပ်တို့သည် ဤသြကာသအဖွင့်ကို ပြုစုပြီးလျှင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးအား ဝက်လက်ဆရာတော် ဦးတိဿမှ တဆင့် ဆက်ကပ်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီးက စာမူကို ဖတ်ရှုပြင်ဆင် ပေးသနားတော်မူပြီးနောက် “သြကာသဟာ ဘယ်ခေတ်ကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာ ဖော်ထုတ်ပြနိုင်ယင် ကောင်းမယ်၊ မွန်လူမျိုးတို့ စကား ပြောတဲ့အခါ သြောင်းကာစလို့ ပြောလေ့ရှိတယ်၊ သြကာသကို မွန်တို့ကစခဲ့ပုံရတယ်၊ မွန်ရဟန်းပညာရှိ လူပညာရှိတို့ထံ စုံးစမ်းသင့်တယ်”ဟု အမိန့်ရှိလိုက်ပါသည်။

ကျွန်ုပ်တို့သည် သြကာသကို ပြုစုစဉ်ကပင် သြကာသအကြောင်း ရေးသားကြသောစာအုပ် (၅) အုပ်ကို ဖတ်ခဲ့ရပါသည်၊ သြကာသအစ ဘယ်ခေတ်ကဟူ၍ ဘယ်ပုဂ္ဂိုလ်ရေးခဲ့သည်ဟူ၍ မဖော်ညွှန်းခဲ့ကြပါ၊ “ရှေးဆရာကြီးတို့ ရေးခဲ့ရာမှ တွင်ကြယ်လာခဲ့ဟန် တူသည်”ဟုသာ သာမညအားဖြင့် ဖော်ပြခဲ့ကြပါသည်၊ အရှင်အာဒိစ္စဝံသ ဆရာတော်ကမူ “သြကာသ ဆေးရိုးကြီး”ဟု အမည်ပေးခဲ့ပါ သေးသည်။

ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူချိန်က ရန်ကုန် သာသနာ့ရိပ်သာအတွင်း၌ တိပိဋကဓရ ရွေးချယ်ပွဲ ကျင်းပနေဆဲဖြစ်၍ တိပိဋကဓရ နာယက ဆရာတော်များထံ ချဉ်းကပ်၍ သြကာသအစ ဘယ်ခေတ်က ဖြစ်သည်ကို ထောက်လှန်းလျှောက်ခဲ့ ပါသေးသည်။

လောကီ လောကုတ္တရာ ဗဟုသုတ ကြွယ်ဝတော်မူသော ကြည့်မြင်တိုင် ဘုံပျံကျောင်း ဆရာတော်ကြီး အရှင်ပညာသာမိက “ဘုန်းကြီးရဟန်း ၃-ဝါအရက ဟင်္သာတ မြစ်ကွေ့ကျောင်းတိုက်၌ စာသင်နေတုံးမှာ မြစ်ကွေ့ဆရာတော်ဘုရားကြီးက ပေစာငယ်တခုကို အဖတ်ခိုင်းလို့ ဖတ်ပြရဘူးတယ်၊ အဲဒီပေစာထဲမှာ အခုအများရှိခိုးနေတဲ့ သြကာသ စာပါလာတယ်၊ ဒီသြကာသစာကို ရှင်အရဟံက အနော်ရထာမင်းအား ရေးပေးတယ်လို့ ဖတ်ရတယ်၊ မြစ်ကွေ့ဆရာတော်ဘုရားကြီးလည်း ပျံလွန်တော်မူပြီ၊ ပေစာတွေလည်း ဒုတိယကမ္ဘာစစ်အတွင်းက မီးထဲပါသွားပြီ”ဟု အမိန့်ရှိပါသည်။

ရှင်အရဟံသည် မွန်တို့ဌာနီသထုံပြည်မှ မြန်မာတို့ဌာနီ ပုဂံပြည်သို့ သာသနာပြု ကြွလာတော်မူသော အရှင်မြတ်ကြီးဖြစ်ပါ၏၊ အကယ်၍ မွန်လူမျိုးတို့သည် သထုံပြည် မနုဟာမင်းလက်ထက်ကထဲက ဤသြကာသဖြင့် ဘုရားရှိခိုးခဲ့သည်ဆိုပါလျှင် ရှင်အရဟံသည် မွန်တို့ရှိခိုးကန်တော့လေ့ရှိသော ဘုရားရှိခိုးကို မြန်မာဘာသာပြန်၍ သို့မဟုတ် အလားတူ မြန်မာလိုရေး၍ အနော်ရထာမင်းအား ပေးခဲ့သည်ဟု ဆိုနိုင်စရာ ရှိပါသည်။

ကျွန်ုပ်တို့သည် မွန်သြကာသကို ၁၃၂၆-ခုနှစ်ကပင် စတင်ကြားခဲ့ဘူးပါ၏၊ အကြောင်းကား ထိုနှစ်က တိပိဋကဓရ ရွေးချယ်ပွဲ၌ ပိဋကတ် သုံးပုံလုံး ကျမ်းပြီး အာဂုံရော ရေးဖြေပါ အောင်မြင်တော်မူသော ဒုတိယမြောက် တိပိဋကဓရ အရှင်နေမိန္ဒ (ပခုက္ကူ) အား မော်လမြိုင်မြို့ သုသမာစာရ အသင်းကြီးက ၂၅-နှစ်မြောက် ငွေရတုသဘင်ကြီး၌ ပင့်၍ ချီးကျူးပူဇော်သဖြင့် ကျွန်ုပ်မှာ တိပိဋကဓရ ရွေးချယ်ပွဲ အကျိုးဆောင်အဖြစ် လိုက်ပါခဲ့ရပါ၏၊ ထိုစဉ်က မော်လမြိုင်မြို့ကို ကြိုတင်ရောက်နှင့်နေသော မဟာစည်ဆရာတော် ဘုရားကြီးက အရှင်နေမိန္ဒနှင့် ကျွန်ုပ်ကိုပါ ကျိုက်မရောသို့ ခေါ်၍ လိုက်သွားရာ ရဟန်းရှင်လူ အပေါင်းတို့က မဟာစည် ဆရာတော်ဘုရားအား မွန်သြကာသဖြင့် ကန်တော့ကြသည်ကို ပြန်လည် သတိရမိပါသည်။

သို့ပါသော်လည်း ကျွန်ုပ်တို့သည် ရာဇဝင်သမိုင်း စာပေအထောက်အထား မရသေးသော ဤသြကာသကို မည်သို့မှတ်တမ်း တင်သင့်သည်ကို မဝေခွဲနိုင်အောင် ရှိနေပါသေး၍ မွန်ရဟန်းပညာရှိ လူပညာရှိတို့ထံ ချဉ်းကပ်စုံစမ်းရန် ရန်ကုန်မြို့ ကြားတောရလမ်း ကျိုက်သီမွန်ဆရာတော်ဘုရားကြီး ဦးကုသလထံ သွားရောက်လျှောက်ထား စုံစမ်းပါသည်။ ဆရာတော်ကြီးက မွန်ဘာသာ သြကာသရှိတာမှန်တယ်၊ ဘယ်ခေတ်ကစပြီး ရှိခဲ့တယ်ဆိုတာတော့ အထောက်အထား မပြနိုင်ဘူး၊ ရှေးရိုးအစဉ်အဆက်ကထဲက ရှိခိုးလာခဲ့ကြတာပဲ”ဟုသာ အမိန့်ရှိလိုက်ပါသည်။

ထိုမှတဖန် ပါဠိမြန်မာ မွန်ပညာရှိ မွန်ကြင်စိန်ထံ ချဉ်းကပ်စုံစမ်းသောအခါ မွန်ကြင်စိန်သည် မွန်ဘာသာ သြကာသကို နှုတ်တက်ရသူဖြစ်၍ “သြောင်းကာစ၊ သြောင်းကာစ၊ သြောင်းကာစ၊ ဒုဟ်ကာယကောင်၊ ဒုဟ်ဝစီကောင်၊ ဒုဟ်မနောကောင်၊ ဒုဟ်ကာယကွယ်၊ ဒုဟ်ဝစီကွယ်၊ ဒုဟ်မနောကွယ် စသည်ဖြင့် ဆိုပြလိုက်ပါသေးသည်။

မော်လမြိုင်မြို့၌ ထင်ရှားကျော်စောတော်မူသော အဂ္ဂမဟာပဏ္ဍိတ မုပွန်ဆရာတော်ဘုရားကြီး အရှင်ကောသလ္လ မဟာထေရ်က သြကာသကို မွန်ကစခဲ့တယ်၊ ရှေးနှစ်ပေါင်းများစွာကပင် မွန်တို့သည် မွန်ဘာသာ သြကာသဖြင့် အစဉ်အဆက် ဘုရားရှိခိုးလာခဲ့တယ်”ဟု အမိန့်ရှိကြောင်းကို မွန်ကြင်စိန်က ပြောပြလိုက်ပါသေးတယ်၊ မွန်ဘာသာဖြင့် ပုံနှိပ်ထားသော သြကာသ ဘုရားရှိခိုးပါသည့် စာအုပ်ကိုလဲ ပြလိုက်ပါသေး၏၊ ဟောင်းနွမ်းလှ၍ ပုံနှိပ်သည့် ခုနှစ် မတွေ့ရတော့ပါ။

ကျွန်ုပ်သည် ကျောက်စာဌာနမှ အထောက်အထား ရလိုရငြား (၉-၆-၇၄)နေ့က သုတေသနဌာန ကမ္ပည်းကျောက်စာ ဌာနခွဲ သုတေသနဌာနမှူး နိုင်ပန်းလှထံသို့ သွားရောက်စုံစမ်းပါသေး၏၊ “သြကာသ ဘယ်ခေတ်က စတင်သုံးစွဲခဲ့သည်ကို ကျောက်စာ၌ မတွေ့ဘူးသေးပါ၊ မွန်လူမျိုးတို့ ရှေးရိုးစဉ်လာ ဘုရားရှိခိုးကြီး ဖြစ်တယ်ဆိုတာကိုသာ သိရပါတယ်၊ ယင်း သြကာသ၏ အက္ခရာ အရေးအသားမှာ မြန်မာအက္ခရာနှင့် “ရေးပုံတူသော်လဲပဲ မွန်ဘာသာဖြင့် အသံထွက်တဲ့အခါ သြောင်းကာစ”ဟု အသံထွက်ပါသည်၊ သို့ပါသော်လဲ မြန်မြန်ဆိုတဲ့အခါ “အောက်ကစ”လို့ ကြားရပါတယ်”ဟု ပြောပြလိုက်ပါသည်။

ကျွန်ုပ်တို့သည် အထက်ဖော်ပြပါ အကြောင်းအရပ်ရပ်တို့ကို စုပေါင်း၍ ခြုံပြီးလျှင် ဤသို့ မှတ်တမ်း တင်လိုပါသည်။

မြန်မာဌာနီ ပုဂံပြည်သို့ သာသနာရောက်ခဲ့သညမှာ သာသနာနှစ် ၁၆၀ဝ-ခုနှစ်က ဖြစ်လေသည်၊ မွန်တို့ဌာနီ သထုံပြည်သို့ သာသနာရောက်ခဲ့သည်မှာ သာသနာနှစ် ၂၃၅-နှစ်က ဖြစ်လေသည်၊ မွန်တို့က မြန်မာတို့ထက် ၁၃၆၅-နှစ်စော၍ ဗုဒ္ဓသာသနာကို ကိုးကွယ်ခွင့် ရခဲ့လေသည်။

မြန်မာတို့က ကိုးကွယ်ဘို့ရာ ဗုဒ္ဓသာသနာကို မွန်တို့ထံမှ ယူခဲ့ရသောကြောင့် သာသနာတော်နှင့်စပ်သော ကိုးကွယ်နည်း, ဆည်းကပ်နည်း, ရှိခိုးနည်း ပူဇော်နည်းစသော အလေ့အထ ယဉ်ကျေးမှုတို့ကိုလဲ မွန်တို့ထံမှပင် ယူရပေလိမ့်မည်မှာ ဧကန်ပင် ဖြစ်ပါသည်။

သို့ဖြစ်သောကြောင့် သြကာသ ဘုရားရှိခိုးသည်လည်းပဲ မည်သည့်ခေတ်က စတင်ပေါ်ပေါက်ခဲ့သည်၊ မည်သူ ရေးခဲ့သည် ဟူ၍ ရာဇဝင်သမိုင်း ကျောက်စာ အထောက်အထား မရသေးမီ “သြကာသအစ မွန်တို့က”ဟုသာ ယူဆထားသင့်ပါသေးကြောင်း မှတ်တမ်းပြုစုလိုက်ရပါသည်။

 

မင်္ဂလာအောင်မြင့်

၉-၆-၇၄