ဘုရားရှိခိုးများ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

မဟာစည်ဆရာတော်ဘုရားကြီးရှိခိုးတော်မူလေ့ရှိသောဘုရားရှိခိုးများ(ရတနာသုံးပါး၊ဂုဏ်တော်ရှိခိုးနှင့်ဉာဏ်စဉ် ၁၆ပါးရှိခိုးများပါဝင်ပါသည်။)

ဘုရားရှိခိုးများ

Published Date - 1981

Author By - မဟာစည်ဆရာတော်ဘုရားကြီး

52 စာမျက်နှာ


ရတနာမြတ်သုံးပါး ဘုရားရှိခိုး

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် သာသနာ့ရိပ်သာ၌ ဥပုသ်နေ့တိုင်းပင် နံနက် ၈နာရီ ၃၀မိနစ်၌ ၈-ပါးသီလကို ပေးလေ့ရှိပါသည်။ ဝါတွင်း ဥပုသ်နေ့များ, ဝါဆိုလပြည့်, သီတင်းကျွတ်လပြည့် ဥပုသ်နေ့များနှင့် သင်္ကြန်အကြိုရက်, နှစ်ဆန်းတစ်ရက်အပါအဝင် သင်္ကြန်တွင်းရက်တို့၌ ဖလ်ယဉ်ဓမ္မာရုံ၌ပင် ၈-ပါးသီလပေးလေ့ရှိပါသည်။ ကျန်သော ဥပုသ်နေ့များ၌မူ မဟာစည်ကျောင်းတော် အောက်ထပ်၌ပင် ၈-ပါး သီလ ပေးလေ့ရှိပါသည်။

ဆရာတော်ဘုရားကြီးသည် အခါကြီး, ရက်ကြီး ဥပုသ်နေ့များ၌ နမော တဿ သရဏဂုံနှင့် ၈-ပါးသီလကိုပါ ပါဠိလိုရော အနက်ကိုပါ ပို့ချပေးတော်မူသည့်အပြင် သရဏဂုံအဓိပ္ပါယ်ဖွင့်, သီလအဓိပ္ပါယ်ဖွင့်တို့ကိုပါ ဟောကြားတော်မူလေ့ ရှိပါသည်။

၁၃၄၃-ခု၊ ဝါဆိုလပြည့်ကျော် ၈-ရက်နေ့ကမူ ဆရာတော်ဘုရားကြီးသည် အစိန္တေယျ-စသော ဘုရားရှိခိုး အရင်းခံသည့် ဂုဏ်တော်ဖွင့်ဘုရားရှိခိုးကို ရွတ်ဆိုတော်မူ၍ အရဟံဂုဏ်တော်၏အဖွင့်ကို စတင်ဟောကြားတော်မူပြီးနောက် ဂုဏ်တော်ဖွင့်တို့ကို ဥပါသကာ, ဥပါသကီယောဂီတိုင်းပင် ရွတ်ဆိုရှိခိုးတတ်အောင် ဆောင်ရွက်ကြဖို့ သင့်သည်ဟု မိန့်ကြားတော်မူခဲ့ပါသည်။

သို့ဖြစ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌကြီး ဦးပွင့်ကောင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးဘကလေးတို့သည် ဆရာတော်ဘုရားကြီး၏ ခွင့်ပြုချက်ကိုရယူ၍ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ရေးသားတော်မူသော တရားစာအုပ်အမျိုးမျိုးတို့၌ ပါပြီးဖြစ်သော သြကာသမူမှန် ကန်တော့ခန်းနှင့်တကွ ဘုရားဂုဏ်တော် ၉-ပါးရှိခိုး (အကျဉ်းနှင့် အကျယ်) တရားဂုဏ်တော် ၆-ပါးရှိခိုး, သံဃာ့ဂုဏ်တော် ၉-ပါးရှိခိုး, ဉာဏ်စဉ် ၁၆-ပါး ရှိခိုးတို့ကိုစုပေါင်း၍ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ရှိခိုးတော်မူလေ့ရှိသော ဘုရားရှိခိုးများဟူသောအမည်ဖြင့် ဤစာအုပ်ငယ်ကို ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ပုံနှိပ်အပ်ပါသည်။


မင်္ဂလာဦးအောင်မြင့်

ဂုဏ်ထူးဆောင် အမှုဆောင်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

၁၃၄၃-ခု၊ ဝါဆိုလပြည့်ကျော် ၁၀-ရက်။

၂၅-၇-၈၁နေ့။