မဟာစည်ယောဂီ ဝတ်ရွတ်စဉ်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဂုဏ်တော်၊ ပဋိပတ္တိပုဇနာကာရ ဘုရားရှိခိုးစသည်များပါဝင်သည်

မဟာစည်ယောဂီ ဝတ်ရွတ်စဉ်

Published Date - 2010

Author By - မဟာစည်ဆရာတော်ဘုရားကြီး

51 စာမျက်နှာ


နိဒါန်း

ရတနာမြတ်ဘုရားရှိခိုး

 

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် သာသနာ့ရိပ်သာ၌ ဥပုသ်နေ့တိုင်းပင် နံနက် (၈)နာရီ (၃၀)မိနစ်၌ (၈)ပါးသီလပေးလေ့ရှိပါသည်။ ဝါတွင်းဥပုသ်နေ့များ လပြည့်နေ့များနှင့် သင်္ကြန်ရက်များတွင် ဖလ်ယဉ်ဓမ္မာရုံ၌ပင် (၈)ပါးသီလပေးလေ့ရှိပါသည်။ ကျန်သောဥပုသ်နေ့များ၌မူ စံကျောင်းတော်အောက်ထပ်၌ပင် (၈)ပါးသီလပေးလေ့ရှိပါသည်။

ဆရာတော်ဘုရားကြီးသည် အခါကြီး - ရက်ကြီး ဥပုသ်နေ့များ၌ နမောတဿ သရဏဂုံနှင့် (၈)ပါးသီလကို ပါဠိရော အနက်ကိုပါ ပို့ချပေးတော်မူသည့်အပြင်၊ သရဏဂုံအဓိပ္ပါယ်အဖွင့်၊ သီလအဓိပ္ပါယ်အဖွင့်တို့ကိုပါ ဟောကြားတော်မူလေ့ရှိပါသည်။

၁၃၄၃ - ခု၊ ဝါဆိုလပြည့်ကျော် (၈)ရက်နေ့၌ ဆရာတော်ဘုရားကြီးသည် အစိန္တေယျ စသော ဘုရားရှိခိုး အရင်းခံသည့် ဂုဏ်တော်အဖွင့်ဘုရားရှိခိုးကို ရွတ်ဆိုတော်မူ၍ အရဟံဂုဏ်တော်၏ အဖွင့်ကို စတင်ဟောကြားတော်မူပြီးနောက် ဂုဏ်တော်အဖွင့်တို့ကို ဥပါသကာ ဥပါသိကာမယောဂီတိုင်းပင် ရွတ်ဆို ဘုရားရှိခိုးတတ်အောင် ဆောင်ရွက်ကြဖို့ သင့်သည်ဟု မိန့်တော်မူခဲ့ပါသည်။

သို့ဖြစ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌကြီး ဦးပွင်ကောင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးဘကလေးတို့သည် ဆရာတော်ဘုရားကြီး၏ ခွင့်ပြုချက်ကိုရယူ၍ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော တရားစာအုပ်အမျိုးမျိုးတို့၌ ပါပြီးဖြစ်သော သြကာသမူမှန်ကန်တော့ခန်းနှင့်တကွ ဘုရားဂုဏ်တော် (၉)ပါးရှိခိုး၊ တရားဂုဏ်တော် (၆)ပါးရှိခိုး၊ သံဃာ့ဂုဏ်တော် (၉)ပါးရှိခိုး၊ (အကျဉ်းနှင့် အကျယ်) ဉာဏ်စဉ် (၁၆)ပါး ဘုရားရှိခိုတို့ကို စုပေါင်း၍ “ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ရှိခိုးတော်မူလေ့ရှိသော ဘုရားရှိခိုးများ”ဟူသော အမည်ဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ (၁၃၄၃ ခု၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ၂၅-၈-၁၉၈၁)

ယခုအခါတွင် တရားအားထုတ်ဆဲယောဂီများ နေ့စဉ်ရွတ်ဆိုရသော ရှစ်ပါးသီလ၊ တရားဆောင်ပုဒ်များ၊ ဆုတောင်းအမျှဝေနှင့် အခါအားလျော်စွာ ရွတ်ဆိုရသော ဘုရားရှိခိုးနှင့် ပန်း၊ ဆီမီးကပ် (ဝါဆိုလပြည့်နေ့ နှင့် လပြည့်ကျော် ၃ ရက်နေ့များ)လှူခြင်းများကို ကောက်နှုတ်၍ ရိုက်နှိပ်ထုတ်ဝေသင့်ကြောင်း၊ ယင်းသို့ ရိုက်နှိပ်ရာတွင်လည်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဘုရားရှိခိုးများမှ ကောက်နုတ်၍ ရိုက်နှိပ်ရန် ညှိနှိုင်းတိုင်ပင်၍ ထုတ်ဝေခဲ့ကြပါသည်။

၁၃၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၅)ရက်

(၄-၁-၂၀၁၀) (တနင်္လာနေ့)