ယောဂီများလိုက်နာရန် ဥပဒေစည်းမျဉ်းစည်းကမ်းများ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ယောဂီများလိုက်နာရန် ဥပဒေ စည်းမျဉ်းနှင့်စည်းကမ်းများကို ၁၃၁၃ - ခုနှစ် (၁၉၅၁) ကပင် ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် ရေးသားပြဋ္ဌာန်းပေးတော်မူခဲ့ပါသည်။

ယောဂီများလိုက်နာရန် ဥပဒေစည်းမျဉ်းစည်းကမ်းများ

Published Date - 2011

Author By - မဟာစည်ဆရာတော်ဘုရားကြီး

71 စာမျက်နှာ


အမှာစာ

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၁၁-ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာကြီးသို့ ကြွရောက်သီတင်းသုံးတော်မူပြီး ထိုနှစ် နတ်တော်လပြည့်နေ့မှ စ၍ တရားအားထုတ်လိုသောယောဂီများကို သတိပဋ္ဌာန် ဝိပဿနာ အလုပ်ပေးတရားစတင်ဟောကြား ပြသတော်မူခဲ့ပါသည်။

ထိုအချိန်မှစ၍ ရိပ်သာကြီးတွင် တရားအားထုတ်သူများ တိုးပွားလာခဲ့ပါသည်။ ယောဂီများ တရားရှုမှတ် ပွားများရာတွင် လျင်မြန်စွာ တရားတိုးတက်စေရေးနှင့် ယောဂီများ စနစ်တကျ စည်းကမ်းရှိစေရေးတို့အတွက် ယောဂီများလိုက်နာရန် ဥပဒေ စည်းမျဉ်းနှင့်စည်းကမ်းများကို ၁၃၁၃ - ခုနှစ် (၁၉၅၁) ကပင် ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် ရေးသားပြဋ္ဌာန်းပေးတော်မူခဲ့ပါသည်။ ၎င်းအပြင် တရားအားထုတ်မည့် ယောဂီများအား စောင့်ရှောက်ကြရန်နှင့် ဝေယျာဝစ္စကိစ္စအဝဝကို ဆောင်ရွက်ကြရသော သံဃာတော်များ၊ သီလရှင်များနှင့် ဝေယျာဝစ္စဆောင်ရွက်ကြသော ယောဂီများအတွက်လည်း သြဝါဒတော်များမိန့်ကြား၍ ပြဋ္ဌာန်းပေးတော်မူခဲ့ပါသည်။

ဤသို့ ပြဋ္ဌာန်းညွှန်ကြားပေးတော်မူခဲ့သော စည်းမျဉ်းစည်းကမ်း ဥပဒေ စသည်တို့ကို သတ်သတ်မှတ်မှတ် စာအုပ်အဖြစ် ပြုစုပုံနှိပ်ထားရန် အထူးလိုအပ်ကြောင်းကို ယခု သြဝါဒါစရိယ ဆရာတော်ဘုရားဖြစ်တော်မူသော ဘဒ္ဒန္တဇဋိလ (သာသနာဓဇ သိရီပဝရ ဓမ္မစရိယ၊ ဝိနယပါဠိပါရဂူ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) (နေပြည်တော် - ပျဉ်းမနား) ဆရာတော်ဘုရားမှ သြဝါဒပေးညွှန်ကြားတော်မူသဖြင့် -

(၁)       မဟာစည်ရိပ်သာကြီးတွင် တရားအားထုတ်မည့် ယောဂီများလိုက်နာရန် စည်းမျဉ်းဥပဒေ စည်းကမ်းများနှင့် မဟာစည်ရတနာမြတ်ဘုရားရှိခိုး၊ မေတ္တာပို့နည်းအသွယ်သွယ် စာအုပ်။

(၂)       ရိပ်သာတွင်းနေ ဝန်ဆောင်ဆရာတော်များနှင့် ဝေယျာဝစ္စယောဂီများလိုက်နာရန် စည်းမျဉ်းစည်းကမ်းနှင့် တာဝန်ဝတ္တရားများစာအုပ်။ တို့ကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ပြုစု၍ ပုံနှိပ်ဖြန့်ဝေအပ်ပါသည်။


ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

၁၃၇၃-ခုနှစ်၊ တော်သလင်းလ။

၂၀၁၁ - ခုနှစ်၊ အောက်တိုဘာလ။

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏

တိုက်တွန်းနှိုးဆော်သည့် သြဝါဒတော်

 

အို သူတော်ကောင်း

အို သူတော်ကောင်း လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ဝိပဿနာအလုပ်ကို အားထုတ်နိုင်သည့်အခါပေတည်း။ ဤဝိပဿနာအလုပ်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကိုရ၏၊ အပါယ်ဆင်းရဲ သံသရာဆင်းရဲတို့မှ လွတ်ကင်းထွက်မြောက်၏၊ ဤမျှ ကြီးကျယ်သော အကျိုးကို ပေါ့လျော့ ပျင်းရိစွာ အားထုတ်၍ ဘယ်မှာရနိုင်ပါမည်နည်း။

အို သူတော်ကောင်း

မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အလွန်ကြီးမားတဲ့အကျိုးကို ရစေနိုင်တဲ့ ဝိပဿနာအလုပ်ကို ပြင်းထန်စွာ အားထုတ်ပါလော့။

သင် မပျင်းနဲ့၊ မမေ့နဲ့၊ အားထုတ်ပါလော့ ။    ။