မဟာသတိပဋ္ဌာနသုတ်(ပါဌ်နိဿယ)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

(၁) မဟာသတိပဋ္ဌာနသုတ်ပါဠိတော် (၂) ၎င်းပါဠိတော်၏ နိသျ (၃) မှတ်ချက်အဓိပ္ပါယ်များတို့ဖြင့် တင့်တယ်စွာ စီရင်ထားသော ကျမ်းမြတ်တစ်စောင်ဖြစ်ပါသည်။

မဟာသတိပဋ္ဌာနသုတ်(ပါဌ်နိဿယ)

Published Date - 1951

Author By - မဟာစည်ဆရာတော်ဘုရားကြီး

322 စာမျက်နှာ


နိဒါန်း

 

ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ် ပိဋကတ်သုံးဖြာ အင်္ဂါကိုးတန် ဓမ္မက္ခန် ပေါင်း ရှစ်သောင်းလေးထောင် မြားမြောင်လှစွာ ဒေသနာတော်တို့တွင် မဟာသတိပဋ္ဌာနခေါ် ဤသုတ်တရားတော်ကြီးသည် မဂ်ဖိုလ်နိဗ္ဗာန်ကို လက်ငင်းရရှိရေးအတွက် ရှုမှတ်အားထုတ်နည်းများကို တိုက်ရိုက်ထင်ရှားမသွယ်ဝိုက်ဘဲ ဟောထားသော ပုဗ္ဗဘာဂမဂ်ခေါ် ဝိပဿနာလုပ်ငန်းစဉ် တရားတော်ကြီး ဖြစ်ပေသည်။

စိတ်အညစ်အကြေး ကင်းဝေး စင်ကြယ်ရန်, အရိယာ မဂ်ကို ရရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန်, တစ်ခုတည်းသော လမ်းမှန်, တစ်ကြောင်းတည်းသော လမ်းမှန် ဟု ဧကန်သတ်မှတ်၍ ချီးမွမ်းတော် မူအပ်သောကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို သတိပဋ္ဌာန်ဖြင့်သာ ရောက်နိုင်၍ သူမပါလျှင် မရောက်နိုင်ကြောင်း ကောင်းကောင်းကြီး ထင်ရှားလှပါပေသည်။ သို့ဖြစ်၍ ဤမဟာသတိပဋ္ဌာနသုတ် တရားတော်ကြီးကို ဗုဒ္ဓသာသနာတော်မှာ အလွန်အရေးပါ၍ အရာရောက်လှသည့် ပဓာနအချုပ်အချာ ဘာဝနာ လုပ်ငန်းစဉ် တရားတော်ကြီး ဟူ၍လည်း ဆိုသင့်ဆိုထိုက်လှပါပေသည်။

သို့ဖြစ်သောကြောင့်ပင်လျှင် “တောထွက်လျှင် သတိပဋ္ဌာန် စာစောင်ကို ယူဆောင်၍ ထွက်ရသည်”ဟု ရှေးသူဟောင်းတို့၏ ပြောရိုးဆိုစဉ်သည် ယခုတိုင် ဥဒါးန်းတွင်လျက်ရှိခဲ့ပေသည်။

ဥဒါးန်းတွင်ရုံမျှသာ မဟုတ်သေး၊ ရှေးရှေးသော သူတော်စင် ပညာရှင်ပုဂ္ဂိုလ်မြတ်တို့သည် ဤမဟာသတိပဋ္ဌာန သုတ်ကြီးကို အထူးပင် လေးစားခဲ့ကြပေသည်။ ကျမ်းဂန်အရ ဖော်ပြရလျှင် တရားကျင့်သူအပေါင်း ငါးရာစီရှိသော ဓမ္မိကဥပါသကာအဖွဲ့ပေါင်း ငါးရာတို့၏ ဦးစီးဥက္ကဋ္ဌဖြစ်သော မဟာဓမ္မိက ဥပါသကာကြီး ကွယ်လွန်ခါနီးတွင် ရဟန်းတော်များကို ပင့်ဆောင်၍ တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်စေခဲ့ပါသည်။ ထိုအခါ ရဟန်းတော်များက ဘယ်သုတ်ကို နာလိုပါသလဲဟု မေးကြသည်တွင် ခပ်သိမ်းသော ဘုရားရှင်တို့ လက်မလွှတ်ဘဲ နှလုံးသွင်မြဲဖြစ်သော မဟာသတိပဋ္ဌာနသုတ်ကို နာလိုပါသည်ဟု ဥပါသကာကြီးက ပြန်လျှောက်ပါသတဲ့၊ ဤစကားဖြင့် ဘုရားတိုင်း ဘုရားတိုင်း ဤမဟာသတိပဋ္ဌာန်တရားကို လက်မလွှတ်နိုင်ဘဲ အထူးလေးစားခဲ့ကြကြောင်းနှင့် ရဟန်းတော်များတွင်မက လူဝတ်ကြောင် ဥပါသကာများပါ အထူးလေးစားခဲ့ကြကြောင်း ထင်ရှားလှပါပေသည်။

မြန်မာပြည်၌လည်း အမျိုးသမီး, အမျိုးသားတိုင်း ဖတ်ရှု၍၎င်း၊ နာခံ၍၎င်း၊ ကျင့်ကြံအားထုတ်၍၎င်း သတိပဋ္ဌာန် အရာသာကို ခံစားသုံးဆောင်နိုင်ရေးအတွက် ရှေးရှေးသော ဆရာမြတ်တို့သည် ဤ မဟာသတိပဋ္ဌာနသုတ်ကြီးကို ပါဠိတစ်ပိုဒ် မြန်မာတစ်ပိုဒ် နိသျပြန်ဆိုခြင်း, မြန်မာသက်သက် ပြန်ဆိုခြင်း, အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းစသည်တို့ဖြင့် အထူးလေးစားကာ ရေးသားပုံနှိပ်၍ ဖြန့်ချီခဲ့ကြလေပြီ။

ဤနိသျကျမ်းသစ်ကို ရေးသားစီရင်တော်မူသော ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရား သည်လည်း ဤမဟာသတိပဋ္ဌာနသုတ် ဒေသနာတော် အရအားဖြင့်ပင် ဝိပဿနာလုပ်ငန်းစဉ်တရားကို လက်တွေ့ ထင်ရှားအောင် ဟောကြား ညွှန်ပြလျက်ရှိခဲ့လေရာ တပည့် ယောဂီတို့အား ကမ္မဋ္ဌာန်း နည်းနိသျလမ်းမှန် ကျရေး တဆင့်ခံ နည်းပေးလျက် စစ်ဆေးညွှန်ပြသူ လက်ထောက်အကူအညီ ဆရာပေါင်းများစွာလည်း ပေါ်ပေါက်ခဲ့လေပြီ။ ထိုလက်ထောက် ဆရာပေါင်းများစွာတို့တွင် ပဌမ လက်ထောက် ဆရာကြီးများ ဖြစ်ကြသော ဆရာကြံနှင့် ဆရာကြွက်တို့က “မဟာသတိပဋ္ဌာနသုတ်ကြီးကို ပါဌ်အနက် အလုံးစုံ အာဂုံဆောင်လွယ်စေရန်၎င်း, ဝိပဿနာ လုပ်ငန်းစဉ်များ ထင်ရှားပေါ်စေရန်၎င်း နိသျကျမ်းသစ်တစ်ခုကို ပြုစုရေးသား၍ ချီးမြှောက်တော်မူပါ”ဟု လျှောက်ထားတောင်းပန်ကြသောကြောင့် ဤမဟာသတိပဋ္ဌာနသုတ်ကြီးကို အကျဉ်းချုပ်အားဖြင့် နိသျပြန်ဆိုရေးသားခဲ့ရာ သာသနာတော်နှစ် ၂၄၉၃ ခု၊ မြန်မာနှစ် ၁၃၁၁ ၊ခု ကဆုန်လပြည့်ကျော် (၁)ရက်နေ့ကပင် နိဂုံး ကမ္ပတ်အပြီးသတ်၍ ဆရာကြံ ဆရာကြွက်တို့အား ပေးထားခဲ့ပေသည်။

ထိုလက်ရေးမူ နိသျကို ရဟန်းရှင်လူ တပည့်အများတို့ အဆင့်ဆင့်ကူးယူကြရာ လွန်စွာပင်ပန်းခြင်း, အလိုရှိသူတိုင်း မရနိုင်ခြင်း, မှန်ကန်စွာမဖြစ်နိုင်ခြင်း, ကြည့်ရှု၍မကောင်းခြင်း စသော အပြစ်များစွာတို့နှင့် ရင်ဆိုင်တွေ့ကြုံကြရသောကြောင့် ယင်းနိသျကို စက်တင်ပုံနှိပ်ခွင့်ပြုရန် သဒ္ဓမ္မပါလ ဝိပဿနာဖြန့်ဖြူးရေးအဖွဲ့က လျှေက်ထားတောင်းပန်ခဲ့လေသည်။ သို့ဖြစ်ပါ၍ ယခုအခါ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ ပင့်လျှောက်ထားချက်အရဖြင့် ၁၃၁၁ ခုနှစ်မှစ၍ ရန်ကုန်မြို့ သာသနာ့ရိပ်သာတွင် သီတင်းသုံးကာ ဝိပဿနာနည်းနိသျကို ညွှန်ပြဟောကြားလျက် ရှိသော ဤကျမ်းပြုမထေရ် မဟာစည်ဆရာတော်ဘုရားသည် ၁၃၁၁ ခုနှစ်ကပင် ရေးသားစီရင်အပ်ပြီး သော ထိုနိသျတွင် အနည်းငယ်မျှသာ ဖြည့်စွက်ပြင်ဆင်ပြီးလျှင် စက်တင်ပုံနှိပ်ရန် ခွင့်ပြုအပ်ပါ၍ ရွှေဘိုမြို့ ဆိပ်ခွန်ရွာ, သဒ္ဓမ္မပါလ ဝိပဿနာဖြန်ဖြူးရေးအဖွဲ့က အများရှင်လူတို့ အလွယ်တကူ ဝယ်ယူကြည့်ရှု နိုင်စေရန် အလို့ငှါ ဤ မဟာသတိပဋ္ဌာနသုတ် ပါဌ်နိသျကို ပုံနှိပ်ဖြန့်ချီခဲ့သည်မှာ လေးကြိမ်တိုင်တိုင် ရှိခဲ့ပါသည်။ (ယခု ပဉ္စမအကြိမ်မှာ ရန်ကုန်မြို့၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ပုံနှိပ်၍ ဖြန့်ချီအပ်ပါသည်။)

ဤနိသျကို ကြည့်ရှုခြင်းဖြင့် လက်ငင်းရမည့်အကျိုးများမှာ (၁)နိသျပင်ဖြစ်သော်လည်း မြန်မာစကားပြင် လိုလိုပင် ဖတ်လွယ်, သိလွယ်ခြင်း၊ (၂) သဘာဝကျကျ အားထုတ်ပြီး ပုဂ္ဂိုလ်များမှာ ကိုယ်တွေ့နှင့် တိုက်ရိုက် ညီညွတ်နေသည်ကို တွေ့ရခြင်း၊ (၃) အားထုတ်ဆဲပုဂ္ဂိုလ်များမှာ အကူအညီ အထောက်အပံ့ ရနိုင်ခြင်း၊ (၄)အားမထုတ်ရသေးသော ပုဂ္ဂိုလ်များမှာ အားထုတ်ရန် နည်းနိသျကို ကျကျနန ရသွားနိုင်ခြင်း စသော ဤလက်ငင်း အကျိုးများကို ခံစားရရှိနိုင်ပါလိမ့်မည်။

သို့သော် စာဖတ် ပရိသတ်တို့သည် ဤနိသျကို အစအဆုံး အကုန်လုံးဖတ်ရှုပြီးလျှင် အဆိုပါ အကျိုးများ ရရေးနှင့်စပ်၍ ကိုယ်တိုင်ပင် ဆုံးဖြတ်ကြစေလိုပါသည်။

 

သာသနာတော်နှစ် ၂၄၉၅

မြန်မာသက္ကရာဇ် ၁၃၁၃ ခု၊ တန်ဆောင်မုန်းလဆုတ် (၁၄)ရက် 

အသျှင်ဦးဝိစာရ

မဟာစည် ကမ္မဋ္ဌာန်းနည်းပြဆရာတော်

သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့။


 

အမှာ 

စာရှုသူအား မှာကြားပါရစေ .

ဤမည်သော “မဟာ သတိပဋ္ဌာနသုတ် ပါဌ်နိသျကျမ်း” သည် ပျားလဘို့၏ အရသာကဲ့သို့ ချိုမြိန်ကောင်းမြတ်သော (၁) ကြာဝတ်ဆံ၊ (၂)ကြာရိုး၊ (၃)ကြာစွယ်တို့ဖြင့် အဆင့်ဆင့် တင့်တယ် သာယာလှသော နတ်ရေကန်ပမာ ဝိမုတ္တိ ရသာထူးကို ဧကန် ပေးစွမ်းနိုင်သည့် ဗုဒ္ဓပါဝစန အစစ် (၁) မဟာသတိပဋ္ဌာနသုတ်ပါဠိတော် (၂) ၎င်းပါဠိတော်၏ နိသျ (၃) မှတ်ချက်အဓိပ္ပါယ်များတို့ဖြင့် တင့်တယ်စွာ စီရင်ထားသော ကျမ်းမြတ်တစ်စောင်ဖြစ်ပါသည်။

ဤကျမ်းစာအုပ်ကို ဖတ်ရှုသူသည် ကြာဝတ်ဆံ ကြာရိုးကြာစွယ်တို့ဖြင့် တင့်တယ်သော နတ်ရေကန်အတွင်းသို့ သက်ဆင်းခွင့်ရသော လုလင်ပမာ ဝမ်းမြောက်စွာဖြင့် ကြိုက်ရာရာကို မြိန်ရှက်စွာ သုံးဆောင်နိုင်ပါသည်။ 

မင်္ဂလာ မောင်အောင်မြင့်

(၂၃-၁၁-၅၁)