ဝိသုဒ္ဓိမဂ်မဟာဋီကာသမယန္တရပိုင်း-ဂဏ္ဌိနိဿယ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

သမယန္တရဆိုင်ရာ ကျမ်းရင်းကိုမကြည့်ရဘဲ အနက်ပြန်လျှင် ထိုသမယန္တရဝါဒီတို့၏ အယူအဆနှင့် ကိုက်ညီလိမ့်မည်ဟု မထင်မိပေ။

ဝိသုဒ္ဓိမဂ်မဟာဋီကာသမယန္တရပိုင်း-ဂဏ္ဌိနိဿယ

Published Date - 1962

Author By - မဟာစည်ဆရာတော်ဘုရားကြီး

52 စာမျက်နှာ


အကြောင်းအရာ

 

ဤမဟာဋီကာ သမယန္တရပိုင်း ဂဏ္ဍိနိဿယကို ပုံနှိပ်ဖြန့်ဝေခြင်း၏ အကြောင်းမှာ ရှေးကာလများက ဤသမယန္တရပိုင်းကို ကြည့်ရှုသောအခါ ပို့ချသောအခါများတွင် ပုဒ်ပါဌ်၌၎င်း၊ အနက်၌၎င်း များစွာသံသယဖြစ်လျက် အားမရဘဲရှိခဲ့၏။ အချို့ပုဒ်များကို အနက်မပြန်ရဲအောင်ပင် သံသယရှိခဲ့၏။ သမယန္တရဆိုင်ရာ ကျမ်းရင်းကိုမကြည့်ရဘဲ အနက်ပြန်လျှင် ထိုသမယန္တရဝါဒီတို့၏ အယူအဆနှင့် ကိုက်ညီလိမ့်မည်ဟု မထင်မိပေ။ ထို့ကြောင့် ဤအပိုင်းကို ပို့ချပေးသောအခါ မရဲတရဲနှင့် အချို့ကိုသာလျှင် အနက်ပြန်၍ ပို့ချနိုင်သည်။

အချို့မှာ အနက်မပြန်ဘဲ ချန်ထားခဲ့ရ၏။ သမယန္တရပိုင်းဆိုင်ရာ ကျမ်းရင်းတို့ကို မတွေ့ရသော အခြားပါဠိကျမ်းဂန်တတ် ပုဂ္ဂိုလ်ထဲမှာလည်း မိမိကဲ့သို့ပင် အားမရဘဲ အခက်အခဲနှင့် တွေ့နေသူတွေ ရှိကောင်းရှိလိမ့်မည်ဟု ထင်မိ၏။ ထို့ကြောင့် ဤသမယန္တရပိုင်းကို နိဿယရေးရန်အတွက် သမယန္တရကောဝိဒဖြစ်တော်မူကြသော ဆရာတော်တို့အား လျှောက်ထားတောင်းပန်လိုသော စိတ်ဆန္ဒများစွာဖြစ်ခဲ့ဘူး၏။ ဆရာတော်ကြီးတစ်ပါးကိုမူ လျှောက်ထားတောင်းပန်ခဲ့ဘူး၏။ သို့သော် ထိုဆရာတော်ကြီးမှာလည်း အချိန်မရသဖြင့် ရေးသားနိုင်ခြင်း မရှိခဲ့။ ယခုအခါမှမူ မိမိအားကိုးထားသော ထိုဆရာတော်ကြီးများမှာ ကွယ်လွန်သွားကြလေကုန်ပြီ။

ကံအားလျော်စွာ ယခု မိမိကိုယ်တိုင် ဝိသုဒ္ဓိမဂ်ကို ပို့ချစဉ်မှာ ထိုသမယန္တရဆိုင်ရာ ကျမ်းစာအုပ်များ တော်တော်ပြည့်စုံစွာရသဖြင့် ဝိသုဒ္ဓိမဂ်နှင့် မဟာဋီကာကိုပို့ချရင်းပင် ခက်ဆစ်အဓိပ္ပါယ်မှတ်ချက်များနှင့် တကွ နိဿယကိုရေးသားခဲ့၏။ ထိုသို့ရေးသားထားသော နိဿယမှ သမယန္တရပိုင်းကိုထုတ်နုတ်၍ စိတ်ပါဝင်စားသော ပါဠိပညာရှိတို့အား ကြည့်ရှုသုံးသပ်နိုင်ရန်နှင့် လိုနေသောအချက်များတွင် ဖြည့်စွက် အကြံဉာဏ်ပေးနိုင်လျှင်လည်း အကြံဉာဏ်ပေးတော်မူကြရန်အတွက် ပုံနှိပ်၍ ဖြန့်ဝေလိုက်ခြင်းဖြစ်ပါသည်။

 

အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်

သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့။

၁၃၂၄ ခုနှစ်၊ တော်သလင်းလဆုတ် (၁)ရက်