ဝိသုဒ္ဓိမဂ္ဂမဟာဋီကာနိဿယ (ပထမတွဲ)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ကျမ်းဆရာကိုယ်တိုင် အခြားသော ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းတို့နှင့်၎င်း, သမယန္တရကျမ်းတို့နှင့်၎င်း အခေါက်ခေါက် အခါခါ တိုက်ဆိုင်ကြည့်ရှုလေ့လာပြီးနောက် တပည့်တို့အား သဘောကျ ကျေနပ်လောက်အောင် အနက်အဓိပ္ပါယ် ရှင်းလင်းပြောပြပြီးမှ မူတင်ထားသော နိဿယဖြစ်ပေသည်။

ဝိသုဒ္ဓိမဂ္ဂမဟာဋီကာနိဿယ (ပထမတွဲ)

Published Date - 1966

Author By - မဟာစည်ဆရာတော်ဘုရားကြီး

555 စာမျက်နှာ


မဟာဋီကာနိဿယ ပေါ်ပေါက်လာခြင်းအကြောင်း

 

ရှေးနိဿယ ဝိသုဒ္ဓိမဂ် မဟာဋီကာမှာ နားလည်သဘောပေါက်ရန် ခက်ခဲသော ကျမ်းတစောင်ဖြစ်ရာ ၎င်းကျမ်းကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်အောင် ကြည့်ရှု ပို့ချနိုင်ရေးအတွက် အမှီနိဿယကောင်းတစောင် မုချလိုအပ်နေပေသည်။

ဤနိဒါန်းရေးသူအနေနှင့်မူ မဟာဋီကာနိဿယဆိုလျှင် ပုံနှိပ်စာအုပ်မဆိုထားဘိပေမူ နိဿယကိုပင် မတွေ့ဘူးပေ။ ပိဋကတ်တော်သမိုင်း စာမျက်နှာ ၁၇၇-၌မူ မန္တလေးရတနာပုံမြို့တည် နန်းတည် ပဉ္စမသံဂါယနာတင် မင်းတုန်းဘုရင်လက်ထက် ၁၂၂၁-ခုနှစ်တွင် နန်းမတော် မိဖုရားခေါင်ကြီးအမိန့်အရ မဟာသီရိဇေယျသူဘွဲ့ခံ မိုင်းခိုင်းမြို့စား ပိဋကတ်တော်အုပ် ဦးယံနှင့် စာတော်ပြင် နေမျိုးဓမ္မကျော်သူတို့ မဟာဋီကာ နိဿယတစောင် ပြုစီရင်ကြောင်း ယင်းနိဿယ ပေထုပ်ရေ -ထုပ်ရှိကြောင်း ဖော်ပြထားလေသည်။ သို့သော်လည်း ယခုအခါ စာပေတတ်ကျွမ်း နှံ့စပ်တော်မူကြသော ဆရာတော်ကြီး များပင် ယင်းနိဿယပေမူကို မတွေ့ဘူး မကြည့်ဘူးကြပေ။ မည်သည့်အချိန်တွင် မည်သည့်အကြောင်းကြောင့် ယင်းနိဿယ ကွယ်ပျောက်တိမ်မြုပ် သွားခဲ့သည်ကို မသိနိုင်တော့ပေ။ သို့ဖြစ်ရာ မဟာဋီကာ နိဿာ ကောင်းတစ်စောင်မှာ လိုအပ်မြဲ လိုအပ်လျက်ပင် ရှိနေလေသည်။

မစိုးရိမ်ဆရာတော်ကြီးတိုက်တွန်းချက် သို့ရှိနေစဉ်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ဆဋ္ဌသံဂါယနာပွဲကြီး ဆင်ယင်ကျင်းပဖို့ရာ အခွင့်ကောင်း ကြုံလာလေတော့သည်။ ထိုဆဋ္ဌသံဂါယနာပွဲကြီးမှာ မြန်မာသက္ကရာဇ် ၁၃၁၆-ခုနှစ်မှစ၍ ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကို သံဂါယနာတင်ကြရာ ၁၃၂၂-ခုနှစ်တွင် ပြီးဆုံးခဲ့လေသည်။ ထိုသံဂါယနာ ပွဲကြီးအတွင်းက သြသာနဌာန၌

မဟာဋီကာကို တည်းပြတ်သုတ်သင်ကြရာတွင် ရှေးကဆရာတော်တပါး ရေးသားထားသော မဟာဋီကာ နိဿယနှင့်လည်း တိုက်ဆိုင်နှီးနှော၍ သုတ်သင်ကြသည်ဟု ကြားသိရ၏။ ထိုပြင် စစ်ကိုင်းဝါးချက် မင်းကျောင်းဆရာတော်ဘုရား ရေးသားသော မဟာဋီကာနိဿယ တစောင် ရှိသည်ဟုလည်း ကြားသိရ၏။ ထို့ကြောင့် ပေစာထုပ်အဖြစ်နှင့် မဟာဋီကာ နိဿယရှိကြောင်းကိုကား သိရပေ၏။ သို့သော် ထိုဋီကာ နိဿယတို့သည် စာအုပ်အဖြစ်သို့ မရောက်ပဲ ပေစာအဖြစ်နှင့်သာ တည်နေ သောကြောင့်၎င်း, ထိုရှေးဆရာတော်တပါး ရေးသားသော နိဿယနှင့် တိုက်ဆိုင်၍ သုတ်သင်ထားသော ဆဋ္ဌသံဂါယနာမူ ဋီကာပါဌ်၌ပင် ချွတ်ယွင်းချက်များ ရှိနေသေးသောကြောင့်၎င်း ခက်ဆစ်ဌာန အဆုံးအဖြတ်များနှင့်တကွ ချွတ်ယွင်းချက်များကိုပါ သုတ်သင်ပြင်ဆင်၍ ဆဋ္ဌသံဂါယနာမူနှင့်လည်း အညီ ပြန်ဆိုလျက် ပြည့်စုံခိုင်လုံသော မဟာဋီကာ နိဿယကောင်း တစ်စောင်မှာ လိုအပ်မြဲ လိုအပ်လျက်ပင် ရှိနေလေသည်။ သို့လိုနေရာတွင် အကြောင်းညီညွတ်ရန် အခွင့်ကောင်းပေါ်လာပြန် သည်မှာ အဆိုပါ ဆဋ္ဌသံဂါယနာပွဲကြီး ပြီးစီးသောအခါ၌ ထိုစဉ်က သံဂီတိကာရက သံဃာတော် အပေါင်း၏ ဦးစီးဥက္ကဋ္ဌ ဖြစ်တော်မူသော အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီးသည် (ပဌမသံဂါယနာတင် ပြီးသောအခါ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်တို့ကို မိမိတို့တပည့်များအား ပို့ချပေးရန် အရှင်ဥပါလိ, အရှင်အာနန္ဒာ, အရှင်အနုရုဒ္ဓါ တို့အား၎င်း, အရှင်သာရိပုတြာနှင့် အရှင်မောဂ္ဂလ္လာန်တို့၏ တပည့်တို့အား၎င်း အရှင်မဟာကဿပ မထေရ်က အသီးသီးတာဝန်ပေးအပ်တော်မူသကဲ့သို့) ဆဋ္ဌသံဂါယနာတွင် ပါဝင်တော်မူကြသော မထေရ်တို့အား နိကာယ်တစောင်ဖြစ်စေ, အများဖြစ်စေ, အားလုံးကိုဖြစ်စေ အသီးသီး တာဝန်ယူ၍ မပြတ်ပို့ချကြရန် နှိုးဆော်တိုက်တွန်းတော်မူခဲ့လေသည်။

မဟာစည်ဆရာတော်၏တာဝန်ယူချက် ထိုအခါ ဤမဟာဋီကာ နိဿယကျမ်းပြု မထေရ်ဖြစ်သော မဟာစည်ဆရာတော်ဘုရားသည် မစိုးရိမ်ဆရာတော်ဘုရားကြီး၏ နှိုးဆော် တိုက်တွန်းချက်ကို နာယူသောအားဖြင့် ကမ္မဋ္ဌာန်းနှင့်စပ်ဆိုင်သော () ဝိသုဒ္ဓိမဂ်နှင့် မဟာဋီကာ၊ () ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် ၎င်း၏အဋ္ဌကထာ၊ () မိလိန္ဒပဉှာ ပါဠိတော် ဟူသောကျမ်းတို့ကို မိမိ၏သာသနာ့ရိပ်သာ၌ မပြတ်ပို့ချရန် တာဝန်ယူရသော် သင့်လျော် ကောင်းမြတ်ပေမည် ဟု ဆင်ခြင်နှလုံးသွင်းမိလေသည်။

ထိုသို့ တာဝန်ယူလျက်ပို့ချနေခြင်းအားဖြင့် ကမ္မဋ္ဌာန်းနှင့် ပတ်သက်၍ အရှုပ်အထွေး ပေါ်ပေါက်လာခဲ့လျှင် အလွယ်တကူနှင့် ခိုင်လုံသော အဆုံးအဖြတ်ကို ပေးနိုင်ခြင်း ကမ္မဋ္ဌာနစရိယ အဟောင်းအသစ်တို့အား ကမ္မဋ္ဌာန်းဆိုင်ရာ၌ ဗဟုသုတတိုးပွား၍ အသားကျ ကျေပြွန်စေခြင်းစသော အကျိုးများကို ရနိုင်ပေလိမ့်မည်ဟုလည်း ရရှိမည့်အကျိုးများကိုပါ ထပ်မံစဉ်းစားမိပြန်လေသည်။ ထိုသို့ ဆင်ခြင်စဉ်းစားမိသည့် အတိုင်းပင် အဆိုပါကျမ်းများကို ပို့ချရန် မစိုးရိမ်ဆရာတော်ဘုရားကြီး၏ အထံ၌ ဝန်ခံကတိပေးကာ တာဝန်ယူလိုက်လေသည်။

ဤနိဿယ ထိုသို့ တာဝန်ယူလိုက်သည့်အလျောက်ပင် ၁၃၂၂ခုနှစ် တပို့တွဲလဆုတ် -ရက် ကြာသပတေးနေ့မှစ၍ ဝိသုဒ္ဓိမဂ် အဋ္ဌကထာကို မဟာဋီကာ နှင့်တွဲဖက်ကာ နေ့စဉ် တနာရီခွဲ နှစ်နာရီခန့် မပြတ်ပို့ချခဲ့လေသည်။ ပို့ချပုံမှာလည်း စာလိုက်သူ တပည့်တို့တွင် ဓမ္မာစရိယ အောင်ပြီးသူတို့သာ အောင်ရှင်လင်းပြောကြားပြီးမှ နိဿယမူ ရေးသားရန် ရည်ရွယ်ချက်ဖြင့် နိဿယနက်သက်သက် ပို့ချပေးလေသည်။ ထိုအနက်ကို စာလိုက်သူ တပည့် ရဟန်းတော်တို့ လက်နှိပ်စက်ဖြင့် ရိုက်နှိပ်ပြီး သောအခါ မဟာဋီကာနိဿယမူကြမ်းကို ရလေတော့သည်။ ထိုစာမူကြမ်းကို မဟာစည် ဆရာတော်ဘုရား ကိုယ်တိုင် အထပ်ထပ်ကြည့်ရှု၍ ပြင်ဆင်သင့်သည်ကို ပြင်ဆင်, အဆုံးအဖြတ် အမှာစကားထည့်သင့်သည်ကို ထည့်၍ ကျေနပ်သည့်အခါမှ မူချောဖြစ်အောင် လက်နှိပ်စက်ဖြင့် တဖန် အချောကိုရိုက်နှိပ် စေရပြန်သည်။ ဤဒုတိယအကြိမ် အချောရိုက်ပြီးမှပင် ပုံနှိပ်ရန် အဆင်သင့်ဖြစ်သော မဟာဋီကာနိဿယ မူချောကို ရရှိပေတော့သည်။

ယင်းသို့ စာမူကြမ်းမှ မူချောဖြစ်အောင် လက်နှိပ်စက်ဖြင့် ရိုက်နှိပ်၍ ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားအားပါရမီ ကူညီဖြည့်ပေးကြသော ပုဂ္ဂိုလ်တို့မှာ --

() ဦးနန္ဒာဝံသ (ကမ္မဋ္ဌာနာစရိယ၊ သာသနာ့ရိပ်သာ)

() ဦးသံဝရ (သာသနဓဇသိရီပဝရဓမ္မာစရိယ၊ ကမ္မဋ္ဌာနစရိယ၊ သာသနာ့ရိပ်သာ)

() ဦးတေဇနိ (သာသနာဓဇသိရီပဝရဓမ္မာစရိယ)

() ဦးရေဝတ (သာသနာဓဇမ္မာစဓရိယ )

() ဦးကဝိဓဇ (သာသနာဓဇဓမ္မာစရိယ)

() ဦးဓမ္မစယမိ (ဘုရားကြီးတိုက် ရန်ကုန်)

() ဦးကောဏ္ဍည (အုတ်တွင်း)

() ဦးကောဝိဒ (ကန့်ဘလူမြို့)

() ဦးလာဘ (အထွေထွေဝန်ဆောင်၊ သာသနာ့ရိပ်သာ)တို့ဖြစ်ကြသည်။

အဆိုပါ စာမူချောကိုမှ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာပုံနှိပ်စက်တွင် ရိုက်နှိပ်စေပြီးလျှင် ပုံနှိပ်မူကြမ်းကို မဟာစည်ဆရာတော် ဘုရားကိုယ်တိုင် စစ်ဆေးသုတ်သင်ပြန်လေသည်။ ထိုနောင်မှ ဇမ္ဗူဒီပကျောင်းဆောင်ရှိ သြသာနသောဓကအဖွဲ့ဝင် ဆရာတော်များက အဆုံးသတ်ကြည့်ရှု စစ်ဆေးပြီးလျှင် အပြီးသတ် အချောရိုက်နှိပ်ရန် ပုံနှိပ်စက်သို့ ပြန်ပို့ရလေသည်။

ဤသို့လျှင် ဝိသုဒ္ဓိမဂ်မဟာဋီကာ မြန်မာနိဿယကျမ်းတစောင်ကား ဆဋ္ဌသံဂါယနာနှင့် ကျေးဇူးရှင် အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး တို့ကို အကြောင်းခံကာ ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား၏ ကြိုးပမ်းမှု, အထက်ပါ ရဟန်းတော်တို့၏ ကူညီမှုဖြင့် မြန်မာ့သာသနာဘောင်တွင် ပုံနှိပ်စာအုပ်အဖြစ်ဖြင့် ထွန်းပြောင်စွာ ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ စာချ, စာသင်, သုတေသီ ပညာရှင်တို့အတွက် အားတက် ဝမ်းမြောက်စရာကြီးပါပေတည်း။

ဤနိဿယ စီစဉ်ပုံ

ဂန္ထာရမ္ဘမလို ဤနိဿယ၌ အခြားနိဿယများနှင့် မတူသည့် အချက်တချက်ကို သတိပြု ကြည့်ရှုလိုသူတို့ တွေ့ရှိကြမည်အမှန်ပင်။ ထိုအချက်ကား အခြားမဟုတ်၊ ဂန္ထာရမ္ဘခေါ် နိဿာကျမ်းဦးစကား မပါရှိခြင်းပင်။ ယင်းသို့ ဂန္ထာရမ္ဘမထည့်ခြင်းနှင့် ပတ်သက်၍ မဟာစည် ဆရာတော်ဘုရားက ဤနိဿယသည် အထက်၌ပြဆိုခဲ့သည့်အတိုင်း ပေါ်ပေါက်လာသော ကျမ်းဖြစ်သောကြောင့်၎င်း, မဟာဋီကာဆရာ၏ ရတနတ္တယပဏာမသည် နိဿယ၌ ပါဝင်နေပြီးဖြစ်ရာ ထိုပဏာမဖြင့်ပင် နိဿယဆရာ၏ အန္တရာယ်ပျေက်ခြင်း စသောအကျိုးများပြီးစီးနိုင်သည်ဟု ယူဆသောကြောင့်၎င်း, နိဿယ၌ ပါဠိဂါထာ စီကုံး၍အနက်ရေးခြင်းဖြင့် အကျိုးမများဟု ထင်မြင်သောကြောင့်၎င်း နိဿယဂန္ထာရမ္ဘ မထည့်ခြင်းဖြစ်သည်ဟု အမိန့်ရှိပါသည်။

နိဿယမည်ကာမတ္တမဟုတ် ဤမဟာဋီကာ နိဿယသည် ပုဒ်ရှိရင်းအတိုင်း အနက်ဖြစ်ကာမျှ ပြုစီရင်ထားသော ဖြစ်ဆန်းကာမျှ နိဿယမဟုတ်ပေ။ ကျမ်းဆရာကိုယ်တိုင် အခြားသော ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းတို့နှင့်၎င်း, သမယန္တရကျမ်းတို့နှင့်၎င်း အခေါက်ခေါက် အခါခါ တိုက်ဆိုင်ကြည့်ရှုလေ့လာပြီးနောက် တပည့်တို့အား သဘောကျ ကျေနပ်လောက်အောင် အနက်အဓိပ္ပါယ် ရှင်းလင်းပြောပြပြီးမှ မူတင်ထားသော နိဿယဖြစ်ပေသည်။ ဤမျှ ကြိုးကြိုးပမ်းပမ်း ရေးသားပြုစုထားသည်ကို အောက်ပါထူးခြားချက်များက သက်သေခံပါလိမ့်မည်။

ဤနိဿယ၌--

() မူလရှိရင်းပါဌ်အတိုင်း သင့်လျော်သောအနက်ကို မရနိုင်လျှင် မြန်မာမူဟောင်း သီဟိုဠ်မူ ယိုးဒယားမူတို့နှင့် တိုက်ဆိုင်ညှိနှိုင်း၍ အသင့်ဆု့းပါဌ်ကို မူတင်ထားလေသည်။

အယုတ္တဘောဇိနံ သြဒရိကံ ဂရဟန္တာ (နှာ ၁၆၉) လောဘုဿဒတာဒိ (နှာ ၂၈၁)စသော ပါဌ်တို့၏ အဆုံးအဖြတ်ကို ကြည့်ပါ။

() မြန်မာ, သီဟိုဠ် ယိုးဒယားဟူ၍ မူကွဲနေစေကာမူ မူအားလုံးပင် သဒ္ဒယုတ္တိ, အတ္တယုတ္တိအားဖြင့် သင့်လျော် မှန်ကန်နေသော အရာတို့၌ အသင့်ဆုံးကို မူတင်၍ အခြားမူတို့ကိုလည်း အောက်ခြေ၌ ပြထားလေသည်။ သာဒ္ဓေါ, အသာဒ္ဓေါ (နှာ ၁၄၇) စသော ပုဒ်တို့၏ အဆုံးအဖြတ်ကိုကြည့်ပါ။

() မူလရှိရင်းပါဌ်လည်း မသင့်, မူကွဲလည်း မရှိသောအရာတို့၌ ရှိရင်းပါဌ်ကို သဒ္ဒါနက်မျှ သမ္ဗန်ပြီးလျှင် နိဿယ ဆရာတော်၏ ထင်မြင်ချက်ကို သီးသန့်တင်ပြထားလေသည်။

ဥဿုက္တာပေတွာ(နှာ ) ဗျာကရဏသမတ္ထတာယ ဝိဘာဝနဝသေန(နှာ )စသော ပါဌ်တို့၏ မှတ်ချက်ကို ကြည့်ပါ။

() အချို့အရာတို့၌ အခြားသော ပါဠိတော်, အဋ္ဌာကထာ, ဋီကာတို့နှင့် တိုက်ဆိုင်ညှိနှိုင်း၍ သင့်လျော်သော ပါဌ်ကို ဆုံးဖြတ် အတည်ပြုထားလေသည်။

ဘုတ္တပစ္စယာ ဥပ္ပဇ္ဇနကဝေဒနာ (နှာ ၁၄၄) အဘုတ္တပစ္စယာ ဘုတ္တပစ္စယာ (နှာ ၁၄၅) စသော ပါဌ်တို့၏ အဆုံးအဖြတ်တို့ကို ကြည့်ပါ။

() အချို့သောအရာတို့၌ သက္တတအဘိဓာန်ကျမ်းတို့၏ အဆိုနှင့်ညှိနှိုင်းကာ ပုဒ်ပါဌ်ကို သုတ်သင်၍ သင့်လျော်သော အနက်ကို သမ္ဗန်ထားလေသည်။ သာဒ္ဒေါ, အသာဒ္ဒေါ(နှာ ၁၄၇) နိဓုဝနံ (နှာ ၁၉၅) စသော ပုဒ်တို့၏ အဆုံးအဖြတ်ကို ကြည့်ပါ။

() မူလရှိရင်းပါဌ်အတိုင်း သင့်လျော်သည့်အနက်ကို လုံးဝမရနိုင်သော အရာတို့၌ ရှိရင်းပါဌ် မသင့်ကြောင်း ဆုံးဖြတ်၍ နိဿယဆရာတော် သဘောကျပါဌ်ကို မူတင်ထားလေသည်။

ဧဝမ္ပေတ္ထ (နှာ ၁၄) ဥပ္ပဇ္ဇနာကာရော (နှာ ၁၆) စသောပါဌ်တို့၏ အဆုံးအဖြတ်ကိုကြည့်ပါ။

() ဋီကာ၏ အဆိုအမိန့်သည် ဝိသုဒ္ဓိမဂ်နှင့်၎င်း, အခြားပါဠိတော်, အဋ္ဌကထာ, ဋီကာတို့နှင့်၎င်း မညီညွတ်ဟု ထင်ရာ၌လည်း အောက်ခြေ မှတ်ချက်ဖြင့် အထူးဖော်ပြထားလေသည်။ နှာ ၁၆၅၊ အောက်ခြေမှတ်ချက် -နှင့် နှာ ၂၅၃၊ အောက်ခြေမှတ်ချက် -စသည်တို့ကို ကြည့်ပါ။

ဤသို့ဖော်ပြထားခြင်းမှာ ဋီကာဆရာအား မရိုသေ မလေးစားသောကြောင့် မဟုတ်ပဲ နောင်လာနောက်သားတို့ အထူးဉာဏ်သက်၍ ကြံစည်စဉ်းစားကြစေရန်နှင့် အသင့်ယုတ္တိရှိအောင် ကြံစည်နိုင်ပါက ခိုင်မာသော အဆုံးအဖြတ်ကို ပေးနိုင်ကြစေရန် ရည်သန်ကြောင်းဖြင့် ကျမ်းပြုဆရာတော်က အမိန့်ရှိပါသည်။ ထို့ကြောင့်ပင် ဆရာတော်သည် ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ နိဂုံး၌ တထေသကော၊ ပရမ္ပရာဂတ ရိုးရာနည်းမျှဖြင့် အားမရမရောင့်ရဲ ခိုင်မြဲကျမ်းဂန် လမ်းမှန်ကို ရှာလေ့ရှိသော။ ဝါ၊ ယူသည်းကင်းစွာ ရိုးရာမလိုက် အမှန်ကိုသာ ကြိုက်လေ့ရှိသော။ သောဘနော နာ၊ အရှင်သောဘနအမည်ရှိသော။ သောထေရော၊ ထိုမထေရ်သည်ဟု မိမိ၏ စိတ်နေသဘောထားကို ထင်ရှားစွာ ဖော်ပြထားပေသည်။

() အနက်ယောဇနာရာ၌ သဒ္ဒါအနက်ကို မလွန်စေပဲ အဓိပ္ပါယ်ပေါ်လွင်နိုင်သမျှ ပေါ်လွင်အောင် ယောဇနာထားလေသည်။ သို့သော်လည်း ပို၍ပေါ်လွင် ထင်ရှားစေလိုသောအရာများ၌ အဓိပ္ပါယ်နက်, အရကောက်နက်တို့ကိုပါ ငုံ၍ ယောဇနာပြီးလျှင် အဓိပ္ပါယ်နက်, အရကောက်နက်တို့ကို လက်သည်းကွင်းဖြင့် ပြထားသည်။ ဤသို့ပြထားခြင်းဖြင့် သဒ္ဒါနက်သက်သက် လိုသူတို့မှာ ကွင်းအတွင်းရှိ အနက်ကို ဖယ်ရှား၍ ကြည့်ရှုနိုင်ပြီး အဓိပ္ပါယ်နက်ကိုပါ လိုသူတို့မှာ ကွင်းအတွင်းရှိ အနက်ကိုပါ ထည့်သွင်း ကြည့်ရှုနိုင်လေသည်။

အာလောကကရံ၊ (စတုသစ္စာဉာဏ်ဟူသော) အရောင်အလင်းကို ပြုတော်မူတက်သော (နှာ ) စသည်။

() ပါဌသေသနှင့် လိုက်ပါဌ်တို့ကိုလည်း လက်သည်းကွင်းဖြင့် ပြ၍ ယောဇနာထားလေသည်။ (မယာ၊ ငါသည်။ လဒ္ဓံ၊ ရအပ်ပြီ။) (နှာ ) စသည်။

(၁၀) သာဓကပါဌ်များကိုမူ ထောင့်ကွင်းဖြင့်ကွင်း၍ ယောဇနာထားလေသည်။ (ဘိက္ခဝေ၊ တို့။ပ။ဝုစ္စတိ၊ ဆိုအပ်။) (နှာ ) စသည်။

(၁၁) အနက်ယောဇနာရာ၌ ပါဠိသွားထက် မြန်မာစကားချောပြေရေးကို ပို၍ အလေးပေးကာ ယောဇနာထားလေသည်။

(က) သမ္ဘာရဘူတံ၊ အဆောက်အဦးဖြစ်သော။ ကာရဏဘူတံ၊ အကြောင်းဖြစ်သော။ (နှာ ၈၅) စသည်။

() ကာမရာဂဂ္ဂိနာ၊ ကာမရာဂမီးဖြင့်။ (ကတ္တားပင်ဖြစ်သော်လည်းဖြင့်ဟု ပြန်မှ မြန်မာစကားချောသည်) ပရိဍယှာမိ၊ ထက်ဝန်းကျင် ပူလောင်အပ်၏ (နှာ ၁၆၁)စသည်။

() တယော ခန္ဓာ၊ သုံးပါးသော ခန္ဓာတို့ကို။ (နှာ ၂၅) ပဋိလဘိတဗ္ဗတော။ ရအပ်သည်၏ အဖြစ်ကြောင့်ပေတည်း။ (နှာ ၅၂) ဤပုဒ်တို့ကို သုံးပါးကုန်သော, ရအပ်ကုန်သည်၏ဟု ပါဠိသွားမှန်အောင် အနက်ပြန်ရမည် ဖြစ်သော်လည်း မြန်မာစကား ချောပြေစေရန် ကုန်ကို မြှုပ်ထားခဲ့သည်။

(၁၂) စာမျက်နှာတိုင်း၏ အထက်စာခေါင်းစီးနောက်တွင် လက်သည်းကွင်းဖြင့် ဂဏန်း -မျိုး ပြထားလေသည်။ ထိုဂဏန်း -မျိုးအနက် ရှေ့ဂဏန်းမှာ မဟာဋီကာပါဌ် စာမျက်နှာ နံပါတ်ဖြစ်၍ နောက်ဂဏန်းမှာ စာကြောင်းရေ ဂဏန်းဖြစ်ပေသည်။ နှာ -တွင် ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယ (-)’ နှာ -တွင် နိဒါနာဒိကထာဝဏ္ဏနာ (-)’ စသည်။

(၁၃) မဟာဋီကာပါဌ် စာမျက်နှာ နံပါတ်တို့ကိုလည်း ဤနိဿယတွင် ကျရာနေရာ၌ ထောင့်ကွင်းဖြင့် သီးခြားပြထားသေးသည်။ နှာ ၃၊ ကြောင်းရေ ၁၇-တွင် နှာ ၆၊ ကြောင်းရေ ၂၆-တွင် စသည်။

(၁၄) အဆုံးအဖြတ် အမှာအထားတို့ကို ရေးလိုသောအခါ ဆုံးဖြတ်မှာထားလိုရာ စကား၏ နောက်၌ ဂဏန်းပြ၍ ထိုဂဏန်းအရပင် အောက်ခြေ၌ အဆုံးအဖြတ် အမှာအထားတို့ကို ရေးသားထားလေသည်။-ဤလက်သည်းကွင်းအတွင်းရှိ။ ပ။ ပုဒ်များဖြစ်သည်။” (နှာ ၁၊ အောက်ခြေအမှာ )

(၁၅) အမှာအထားစကားမရှည်လျှင် နိဿယစာသားထဲတွင်ပင် လက်သည်းကွင်းဖြင့်မှာထားလေသည်။ (ရှေ့ဂါထာ မှလိုက်) နှာ ၁၊ (အဓိပ္ပါယတ္ထ၊ တနည်း ဥဒိတ-ပုဒ်ကြေသည်) နှာ ၂။

အထူးကြိုးစားချက်

ဂန္ထန္တရ ဤနိဿယကို ပြုစုရာတွင် ဆရာတော်သည် မိမိထံ၌ ရှိသမျှကျမ်းများကို ကြည့်ရှုရုံမျှဖြင့် အားမရသေးပဲ သက်ဆိုင်ရာ ကျမ်းစာအုပ်များကို ရအောင် ရှာကြည့်၍၎င်း, တဆင့်မေးမြန်း၍၎င်း ရနိုင်သမျှကို အထူးပြုကြိုးစား ရှာဖွေစုဆောင်း၍ ပြုစုတော်မူလေသည်။ အချို့ကို ဖော်ပြရလျှင် ဝိသုဒ္ဓိမဂ် ၁၊ နှာ ၂၂၄- အဒ္ဓါမလကမတ္တဿ အန္တေ ဣဿရံ ဂတောဟု ဆိုထားရာ တွင် ဋီကာ၌လည်း အထူးမဖွင့်ပြခဲ့သဖြင့် အသောကမင်းတရားကြီးသည် နောက်ဆုံး အချိန်ကာလ၌ ဆီးဖြူသီးထက်ဝက်မျှကို စိုးပိုင်သောအဖြစ်သို့ ဘယ်ပုံဘယ်နည်းဖြင့် ရောက်ရလေသည်ကို မသိနိုင်ပဲ ရှိနေသောကြောင့် ထိုအချက်ကို ထင်ရှားသိနိုင်ကြစေရန် ဒိဗျာဝဒါနမည်သော သက္ကတကျမ်းကို ခဲယဉ်းစွာနှင့် ရအောင် ရှာကြံပြီးလျှင် ထိုကျမ်းမှ အသောကမင်းတရားကြီး၏ နောက်ဆုံးပိုင်း အကြောင်းအရာများကို ပါဠိဘာသာပြန်၍ မူရင်းအတိုင်း မှတ်ချက်အနေဖြင့် တင်ပြထားလေသည်။ (ဤနိဿယ ဒုတိယတွဲ၌ တွေ့ရပါ လိမ့်မည်။)

ဋီကာမူကွဲ ဒိဋ္ဌိဝိသုဒ္ဓိအဖွင့်မှ စ၍ သီဟိုဠ်မူဋီကာသည် စာအုပ်အဖြစ်သို့ မရောက်သေးသဖြင့် မြန်မာပြည်၌ မရှိသေးပေ၊ ဆဋ္ဌသံဂါယနာ ဝိသောဓနပြုစဉ်ကလည်း ထိုအပိုင်း၌ သီဟိုဋ္ဌ်မူနှင့် မတိုက်ခဲ့ရပေ။ ထို့ကြောင့် ထိုအပိုင်း၌ သံသယဖြစ်ဖွယ်ပါဌ် တို့ကို မှတ်သားပြီးလျှင် သီဟိုဠ်ကျွန်း ကိုလံဘိုမြို့ မဟာဝိသုဒ္ဓါရာမ ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသော မြန်မာရဟန်းတော် အရှင်ဉာဏိန္ဒမထေရ် ထံသို့ စာဖြင့် သီဟိုဠ်ပေမူဋီကာနှင့် တိုက်ဆိုင်၍ ဖြေရှင်းပေးရန် အကူအညီတောင်းခဲ့လေသည်၊ အရှင်ဉာဏိန္ဒမထေရ်ကလည်း ထက်သန်သော သဒ္ဓါဆန္ဒဝီရိယဖြင့် ဋီကာပေမူရှိရာ ထိုထို ကျောင်းတိုက်များသို့ သွားရောက်ပြီးလျှင် သီဟိုဠ်လက်ရေးပေစာများကို ခဲယဉ်းစွာကြည့်ရှု၍ မူကွဲများကို မှတ်သားဖော်ပြကာ ပြန်ကြားခဲ့ပေသည်။

ထိုသို့ စာဖြင့် မေးမြန်းစုံစမ်းခဲ့သည်မှာ ၁၀-ကြိမ်ခန့်မျှ ရှိခဲ့သည်ဟူ၏။ ထိုကြောင့်ပင် ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ အဖွင့်စသော အထက်ပိုင်းတို့၌ သီဟိုဠ်မူကိုမှီ၍ အချို့အချို့နေရာတွင် သင့်လျော်သောပါဌ်မှန် အနက်မှန်တို့ကို တင်ပြနိုင်ခဲ့ပေသည်။ (ဤနိဿယ စတုတ္ထတွဲ၌ တွေ့ရပါလိမ့်မည်။)

သမယန္တရ ဤဋီကာ ဒုတိယတွဲ နှာ ၃၅၈-၃၆၁၊ ၃၇၀-၃၇၁-တို့၌ သမယန္တရတို့ကို ပြထားရာတွင် အချို့မှာ ပုဒ်ပါဌ်များ ချွတ်ယွင်းနေသောကြောင့် အနက်ပြန်ရန်ပင် ခဲယဉ်းလျက်ရှိ၏။ အချို့မှာမူ ပုဒ်ပါဌ် မချွတ်ယွင်းသော်လည်း ပါဠိ, အဋ္ဌကထာ, ဋီကာတို့၌ သုံးစွဲသော ဝေါဟာရမျိုး မဟုတ်သောကြောင့် သမယန္တရမူရင်းကျမ်းကို မကြည့်ပဲ အနက် အဓိပ္ပါယ်ယူရန် မဖြစ်နိုင်ပေ။ ထိုသို့ယူလျှင်လည်း သက်ဆိုင်ရာ သမယန္တရတို့နှင့် မညီသောကြောင့် အမှန်အကန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဆရာတော်သည် ထိုအပိုင်းကို ပို့ချမည်ရှိသောအခါ သက်ဆိုင်ရာ သမယန္တရ ကျမ်းတို့ကို ရနိုင်သမျှ ရှာဖွေစုဆောင်း၍ တလကျော်ကျော်မျှ ထိုကျမ်းတို့ကို ကြည့်ရှုလေ့လာခဲ့လေသည်။ ထိုသို့လေ့လာပြီးမှ ထိုသမယန္တရပိုင်းကို ပို့ချသောအခါ ချွတ်ယွင်းနေသော ပုဒ်ပါဌ်တို့ကိုလည်း သုတ်သင်၍ ဖော်ပြသင့်သော သမယန္တရ တို့ကိုလည်း မှတ်ချက်အဖြစ်ဖြင့် ဖော်ပြထားလေသည်။

(ဤနိဿယ စတုတ္ထတွဲ၌ တွေ့ရပါလိမ့်မည်။) ယခင်က လက်နှိပ်စကမ်ဖြင့် ရိုက်ထားသော ထိုနိဿယမှ ထုတ်နုတ်၍ သမယန္တရပိုင်းကို သီးခြားစာငယ်တခု အသွင်ဖြင့် ပုံနှိပ်ဖြန့်ဝေခဲ့ဘူး။ ထို့ကြောင့် ပြဆိုခဲ့သည့်အတိုင်း ကြိုးစားချက်ကို ယခု လောလောဆယ် သိလိုလျှင် ထို သမယန္တရပိုင်း ဂဏ္ဌိနိဿယ စာအုပ်ငယ်ကို ရှာဖွေကြည့်ရှုရန်သာ ရှိပါတော့သည်။

ဤနိဿယ၏ဂုဏ်

ဖော်ပြဖို့မလို ဤနိဿယမှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း စေ့စပ်သေချာသော နိဿယကောင်း တစောင် ဖြစ်အောင်

အချိန်ယူကာ ကြိုးကြိုးပမ်းပမ်း ပြုစုထားသော နိဿယဖြစ်ရာ ဤကျမ်း၏ဂုဏ်ကို ထုတ်ဖော်ချီးကျူး လိုသော ဆန္ဒပြင်းပြစွာ ဖြစ်ပေါ်ခဲ့ပေသည်။ သို့ဖြစ်ပေါ်ခဲ့လင့်ကစား ကျမ်းပြုသူ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရား ကိုယ်တိုင်က ဤနိဒါန်းတွင်ချီးကျူးဖော်ပြန်ရန် ခွင့်ပြုတော်မမူသဖြင့် ချီးကျူးခွင့်မသာပဲ ရှိပါတော့သည်။ သို့ဖြစ်စေကာမူ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သော ဤကျမ်းရေးသား ပုံနှင့် စီစဉ်ပုံတို့ကို ကြည့်ရုံမျှဖြင့်ပင် ဤကျမ်း၏ဂုဏ်ကို စာရှုသူများအတော်အတန် ရိပ်စားမိကြပြီဟု ယူဆပါသည်။ နောက်တကြောင်းမှာလည်း ကျမ်းပြုဆရာတော်မှာ မထင်ရှားအညတရ ဆရာတော်တစ်ပါး မဟုတ်သည်ကို စာရှုသူများ အသိပင်ဖြစ်ပါသည်။ မဟာစည်ဆရာတော်ဟုဆိုလျှင် ဆဋ္ဌသံဂါယနာ၌ သံင်္ဂီတိပုစ္ဆက, သြသာနသောဓကဆရာ တော်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိပြီးဖြစ်ပါသည်။ ဤအချက်များကပင် ကျမ်းပြုဆရာတော်၏ ပရိယတ္တိအရည်အသွေးကို မေးနေစရာမလိုဟု ကျေညာနေသကဲ့သို့ ရှိချေသည်။ ပဋိပတ္တိနှင့်စပ်လာလျှင်ကား ဆရာတော်မှာ ပို၍ပင် ထင်ရှားပေသေးသည်။ ဤအချက်ကို ဆရာတော်၏ သြဝါဒခံ ပဋိပတ္တိဌာနခွဲပေါင်း မြန်မာပြည်တွင်း၌ပင် ၁၅၀-ကျော်မျှ ရှိခြင်း, ယိုးဒယား သီဟိုဠ်စသော နိုင်ငံရပ်ခြားတို့၌လည်း ဌာနခွဲပေါင်း ၃၀ဝ-ကျော်မျှရှိခြင်း, ဝိပဿနာရှုနည်း စသော ကမ္မဋ္ဌာန်းကျမ်းပေါင်းများစွာကို ပြုစီရင်ထားခြင်းတို့က သက်သေခံလျက် ရှိပေသည်။ ဤမျှ ပရိယတ် ပဋိပတ်စွယ်စုံ ပြည့်ဝနေသော

ဆရာတော်တစ်ပါး ပြုစုသည့်ကျမ်းမှာ ကျမ်းပြုဆရာတော်၏ ဘွဲ့တော်ကို သိလိုက်ကတည်းကပင် ကျမ်း၏ အရည်အသွေးကို သေးမည်မဟုတ်ဟု ဆုံးဖြတ်ကြမည်ဖြစ်ရာ အဘယ်မှာလျှင် ဤကျမ်း၏ဂုဏ်ကို ချီးကျူးဖော်ပြစရာ လိုပါတော့မည်နည်း။

စမ်းကြည့်ကြပါစို့ သို့သော် အနည်းငယ်တော့ ရေးလိုပါသေးသည်။ ဤနိဿယကို ပညာရှင်များ ကြည့်ရှုသည့်အခါ အနက်ပေးပုံနှင့် ရှင်းလင်းဆုံးဖြတ်ထားပုံတို့ကို သတြိုပ ဂရုထား၍ ကြည့်သွားကြစေလိုပါသည်။ ထိုသို့ကြည့်သွားလျှင် ကြည့်ရင်းပင် ဤကျမ်း၏ အဆင့်အတန်းကို ထင်ရှားသိလာပါလိမ့်မည်။ ဤအဆိုမှန် မမှန်ကို သိလိုပါလျှင် မဟာဋီကာ အစပိုင်း -မျက်နှာခန့်၌ ပါဌ်သက်သက်ကို ရှေးဦးစွာ ကြည့်ရှုပြီးလျှင် မိမိသဘောကျ အနက်ပေး ကြည့်စေလိုပါသည်။ ပြီးမှ မိမိပေးထားသည့် အနက်ကို ဤနိဿယနှင့် တိုက်ဆိုင်နှီးနှော ကြည့်ရှုစေချင် ပါသည်။ ထိုမှတပါး အခြား စာမျက်နှာတို့၌လည်း ခဲဆစ်ခဲရာ ဋီကာပါဌ်တို့ကို ထိုအတူပင် စမ်းကြည့်စေချင်ပါသည်။ ဤသို့စမ်းကြည့်ပါက အထက်ပါ အဆိုမှန် မမှန် ဧကန် သိရပါလိမ့်မည်။

သမယန္တရပိုင်း ဂဏ္ဌိနိဿယ ဤကျမ်း၏ အဆင့်အတန်းကို သိရှိရန် နောက်တနည်းလည်း ရှိပါသေးသည်။ ထိုနည်းမှာ မဟာဋီကာ ပဌမတွဲ စာမျက်နှာ ၂၆၊ ဒုတိယတွဲ စာမျက်နှာ ၂၁၇-၂၁၈နှင့် ၃၅၈-၃၆၁-အထိတွင် ပါဝင်သော သမယန္တရနှင့် စပ်သည့်ပါဌ်တို့ကို မိမိသဘောကျ အနက်ပေး အဓိပ္ပါယ်ကောက်ပြီးလျှင် မဟာစည်ဆရာတော်ဘုရား ရေးသားထုတ်ဝေထားသော သမယန္တရပိုင်း ဂဏ္ဌိနိဿယခေါ် ကျမ်းငယ်နှင့် တိုက်ဆိုင်နှီးနှောကြည့်ရန်ပင် ဖြစ်ပါသည်။ ၎င်းကျမ်းငယ်မှာ ရှေး၌

တင်ပြခဲ့သည့်အတိုင်းပင် ဝိသုဒ္ဓိမဂ်နှင့် မဟာဋီကာကို ပို့ချရင်း, နိဿယပြုရင်း သမယန္တရပိုင်းကို အထူးလေ့လာရာမှ ပေါ်ထွက်လာသော ကျမ်းငယ်တစ်စောင် ဖြစ်ပါသည်။ ထိုကျမ်းငယ်ကို သမယန္တရဆိုင်ရာ သက္ကတကျမ်း, ပြာကရိတ်ကျမ်းတို့နှင့် မဟာဋီကာလာသမယန္တရ ကထာတို့ကို ညှိနိုင်းတိုက်ဆိုင်ကာ အနက်အဓိပ္ပါယ် ဝေဝေဆာဆာနှင့် ပြုစီရင်ထားရာ သမယန္တရ၏ အနက်မှန်ရရေး အတွက်သာ မဟုတ်ပဲ သမယန္တရ ဗဟုသုတ ကြွယ်ဝရေးအတွက်ပါ အားကိုးရပေသည်။

ဤနိဿယကို ကြည့်ရှုနည်း

နိဂုံးချုပ်အနေအားဖြင့် ဤနိဿယ ကြည့်ရှုနည်းကို အနည်းငယ် မှာထားလိုပါသည်။ ဤမဟာဋီကာ နိဿယမှာ မြန်မာပြန် မဟုတ်သည်ကတကြောင်း, မဟာဋီကာ ကိုယ်တိုင်ကလည်း အကြောင်းအရာ တစ်ရပ်ရပ်ကို သပ်သပ်ရေးသားထားသော ကျမ်းရင်းတစ်ခု မဟုတ်ပဲ ဝိသုဒ္ဓိမဂ်၏ အဖွင့်ကျမ်းမျှသာ ဖြစ်သည်က တစ်ကြောင်းတို့ကြောင့် ဤနိဿယကို သူ့ချည်းသက်သက် ကြည့်ရှုလျှင် အကျိုးရနည်းမည် အမှန်ဖြစ်ပါသည်။ ဝိသုဒ္ဓိမဂ်နှင့်၎င်း, မဟာဋီကာ ပါဠိကျမ်းရင်းနှင့်၎င်း ပူးတွဲတိုက်ဆိုင်၍ ကြည့်ရှုမှသာ လိုအပ်သော အဓိပ္ပါယ်ကို အပြည့်အစုံ နားလည်သဘောပေါက်ကာ ပြည့်ဝသောအကျိုးကို ခံစားပါမည်။ ထို့ပြင် ဤသို့ကြည့်ရှုခြင်းဖြင့် အခြေခံ၍ အခြားအဋ္ဌကထာ, ဋီကာတို့၌လည်း ပါဌ်သက်သက်ကို ကြည့်ရှုရုံမျှဖြင့် ဝိသုဒ္ဓိမဂ်နှင့် မဟာဋီကာတို့၌ကဲ့သို့ပင် အနက်အဓိပ္ပါယ်ကို အလွယ်တကူနှင့် သဘောပေါက်ခြင်း, ပဒတ္ထ, အဓိပ္ပါယတ္ထ အရာ၌ ဝိနိစ္ဆယဉာဏ် ရင့်သန်ထက်မြက်ခြင်း စသော အကျိုးများကိုလည်း ခံစားရပါမည်။ သို့ဖြစ်၍ အဆိုပါ ကျမ်းရင်းများနှင့် တိုက်ဆိုင်လျက်သာ ကြည့်ရှု လေ့လာကြစေလိုပါသည်။

 

သာသနာ ၂၅၁၀-ခု။ အရှင်ဇနကာဘိဝံသ (တောင်တွင်းကြီး)

ဂေါစာ ၁၃၂၈-ခု၊ ပရိယတ္တိသာသနဟိတဓမ္မာစရိယနှင့်

နှစ်ဆန်း -ရက်။ သာသနဓဇသိရပဝရဓမ္မာစရိယ

၁၈--၁၉၆၆။ ဇမ္ဗူဒီပကျောင်းဆောင်

ကမ္ဘာအေး၊ ရန်ကုန်။