ဝိသုဒ္ဓိမဂ်မြန်မာပြန်အခြေခံများနှင့်တကွဝိပဿနာပိုင်း

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဤကျမ်းစာတစ်အုပ်တည်းဖြင့် ပင်လျှင် အခြေခံဖြစ်သော သီလ သမာဓိ ပညာ အကြောင်းများကိုလည်း သိနားလည်နိုင်စေရန် ရည်သန်မျှော်လင့်၍ သီလ သမာဓိ ပညာဆိုင်ရာ အခြေခံပိုင်းတို့မှလည်း ထိုက်တန်သလောက် ထုတ်နှုတ်၍ ပြန်ဆိုရေးသားတော်မူ၏။

ဝိသုဒ္ဓိမဂ်မြန်မာပြန်အခြေခံများနှင့်တကွဝိပဿနာပိုင်း

Published Date - 1962

Author By - မဟာစည်ဆရာတော်ဘုရားကြီး

598 စာမျက်နှာ

ဝိသုဒ္ဓိမဂ် - မြန်မာပြန် 

အသစ်ဖြစ်ပေါ်လာခြင်း၏အကြောင်း 


အကြောင်းရင်းအစ

 

ဗုဒ္ဓသာသနာအဖွဲ့က နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် နာယကအဖြစ်ဖြင့် အုပ်ချုပ်စီမံ၍ မေးခွန်းပုစ္ဆာများကို ထုတ်ပေးရန်အတွက် () အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးဉာဏုတ္တရ၊ () အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်၊ () ဝိသုဒ္ဓိမဂ် ဆရာတော် အရှင်မေဓာဝီတို့အား ၁၃၂၃ ခုနှစ်၊ ဝါတွင်းက လျှောက်ထားတောင်းပန်ခဲ့၏။ ထိုအခါ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားသည် ထိုစာမေးပွဲအတွက် ပြဓာန်း သတ်မှတ်ထားသော မြန်မာပြန် - ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ တတိယတွဲကို တာဝန်ရှိသည်အားလျော်စွာ ကြည့်ရှုသုံးသပ်တော်မူ၏။ ထိုသို့ ကြည့်ရှုသုံးသပ်သောအခါ အောက်ပါ စကားရပ်ကို ရှေးဦးစွာတွေ့ရလေသည်။

ယခုအခါ၌ ဤသို့ အကြင် အကြင် စီစစ် စီရင်အပ်ကုန်ပြီးသော ဝိပဿနာ၏ ဖြစ်ရာ အာရုံဘုံ ဖြစ်ကုန်သော ခန္ဓာစသော တရားတို့၌ ဆရာကောင်းထံ၌ ကျမ်းဂန်ကို သင်ယူခြင်းဟူသော ဝါစုဂ္ဂတ နှုတ်သို့တက်အောင် ပြုခြင်း ထက်ဝန်းကျင်ခပ်သိမ်းသော အပြားအားဖြင့် အနက်ကို သိခြင်းငှာ လိုသော သမာဆန္ဒ ပုဗ္ဗင်္ဂမ သဝန ဥပပရိက္ခာ စသည်တို့ဖြင့် ထိုကျမ်း၏ အနက်ကို နှလုံး၌ထားသော အစီအရင်၏ အစွမ်းဖြင့် ထက်ဝန်းကျင် လေ့လာအပ် မှီဝဲအပ်သောဉာဏ်ကိုပြု၍” (စာမျက်နှာ ၂၂၉ - ပဌမ စာပိုဒ်မှ)

အထက်ပါစာပုဒ်ကို နှစ်ခေါက် သုံးခေါက် ဖတ်ကြည့်သော်လည်း တိကျသော အဓိပ္ပါယ်ကို ရှင်းလင်းပြတ်သားစွာ မရဘဲရှိနေသဖြင့် ဝိသုဒ္ဓိမဂ်ကျမ်းရင်း ပါဠိကို ကြည့်ရှုရ၏။ ထိုသို့ ကြည့်ရှုသောအခါ အောက်ပါအတိုင်း ပြန်ဆိုသင့်သည်ကို တွေ့ရလေသည်။

ယခုအခါ (ဝိပဿနာပညာ၏) ဘုံ အာရုံ ဖြစ်ကုန်သော (ပြဆိုခဲ့ပြီးသော ခန္ဓာ အစရှိသော) တရားတို့၌ သင်ယူခြင်း မေးမြန်းခြင်းတို့၏ အစွမ်းအားဖြင့် ဉာဏ်အလေ့အကျက်ကို ပြုပြီးလျှင်” (ဤမြန်မာပြန် စာမျက်နှာ ၈၃ မှ)

အထက်ပါအတိုင်း အတိအကျ တိုတို ပြန်ဆိုရုံမျှဖြင့် အနက်အဓိပ္ပါယ်ပြည့်စုံ၍ အလွယ်တကူ သိနားလည်နိုင်လောက်ပါလျက် ထိုသို့ အတိအကျမပြန်ဘဲ ဋီကာအဖွင့်များနှင့်တကွ နိဿယမှ ဖြည့်စွက်ချက်များကိုပါ ထည့်သွင်း၍ ဝေဝေဆာဆာ သာသာထိုးထိုး ပြန်ဆိုထားသောကြောင့် အသိခက်လျက်ရှိနေသည်ကို တွေ့ရသဖြင့် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားမှာ

ဤမျှလောက် ရှင်းလင်းသော ပါဠိဝါကျ၌ပင် နားမလည်နိုင်အောင် ပြန်ဆိုထားသော မြန်မာပြန်-ဝိသုဒ္ဓိမဂ္ဂကျမ်းကို ကြည့်ရှုလေ့လာသူတို့မှာ တတ်သိနားလည်ရန် ခက်ခဲရုံမျှမက ဝိသုဒ္ဓိမဂ်ဟာ ငါတို့နှင့် မတန်ဟု အထင်ရောက်လျက် စိတ်ပျက်၍ နောက်ဆုတ်သွားကြဖွယ်ရာ အကြောင်းလည်းရှိသည်။ သို့ဖြစ်၍ ဝိသုဒ္ဓိမဂ်ကို သိလွယ်သောနည်းဖြင့် တိတိကျကျ အသစ်ပြန်ဆိုရေးသားရန် သင့်သည်ဟု

အကြံအစည်ဖြစ်ပေါ်ခဲ့သည် ဟူ၏။

တာဝန်ယူခြင်း

ထိုနှစ်မှာပင် ပြာသိုလဆုတ် (၁၀)ရက် နေ့စွဲဖြင့် ဗုဒ္ဓသာသနအဖွဲ့က အထက်ပါ နာယကဆရာတော် ()ပါးတို့အား ဝိသုဒ္ဓိမဂ် မဟာဋီကာကို စာမေးပွဲ ပြဓာန်းချက်ဆိုင်ရာ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ မှစ၍ မြန်မာဘာသာပြန်ဆိုပေးရန် တောင်းပန်လျှောက်ထားခဲ့၏။ ထိုအခါ နာယက ဆရာတော်()ပါးစည်းဝေး၍ ဆွေးနွေးတိုင်ပင်ကြရာ အောက်ပါအတိုင်း သဘောတူညီတော်မူကြသည်။

()       မဟာဋီကာကို မြန်မာပြန်လျှင် သံဝဏ္ဏေတဗ္ဗပုဒ်ကို ထုတ်ပြရာ၌ ပါဠိကျမ်းရင်းမှ ပါဠိပုဒ်ကို ထုတ်ပြရန်လည်းမသင့်၊ ယခု လက်ရှိ မြန်မာပြန် အဟောင်းမှာလည်း ဋီကာ အဖွင့်များနှင့် နိဿယမှ ဖြည့်စွက်ချက်များကိုပါ ထည့်သွင်းရေးသား ထားသောကြောင့် ၎င်းမှလည်း ထုတ်ပြရန်မသင့်၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ်ကိုပါ အသစ်တဖန် တိတိကျကျ မြန်မာပြန်ဆို ရေးသားရန်။

()       ထိုကိစ္စအတွက် မဟာစည်ဆရာတော်အား တာဝန်လွှဲအပ်ရန်။

အထက်ပါအတိုင်း သဘောတူညီကြ၍ မဟာဋီကာနှင့်တကွ ဝိသုဒ္ဓိမဂ်ကို အသစ်တဖန် မြန်မာပြန်ဆို ရေးသားရန် မဟာစည်ဆရာတော်အား တာဝန်ပေး လွှဲအပ်တော်မူကြသည်။ သို့ဖြစ်၍ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားသည် ပေးအပ်သော ထိုတာဝန်ကို လက်ခံပြီးလျှင် ထိုနှစ်တပေါင်းလဆန်း ()ရက်မှ အစပြု၍ အခွင့်သာသော အချိန်အခါများတွင် ဤဝိသုဒ္ဓိမဂ်-မြန်မာပြန်ကျမ်းသစ်ကို ရေးသားစီရင်တော်မူခဲ့ပေသည်။

ပြန်ဆိုရေးသားပုံ

ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသမှသာလျှင် အစပြု၍ ပြန်ဆိုရန်တာဝန်ရှိသော်လည်း ဤကျမ်းစာတစ်အုပ်တည်းဖြင့် ပင်လျှင် အခြေခံဖြစ်သော သီလ သမာဓိ ပညာ အကြောင်းများကိုလည်း သိနားလည်နိုင်စေရန် ရည်သန်မျှော်လင့်၍ သီလ သမာဓိ ပညာဆိုင်ရာ အခြေခံပိုင်းတို့မှလည်း ထိုက်တန်သလောက် ထုတ်နှုတ်၍ ပြန်ဆိုရေးသားတော်မူ၏။ ဋီကာ မြန်မာပြန်နှင့်တိုက်ဆိုင်ကြည်သောအခါ ဋီကာနှင့် အဋ္ဌကထာကို ခွဲခြား၍ ရှင်းရှင်းလင်းလင်း အလွယ်တကူ သိနိုင်စေရန်အတွက် တိကျနိုင်သမျှ တိကျအောင်လည်း ပြန်ဆိုရေးသားတော်မူ၏။ ဋီကာဖွင့် စသည်တို့ကိုပါ ယှဉ်တွဲ၍ပြမှ နားလည်နိုင်မည့် အရာတို့၌လည်း ၎င်းဋီကာဖွင့် စသည်တို့ကို လက်သည်းကွင်းဖြင့် ပိုင်းခြား၍ သီးသန့်ဖော်ပြထားတော်မူပေ၏။

အထူးသတိပြုရန်မှာ ဤကျမ်းသည် မြန်မာပြန်ဖြစ်သောကြောင့် မြန်မာစကားချောမော ပြေပြစ်ခြင်းနှင့် ပါဠိမတတ်သော စာဖတ်ပရိသတ်တို့အား ရှင်းရှင်းလင်းလင်း သဘောက်ပေါက်သိနားလည်စေခြင်းကို အထူးအလေးပြု၍ ပြန်ဆိုရေးသားတော်မူပေသည်။ ဗဟုဝုစ် ဝိသေသန ပါဠိပုဒ်တို့ကိုကုန်သော၊ ကုန်သောဟု အတိအကျပြန်လျှင် မြန်မာစကား မချောမော မပြေပြစ်သည်လည်းရှိ၏။ ဥပမာ - သဥပစာရ အဋ္ဌ သမာပတ္တိယော - ဟူသောပါဌ်ကိုဥပစာရသမာဓိ တို့နှင့်တကွ ဖြစ်ကုန်သော ရှစ်ပါးကုန်သော သမာပတ်တို့ပေတည်းဟု ဗဟုဝုစ်နှင့် အတိအကျပြန်ဆိုခြင်းထက်ဥပစာရသမာဓိနှင့်တကွ ရှစ်ပါးသော သမာပတ်တို့ပေတည်းဟု ပြန်ဆိုခြင်းက သာ၍ ချောမောပြေပြစ်၏။ ထို့ကောင့် ဤစာအုပ် နှာ ၈၃ ၎င်းအတိုင်းပင် ပြန်ဆိုထားတော်မူပေသည်။ အကြောင်းမှာ မြန်မာသက်သက် စကားဝါကျတို့၌ ဝိသေသန အရာတွင် ဗဟုဝုစ်ကို များစွာသုံးလေ့မရှိ သောကြောင့်ပင်ဖြစ်ပေသည်။ သို့ရာတွင်  ဗဟုဝုစ်အနက်ကို ထင်ရှားစေသင့်သော အရာတို့၌၎င်း၊ ဗဟုဝုစ် ဝိသေသနနှင့် ဝိသေသျတို့ ဆက်စပ်ပုံကို ထင်ရှားစေသင့်သော အရာတို့၌၎င်း၊ ဗဟုဝုစ်ဝိသေသန ပုဒ်များကိုကုန်သောဟူ၍ပင် ဗဟုဝုစ်နှင့်အတိအကျ ပြန်ဆိုထားပေသေး၏။

ထို့ပြင် သုခုမတ္တာ - သိမ်းမွေ့သည်၏ အဖြစ်ကြောင့်။ အသမ္မသနုပဂတ္တာ - သုံးသပ်ခြင်းသို့ မရောက်ကုန်သည်၏ အဖြစ်ကြောင့် - ဤသို့ စသည်ဖြင့် သဒ္ဒါနက် အတိအကျပြန်ဆိုသင့်သော ဘာဝတဒ္ဓိတ်ဟိတ် ပုဒ်တို့၌လည်းသိမ်မွေ့သောကြောင့် (နှာ ၉၇၊ ကြောင်း ) မသုံးသပ်ထိုက်သောကြောင့် (နှာ  ၁၅၆၊ ကြောင်း )” ဤသို့ စသည်ဖြင့် မြန်မာစကားချောစေရန် ပြန်ဆိုထားပါပေ၏။ ထို့ပြင် မြန်မာစကားဝါကျတို့၌ အနိယတ်ကို သုံးလေ့မရှိသောကြောင့် အနိယတ် ဝါကျများကိုလည်း များသောအားဖြင့် နိယတ်ဝါကျ၌ ထည့်သွင်း၍ ပြန်ထားတော်မူပေ၏။ ဤသို့ အနက်အဓိပ္ပါယ်မပျက်စေဘဲ တစ်မျိုးတစ်မည် ပြန်ဆိုထားသည်ကို တွေ့ရလျှင် မြန်မာစကားချော၍ နားလည်လွယ်အောင် ပြန်ဆိုထားသည်ဟု မှတ်ယူကြစေလိုပါသည်။

ခက်ဆစ်မှတ်ချက်များ

ပါဠိ၌ ကံဟော ကတ္တားဟော စသည်ဖြင့် ထူးသောကြောင့်၎င်း၊ ဝိဘတ်ထူးသည် အားလျော်စွာ ကာရိယ ထူးသောကြောင့်၎င်း ပါဠိပညာရှိတို့မှာ ပါဠိဝါကျတို့၌ စာစပ်ကိုသိရန် လွယ်ကူပေ၏။ သို့သော်လည်း အချို့သော စာပိုဒ်ဝါကျတို့၌မူ အသိခက်သောကြောင့် အဋ္ဌကထာ ဋီကာတို့၌ပင် သမ္ဗန္ဓော - ဖြင့် စာစပ်ကို ဖွင့်ပြထားရသည်လည်းရှိသေး၏။ မြန်မာစကားဝါကျတို့၌မူကား ကံ ဟော ကတ္တား ဟော စသည်ဖြင့်လည်း များစွာမထူးခြားလှ၊ ဝိသေသနပုဒ်တို့၌ ဝိဘတ် ထူးသော်လည်း ကာရိယမှာသောဟူ၍ချည်း မထူးပဲလည်းရှိနေပြန်၏။ ထို့ကြောင့် မြန်မာစကား ဝါကျတို့၌ မြန်မာစာတတ် ပုဂ္ဂိုလ်တို့မှာပင် စာစပ်နှင့်စပ်လျဉ်း၍ သံသယဖြစ်ဖွယ်တို့ကို များစွာပင် တွေ့ရတတ်လေသည်။ သို့ဖြစ်၍ ဤမြန်မာပြန်၌ ထိုသို့ သံသယဖြစ်ဖွယ်ရှိသော ပုဒ်များကို အချင်းချင်း ဆက်စပ်ယူရန်လည်း မှတ်ချက်ဖြင့် ညွှန်ပြထားတော်မူပေ၏။ ထို့ပြင် အရာအားလျော်စွာ သိသင့်ပါလျက် မသိနိုင်သော ခက်ဆစ်များကိုလည်း မှတ်ချက်အဖြစ်ဖြင့် ဖွင့်ပြထားတော်မူပေသည်။

ရည်ရွယ်ချက်

ဤဝိသုဒ္ဓိမဂ် မြန်မာပြန်ကို ကြည့်ရှုလေ့လာသောသူတို့သည် ပါဠိဘာသာကို မတတ်သိသော်လည်း ဝိသုဒ္ဓိမဂ် ပါဠိကို ကြည့်ရှုလေ့လာသော ပါဠိတတ်ပညာရှိတို့ကဲ့သို့ပင် ဝိသုဒ္ဓိမဂ်၏ အနက်အဓိပ္ပါယ်တို့ကို အပြည့်အစုံ အလွယ်တကူ တတ်သိနားလည်ကြစေရန် ထက်သန်သော သမ္မာဆန္ဒဖြင့် ရည်ရွယ်၍ ရေးသားစီရင်တော်မူပေသည်။ အချို့အရာ၌မူ မှတ်ချက်များဖြင့် ရှင်းလင်းဆုံးဖြတ်လျက် ပြဆိုထားသောကြောင့် ဤမြန်မာပြန်ကို ကြည့်ရှုခြင်းဖြင့် ပါဠိဝိသုဒ္ဓိမဂ်ကို ကြည့်ရှုခြင်းထက်ပင် အသိဉာဏ် ရှင်းလင်းသွားရန်အကြောင်းလည်း ရှိပေသေး၏။ သို့သော် ကျေးဇူးရှင် ဆရာတော်ဘုရား၏ ရည်ရွယ်ချက်မည်၍ မည်မျှ အောင်မြင်ထမြောက်သည်ကိုမူ ဤမြန်မာပြန်ကို ကြည့်ရှုလေ့လာသူတို့ကိုယ်တိုင်ပင် ဆုံးဖြတ်ကြစေလိုပသတည်း။

ဝိသုဒ္ဓိမဂ်နိဒါန်း

ဤဝိသုဒ္ဓိမဂ် - မြန်မာပြန်ကို ဝါခေါင်လမှစ၍ ပုံနှိပ်စေခဲ့၏။ ထိုသို့ ပုံနှိပ်နေစဉ်မှာပင် ဗဟုသုတကို လိုလားသော ပုဂ္ဂိုလ်တို့က ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ ပါဠိကိုပါ မြန်မာပြန်၍ တပါတည်း ပူးတွဲဖော်ပြရန် ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားအား လျှောက်ထားတောင်းပန်ကြပြန်၏။

ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ ဖြစ်ပေါ်လာခဲ့ပုံ

၁၃၁၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ()ရက်၊ တနင်္ဂနွေနေ့တွင် အဘိဓဇမဟာရဋ္ဌဂုရု ဥက္ကဋ္ဌ မစိုးရိမ်ဆရာတော်ဘုရားကြီးနှင့်တကွ အဖွဲ့ဝင် ဆရာတော် ()ပါး တို့ ကြွရောက်ပါဝင်လျက် ကျင်းပသော ဆဋ္ဌသံဂါယနာ ဝန်ဆောင်သံဃအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ်နံပါတ် () ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို စက်တင်ပုံနှိပ်ရာတွင် နိဒါန်းထည့်သွင်းသင့် မသွင်းသင့်၊ အကယ်၍ ထည့်သွင်းသင့်ပါက မည်သို့ရေးသား ထည့်သွင်းသင့်ကြောင်းကို ဆွေးနွေးတော်မူကြပြီးလျှင် အောက်ပါအတိုင်း ဆုံးဖြတ်တော်မူကြသည်။

သံဃအဖွဲ့၏ ဆုံးဖြတ်ချက်

()       ဝိသုဒ္ဓိမဂ် အဋ္ဌကထာစာအုပ်ကို စက်တင်ပုံနှိပ်ရာတွင် နိဒါန်းရေးသားထည့်သွင်းရန်။

()       အင်္ဂလိပ်ဘာသာ ယိုးဒယားဘာသာ စသော ဘာသာရပ်တို့ဖြင့် ရေးသားပုံနှိပ်ထားသော  ဝိသုဒ္ဓိမဂ်စာအုပ်တို့၏ နိဒါန်းတို့ကိုလည်း လေ့လာ၍ ဒေသနာတော်နှင့်ညီညွတ်သော နိဒါန်းမျိုးရေးသားရန်။

()       ၎င်းနိဒါန်း ရေးသားရန်အတွက် အောက်ပါဆရာတော်များကို ရွေးချယ်ကြသည်။

            ၁။ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်

            ၂။အဂ္ဂမဟာပဏ္ဍိတ အနီးစခန်းဆရာတော်

            ၃။တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဦးဝိစိတ္တသာရာဘိဝံသ ဆရာတော်

            ၄။ ဂျပန်ဓမ္မဒူတ အနုနာယက ဦးသီလာနန္ဒ (တိပိဋကပါဠိ, အဘိဓာန်ကျမ်းပြု)

()       ၎င်းဆရာတော်တို့ ရေးသားပြီးသည့် နိဒါန်းကို စက်တင်ပုံမနှိပ်မီ ဝန်ဆောင်ဆရာတော်များထံ ပေးပို့ရန်။

အထက်ပါဆုံးဖြတ်ချက်အရ နိဒါနကာရကအဖွဲ့ဝင် အခြားဆရာတော် ()ပါးတို့က မဟာစည်ဆရာတော်အား နိဒါန်းမူကြမ်းကို ရေးသားရန်တာဝန်လွှဲအပ်ကြသည်။ ထိုသို့ လွှဲအပ်ခြင်းကို လက်ခံ၍ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားသည် သက်ဆိုင်ရာ ပါဠိ အဋ္ဌကထာ ဋီကာ ဂန္တန္တရကျမ်းစာအမျိုးမျိုးတို့မှ ထုတ်နှုတ်စုဆောင်းပြီးလျှင် ဝိသုဒ္ဓိမဂ္ဂ နိဒါနကထာကို ကမ္ဘာတဝှမ်းလုံးက ကြည့်ရှု၍အရိုအသေ အလေးအမြတ် ပြုနိုင်လောက်အောင် ပါဠိဂတိကျနသော ပါဠိဘာသာရပ်ဖြင့် ရေးသားစီရင်တော်မူခဲ့လေသည်။ ထိုသို့ ရေးသားရာတွင် အောက်ပါ စည်းကမ်းချက်များကိုလည်း မိမိကိုယ်တိုင်ပင် ချထားခဲ့သေးသည်ဟူ၏။

နိဒါန်းရေးရာ၌ စည်းကမ်းချက်များ

()       အရှင်ဗုဒ္ဓဃောသနှင့် ပါဠိအဋ္ဌကထာဋီကာတို့၏ဂုဏ်ကို မထိပါး စေရန်၊ သူတစ်ပါးက ထိပါးစွပ်စွဲထားသော အချက်များကိုလည်း ဖြေရှင်းသွားရန်။

()       မှန်ကန်သော အကြောင်းအဋ္ဌုပ္ပတ္တိကို ထုတ်ဖော်နိုင်သမျှ ထုတ်ဖော်ရန်။

()       အကြောင်းယုတ္တိ မလုံလောက်သော ချီးမွမ်းချက်များကို မထည့်ရန်။

()       ချီးမွမ်းချက်တိုင်းနှင့် ဆုံးဖြတ်ချက်တိုင်းမှာ ခိုင်လုံသော သာဓကထုတ်ပြနိုင်ရန်။

()       ရှေးခေတ်ကဖြစ်ပေါ်ခဲ့သော သာသနာ့ဘေးရန် အရှုပ်အထွေးများကို ထိုခေတ်မထေရ်များက လျစ်လျူရှုမနေကြဘဲ ကထာဝတ္ထုကျမ်း မိလိန္ဒပဉှာကျမ်း စသည်တို့ဖြင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းတော်မူကြသကဲ့သို့ ယခုခေတ် အရှုပ်အထွေးများကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းသွားရန်။

()       ပရဝါဒီတို့၏ စွပ်စွဲချက်ကို မထုတ်ပြဘဲ အဋ္ဌကထာနှင့် အဋ္ဌကထာဆရာကို ချီးကျူးရုံမျှဖြင့် ထိုစွပ်စွဲချက်များ ပြေရှင်းသွားမည်မဟုတ်သောကြောင့် အရေးကြီးသော စွပ်စွဲချက်များကို အပြည့်အစုံ ထုတ်ပြ၍ ရှင်းလင်းရန်။

()       မိလိန္ဒပဉှာ၌ဗုဒ္ဓ - ဘုရားဟူ၍မရှိ၊ ဗုဒ္ဓ - ဘုရားသည် အလုံးစုံကိုမသိနိုင်ဤသို့စသည်ဖြင့် မြတ်စွာဘုရားနှင့်စက်သော စေဒနာစွပ်စွဲချက်များကိုပင် ထုတ်ပြ၍ ဖြေရှင်းသကဲ့သို့ ဤနိဒါန်း၌လည်း အဋ္ဌကထာဆရာနှင့်စပ်သော စွပ်စွဲချက်များကို စွပ်စွဲသူ၏ မူရင်းအတိုင်းပင် ထုတ်ပြ၍ ဖြေရှင်းရန်။

()       ​ဖြေရှင်းရာ၌ မေတ္တာကရုဏာနှင့်ယှဉ်လျက် နူးညံ့ပြေပြစ်၍ ခံ့ညားသော စကားတို့ကိုသာ သုံးရန်။

()       ပရဝါဒီတို့ အထင်မသေးစေရန်အတွက် ရှည်လျားကျယ်ဝန်းမည်ကို မငဲ့ဘဲ ဖော်ပြသင့်သမျှကို အပြည့်အစုံပင် ဖော်ပြရန်။

(၁၀)    စပ်ဆိုင်ရာ ဗဟုသုတများနှင့် ကျမ်းစာညွှန်းများကိုလည်း ထည့်သွင်းဖော်ပြရန်။ (ကျမ်းညွှန်းများကိုပါဠိနိဒါန်း၌ အပြည့်အစုံပင် ပြထားပြီးဖြစ်သည်။ ဤမြန်မာပြန်ကို ကြည့်ရှုသူတို့မှာ ညွှန်ပြထားသော ထိုပါဠိကျမ်းတို့ကို အများအားဖြင့် ကြည့်ရှုနိုင်ကမည်မဟုတ်သောကြောင့်၎င်း၊ ကြည့်ရှုနိုင်သူတို့မှာလည်း ပါဠိနိဒါန်း၌ ညွှန်ပြချက်ဖြင့်ပင် သိနိုင်သောကြောင့်၎င်း ဤမြန်မာပြန်၌ကား ထိုကျမ်းညွှန်းကို မပြတော့ပေ)

အထက်ပါစည်းကမ်းချက်များအရဖြင့် အရှင်ဗုဒ္ဓဃောသမထေရ်နှင့်စပ်၍ လိုလေသေးမရှိရအောင် အပြည့်အစုံ ထုတ်ပြစီစစ်ဝေဘန်၍ ရေးသားထားသဖြင့် ကျေးဇူးရှင် ဆရာတော်ဘုရား၏ နိဒါန်းမှာ ဝိသုဒ္ဓိမဂ်အတွက်သာမဟုတ်ဘဲ အားလုံးသော သင်္ဂဟအဋ္ဌကထာတို့အတွက် နိဒါန်းလည်း ဖြစ်နေပါပေ၏။ ထို့ကြောင့် ဤနိဒါန်းမျိုးမှာ သာသနာဝင်တလျှောက်လုံးတွင် မဖြစ်ပေါ်ခဲ့ဘူးသေး - ဟု ဆိုလျှင် လွဲမှားမည်မဟုတ်ပေ။ သို့သော် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားသည် ထိုသို့ ပြည့်စုံစွာ ရေးသားပြီးသော စုဏ္ဏိယပါဠိနိဒါန်းမျှဖြင့် အားရတော်မမူသေးသောကြောင့် ဟံသာဝတီခရိုင် သံလျင်မြို့နယ်၊ သပြေကန်ရွာ၊ မဟာဓမ္မိကာရာမ ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသော အနုနာယက ဆရာတော် အရှင်ဝါသေဋ္ဌ ထံသို့ ထိုနိဒါန်းစာမူကို ပေးပို့လိုက်၍ အနုဂီတိခေါ် သင်္ဂဟဂါထာများကို ရေးသားစီကုံးရန် တဆင့် တောင်းပန် တိုက်တွန်းခဲ့ပြန်လေသည်။ ထိုဆရာတော် အရှင်ဝါသေဋ္ဌ မထေရ် ကလည်း ကျန်းမာရေးမပြည့်စုံလှသော်လည်း အလွန်ထက်သန်သော စိတ်ဆန္ဒဖြင့် အနုဂီတိဂါထာ (၇၄)ပုဒ်ကို ဆန်းအလင်္ကာနည်း ပါဠိသက္ကတသဒ္ဒါနည်းတို့ဖြင့် တန်းဆာဆင်လျက် အဆင့်အတန်း မြင့် မားစွာ ရေးသားစီကုံးပေးခဲ့ပေသည်။

ထိုအနုဂီတိဂါထာများနှင့်တကွ စုဏ္ဏိယပါဠိနိဒါန်းမူကြမ်းကို နိဒါနကာရကအဖွဲ့အား တင်ပြပြီးနောက် ဝန်ဆောင်သံဃအဖွဲ့အား တင်ပြခဲ့၏။ ထိုအခါ ဝန်ဆောင်သံဃအဖွဲ့က သဘောတူလက်ခံ၍ အခွင့်ပြုသဖြင့် ဝိသုဒ္ဓိမဂ္ဂနိဒါနကထာပါဠိကို ဗုဒ္ဓသာသနအဖွဲ့က ပုံနှိပ်၍ ပြည်တွင်းပြည်ပ တကမ္ဘာလုံး သို့ ဖြန့်ဝေခဲ့ပေသည်။

သို့ရာတွင် ထိုနိဒါနကထာမှာ အဆင့်အတန်းမြင့်သော ပါဠိဘာသာသက်သက်ဖြင့်သာ ရေးသားထားတော်မူသောကြောင့် ပါဠိကို ကောင်းစွာမတတ်သောသူတို့မှာ မသိနိုင်ပဲ ရှိနေသေး၏။ ထို့ကြောင့် ပုံနှိပ်ဖြန့်ဝေရန် အခွင့်ပြုစဉ်ကပင် ထိုနိဒါန်းကို မြန်မာပြန်ရန်လည်း ဝန်ဆောင်သံဃအဖွဲ့က မဟာစည်ဆရာတော်အားပင် တာဝန်ပေးထားခဲ့ကြောင်း သိရပါသည်။ သို့ဖြစ်၍  ယခုအခါ ဗဟုသုတ လိုလားသူတို့အတွက် ထိုပါဠိနိဒါန်းကို ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားပင် မြန်မာပြန်၍ ဤဝိသုဒ္ဓိမဂ် - မြန်မာပြန် စာအုပ်၌ပင် တပါတည်း ပူးတွဲလျက် ဖြန့်ချိရန် ဓမ္မဒေသနာဖြန့်ချီရေးအဖွဲ့အား အခွင့်ပြုလိုက်ပေသည်။

အထူးသိစေလိုသည်မှာ ပါဠိနိဒါန်းကို မြန်မာပြန်သည်ဟု ဆိုသော်လည်း မြန်မာစကား ချောမောပြေပြစ်ခြင်း နားလည်လွယ်ခြင်း သိသင့်သော အကြောင်းအရာများ စုံလင်သင့်သမျှ စုံလင်စေခြင်းတို့ကို  ပဓာနပြု၍ ရေးသားပြန်ဆိုထားပါသည်။ သို့ဖြစ်၍ အချို့အနည်းငယ်သော အရာတို့၌ ဖြည့်စွက်ပြင်ဆင်၍ ရေးသားထားသည်ကိုလည်း ပါဠိပညာရှိတို့ တွေ့ကြပါလိမ့်မည်။ အများအားဖြင့်မူကား ပါဠိအရ အတိအကျ ပြန်ဆိုရေးသားထားသည်ကိုသာလျှင် ရာခိုင်နှုန်း ၉၈ ထက် မနည်း တွေ့ရပါလိမ့်မည်။ သာဓကအဖြစ်ဖြင့် ထုတ်ပြထားသော ပါဠိတို့ကိုမူကား ရာခိုင်နှုန်းအပြည့်ပင် အတိအကျ ပြန်ဆိုထားတော်မူပေသည်။

ဝိသုဒ္ဓိမဂ်ကိုသာလျှင် အလျင်အမြန် ကြည့်ရှုလိုသူတို့အတွက် သတိပေးလိုသည်မှာ ဝိသုဒ္ဓိမဂ်နိဒါန်းသည် အလွန်ရှည်လျားသောကြောင့် အချိန်ကုန်မခံနိုင်လျှင် ထိုနိဒါန်းကိုကျော်၍ ဝိသုဒ္ဓိမဂ်-မြန်မာပြန် စာသားကိုသာလျှင် ဖတ်ရှုသွားနိုင်ကြောင်း ဤနေရာမှနေ၍ အထူးသတိပေးလိုက်ပါသည်။ စာဖတ်ပရိသတ်အပေါင်း သူတော်ကောင်းတို့။


သာသနာ ၂၅၀၆ ခု                                                                                အရှင်သုဇာတ

ကောဇာ ၁၃၂၄ ခု                                                                                   ပဓာနကမ္မဋ္ဌာနာစရိယ

တော်သလင်းလဆုတ် ၁၁ ရက်                                                              သာသနာ့ရိပ်သာ၊ ရန်ကုန်။