ဝိသုဒ္ဓိမဂ်မြန်မာပြန်(ဒုတိယတွဲ)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

စာဖတ်သူများ နားလည်လွယ်စေရန် ပါဠိသဒ္ဒါနည်းကို အတိအကျမလိုက်တော့ပဲ ဝါကျများကို ခွဲ၍ဖြစ်စေ အနည်းငယ် ပြင်၍ဖြစ်စေ ပြန်ဆိုထားခြင်းပင် ဖြစ်သည်၊ ယင်းသို့သော ပြန်ဆိုချက်ကို စာမျက်နှာ ၄၇၅၊ မှတ်ချက် ၁-၌ ရှင်းလင်းပြထားပါသည်။

ဝိသုဒ္ဓိမဂ်မြန်မာပြန်(ဒုတိယတွဲ)

Published Date - 1975

Author By - မဟာစည်ဆရာတော်ဘုရားကြီး

755 စာမျက်နှာ

အမှာစကား

 

ဝိသုဒ္ဓိမဂ် မြန်မာပြန် ဒုတိယတွဲ ထွက်ပေါ်လာပေပြီ။ ဤဒုတိယတွဲ၌ အထူးအထွေ အမှာစကား ရေးသားဖော်ပြရန် မလိုလှပေ။ အကြောင်းမူ ပဌမတွဲ-ကျမ်းဦးအမှာစကား ဖြင့်ပင် ပြည့်စုံ လုံလောက်နေပြီ ဖြစ်သောကြောင့်ပင်။

သို့သော် ဤဒုတိယတွဲကို ဤစာရေးသူပင် ဆက်လက်ရေးသားရန် ဖြစ်ပါလျက် အကြောင်းမညီညွတ်၍ ဆက်လက် ရေးသားရန် အခွင့်မသာခြင်းကိုမူ ရှင်းလင်းဖော်ပြသင့်ကြောင်း ကျေးဇူးရှင် ဆရာတော်ကြီးက မိန့်ကြားတော်မူသဖြင့် အနည်းအကျဉ်းတော့ အမှာအထား ရေးသား ဖော်ပြရပါဦးမည်။

ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ဝိသုဒ္ဓိမဂ်မြန်မာပြန်ကျမ်း ပဌမတွဲကို ရေးသားစဉ်က မျက်စိ ရောဂါကို ခွဲစိတ်ကုသပြီးခါစပင် ရှိပါသေးသည်။ သို့ဖြစ်၍ မျက်စိကို တတ်နိုင်သမျှသက်သာ စေလိုသောကြောင့် တကြောင်း ဤစာရေးသူမှာလည်း ထိုစဉ်အခါက အားလပ်ချိန် အထိုက်အလျောက် ရနေသောကြောင့် တကြောင်း ဆရာတော်ဘုရားကြီးက သမာဓိငါးပါးအဖွင့် ကုန်သည်အထိသာ ကိုယ်တိုင် ပြန်ဆိုရေးသားပြီးလျှင် ပလိဗောဓဆယ်ပါးအဖွင့်မှ အစပြု၍ ကျန်ရှိနေသေးသော အပိုင်းများကို ဆက်လက်၍ ပြန်ဆိုရေးသားရန် ဤစာရေးသူအား တာဝန်လွှဲအပ်ခဲ့ပေသည်။ ဤစာရေးသူကလည်း ယင်းတာဝန်ကို ကျေပွန်အောင် စွမ်းနိုင်သမျှ ထမ်းဆောင်ခဲ့ပေပြီ။

ဤဒုတိယတွဲကိုလည်း ဤစာရေးသူပင် ဆက်လက်ပြန်ဆိုရေးသားစေလိုသော ဆန္ဒတော်ရှိသည့်အတိုင်း ဤစာရေး သူမှာအားလပ်ခွင့် ရနိုင်မည့်အချိန်ကို ဆရာတော်ဘုရားကြီးက စောင့်ကြည့်တော် မူခဲ့ပေသည်၊ ဤစာရေးသူကလည်းကျေးဇူးရှင် ဆရာတော်ဘုရားကြီးမှာ အရွယ်တော် အတော်ကြီး ထောက်လာပြီ ဖြစ်၍ ကျမ်းစာရေးသားမှု, ဟောပြောမှုတို့မှ ဖြစ်နိုင်သမျှ အနားယူကာ ချမ်းသာစွာ သီတင်းသုံးရန် အချိန်တန်နေပေပြီဟု နှလုံးပိုက်မိသဖြင့် ဒုတိယတွဲကိုလည်း ဆက်လက်ရေးသားရန် စိတ်အားထက်သန်လျက် ရှိခဲ့ပေသည်။

သို့တစေ မညီညွတ်သော အကြောင်းတရပ်က ပေါ်လာခဲ့ပေသည်၊ ယင်းမှာ အခြားမဟုတ်၊ ဤစာရေးသူသည် ပဌမတွဲရေးပြီးစ အချိန်မှာပင် ယောဂီများအား တရားဟောပြော ပြသ စောင့်ရှောက်ရေး တာဝန်ကို စတင်ထမ်းဆောင်နေရသဖြင့် ယင်းကျမ်းစာကို ရေးသားနိုင်လောက်အောင် အားလပ်ချိန်မရနိုင်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ ဒုတိယတွဲကို ဤစာရေးသူ ဆက်လက်ရေးသားရန် မဖြစ်နိုင်တော့ပေ။

ထို့ပြင် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် ဝိသုဒ္ဓိမဂ် မြန်မာပြန်ကို အပြည့်အစုံ လျင်မြန်စွာ ပြီးစေလိုသည်က တကြောင်း အထွေထွေ ကျန်းမာရေး ကောင်းမွန်လျက်ရှိသဖြင့် မျက်စိကို အထူးစောင့်ရှောက်ဖွယ် မလိုတော့သည်က တကြောင်း ဤအကြောင်းများကြောင့် ဤမြန်မာပြန် ဒုတိယတွဲကို ကိုယ်တော်တိုင်ပင် ဆက်လက်ရေးသား ပြုစုတော်မူပေသည်။

ယင်းသို့ ရေးသားရာ၌ ရေးသားပုံမှာ ပဌမတွဲအတိုင်းပင် ဖြစ်၍အထူးတလည် မှာထားနေဖွယ် မလိုတော့ပေ။ သို့သော် ပဌမတွဲ ပြန်ဆိုပုံနှင့် စိုးစဉ်းမျှ ခြားနားသော အချက်တခုကိုမူ ညွှန်ပြဖို့လိုကောင်း လိုပေမည်။ ယင်းမှာ အခြားမဟုတ်၊ အချို့ဝတ္ထုကြောင်းများကို ပြန်ဆိုရာဝယ် အရေးမကြီးလှသော အရာများ၌ စာဖတ်သူများ နားလည်လွယ်စေရန် ပါဠိသဒ္ဒါနည်းကို အတိအကျမလိုက်တော့ပဲ ဝါကျများကို ခွဲ၍ဖြစ်စေ အနည်းငယ် ပြင်၍ဖြစ်စေ ပြန်ဆိုထားခြင်းပင် ဖြစ်သည်၊ ယင်းသို့သော ပြန်ဆိုချက်ကို စာမျက်နှာ ၄၇၅၊ မှတ်ချက် - ရှင်းလင်းပြထားပါသည်။