ဝိသုဒ္ဓိမဂ်မြန်မာပြန် (စတုတ္ထတွဲ)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

Test

ဝိသုဒ္ဓိမဂ်မြန်မာပြန် (စတုတ္ထတွဲ)

Published Date - 1971

Author By - မဟာစည်ဆရာတော်ဘုရားကြီး

594 စာမျက်နှာ

အမှာစကား

 

သီလ သမာဓိ ပညာဆိုင်ရာ အခြေခံများနှင့်တကွ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသမှစ၍ ဝိသုဒ္ဓိမဂ် အဆုံးပိုင်းကို အပြည့်အစုံ မြန်မာပြန်ပြီးလျှင် ၁၃၂၄-ခုနှစ်က ထုတ်ဝေခဲ့၏။ ထိုသို့ထုတ်ဝေစဉ်ကပင် အကြောင်းညီညွှတ်သောအခါ၌ ကြွင်းကျန်သော ရှေ့ပိုင်းများကိုပါ မြန်မာပြန်၍ ထုတ်ဝေရန် ရည်ရွယ်ရင်း ရှိခဲ့၏။ သို့သော် ဝိသုဒ္ဓိမဂ် မဟာဋီကာ နိဿယအတွက် ကြောင့်ကြစိုက် နေရသောကြောင့်၎င်း၊ ပဋိစ္စသမုပ္ပါဒ် တရားတော်စသော ဟောစဉ် တရားများအတွက် ကြောင့်ကြစိုက် နေရသောကြောင့်၎င်း ထိုရည်ရွယ်ချက် အကောင်အထည် မပေါ်ပဲ ရှိနေခဲ့ပေသည်။

ယခုအခါမှာ အဆိုပါနိဿယကြီး ပြီးစီးအောင်မြင်သွားသည့်ပြင် တရား ဟောစဉ်အချို့လည်း ပြီးစီးသွား သောကြောင့် ယခင်က ရည်ရွယ်ချက် ရှိခဲ့သည့်အတိုင်း ကြွင်းသော ဝိသုဒ္ဓိမဂ် အပိုင်းများကို ပြန်ဆိုရန် အားထုတ်လျက် ရှိ၏။ ထိုသို့ အားထုတ်ရာ၌ ယခင်က ထုတ်ဝေခဲ့သော အဆုံးပိုင်း မြန်မာပြန်ကို အများက တောင့်တနေကြသောကြောင့်၎င်း၊ ပဋိစ္စသမုပ္ပါဒ်ကို ပြဆိုရာ ပညာဘူမိနိဒ္ဒေသကို ယခင်ပုံနှိပ်ပြီး မြန်မာပြန်နှင့် ပူးတွဲ၍ ထုတ်ဝေလိုက်လျှင် ဝိသုဒ္ဓိမဂ်မြန်မာပြန် အဆုံးပိုင်းအတွဲ လျင်မြန်စွာ ထွက်ပေါ်လာနိုင်သောကြောင့်၎င်း ၁၇-ပညာ ဘူမိနိဒ္ဒေသကို မြန်မာပြန်ကာ ဖြည့်စွက်၍ စတုတ္ထတွဲ အဖြစ်ဖြင့် ထုတ်ဝေလိုက်ပေသည်။

ထိုစတုတ္ထတွဲ အပိုင်းသည် ဝိသုဒ္ဓိမဂ်မြန်မာပြန် စာသားသက်သက်ဖြင့်ပင် စာမျက်နှာ ၅၄၃-အထိ များနေသောကြောင့် ဝိသုဒ္ဓိမဂ် နိဒါန်းနှင့် အခြေခံ အပိုင်းများကို စတုတ္ထတွဲ၌ မထည့်သွင်းတော့ပဲ ပဌမတွဲနှင့် တတိယတွဲ သူ့နေရာများ၌သာ ထည့်သွင်းဖော်ပြစေပါမည်။

ပြန်ဆိုရေးသားပုံမှာ ယခင်က နိဒါန်း၌ ဖော်ပြခဲ့သည့်အတိုင်း မြန်မာပြန် ဖြစ်သောကြောင့် မြန်မာစကား ချောမော ပြေပြစ်ခြင်းနှင့် ပါဠိမတတ်သော စာဖတ်ပရိသတ်တို့အား ရှင်းရှင်းလင်းလင်း သဘောပေါက် သိနားလည် စေခြင်းကို အထူးအလေးပြု၍ ပြန်ဆိုရေးသားထားကြောင်း သိထားကြစေလို၏။ ထို့ကြောင့် အရေးမကြီးသော အချို့ဝါကျ ဇောတက ဟိ-စပန- နိပါတ်များကို၎င်း၊ အချို့သော ပရိသမာပန ဣတိ-ကို၎င်း မဖော်ပြပဲ ချန်ထားသည်၊ အနိယတ်ဝါကျကို နိယတ်ဝါကျနှင့် တပေါင်းတည်း ပြန်ဆိုထားချက်လည်း ရှိသည်၊ အချို့ သရုပ်ပြစကားများကို နိဿယပြန်နည်း မဟုတ်ပဲ မြန်မာဆန်ဆန်

ပြန်ထားသည်လည်း ရှိသည်၊ ဤသို့သော ပြန်ဆိုချက်များကို တွေ့ရသောအခါ ပါဠိမတတ်သူတို့ နားလည်လွယ်စေရန် ပြန်ထားသည်ဟု မှတ်ယူကြစေလို၏။

 

သာသနာတော်နှစ် ၂၅၁၃-ခု                                                                   အရှင်သောဘန

ကောဇာသက္ကရာဇ် ၁၃၃၁-ခု                                                                   အဂ္ဂမဟာပဏ္ဍိတ

ပြာသိုလဆန်း -ရက်                                                                           မဟာစည်ဆရာတော်