ရွှေဘိုသို့နုတ်ခွန်းဆက်မိန့်ခွန်းတရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဒီရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဆိုတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကလဲ ဘာမှအားကိုးလောက်တဲ့ တရားတွေမဟုတ်ဘူး၊

ရွှေဘိုသို့နုတ်ခွန်းဆက်မိန့်ခွန်းတရားတော်

Published Date - 1952

Author By - မဟာစည်ဆရာတော်ဘုရားကြီး

42 စာမျက်နှာ


အစစ်အမှန်တရားပဲလို့ ဆိုတာဟာ အဲဒီ ဆေးရုံမှာ တက်နေတုန်းက အိပ်မပျော်တိုင်း အိပ်မပျော်တိုင်း စဉ်းစားဉာဏ်တွေထဲမှာ ပွင့်ပွင့်လင်းလင်းကြီး အလွန်ပဲ ထင်ရှားနေခဲ့တယ်၊ အဲဒီအတွင်းမှာပဲ တစ်နေ့ကျတော့ အဲဒီဆေးရုံကြီးရဲ့ အနီးအပါးက သရက်တောတိုက်မှာ သီတင်းသုံးနေတဲ့ တောင်ဘီလူးဆရာတော်ကြီးက သတင်းကြားတာနဲ့ ဆေးရုံကို ကြွလာပြီးတော့ ကြည့်ရှုမေးမြန်းလာတယ်၊ အဲဒီ ဆရာတော်ကြီးက ဓမ္မလက်ဆောင်အဖြစ်နဲ့ ဂါထာကလေးတစ်ပုဒ်ကို ပါဠိသက်သက် ရွတ်ပြီးဟောတယ်၊ သူ့မှာလဲ ရှေးတုန်းက မကျန်းမမာဖြစ်နေတဲ့အခါမှာ ဆရာတော်ကြီး တစ်ပါးက ဓမ္မလက်ဆောင်ကလေးပေးဖူးလို့ ဒါကလေးကို သူ့မှာ အမြဲတမ်း မှတ်ထားရတယ်တဲ့၊ ယခုမဟာစည်ဆရာတော်ကိုလည်း ဒီဓမ္မလက်ဆောင်ကလေး ပေးချင်တယ်ဆိုပြီးတော့ အဲဒီဂါထာကလေးကို ပါဠိသက်သက် သုံးခေါက်ရွတ်ပြီး ဟောပြတယ်။

အာဗာဓေ မေ သမုပ္ပန္နေ၊

သတိ မေ ဥဒပဇ္ဇထ။

အာဗာဓော မေ သမုပ္ပန္နော၊

ကာလော မေ နပ္ပမဇ္ဇိတုံ။

ဒီဂါထာကလေးက တေရဂါထာ ပါဠိတော်မှာ လာတယ်၊ ဥတ္တိမထေရ် ဥဒါန်းကျူးရွတ်ဆိုတဲ့ ဂါထာပါပဲ။

အာဗာဓေ မေ သမုပ္ပန္နေ၊

သတိ မေ ဥဒပဇ္ဇထ။

အာဗာဓော မေ သမုပ္ပန္နော၊

ကာလော မေ နပ္ပမဇ္ဇိတုံ။

ဒီလိုဆရာတော်က ပါဠိသက်သက်ရွတ်ပြီး ဟောပြီးတော့ ဘုန်းကြီးကလဲ ဝမ်းမြောက်ဝမ်းသာနဲ့ ကျေးဇူးတင်ကြောင်းပြန်ပြီး လျှောက်ရတယ်၊ ဆရာတော် ယခုရွတ်ပြတဲ့ ဓမ္မလက်ဆောင် ဂါထာကလေးဟာ အင်မတန်အဖိုးတန်ပါတယ်ဘုရား၊ သူ့ရဲ့ ဆိုလိုရင်းအနက်အဓိပ္ပာယ်ကလည်း အင်မတန်လေးနက်ပါတယ်၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရောက်အောင် ညွှန်ပြထားပါတယ်၊ ဒီ ဓမ္မလက်ဆောင် ဂါထာကလေးကို ကြားနေရတာဟာ အများကြီးပဲဝမ်းမြောက်ပါတယ် စသည်ဖြင့် ပြန်ပြောပြီးတော့ မိမိဉာဏ်ထဲမှာ ထင်မြင်တဲ့အတိုင်း အနက်အဓိပ္ပာယ်များကိုလည်း ဘုန်းကြီးကပဲ ရှင်းလင်းပြီး ပြန်လျှောက်ထားတယ်၊ ဆရာတော်ဘုရားကြီးလဲ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပြီး သွားတယ်။

အာဗာဓေ မေ သမုပ္ပန္နေ၊

သတိ မေ ဥဒပဇ္ဇထ။

အာဗာဓော မေ သမုပ္ပန္နော၊

ကာလော မေ နပ္ပမဇ္ဇိတုံ။

မေ-ငါ့အား၊ အာဗာဓေ-မကျန်းမာမှုရောဂါဝေဒနာသည်၊ သမုပ္ပန္နေ-ဖြစ်ပေါ်၍လာလတ်သော်၊ သတိ-အမှတ်ရမှု သတိသည်၊ မေ-ငါ့အား၊ ဥဒယဇ္ဇထ-ဖြစ်ခဲ့လေပြီ၊ ကိန္တိ-ဘယ်သို့ဖြစ်သနည်းဟူမူကား၊ မေ-ငါ၏သန္တာန်၌၊ အာဗာဓောမကျန်းမမာ ရောဂါ ဝေဒနာသည်၊ သမုပ္ပန္နော-ဖြစ်ပေါ်လာခဲ့ပေပြီ၊ ဣမိနာ-ဧဝ အာဗာဓေန-ဤရောဂါဖြင့်ပင်လျှင်၊ မရဏံ ဝါပါပုဏေယျ-သေခြင်းသို့ရောက်မူလည်းရောက်နိုင်ချေ၏။ တသ္မာ-ထို့ကြောင့်၊ ဣဒါနိ-ယခု၊ မေ-ငါ့အား၊ ပမဇ္ဇိတုံ-ရှုမှတ်မှု မရှိဘဲ မေ့လျော့၍နေခြင်းငှာ၊ ကာလော-အချိန်အခါ မဟုတ်ပေ၊ အထ ခေါ-အမှန်အားဖြင့်သော်ကား၊ နပမဇ္ဇိတုံ ကာလော-မမေ့မလျော့ဘဲ တစ်မှတ်တည်း မပြတ်ရှုမှတ်သွားရမည့် အခါကာလပေတည်း၊ ဣတိ-ဤသို့ နှလုံးသွင်း ဆင်ခြင်လျက် သတိ-အမှတ်ရမှု သတိသည်၊ ဥဒယဇ္ဇထ-ဖြစ်ခဲ့လေပြီတဲ့။

ယခုဘုန်းကြီးက လူကိုယ်တိုင် မလာနိုင်တဲ့အတွက် ဒီဂါထာကလေးပဲ တရားလက်ဆောင်အဖြစ် အသံသွင်းပြီး အထက်ကမြို့ရွာမှာ ရှိကြတဲ့ ဆိုင်ရာပုဂ္ဂိုလ်တွေ အားလုံး နာရ, ကြားရအောင်လို့ ပေးပို့လိုက်ရတယ်၊ ဒီသြဝါဒတရားကို နာကြားပြီး အမှတ်တရ အထူးသတိပြုစရာကတော့ လူ့ပြည်လောကထဲမှာ အတွင်းဝင်ပြီး နေတဲ့သူမှန်ရင် ရုပ်ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဆိုတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို အမှီပြုပြီးနေကြရတာ တွေချည်းပဲ။ ဒီရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဆိုတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကလဲ ဘာမှအားကိုးလောက်တဲ့ တရားတွေမဟုတ်ဘူး၊ အကြောင်းမညီညွတ်ဘူးဆိုရင် ဘယ်အချိန်မဆို ရောဂါဝေဒနာ စွဲကပ်ပြီးတော့ လူမမာချည်း ဖြစ်သွားနိုင်တာချည်းပဲ။ ဒါ့ကြောင့်အကယ်၍ မကျန်းမမာများ ဖြစ်လာမယ် ဆိုရင် ဒီဥတ္တိယမထေရ်၏ ဥဒါန်းဂါထာအတိုင်း နှလုံးသွင်းအားထုတ်ပြီးတော့ အဆိုးထဲက အကောင်းရအောင် အမြတ်ထုတ်တတ်ကြစေရမည်၊ အမြတ်ရအောင်ဟာ အဲဒီ ဖြစ်ပေါ်လာတဲ့ ဝေဒနာကစပြီးတော့ ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ်ကလေးတွေကို စူးစိုက်ပြီး မပြတ်ရှုမှတ်သွားကြရုံပါပဲ၊ ဒီလို ရှုမှတ်ပြီးသွားရင် အဲဒီအရှင်ဥတ္တိယမထေရ်လိုပဲ မကျန်းမမာ ဖြစ်နေရင်းက တရားထူး, တရားမြတ်တွေကိုလဲ ရသွားနိုင်ပါတယ်၊ တရားထူးကို မရတောင်မှ သမာဓိဉာဏ်အထူးကိုတော့ သေသေချာချာ ရသွားနိင်ပါတယ်၊ ပြီးတော့ အဲဒီရှုမှတ်မှုထဲမှာ အမှတ်ရမှု သတိသမ္ဗောဇ္ဈင် အစရှိသော ဗောဇ္ဈင်တရား တွေပါ, ပါနေတဲ့အတွက် ရောဂါဝေဒနာလဲ ပျောက်သွားတတ်ပါတယ်၊ လုံးဝမပျောက်တောင် သက်သာခွင့်ကိုတော့ သေသေချာချာ ရသွားနိုင်ပါတယ်။