ဘဝပြဿနာ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဤစာအုပ်ကို ဖတ်ရှုကြကုန်သော ရဟန်း ရှင် လူအပေါင်းတို့သည် ဘဝပြဿနာနှင့်စပ်၍ သမ္မာဒိဋ္ဌိ အမြင်မှန်ပေါက်ကြကာ ကောင်းသော “တမလွန်ဘဝ” နတ်ရွာသုဂတိသို့ လားရောက်ကြ၍ နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်ကြပါစေ

ဘဝပြဿနာ

Published Date - 1957

Author By - မဟာစည်ဆရာတော်ဘုရားကြီး

117 စာမျက်နှာ

တစ်နေ့သော် ဒေါက်တာဦးမြင့်ဆွေသည် တမလွန်ဘဝ ရှိ, မရှိကို ဆရာတော်ကြီး တစ်ပါးအား မေးမြန်းလျှောက်ထားလေသည်။ ဆရာတော်ကြီးကလည်း စိတ်ပါဝင်စားစွာ အဘိဓမ္မာနည်းအားဖြင့် ပဋ္ဌာန်းပစ္စည်း ဆက်၍ ဖြေကြားတော်မူသည်တို့ကို ဆေးခန်းအပြင်၌ စောင့်နေကြရသော ကျွန်ုပ်တို့ ကြားရပေသည်။

ဒေါက်တာ ဦးမြင့်ဆွေမှာကား ပါဠိသံတို့ဖြင့် ရောပြွမ်းနေသော ဆရာတော်ကြီး၏ အဖြေစကားတို့ကို ကျေနပ်ပုံမရချေ။ ကျွန်ုပ်တို့အား ဆေးကုသ, သည့်အလှည့်သို့ ရောက်သောအခါ တမလွန်ဘဝ ရှိ, မရှိကို မေးမြန်း ပြန်လေသည်။

စောစောကရေးသားခဲ့သည့်အတိုင်း ဗုဒ္ဓတရား၌ နှံစုပ်ငှက်ငယ်၏အသိနှင့် မခြားလှသော အသိဉာဏ်မျှသာရှိသည့် ကျွန်ုပ်တို့သည် ဆရာတော် ဘုရားကြီးတပါး ဖြေကြားသည်ကိုပင် ကျေနပ်မှုမရသောသူအား ဖြေကြားနေပါက အကြောင်းထူးမည်မဟုတ်ဟု သဘောပေါက်မိသောကြောင့် ဆရာတော်များကို လျှောက်ထားကြည့်ပါအုံးမည်ဟု နှစ်သိမ့်ခဲ့ရ တော့သည်။

သို့သော်-ဤကိစ္စကား မပြီးသေးချေ။ နှစ်ရက် သုံးရက် လွန်မြောက်သောအခါ ဒေါက်တာက ပြန်၍ စကားစပြန်သည်။ ဒေါက်တာ ဒီပြဿနာဟာ ဖြေဖို့လွယ်ကူတဲ့ ပြဿနာမဟုတ်ဘူး၊ ကျေနပ်လောက်အောင် ဖြေကြားနိုင်မဲ့ပုဂ္ဂိုလ် အတော်ရှားလိမ့်မယ်ထင်တယ်။ မဟာစည် ဆရာတော်ကြီးကို လျှောက်ထားကြည့်ရလျှင် ကောင်းလိမ့်မယ်ဟု ပြောပါသည်။

ဒေါက်တာ ဦးမြင့်ဆွေက ဆောင်ရွက်ပေးပါဟု ပြောကြားသဖြင့် ဆရာတော်အား လျှောက်ထားရပါသည်။

ဆရာတော်က မသိတာ လျှောက်ထားဖို့က ဒကာတို့ရဲ့ တာဝန်ဘဲ၊ မသိတာ သိအောင် ဖြေကြားဘို့က ဘုန်းကြီးတို့ တာဝန်ဘဲဟု မိန့်ကြားလိုက်ပါသည်။

လျှောက်ထားခွင့်ရကြောင်းကို ဒေါက်တာဦးမြင့်ဆွေအား သိစေသောအခါ ဒေါက်တာဦးမြင့်ဆွေသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် မေးမြန်လျှောက်ထားလိုသည့် ပြဿနာ -ရပ်ကို စာဖြင့်ရေး၍ ဆရာတော်အား ဆက်ကပ်လေသည်။

ဆရာတော်ဘုရားကလည်း ဘုရားဟော ဒေသနာတော်နှင့်အညီ စာဖြင့်ရေးသား၍ ဖြေကြားတော်မူလေရာ၊ မျက်စိလည် လမ်းမှားနေသော သူအား လမ်းမှန်ကို ညွှန်ပြဘိသကဲ့သို့၎င်း၊ မှောက်ထားအပ် သောအိုးကို လှန်၍ ပြဘိသကဲ့သို့၎င်း၊ မှောင်သော တိုက်ခန်းတွင်း၌ စမ်းတဝါးဝါး သွားနေသော သူအား ဆီမီးတိုင်ကို မြှောက်၍ပြဘိသကဲ့၎င်း၊ ရှင်းလင်း

ပြတ်သားလှပေသည်။

၁၉၅၈-ခုနှစ် မေလ -ရက် စနေနေ့ညနေ၌ ဒေါက်တာ ဦးမြင့်ဆွေနှင့် ဆရာဝန်ကတော် ဒေါ်တင်ထွေးတို့သည် ကျွန်ုပ်တို့နှင့်အတူ ဆရာတော်ဘုရား၏ ရှေ့မှောက်သို့ လာရောက်ကြကာ ဆရာတော် ဖြေကြားပေးသနားတော်မူအပ်သော အဖြေလွှာတို့ကို တပိုဒ်စီ တပိုဒ်စီ ဖတ်၍ မသဲကွဲသည်များကို ထပ်မံလျှောက်ထားပြန်သည်။ ဆရာတော်ဘုရားကလည်း အကျယ်အဝင့်အားဖြင့် ဖြေကြားတော်မူပြန်သည်။ (ဤသို့ထပ်မံ ဖြေကြားတော်မူချက်ကို မူလအဖြေတွင် ခရေပွင့်ပြ၍ စာမျက်နှာတိုင်း၏ အောက်ခြေ၌ ၁၄-ပွိုင့်စာလုံးများဖြင့် ဖေါ်ပြထားပါသည်။)

-နာရီခန့် မေးမြန်လျှောက်ထားပြီးသော အခါ ဒေါက်တာ ဦးမြင့်ဆွေသည် ကျေနပ်အားရလှ၍ ကြည်လင်ရွှင်ပြသော မျက်နှာဖြင့် ဆရာတော်အား လက်အုပ်ချီကာ ဤသို့လျှောက်ထားလေသည်။

တပည့်တော်တို့အား ဆရာတော်ဘုရားက ကရုဏာတရား ရှေ့ထားပြီး အခုလိုဖြေကြားတော် မူသည့်အတွက် တပည့်တော်တို့မှာ ဖုံးထားသော အရာကို ဖွင့်ပြသကဲ့သို့ စမ်းတဝါးဝါး ဖြစ်နေသော အယူအဆများ ရှင်းရှင်းလင်းလင်းသိရပါပြီဘုရား။ တပည့်တော်တို့ အဖို့၌ အရသာတကာတို့ထက် ကောင်းသော အရသာကို စားသုံးရသကဲ့သို့ ဝမ်းသာအားရရှိလှပါသည် ဘုရား

ဤသို့သော အကြောင်း အတ္ထုပ္ပတ်ကြောင့် ဤမည်သော ဘဝပြဿနာ စာအုပ်သည် ဖြစ်ပေါ်လာခဲ့ပါသည်။ ဤစာအုပ်ကို ဘတ်ရှုကြကုန်သော ရဟန်း ရှင် လူအပေါင်းတို့သည် ဘဝပြဿနာနှင့်စပ်၍ သမ္မာဒိဋ္ဌိ အမြင်မှန်ပေါက်ကြကာ ကောင်းသော တမလွန်ဘဝနတ်ရွာသုဂတိသို့ လားရောက်ကြ၍ နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်ကြပါစေကုန်သတည်း။

 

မင်္ဂလာအောင်မြင့်

၁၅--၅၈

သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့




 

ဆဋ္ဌသင်္ဂီတိပုစ္ဆာက အဂ္ဂမဟာပဏ္ဍိတ

မဟာစည်ဆရာတော်ဘုရားကြီး၏

စကားပလ္လင်

 

ဒေါက်တာဦးမြင့်ဆွေ၏ မေးမြန်းလျှောက်ထားချက်များမှာ အကျဉ်းချုပ်အားဖြင့် အောက်ပါ -ချက်ပင် ဖြစ်သည်။

၁။ ဘဝတခုမှ သေသွားသော သတ္တဝါတဦးသည် ဘဝသစ်၌ ပဋိသန္ဓေတည်လျက် မည်ကဲ့သို့တဖန် ဖြစ်ပါသနည်း။

၂။ ရောဂါဖြစ်ပွားစေသော ရောဂါပိုးမွှားကလေးများသည် ပါဏတိပါတကံအရာ၌ ပါဏမည်သော အသက်ဝိညာဉ်ရှိ သတ္တဝါမျိုးဟုတ်ပါသလား။

၃။ သွေးတိုးရောဂါ စသည်ဖြစ်ခြင်းနှင့် ထူးခြားစွာ အသက်ရှည်ကြခြင်းတို့မှာ အဘယ်အကြောင်းများကြောင့်ပါနည်း။

အထက်ပါမေးခွန်း -ချက်မှာ အဋ္ဌကထာတို့၌ ပြောပြရန် ခက်သည်-ဟု ဆိုထားသော အခက်ကြီး -မျိုးနှင့်စပ်ဆိုင်လျက်ရှိ၏။ ၎င်းအခက်ကြီး -မျိုးမှာ-

၁။ သစ္စာလေးပါးအကြောင်း၊

၂။ သတ္တဝါအကြောင်း၊

၃။ ပဋိသန္ဓေအကြောင်း၊

၄။ အကြောင်းအကျိုးဆက်၍ ဖြစ်ပုံ ပဋိစ္စ သမုပ္ပါဒ် အကြောင်း၊ -ပါးတို့ပင် ဖြစ်သည်။

အထက်ပါ အခက်အခဲများနှင့် ဒေါက်တာဦးမြင့်ဆွေ၏ မေးခွန်းများကို စပ်ဟပ်ကြည့်လျှင် အောက်ပါအတိုင်းတွေ့ရ၏။

အမှတ် -မေးခွန်းသည် အမှတ် -အခက်အခဲနှင့်စပ်ဆိုင်၏။

အမှတ် -မေးခွန်းသည် အမှတ် -အခက်အခဲနှင့်စပ်ဆိုင်၏။

အမှတ် -မေးခွန်းသည် အမှတ် -အခက်အခဲနှင့်စပ်ဆိုင်၏။

သို့ဖြစ်၍ မေးခွန်း -ချက်လုံးပင် သဘောကျ ကျေနပ်လောက်အောင် ဖြေဆိုရန်ခက်ခဲသော အရာချည်းဖြစ်သည့်ပြင်၊ လက်တွေ့ သာဓကများနှင့်လည်း နှီးနှော၍ ရှင်းလင်းပြရမည်ဖြစ်သောကြောင့် သာ၍ပင် ခက်ခဲလျက်ရှိ၏။

ထို့ကြောင့် ဤအရာ၌ အောက်ပါအချက်ကို ရှေးဦးစွာ လေးလေးနက်နက် နှလုံးသွင်းထားစေလိုပါ၏။ ၎င်းမှာ ရှေးခေတ်က သာမန်လူများ မတွေ့မြင်နိုင်ခဲ့သော အရာများကို ယခုခေတ်လူတို့ မျက်မြင်ကိုယ်တွေ့ ဖြစ်နေကြ၏။

ထို့အတူ ယခုခေတ်လူတို့ မတွေ့မြင်နိုင်သော အရာများကိုလည်း နောင်ခေတ်လူတို့ မျက်မြင်ကိုယ်တွေ့ ဖြစ်ကြပေဦးမည်။

ရှေးခေတ်ကလည်း ၎င်းတို့ကို မျက်မြင်ကိုယ်တွေ့ဖြစ်သူ ပုဂ္ဂိုလ်ထူးတွေရှိနိုင်သည်ဟူသော အချက်ပင် ဖြစ်သည်။