အရိယာဝါသတရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

အရိယာဝါသ တရားတော်ကို ဖတ်ရှုကြရသော ဓမ္မအဆွေတော် အပေါင်းတို့သည် “အရိယာတို့၏ စံအိမ်” ခေါ် အရိယာတို့၏ နေရေးတရားတို့ကို သိကြရသောကြောင့် ...

အရိယာဝါသတရားတော်

Published Date - 1963

Author By - မဟာစည်ဆရာတော်ဘုရားကြီး

303 စာမျက်နှာ


ဤအရိယာဝါသ သုတ်ကား- အင်္ဂုတ္တရ နိကာယ် ဒသကနိပါတ် ဆဋ္ဌမူ စာမျက်နှာ ၂၇၉-၂၈၀-၂၈၁- ၂၈၂- တို့၌ ပဌမ အရိယာဝါသနှင့် ဒုတိယ အရိယာဝါသ နှစ်သုတ်ရှိသည့်အနက် ဒုတိယ အရိယာဝါသသုတ် ဖြစ်ပါသည်။

ဤအရိယာဝါသ တရားစာအုပ် ဖြစ်ပေါ်လာပုံမှာ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ၁၃၂၄-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း -ရက်, ၁၀-ရက်နေ့ ညများက (ကျောက်တန်းမြို့ ညောင်ဝိုင်းရွာကျောင်း သိမ်သမုတ်ပွဲမှ အပြန်) ဟံသာဝတီ ခရိုင်ဝန် ဦးသိန်းအောင် မင်းကတော် ဒေါ်ပိုပိုနှင့် သာသနာရေး အသင်းအဖွဲ့များ၏ ဦးစီးခေါင်းဆောင်ဖြစ်သော ဦးဖိုးလှ အမှူးပြုသည့် ယောဂီဟောင်းအပေါင်းတို့က ပင့်လျှောက်တောင်းပန်သောကြောင့် သံလျင်မြို့ သာသနဓဇ ဓမ္မာစရိယ အဂ္ဂမဟာအကျော် အရှင်ဝဏ္ဏသီရိ၏ မင်းကျောင်း ပထမပြန် စာသင်တိုက်၌ အရိယာဝါသ တရားတော်ကြီးကို ဟောကြားတော်မူစဉ်က တရားသူကြီး ဦးသိန်းဟံသည် အသံဖမ်းယူခဲ့လေသည်၊ တရားစာအုပ်ဖြစ်ပေါ်လာပုံကို ဤစာအုပ် နိဒါန်းတွင် ဖော်ပြထားပါသည်။

ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ဤအရိယာဝါသတရားတော်ကို ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာ, ရန်ကုန်မြို့၊ ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက် သိမ်ကျောင်းရေစက်ချပွဲ, ပဲခူးမြို့ ကြခတ်ဝိုင်း ကျောင်းတိုက် သိမ်ကျောင်း ရေစက်ချပွဲ, ငါးသိုင်းချောင်းမြို့ မဟာစည်ရိပ်သာ သိမ်သမုတ်ပွဲ, ရန်ကုန်မြို့ ဘုရားလမ်းကျားကူးဓမ္မာရုံ, မန္တလေးမြို့ ဝင်းလိုက်ရုပ်ရှင်ရုံပိုင်ရှင် ဦးစိန်ဝင်း ဒေါ်ယဉ်ယဉ်တို့၏ အိမ်ရှေ့တရားပွဲတို့၌လည်း ဟောကြားတော်မူခဲ့သည့်ပြင် အိမ်မဲမြို့, မြောင်းမြမြို့, ဝါးခယ်မမြို့, ညောင်ဦးမြို့, တောင်တွင်းကြီးမြို့, ပျဉ်းမနားမြို့, ဗန်းမော်မြို့, မိုးတားမြို့, ရွှေဘိုကျောက်မြောင်း, မင်းလှမြို့ စသောမြို့များ၌လည်း ဟောကြားတော်မူခဲ့ကြောင်း သိရပါသည်။

ဤအရိယာဝါသ တရားတော်ကို စာအုပ်အဖြစ် ပုံနှိပ်ရန် လျှောက်ထားသူ ဒါယကာ-ဒေါက်တာ ဦးမြင့်ဆွေကား- တရားဘက်၌ ဝါသနာပါသူ တဦးဖြစ်ပါသည်၊ ဆဋ္ဌသံဂါယနာတခေတ်လုံးမှာ သီရိမင်္ဂလာကုန်းမြေသို့ ဆဋ္ဌသံဂါယနာတင်ရန် ထေရဝါဒ ငါးနိုင်ငံမှ ကြွရောက်လာတော်မူကြကုန်သော သံဃာတော် မြောက်မြားစွာ တို့အား စေတနာဝန်ထမ်း သာသနာ့ အကျိုးဆောင် အဖြစ်ဖြင့် ဆေးဝါးကုသရင်း ထင်ရှားသော ရာတော်ကြီးများအား တရားစာပေတို့ကို မေးလျှောက်လေ့ ရှိသောကြောင့် ဆရာတော် ဘုရားကြီးများက ဒီဒေါက်တာက တရားဒေါက်တာဘဲဟု ဂုဏ်ပြု ပြောဆိုခြင်းကို ခံယူရရှိသူတဦး ဖြစ်ပါသည်။

ဒေါက်တာ ဦးမြင့်ဆွေသည် ကိုယ်တွေ့တရားအားထုတ်နေသူလည်းဖြစ်သောကြောင့် ဤအရိယာဝါသ တရားတော်ကို ကြားနာရသည့်အခါ ဓမ္မပီတိများ ဖြစ်လာ၍ မိမိ ကြားနာရသလို အများသော ဓမ္မမိတ်ဆွေတို့အားလည်း ကြားနာစေလိုပါသည်၊ မိမိကိုယ်တိုင် တရားအရသာကို ခံစားရသလို အများသော ဓမ္မမိတ်ဆွေတို့အားလည်း ခံစားစေလိုပါသည်၊ ထို့ကြောင့်လည်း အရိယာဝါသ တရားတော်ကို စာအုပ်အဖြစ်သို့ ရောက်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အရိယာဝါသ တရားတော်ကို ဖတ်ရှုကြရသော ဓမ္မအဆွေတော် အပေါင်းတို့သည် အရိယာတို့၏ စံအိမ်ခေါ် အရိယာတို့၏ နေရေးတရားတို့ကို သိကြရသောကြောင့် အရိယာတို့၏ ရုပ်ရည်, အရိယာတို့၏ အနေအထိုင်, အရိယာတို့၏စိတ်နေ သဘောထား, အရိယာတို့၏ ဉာဏ်ရည် ဉာဏ်သွားတို့ကို မှန်းဆ၍ သိနိုင်ကြပေတော့မည်၊ ယခုခေတ်၌ တရားအားထုတ်ပြီး, အားထုတ်ဆဲ ရဟန်း ရှင် လူ ယောဂီ အပေါင်းတို့အားလည်း ခွဲခြားဝေဘန်၍ ကြည်ညိုနိုင်ကြတော့မည် ဖြစ်ကြောင်း ရေးသားအပ်ပါသည်။

 

မင်္ဂလာပါခင်ဗျား-

မင်္ဂလာ-အောင်မြင့်

၁၃၂၅-ခု၊ ဝါဆိုလဆန်း -ရက်။