လောကဓံတရားတော်ကြီး

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ယင်းတရားတော်ကို ဖတ်ရှု နာကြားရပါက အများသော ရဟန်းရှင်၊ လူတို့မှာ စိတ်အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်ကာ ထောက်တည်ရာ ရကြပေလိမ့်မည်

လောကဓံတရားတော်ကြီး

Published Date - 1970

Author By - မဟာစည်ဆရာတော်ဘုရားကြီး

170 စာမျက်နှာ

နိဒါန်း


ဤစာအုပ်ဖြစ်ပေါ်လာခြင်းအကြောင်း

ဘဝတု သဗ္ဗမင်္ဂလံ

၁၃၃၂-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်နေ့က ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ကျွန်ုပ်တို့အား ပုံနှိပ်ရန် စာမူတစ်စုကို ပေးအပ်ပါသည်။ဤစာမူ၌ နိဒါန်း မပါသေး။ နိဒါန်းကိုသင့်လျော်သလို ရေးထည့်ရမည်ဟု အမိန့်ရှိလိုက်ပါသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ကျမ်းစာများကို ပုံနှိပ်ဖြန့်ချိရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၌ပဋိပတ္တိသာသနာပြု မဟာစည်ရန်ပုံငွေအမည်ဖြင့် သီးခြားရန်ပုံငွေ တစ်ရပ် ထားပါသည်။ ထိုရန်ပုံငွေဖြင့်ပင် မဟာစည်ကျမ်းစာများပုံနှိပ်ခြင်း၊ လှူဒါန်းခြင်း၊ ဖြန့်ချိခြင်းတို့ကို ပြုလုပ်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ယနေ့အထိ ပုံနှိပ်ဖြန့်ချီနေသော မဟာစည်ကျမ်းစာများမှာ -

၁။        ဝိပဿနာရှုနည်းကျမ်း  (ပဌမ)

၂။        ဝိပဿနာရှုနည်းကျမ်း  (ဒုတိယ)

၃။        ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး (ပဌမ)

၄။        ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး (ဒုတိယ)

၅။        ဝမ္မိကသုတ် တရားတော်

၆။        မဟာသတိပဋ္ဌာနသုတ် ပါဌ်-နိသျ

၇။        ပုရာဘေဒသုတ် တရားတော်

၈။        ဝိပဿနာအခြေခံတရားတော်

၉။        အရိယာဝါသတရားတော်

၁၀။      ဝိပဿနာရှုနည်း အကျဉ်းချုပ်

၁၁။      ဝိပဿနာအလုပ်ပေးတရားတော်ကြီး

၁၂။      ဓမ္မစကြာ, အနတ္တလက္ခဏသုတ်, မဟာသတိပဋ္ဌာန် တရားတော်ကြီး

၁၃။      ဓမ္မဒေသနာဆောင်ပုဒ်

၁၄။      ကမ္မဋ္ဌာန်းတရား အားထုတ်ရခြင်းအကြောင်း

၁၅။      ဘာရသုတ္တန် တရားတော်

၁၆။      ကျောင်းအနုမောဒနာတရားတော်များဖြစ်ပါသည်။

စာမူကို ကျမ်းစာအုပ်ဖြစ်မြောက်အောင် ကျွန်ုပ်တို့က တာဝန်ယူ ဆောင်ရွက်ပါသည်။ ငွေရေး ကြေးရေးနှင့် ဖြန့်ချိ ထိန်းသိမ်းရေး ကိစ္စများကို အဖွဲ့ချုပ်၏ အတွင်းရေးမှူးဦးသိန်းဟန်က တာဝန်ယူ ဆောင်ရွက်ပါသည်။

ကျမ်းစာအုပ်အသစ် ဖြစ်ပေါ်လာတိုင်း ဆရာတော်ဘုရားကြီး၏ ညွှန်ကြားတော်မူချက်အရ နယ်ကမ္မဋ္ဌာန်းဌာနများနှင့် လှူသင့်လှူထိုက်သော ပုဂ္ဂိုလ်များအား လှူဒါန်းရပါသည်။

ဤစာမူကို စာအုပ်အဖြစ်ပုံနှိပ်ရန် ဖြစ်ပေါ်လာခြင်း၏ အကြောင်းမှာ ဤသို့ဖြစ်ပါသည်။

မကြမီက သာသနာ့ရိပ်သာသို့ ပြန်လည်ရောက်ရှိလာသော စစ်ကိုင်း အရှင်ဝိမလသည် ဝိပဿနာတရားတော်များကို ရှုမှတ်ပွားများနေရင်း တစ်နေ့သောအခါမှာ ကမ္မဋ္ဌာနာစရိယ အရှင်ပဏ္ဍိတထံမှ တရားခွေတစ်ခုကို ဖွင့်၍ နားထောင်ရာက အရင်း၊ အလယ်၊ အဖျား သုံးပိုင်းလုံး မွှေးကြိုင်လှသော နံ့သာတုံးကို ရှုရှိုက်လိုက်ရသည့်ပမာ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကောင်းခြင်းနှင့် ပြည့်စုံသော တရားတစ်ပုဒ်ကို နာကြားလိုက်ရလေသည်။

ထိုတရားတော်ကို နာကြားလိုက်ရသောကြောင့် ထိုစဉ်အခါက စိတ်နှလုံးတုန်လှုပ်နေသော အရှင်ဝိမလ သည် အတော်အတန် ထောက်တည်ရာ ရရှိခဲ့သည့်အပြင် အခြားသော ပုဂ္ဂိုလ်တော်တော်များများလည်း ထိုတရားကို နာကြားရသောကြောင့် စိတ်နှလုံး တုန်လှုပ်ခြင်းမှ သက်သာရာ ရကြသည်ဟု ကြားသိရပါသည်။

သို့ဖြစ်၍ အရှင်ဝိမလသည် ယင်းတရားတော်ကို ဖတ်ရှု နာကြားရပါက အများသော ရဟန်းရှင်၊ လူတို့မှာ စိတ်အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်ကာ ထောက်တည်ရာ ရကြပေလိမ့်မည်ဟု မျှော်လင့်ရည်သန် သမ္မာဆန္ဒ အရင်းခံဖြင့် အသံတရားမှ စာမူတရားအဖြစ်သို့ ရောက်အောင် ရေးကူးယူကာ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးအား ဆက်ကပ် ခဲ့ ပါသည်။

ယင်းတရားတော်ကား ၁၃၂၆-ခုနှစ်မှ ၁၃၂၇-ခုသို့ ကူးပြောင်းသည့် သင်္ကြန်အခါတော်နေ့က အင်္ဂုတ္တရနိကာယ် အဌကနိပါတ်မှထုတ်ဆောင်၍အထူးတရားပွဲအနေအားဖြင့်ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော် မူခဲ့သော လောကဓံတရားတော်ပင် ဖြစ်ပါသည်။

အထက်ဖေါ်ပြပါ အကြောင်းအစဉ်ဖြင့် ကျွန်ုပ်တို့သည် ဤမည်သော လောကဓံတရားတော်စာမူကို ဆရာတော်ဘုရားကြီး၏ ခွင့်ပြုတော်မူချက်အရ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ပဋိပတ္တိသာသနာပြု မဟာစည်ရန်ပုံငွေဖြင့် ပုံနှိပ်ဖြန့်ချိ အပ်ပါသတည်း။

 

မင်္ဂလာပါခင်ဗျား

မင်္ဂလာအောင်မြင့်

သာသနာ့ရိပ်သာ

ရန်ကုန်။

၁၃၃၂-ခုနှစ်

ဝါခေါင်လပြည့်ကျော် -ရက်။