ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

“သုဘဒ္ဒမဂ္ဂင်ရှစ်ပါး မရှိသော ဘာသာရေး, သာသနာရေး၌ ကိလေသာငြိမ်းသူ မရှိနိုင်”ဟု မဂ္ဂင်ရှစ်ပါးကို ဘာသာရေးစံအဖြစ် တိတိကျကျ ညွှန်ပြတော်မူခဲ့ပါသည်။

ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားတော်

Published Date - 1977

Author By - မဟာစည်ဆရာတော်ဘုရားကြီး

330 စာမျက်နှာ


နိဒါန်း

ဘာသာအယူဝါဒ မှန်, မမှန် ဘယ်စံနှင့်ရွေးမလဲ?

 

ရွှေကောင်း, မကောင်းသိလိုလျှင် မှတ်ကျောက်တင်ကြည့်ရ၏၊ ပစ္စည်းတစ်ခုခု အရည်အသွေး မီ, မမီ သိလိုလျှင်စံအဖြစ် သတ်မှတ်ထားသော ပစ္စည်းနှင့်ယှဉ်ကာ စံတင်ကြည့်ရ၏။

ဘာသာအယူဝါဒတစ်ရပ် မှန်, မမှန်သိလိုလျှင် မည်သို့ ပြုလုပ်ရမည်နည်း?

မှတ်ကျောက် တင်ကြည့်ရပါသည်၊ စံတင်ကြည့်ရပါသည်။

သို့ဖြစ်ရာ စာရှုသူ၏ ဘာသာရေး ယုံကြည်ကိုးကွယ်မှု မှန်, မမှန်ကို စိစစ်ဝေဖန် ဆုံးဖြတ်နိုင်ရန် မှန်ကန်တိကျ၍ ခိုင်လုံစိတ်ချရသော ဘာသာရေးမှတ်ကျောက် စာရှုသူမှာ ရှိပါပြီလား? ဘာသာရေး စံမှန်-စံကောင်း ရှိပါပြီလား?

အကယ်၍ မရှိသေးဟု ယူဆလျှင် ယခု စာရှုသူ၏ လက်ထဲ၌ မှန်ကန်တိကျ၍ ခိုင်လုံစိတ်ချရသော ဘာသာရေး မှတ်ကျောက်ကောင်း, စံမှန်-စံကောင်းရောက်လျက် ရှိနေပြီဖြစ်ကြောင်း ပြောပြလိုပါသည်။

ဘာသာရေးစံကို ဗုဒ္ဓမြတ်စွာသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၄၆-ခုနှစ်ကတည်းကပင် ဖော်ထုတ်ပေးခဲ့ပါသည်။

ယင်းစံကား အခြားမဟုတ်၊ မဇ္ဈိမပဋိပဒါဟု ထင်ရှားသည့် အလယ်, အလတ် အကျင့်တရား မဂ္ဂင်ရှစ်ပါးပင် ဖြစ်ပါသည်။

သို့သော် ဤမဂ္ဂင်ရှစ်ဖြာကို ဘာသာရေးစံအဖြစ် သိသူဦးရေမှာ အလွန်ကြီးများလှမည် မဟုတ်သေးပါ၊ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်လည်း ဤမဂ္ဂင်ရှစ်ဖြာကို စတင်ထုတ်ဖော် ဟောကြားတော်မူပြီးနောက် ၄၅-နှစ်ပတ်လုံး ဘာသာရေးစံတစ်ရပ် အဖြစ်ဖြင့် ပီပီပြင်ပြင် ထင်ထင်ရှားရှား မိန့်ကြားတော် မမူခဲ့ပါ၊ ဆင်းရဲငြိမ်းကြောင်း အကျင့်လမ်း ဟူ၍သာ ဟောပြော ညွှန်ပြတော်မူခဲ့ပါသည်။

ပရိနိဗ္ဗာန် စံတော်မူချိန်မှသာ ပရိဗိုဇ်သုဘဒ္ဒ၏ မေးလျှောက်ချက်အရ အကြောင်းပေါ်လာသဖြင့် သုဘဒ္ဒမဂ္ဂင်ရှစ်ပါး မရှိသော ဘာသာရေး, သာသနာရေး၌ ကိလေသာငြိမ်းသူ မရှိနိုင်ဟု မဂ္ဂင်ရှစ်ပါးကို ဘာသာရေးစံအဖြစ် တိတိကျကျ ညွှန်ပြတော်မူခဲ့ပါသည်။