မဟာစည်ဝိနယဝိနိစ္ဆယသင်္ဂဟ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ကိုယ်တော်တိုင် ယဉ်ကျေးတော်မူပြီးသော ဆရာတော်ဘုရားကြီးသည်လည်း မိမိမှတပါး အခြားသော တပည့်တပန်း ရဟန်းရှင်လူ ခပ်သိမ်းသူတို့အား ယဉ်ကျေးစေရန် တရားမှန်ကို အခွင့်သင့်တိုင်း တရားဓမ္မ ဟောပြတော်မူလျက် ရှိပေသည်၊

မဟာစည်ဝိနယဝိနိစ္ဆယသင်္ဂဟ

Published Date - 1977

Author By - မဟာစည်ဆရာတော်ဘုရားကြီး

296 စာမျက်နှာ


ရည်ရွယ်ချက်

 

ဒန္တော သော ဘဂဝါ ဒမထာယ ဓမ္မံ ဒေသေတိ

ဤဒေသနာတော်သည် မူလပဏ္ဏာသ စူဠသစ္စကသုတ် နှာ ၂၉၈-လာ ပါဠိတော်ပုဒ် ဖြစ်လေသည်၊ မြတ်စွာဘုရားသည် ကိလေသာကင်းဝေး ကိုယ်တော်တိုင် ယဉ်ကျေးတော်မူပြီးမှ ကိုယ်တော်မှတပါး အခြားသော ဝေနေယျတို့အားလည်း ယဉ်ကျေးပါစေခြင်း အကျိုးငှါ ယဉ်ကျေးဘို့ရန် တရားမှန်ကို ဟောကြားတော်မူခဲ့ပေသည်၊ ဟောကြားတော် မူခဲ့သည့်အတိုင်းလည်း လက်ချိုးရေတွက်၍ မရစကောင်းသော အရိယာသာဝက ပေါင်းများစွာတို့အား ကိလေသာကင်းဝေး ယဉ်ကျေးတော်မူ ခဲ့ကြလေကုန်ပြီ။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးအားလည်း ဘုရားရှင်နှင့်တန်းတူဟု မဆိုလိုသော်လည်း ဘုရားရှင်၏သာဝကအဖြစ်ဖြင့် ကိုယ်တော်တိုင် ယဉ်ကျေးတော်မူလျက် ရှိလေပြီ၊ ကိုယ်တော်တိုင် ယဉ်ကျေးတော်မူပြီးသော ဆရာတော်ဘုရားကြီးသည်လည်း မိမိမှတပါး အခြားသော တပည့်တပန်း ရဟန်းရှင်လူ ခပ်သိမ်းသူတို့အား ယဉ်ကျေးစေရန် တရားမှန်ကို အခွင့်သင့်တိုင်း တရားဓမ္မ ဟောပြတော်မူလျက် ရှိပေသည်၊ ထိုဆရာတော်ဘုရားကြီး ဟောကြားပြသ ဆုံးမတော်မူသော သြဝါဒကထာ ဒေသနာတော်တို့အထဲမှ ပဌမရှေးဦးစွာ ပဓာနအဓိကအားဖြင့် လိုလားကျင့်သုံးအပ်သော ဝိနည်းဆိုင်ရာ သြဝါဒကထာများကို နာယကအဖွဲ့ ဆရာတော်တို့အလိုဖြင့် ဤတွင် ထိုထိုသြဝါဒကထာ ဒေသနားများနှင့် ဝိပဿနာရှုနည်းကျမ်းစသော ထိုထိုဌာနတို့တွင် ရောပြွန်းနေရာမှ အသီးထုတ်၍ ကြည့်လွယ် မှတ်လွယ်အောင် တပေါင်းတည်း စုဆောင်း ဖော်ပြလိုက်ရပါသည်။

ဤနည်းဖြင့် ဝိနည်းဆိုင်ရာ သြဝါဒကထာကို လွယ်လွယ်ကူကူ ကြည့်ရှုမှတ်သား သဒ္ဓါတရားဖြင့် ကြိုးစားကျင့်သုံး၍ မဂ်လမ်း ဖိုလ်မင်း တက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ရိုးရင်း နှလုံးသွင်းအတိုင်း ဤဝိနည်းဆိုင်ရာ သြဝါဒကထာတို့သည် ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုလျက် ဗုဒ္ဓသာသနာဝင်သူတော်စင်တို့အား မဂ်ဖိုလ်နိဗ္ဗာန်အထိ ပို့ဆောင်နိုင်ကြပါစေသတည်း။