သြဝါဒဓမ္မအမွေ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

test

သြဝါဒဓမ္မအမွေ

Published Date - 1983

Author By - မဟာစည်ဆရာတော်ဘုရားကြီး

191 စာမျက်နှာ

ကတိကဝတ်ရှေးရှု တောင့်တမှု

 

သြဝါဒဓမ္မအမွေ

ဤစာစောင်၏ နိဒါန်းစကားအရများဖြင့်ပင် ဤစာစောင်နှင့် စပ်သည့် သိစေလိုချက် ပြီးပြည့်စုံနေပါပြီ ဟု ထင်မြင်မိပါသည်၊ သို့သော် ဤစာစောင်အတွက် အမှာစကားရေးသားရန် အရေးတကြီး တိုက်တွန်း ပန်ကြားသဖြင့် မလွှဲ မကင်းသာအမှာစကား ရေးသားရတော့မည်၊ ရေးသားရန် သင့်လျော်သော အချက်အလက်ကို ရှာဖွေလေ့လာကြည့်ရာ ဤစာစောင်မျက်နှာဖုံးတွင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ပေးအပ်တော်မူခဲ့သော သြဝါဒ ဓမ္မအမွေဟူသော ခေါင်းစဉ်တပ် ဝေါဟာရ စကားစု၌ စိတ်ရောက်သွားပါသည်၊ ယင်း စကားစုကိုပင် ခွဲစိတ်၍ သင့်လျော် လိုအပ်သော အနက်အဓိပ္ပါယ်ဖော်ကာ ပုဒ်အချင်းချင်းပေါင်းစပ်, အဓိပ္ပါယ်ချင်း ပေါင်းစပ်လျက် တိုရှင်းလိုရင်း အနှစ်သာရကို ဆွဲထုတ်ပြီး ကတိကဝတ် ရှေးရှုတောင့်တမှုပြုရင်း ရေးသားလိုက်ရပါသည်။

သြဝါဒဓမ္မအမွေဟူသည် ဘာပါနည်းဟု လေ့လာစိစစ်ပါမူ လွယ်လွယ် သိရှိနားလည်နိုင်ပါသည်၊ သြဝါဒဓမ္မအမွေဟူရာ၌ အသီးအသီးသော စကားလုံးတို့ကို ခွဲခြမ်းစိတ်ဖြာ၍ ၎င်းတို့၏ ငုပ်နေသော လိုရင်း အနက်အဓိပ္ပါယ်တို့ကို ပုဒ်အလိုက် သင့်လျော်သလို ဖော်ထုတ်လိုက်သော် အောက်ပါအတိုင်း သုံးပုဒ်ကွဲ၍ ကိုယ်စီအနက်များလည်း စီကာ စဉ်ကာ ရှင်းရှင်းပေါ်ထွက် လာနိုင်ပါသည်။

၁။ သြဝါဒ=တပည့်များ၏ ကိုယ်နှုတ်စိတ်ထား -ပါးလုံးထိန်းချုပ်နည်း, ကိလေသာ အညစ်အကြေး ကင်းစင်ဝေးလျက် ယဉ်ကျေးစေရန် သတိပေး မိန့်ကြား သွန်သင်ချက်ကိုပင် သြဝါဒဟုဆိုသည်။

၂။ ဓမ္မ = မိမိတည်းဟူသော တရားကို ဆောင်သူများကို အပါယ်လေးပါးတို့၌ လည်းကောင်း, ဝဋ်ဆင်းရဲတို့၌လည်းကောင်း မကျအောင်ဆောင်တတ်သောကြောင့် ဓမ္မမည်သည်၊ မဂ် -ပါး ဖိုလ် -ပါး နိဗ္ဗာန်အားဖြင့် ဓမ္မ -ပါး၊ တစ်နည်း-သုံးပုံပိဋကတ် ပရိယတ်နှင့်တကွ ဓမ္မ ၁၀-ပါးကို ရပါသည်။

ရှင်းလင်းဦးအံ့- ဗုဒ္ဓစာပေ ပရိယတ်တရားတော်၌ လာသည့်အတိုင်း (ဂုဏ်နှင့် လာဘ်, နာမည်ကြီးမှုကို မမျှော်ဘဲ) ကျင့်သူကိုလည်းကောင်း၊ မဂ်ဖိုလ်ရသူ, နိဗ္ဗာန်အာရုံပြုနေသူကိုလည်းကောင်း မိမိတည်းဟူသော တရားကိုဆောင်သူဟုခေါ်၏၊ ထို့ကြောင့် ဤ၌ ဆောင်ခြင်းဟူသည် ကျင့်ခြင်း, ရခြင်း, အာရုံပြုနေခြင်းတည်းဟုမှတ်ပါ၊ တရားတော်သည် မိမိကို ဆောင်သူကို အပါယ်မကျအောင် ဝဋ်ဆင်းရဲ၌ မကြာရအောင် ပြန်၍ဆောင်၏ဟူရာ၌ ဆောင်၏အရ ဆောင်ခြင်းကား အပါယ်၌ ဖြစ်စေမည့် ဒိဋ္ဌိ (=မြင်မှားမှု) ဝိစိကိစ္ဆာ (=ယုံမှားမှု) စသော ကိလေသာ, ဝဋ်ဒုက္ခ၌ ကြာရှည်စွာ ဖြစ်စေမည့် ရုန့်ရင်းသော, မရုန့်ရင်းသော ကာမရာဂ ရူပရာဂ, အရူပရာဂ ဟူသော ကိလေသာတို့ကို ဖျက်ဆီးခြင်းကို ဆောင်ခြင်းဟု ခေါ်သည်၊ ကိလေသာကို ဖျက်ဆီးလိုက်သောအခါ အပါယ်မကျ, ဝဋ်ဒုက္ခ၌ ကြာရှည်စွာ မနေရတော့သဖြင့် အပါယ်မကျအောင် ဝဋ်ဒုက္ခ၌ မကြာအောင် ဆောင်ရွက်ထားရာ ရောက်သည်ဟု ဆိုလိုပါသည်။

ယင်းဓမ္မ၏ ဆောင်ရွက်ခြင်းအနက်ကို မဂ်နှင့် နိဗ္ဗာန်အတွက်သာ မုချရနိုင်၏၊ ဘာကြောင့်နည်း? မဂ်က ကိလေသာကို ပယ်သတ်ခြင်း, နိဗ္ဗာန်က မဂ်၏ အာရုံကို ခံ၍ ထိုပယ်သတ်ခြင်းကိစ္စကို ပြီးစေခြင်းကြောင့်တည်း။

ဖိုလ်သည် မဂ်ပယ်သတ်အပ်ပြီးသော ကိလေသာတို့ကို ထပ်၍ ငြိမ်းစေခြင်း (=ပဋိပဿဒ္ဓိသတ္တိ) အားဖြင့် (တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်ကြီး သင့်လျော်သောနည်းဖြင့် ငြိမ်းပြီးရာ မီးရှိန်သေအောင် ရေဖြင့် ထပ်၍ ဖြန်းသတ်လိုက်သလို) မဂ်နှင့်လျော်စွာ ဖြစ်ခြင်းကြောင့် အကြောင်းမဂ် ကိလေသာပယ်သတ်စွမ်း သတ္တိကို အကျိုးဖိုလ်၌ တင်စား၍ ကာရဏူပစာ(=ပရိယာယ်) အားဖြင့် ဖိုလ်ကလည်း ဆောင်ရာရောက်၏၊ ထို့ကြောင့် ဖိုလ်လည်း ပရိယာယဓမ္မ မည်၏၊ ပရိယတ် တရားတော်ကား နိဿရဏတ္ထ (=သံသရာဝဋ်, ဘဝညွတ်မှ လွတ်မြောက်ခြင်း အကျိုးရှိသော သင်ယူခြင်းမျိုးဖြင့် သင်ယူသူတို့မှာ စာသင်ရင်း သီလအကြောင်းကို တွေ့လျှင် သီလကို ဖြည့်ကျင့်လိုက်မည်။ သမာဓိ အခန်းစသည် ရောက်လျှင်လည်း သမာဓိဖြစ်စေမည်၊ ဝိပဿနာ အားထုတ်မည်၊ မဂ်ကိုဖြစ်စေမည်၊ ဖိုလ်ကို မျက်မှောက်ပြုမည်ဟု ရည်ရွယ်၍ သင်သူများအဖို့) မဂ်ကိုရခြင်း၏ အကြောင်းဖြစ်သောကြောင့် အကျိုးမဂ်၏ ဆောင်နိုင်စွမ်းသတ္တိကို အကြောင်းပရိယတ်၌ တင်စားသော ဖလူပစာ (ပရိယာယ်) အားဖြင့် အပါယ်စသည်၌ အကျရအောင် ဆောင်ရာ ရောက်သည်။

ဤစာစောင်၌ ဓမ္မအမွေဟူရာဝယ် ဓမ္မအရ ပရိယတ္တိဓမ္မကို ရည်ရွယ်ဟန် တူပါသည်၊ သို့မဟုတ် ယင်းကို အကြောင်းပြု၍ ရအပ်သော ဓမ္မအမွေမှန်သမျှ ဖြစ်ပါလိမ့်မည်။

၃။ အမွေ = အမွေဟူသည် ဘိုးဘွားမိဘ ဆွေးမျိုးတို့ထံမှ ရအပ်သော အမွေဥစ္စာ စသည်ဖြင့် အမျိုးမျိုးရှိရာ ဤ၌ ဘုရားရှင်ထံမှ ရအပ်သော အမွေ ဥစ္စာပင်တည်း၊ ယင်းဘုရားရှင် အမွေတော်သည်-

() တရားဓမ္မအမွေ () ပစ္စည်းအာမိသအမွေဟု -မျိုးရှိ၏၊ ထိုတွင် တစ်ပါးပါး၌ () တိုက်ရိုက် (နိပ္ပရိယာယ) အမွေ၊ () အံကြောင်း အမြွက်မျှ သွယ်ဝိုက် (ပရိယာယ) အမွေဟု -မျိုးစီ ကွဲပြားခြင်းကြောင့် (က) နိပ္ပရိယာယဓမ္မအမွေ () ပရိယာယဓမ္မအမွေ () နိပ္ပရိယာယ အာမိသအမွေ () ပရိယာယအာမိသအမွေ ဟူ၍ -ပါးရှိပြန်ရာ ထိုတွင် (က) မဂ် -ပါး, ဖိုလ် -ပါး နိဗ္ဗာန်အားဖြင့် -ပါးသော လောကုတ္တရာတရားသည် နိပ္ပရိယာယ ဓမ္မအမွေ မည်၏။ () ဝဋ်ဒုက္ခကင်းရာ နိဗ္ဗာန်ကို မျှော်လင့် တောင့်တ၍ ပြုအပ်သော ဒါန, သီလ, သမထ, ဝိပဿနာစုသည် အစဉ်သဖြင့် နိပ္ပံရိယာယဓမ္မ အမြိုက် နိဗ္ဗာန်ကို ရရှိစေသောကြောင့် ပရိယာယဓမ္မ အမွေမည်၏၊ ()ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး -ပါးသော ပစ္စည်းသည် နိပ္ပရိယာယအာမိသ အမွေမည်၏၊ () သံသရာဝဋ်, ဘဝစည်းစိမ်ကို မျှော်လင့်တောင့်တ၍ ပြုအပ်သော ဒါန, သီလ, သမထ, ဝိပဿနာစုသည် အစဉ်သဖြင့် လူ, နတ်စည်းစိမ်ကိုသာ ရစေနိုင်သောကြောင့် ပရိယာယအာမိသအမွေ မည်၏၊ ဤ၌ အမွေအရ ဓမ္မ အမွေသာ အချုပ်အခြာပဓာနဖြစ်သည်။

ဤစကားစဉ်အရ တိုရင်းလိုရှင်း အနက်အဓိပ္ပါယ်နှင့် ပြည့်စုံသော -ပုဒ်လုံးကို သြဝါဒဓမ္မအမွေဟု -ပုဒ်တည်းဖြစ်အောင် ပေါင်းစပ်လိုက်သောအခါ အောက်အတိုင်း အနက် အဓိပ္ပါယ် အပြည့်အစုံ ထွက်လာပါသည်။

သြဝါဒဓမ္မအမွေ = တပည့်များ၏ ကိုယ်, နှုတ်, စိတ်ထား ပါးလုံး ထိန်းချုပ်နည်း, အပြစ်ကင်းရေး, သန့်ရှင်း ယဉ်ကျေးရေး သတိပေး မိန့်ကြား သွန်သင်ချက်ဖြစ်၍ ပရိယာယ, နိပ္ပရိယာယ ဓမ္မအမွေအနှစ် -မျိုးကို ရခြင်း၏ အကြောင်းဖြစ်သော ပရိယတ္တိဓမ္မကိုပင် အမွေဟု ဆိုသင့်ပါသည်၊ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် အဦးအစပေးသနားတော်မူခဲ့သော ယင်း ဓမ္မအမွေကို ဆက်ခံတော်မူသော အနန္တကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် စံလွန်တော်မမူမီကာလက အမွေစား အမွေခံ ဖြစ်ခဲ့, ဖြစ်နေ, ဖြစ်လတ္တံသော တပည့်သား အပေါင်းအား သနားစောင့်ရှောက် ချီးမြှောက်သည့်အနေဖြင့် ဆင့်ပွား ပေးအပ်ခဲ့ပါသည်။ယင်းအမွေအနှစ်ကို ဆက်ခံလျက်ရှိသော မဟာစည် သြဝါဒခံယူနေသည့် အမွေခံ တပည့်သားအပေါင်းသည် ကိုယ်စီကိုယ်စီ အမွေဆိုင်အနေဖြင့် ပေါင်းစည်းညီညာစွာ အမွေခံထိုက်သူများပီပီ ဓမ္မအမွေအနှစ် ရသာမွန်ကို ကိုယ်တိုင်အမျှ ခံစားနိုင်၍ အနာဂတ် တပည့်သားများ အတွက်လည်း မိမိကိုယ်ကို တာဝန်သိ, တာဝန်ရှိသော အမွေထိန်းတစ်စုဟု ယုံကြည်ယူဆကာ ယခု နောင်အခါ သာသနာတော်၌ အကြောင်းအားလျော်စွာ အမွေပြတ်, သို့မဟုတ် အမွေဖြတ် ဖြစ်လာနိုင်သည့် အရေးကို မျှော်တွေး ဆင်ခြင်တော်မူလျက် အထူး သတိတရား လက်ကိုင်ထားကာ ပရိယတ်မကင်းသော မွန်မြတ်လှသည့် ဓမ္မအမွေအနှစ် ပဋိပတ် လုပ်ငန်းကြီးကို ဆရာတော်ဘုရားကြီး၏ သြဝါဒတော်အတိုင်း စည်းကမ်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားကြပါစို့ ဟူသော ကတိကဝတ်ထား အသင်္ခတဓာတ် မြတ်လှစွာသော ဓမ္မအမွေအနှစ်ကို အပိုင်ရရှိရန် ကြိုးပမ်းနိုင်ကြပါစေသော်။

အရှင်ပဏ္ဍိတာဘိဝံသ

သြဝါဒါစရိယ

မဟာစည် သာသနာ့ရိပ်သာ

ရန်ကုန်မြို့။

နိဒါန်း

 

သင်္ခါရဓမ္မ ပေးသနားတော်မူခဲ့သော (ဓမ္မအမွေ) တရားတော်စာအုပ်ဖြစ်ပေါ်လာရာ အခါ၌မူ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် သင်္ခါရဓမ္မတို့၏ ဖိနှိပ်မှုကြောင့် သက်တော်ထင်ရှား မရှိတော့ပေ၊ ၁၃၄၄ ခု၊ ဒုတိယ ဝါဆိုလပြည့်ကျော် (၁၀)ရက်၊ (၁၄--၈၂) နေ့ မွန်းလွဲ (-နာရီ ၃၆-မိနစ်) အချိန်က တစ်ဘဝ ဇာတ်သိမ်း ချုပ်ငြိမ်း ခဲ့ပြီဖြစ်၍ () လခန့်ပင် ရှိခဲ့ပါပြီ။

ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်ဟူသမျှ အားလုံးလိုလိုပင် သင်္ခါရဓမ္မတို့၏ သဘောနှင့် တည်ငြိမ်မှု မရှိသည်တို့ကို အများအားဖြင့် သိရှိလာခဲ့ကြပါသည်။ သို့နှင့်လည်း တကယ်ရင်ဆိုင် တွေ့ကြုံလာရသည့် အခါ၌မူ သိလျက်နှင့် သတိလက်လွတ် မသိသလို ဖြစ်ခဲ့ကြရသည်၊ တုန်လှုပ်ကြသည်၊ စိုးရိမ်ကြသည်၊ ငိုကြွေးကြသည်။

ပဋာစာရီသည် သူ့အိမ်သူ, အိမ်သားတွေကို သင်္ခါရဓမ္မက ဖိနှိပ်ခဲ့ရာအခါ၌ တည်ဆောက်ရာမရ စိုးရိမ်ပူဆွေး ငိုကြွေးရုံတွင် မပြီးသေးဘဲ မြေ၌လူး၍ ရူးသည်အထိ တုန်လှုပ်ခဲ့ရရှာသည်၊ သောတာပန်အရိယာဖြစ်သော အနာထပိဏ် သဌေးကြီးသည် သူ့သမီးလေး သုမနဒေဝီ ကွယ်လွန်ရာ၌ သောတာပန်ပုဂ္ဂိုလ်ကြီးဖြစ်လျက်နှင့်ပင် ဣန္ဒြေမဆည်နိုင်ရှာဘဲ မြတ်စွာဘုရား မျက်မှောက်တော်အထိ ရှိုက်ကြီးတငင် ပြင်းစွာငိုကြွေးခဲ့ရသည်။

ရှင်အာနန္ဒာသည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ဝင်စံတော်မူရာအခါ၌ မခံမရပ်နိုင် မျက်ရည်ဖြိုင်ဖြိုင်ကျရုံမျှမက နှုတ်တော်မှ တတွတ်တွတ် မြည်တွန်အလွန်ပင် ငိုကြွေးတော်မူခဲ့ရသည်။ သောတာပန် အရိယာအထိ ရောက်နေခ့ပြီဖြစ်သော ဤလိုပုဂ္ဂိုလ်ကြီးတို့သည် စောစောကပင် ကြိုတင်၍ သင်္ခါရဓမ္မတို့၏ အနိစ္စသဘောကို သိရှိပြီး ဖြစ်ကြပါလျက် တကယ်ရင်ဆိုင် တွေ့ကြရသည့်အခါ၌ မသိသလို ငိုယိုတုန်လှုပ်သည်အထိ ဖြစ်ခဲ့ကြရသည်။

နှလုံးသွင်းမှုမပြုနိုင်ခဲ့ရန်သူကို ရင်ဆိုင်ရန် အရေးကြုံလာရာအခါ၌ လက်နက်မစွဲကိုင်မိသကဲ့သို့ နှလုံးသွင်းမူ မပြုနိုင်တော့ဘဲ သတိလက်နက်ကို မစွဲကိုင်မိ၊ ကိုင်မိ ပါသည်ဆိုလျှင်လည်း ကိုင်မိသော ထိုသတိလက်နက်မှာ ရန်သူကို နိုင်ခြေမရှိဘဲ အားပျော့သည်ဟူ၍သာ ဆိုစရာရှိပေသည်၊ အနာဂါမ် အရိယာအထိ မရောက်သေး၍ ဒေါသကိလေသာကို မပယ်နိုင်သေး သူဟူသမျှ သောက, ပရိဒေဝသဘောတို့နှင့် မကင်းနိုင်သေး၊ ထို့ကြောင့် စိုးရိမ်ဖွယ်နှင့် တွေ့ကြုံသည့်အခါ စိုးရိမ်ကြပေမည်၊ ငိုကြွေးဖွယ်နှင့် တွေ့သည့်အခါ ငိုကြွေးမည်သာ ဖြစ်ပေသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကဲ့သို့သော ပုဂ္ဂိုလ်ထူးကြီးတစ်ပါး တောင်ကြီးပြိုသလို ပြိုသွားရာ အခါ၌လည်းဆောက်တည်ရာမရ ဖြစ်ခဲ့ကြရသည်၊ဆရာတော်ဘုရားကြီးမရှိလျှင် ဘယ်လို နေကြရပါမည်နည်း ထုထည်ကြီးမားလှသော တပည့်တပန်းတွေ ထိန်းနိုင်သိမ်းနိုင် ရှိမှရှိကြပါမည်လား, ဟူသော စိုးရိမ်ပူပန်မှုတွေ ဖြစ်သူတို့က ဖြစ်ကြသည်၊ ကမ္ဘာ့နှင့်ချီ၍ ကျေးဇူးများသော ဆရာတော်ဘုရားကြီး, ကျေးဇူးများသော ဤလိုဆရာတော်ဘုရားတစ်ပါး သာသနာတော်တွင် ရခဲလှသည်ကို အောက်မေ့၍ ယူကြုံးမရ တသသဖြစ်နေသူတို့ကလည်း ဖြစ်နေခဲ့ကြသည်၊ မိမိတို့ ဆင်ခြင်မိသမျှ အဝ၀သော ဂုဏ်ကျေးဇူးတွေကို ဆင်ခြင်လျက် မျက်ရည်မဆည်နိုင်ကြဘဲ ရှိုက်ကြီးတဝင် ဖြစ်သူတို့လည်း ဖြစ်နေရစ်ခဲ့ကြသည်။

တည်ငြိမ်တော်မူလှသည်

ပတ်ဝန်းကျင်တွင် တပည့်တပန်း ရဟန်း, ရှင်, လူ, ပြည်သူပြည်သားတို့ စိုးရိမ်သောက ဗျာပါရတို့ဖြင့် မည်မျှပင် တုန်တုန်လှုပ်လှုပ် ရုတ်ရက်ခတ်နေကြသော်လည်း ဆရာတော်ဘုရားကြီးမှာကား ကျနစွာ ပြင်ဆင်မွမ်းမံ စီမံအပ်သော ခုတင်ညောင်စောင်းပေါ်တွင် ကြောင့်ကြမရှိ ကိန်းစက်နေဘိအလား တည်ငြိမ်တော်မူလှသည်။

နောက်ဆုံး ပူဇော်ခြင်းဖြင့် တပည့် တပန်း ရဟန်းတို့က လက်ယာရစ် လှည့်ပတ်ပြုအပ်သော ပူဇော်သမှု အရိုအသေပြုနေသည်တို့ကိုလည်း လုံးလုံးမျှ မရှု တိတ်တိတ်ငြိမ်သက်လျက်သာ ရှိနေပါသည်၊ ဆောင်ရွက်ဖွယ်ကိစ္စ အဝ၀တို့ကို တာဝန်ကျေပွန်စွာ တမောတပန်း ကြိုးပမ်းဆောင်ရွက်တော်မူပြီးရာ အခါ၌ စိတ်နှလုံး ဒုံးဒုံးချကာ အနားယူလျက် တရေးတမော ကိန်းစက်တော်မူနေသကဲ့သို့လည်း ရှိပါပေသည်။

သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ဆရာတော်ဘုရားကြီး၏ တည်ငြိမ်မှု ဂုဏ်ကိုထုတ်ဆို နိုင်လောက်အောင် သန္တိန္ဒြိယဂုဏ်နှင့် ပြည့်စုံလှပါသည်ဟု ချီးကျူးသမှု ပြုခဲ့ကြပါသည်၊ ယခုသော်ကား ဆရာတော်ဘုရားကြီးသည် နောက်ဆုံး တည်ငြိမ်မှုဖြင့် တည်ငြိမ်လျက်ရှိတော်မူရာ ဤနောက်ဆုံး တည်ငြိမ်မှုမှာကား လုံးဝလှုပ်ရှားခြင်း မရှိသော တည်ငြိမ်မှုပါတည်း၊ လွန်လွန်းသော ဤတည်ငြိမ်မှုမျိုး ကို မည်သူမျှ လိုလားအပ်သည် မဟုတ်ပါ။

ပေးတော်မူခဲ့သည့် အမွေ

ရဟန်းရှင်လူ ပြည်သူ, ပြည်သား, ကမ္ဘာသူ, ကမ္ဘာသားတို့၏ ကိုးကွယ် အားထားလေးစားစရာ ဖြစ်တော်မူသော ဆရာတော် ဘုရားကြီးမှာကား တစ်ဘဝ ဇာတ်သိမ်း၍ ငြိမ်းတော်မူသွားပြီဖြစ်ရာ သက်တော် ထင်ရှားမရှိတော့ပြီ၊ သို့သော် ခြေရာသာပျောက်၊ လက်ရာမပျောက်ဆိုသကဲ့သို့ ဆရာတော် ဘုရားကြီး ပျောက်ကွယ်သွားခဲ့သော်လည်း ဆရာတော်ဘုရားကြီး၏ လက်ရာဖြစ်သော အမွေပစ္စည်းများကား မပျောက်ပျက်ဘဲ ဘုန်းကြီးတို့အတွက် ကျန်ရစ်ပါသည်။ ကျန်ရစ်သော ထိုအမွေပစ္စည်းများမှာမူ အဖိုးမဖြတ်နိုင်အောင် ထိုက်တန်လှသော အမွေပစ္စည်းများတို့သာ ဖြစ်ပါသည်။

ချစ်သားအာနန္ဒာ၊ ငါဘုရားပရိနိဗ္ဗာန် ဝင်စံရာအခါ၌ ငါဘုရား ဟောကြားအပ်သော ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်သည် ငါဘုရားကဲ့သို့ သင်တို့ဆရာဖြစ်လတ္တံဟု - - -

ရှင်အာနန္ဒာအား မြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့ပါသည်၊ မှန်လှပါသည်၊ မြတ်စွာဘုရားရှိတော်မူလျှင်လည်း ဓမ္မက္ခန္ဓာ ရှစ်သောင်း လေးထောင်၌ အြုကံးဝင်သော ဤသုတ်, ဝိနည်းတရားတို့ကိုသာ ဟောကြားတော်မူပါလိမ့်မည်၊ မြတ်စွာဘုရား သက်တော်ထင်ရှား မရှိသည့် နောက်တွင်လည်း ဤသုတ်, အဘိဓမ္မာ, ဝိနည်း တရားတော်တို့သည် ဘုရားဟောတော်မူသည့် အတိုင်းပင် တည်တံ့ သင့်သလောက် ကာလပတ်လုံး တည်တံ့ရစ်မည်သာ ဖြစ်ပါသည်၊ မြတ်စွာဘုရား ထင်ရှားရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ ဤတရားတော်တို့သည်သာ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာဖြစ်ရစ်ပါမည်။

ဤနည်းအတူပင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး မရှိသည့်နောက်၌ ဆရာတော်ဘုရားကြီး ဟောကြားဆုံးမထားသော အဆုံးအမ သြဝါဒတရားတို့သည် ဆရာတော်ဘုရားကြီး ရှိတုန်းကကဲ့သို့ပင် တည်ရှိရစ်ခဲ့ပါသည်၊ ဤတရားတို့သည် ဘုန်းကြီးတို့ ကိုးကွယ်အားထားရာ ဆရာဖြစ်ရစ်ပါသည်။

ပြုစုတော်မူခဲ့သော ကျမ်းဂန်တွေ

ဆရာတော်ဘုရားကြီး ပြုစုတော်မူခဲ့သော ကျမ်းဂန်တို့မှာ ခြောက်ဆယ့်ခုနှစ် (၆၇) ကျမ်းရှိကြောင်း ရေတွက် ဖော်ပြထားသည်ကို တွေ့ရပါသည်၊ ဤသည်တို့မှ စာအုပ်အဖြစ် ရောက်ရှိပြီး ကျမ်းဂန် အရေအတွက်သာ ဖြစ်ပါ လိမ့်မည်၊ ကျမ်းစာအုပ်အဖြစ်သို့ မရောက်သေးဘဲ စာမူအဖြစ်ဖြင့် ကျန်ရစ်သော ကျမ်းဂန်တို့လည်း ရှိပါသေးသည်၊ ကျန်သေးသော ထိုစာမူတို့ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတို့က ကျမ်းစာအုပ်အဖြစ် ရောက်အောင် ဆောင်ရွက်ကြမည်သာ ဖြစ်ပါသည်၊ ထွက်ပေါ်လာလတ္တံကျမ်းစာများ ပါဆိုလျှင် ယခုရေတွက် ဖော်ပြထားသော အရေအတွက်ထက် ပိုလာမည်မှာ သေချာပါသည်။

ဆရာတော်ဘုရားကြီးသည် ဟောတရားမျိုးမဟုတ်ဘဲ ကျမ်းဂန်ပြုစုနည်းအတိုင်း ရေးသားပြုစုခဲ့သော ဝိပဿနာ ရှုနည်းကျမ်း, ဝိသုဒ္ဓိမဂ်ဘာသာပြန်, ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယစသည်တို့ကဲ့သို့သော ကျမ်းဂန်မျိုးလည်း ပါပါသည်၊ ဟောတရားအဖြစ်မှ ကက်ဆက်ကြိုးခွေဖြင့် ကူးယူပြီးနောက် ကျမ်းစာအုပ်အဖြစ်သို့ ရောက်နေသည့် ကျမ်းစာမျိုးလည်း ပါရှိပါသည်၊ ဆရာတော်ဘုရားကြီး ပြုစုခဲ့သော ဤကျမ်းဂန်တို့မှာ အဘက်ဘက်တွင် ပြည့်စုံလှပါသည်၊ သုတ္တန်ဘက်တွင် မဟာသတိပဋ္ဌာန စသည်, အဘိဓမ္မာဘက်တွင် အဘိဓမ္မာဒေသနာတော်ကြီး စသည် (ဤကျမ်းကြီးမှာ စာအုပ်အဖြစ်သို့ မရောက်သေးဘဲ ရောက်လုနီးနီး တည်းဖြတ်သုတ်သင်ပြင်ဆင်ပြီး အသင့်ဖြစ်နေလေပြီ၊ ဝိနည်းဘက်တွင် ဝိနယဝိနိစ္ဆယသင်္ဂဟ၊ ဤသို့ပင် သုတ်, အဘိဓမ္မာ, ဝိနည်း- ဟူသော ပိဋကတ်သုံးသွယ်တွင် မည်သည့်နေရာမှ လိုနေသည်ဟူ၍ မရှိလှဘဲ အဘက်ဘက်တွင် ပြည့်စုံလှပါသည်။

သာသနာပြုရာတွင် ပဋိပတ္တိ သာသနာတော်ကိုသာ အများအားဖြင့် အားပေးမှု ပြုတော်မူခဲ့သော ဆရာတော်ဘုရားကြီး ဖြစ်တော်မူသည့်အလျောက် ပြုစုခဲ့သော ကျမ်းဂန်တိုင်းလိုမှာလည်း ဝိပဿနာ ပဋိပတ္တိဘက်ကိုသာ ငဲ့စောင်းရှေးရှု ပြုစုတော်မူခဲ့သည်ချည်း ဖြစ်ပါသည်၊ ပြုစုခဲ့သော ကျမ်းဂန်တိုင်းမှာ ဝိပဿနာ ပဋိကတ်နှင့် ကင်းသော ကျမ်းဂန်ဟူ၍ မရှိသလောက်ပင်တည်း။

ဤသည်တို့မှာ ဝိပဿနာယောဂီ ပုဂ္ဂိုလ်တို့အတွက် ပေးတော်မူခဲ့သော အမွေပစ္စည်း ဖြစ်ပါတော့သည်၊ အဖိုးထိုက် အဖိုးတန် နိဗ္ဗာန်ရောက်သည်အထိ သုံးစွဲနိုင်သော အဖိုးတန် အမွေပစ္စည်းကို ဆရာတော် ဘုရားကြီးထံမှ ရယူလိုက်ကြရသည်မှာ ဘုန်းကြီးတို့တတွေ မည်မျှ ကံကောင်းကြသနည်း၊ တစ်ဘဝတွင် တစ်ခါလောက်သာ အခွင့်ကြုံသဖြင့် တိုက်ဆုံရသော ကံကောင်းခြင်းမျိုးပါပေ။

အမွေ -မျိုး

ဓမ္မဒါယာဒသုတ်တော်တွင် မြတ်စွာဘုရားက အမွေ -မျိုးကို ခွဲခြား၍ ဟောကြားတော် မူထားပါသည်၊ ထို - မျိုးမှာ အာမိသအမွေ, ဓမ္မအမွေများ ဖြစ်ပါသည်၊ ထို -မျိုးအနက် အာမိစ အမွေသည် ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးပစ္စည်း -ပါးဖြစ်လေသည်။ ထိုအာမိသအမွေကို မြတ်စွာဘုရားက သူ့တပည့် သာဝကတို့အား မခံယူကြဖို့နှင့် ဓမ္မအမွေ ကိုသာ ခံယူကြဖို့ တိုက်တွန်းတော်မူခဲ့သည်၊ ဓမ္မအမွေသည် ကျင့်ကြံကြိုးကုတ် အားထုတ်ရမည့် ဝိပဿနာ ပဋိပတ် ကဲ့သို့သော အမွေဖြစ်လေသည်၊ မြတ်စွာဘုရား၏ အလိုတော် အတိုင်း ဆရာတော်ဘုရားကြီး၏ အမွေခံတို့သည် ဓမ္မအမွေကို ခံယူကြဖို့ လိုအပ်လှပေသည်။

ပစ္စည်းလေးပါးဟူသော အာမိသမှာ လူတို့လောကတွင် ထိုက်သင့်သလောက်တော့ ရှိရမည်သာ ဖြစ်ပေသည်၊ ဗခတ်အလျောက် ပစ္စည်းလေးပါး မပြည့်စုံလျှင် အူမမတောင့်သဖြင့် သီလစောင့်နိုင်မည်မဟုတ်သောကြောင့် ထိုက်သင့်သော ပစ္စည်းလေးပါးမှာ ရှိသင့်ရှိထိုက်ပေသည်၊ ရှိသင့်သောကြောင့်ပင် ပရိယေသနသမ္ပဒါ, ပစ္စည်းဥစ္စာရအောင် ရှာမှီးမှုနှင့်ပြည့်စုံဖို့၊ အာရက္ခသမ္ပဒါ, ရှာမှီး၍ ရရှိလာသော ပစ္စည်းဥစ္စာကို အချီးအနှီး မဖြစ်စေဘဲ မပျောက်မပျက်အောင် ထိန်းသိမ်း စောင့်ရှောက်မှုနှင့် ပြည့်စုံဖို့ကိုလည်း ဟောကြားတော်မူခဲ့ပေသည်၊ အာမိသအမွေကို မခံစေလိုသည်မှာ ပစ္စည်းလေးပါးကို မရှာမှီးအပ် မစောင့်ရှောက်အပ်သည်ကို ဟောကြားတော်မူလိုရင်း မဟုတ်သည်မှာ ထင်ရှားလှသည်၊ ဤသည်မှာ လောကလူတို့အတွက် အာမိသအမွေခံ မဟုတ်ကြောင်း သိရှိရန် လိုအပ်လှသည်။ ရဟန်းတို့မှာမူ ပစ္စည်းလေးပါးကို အားထုတ်ရှာမှီးနေရန် မလိုအပ်သည်သာတည်း၊ နေရန်အတွက် ဆောက်လုပ်လှူသူ ဒါယကာ မရှိလျှင် သစ်ပင်ရိပ်၌နေဖို့ ညွှန်ကြားတော်မူခဲ့သည်၊ သင်္ကန်းမရှိလျှင် လူတို့ စွန့်ပစ်ထားသော အဝတ်ကို ကောက်ယူဝတ်ဖို့ ပံ့သကူသင်္ကန်းကို ညွှန်ကြားတော်မူခဲ့သည်၊ ဆွမ်းအတွက်ဆိုလျှင် သလုံးမြင်းခေါင်းကို အရင်းပြု၍ ဆွမ်းခံစားဖို့ ညွှန်ကြားတော်မူခဲ့သည်၊ ဆေးဆိုလျှင်လည်း လွယ်လွယ်ကူကူ ရနိုင်သော နွားကျင်ငယ်ဖြင့် ထုံးအပ်သည့် ဆီးဖြူ, သျှိရှား, သဖန်းခါးဆေးကို ညွှန်ကြားတော်မူခဲ့သည်၊ လှူသူဒါယကာ ရှိလျှင်မူ အလှူခံကောင်းသည်ကိုတော့ ခွင့်ပြုတော်မူခဲ့သည်။

တစ်မဂ်, တစ်ဖိုလ်ရလို၍ ဘုရားသာသနာတော်သို့ ဝင်ရောက်ရဟန်းပြုလာကြသော သူ့တပည့် သာဝကတို့အား မဂ်,ဖိုလ်ရရာ ရကြောင်းဖြစ်သည့် တရားကိုသာ အားထုတ်တော်မူစေချင်သည်၊ တရားအားထုတ်သဖြင့် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်စေလိုသည်၊ ထို့ကြောင့် ပစ္စည်းလေးပါး ရလိုမှုဖြင့် အချိန်ကုန်မခံစေလို၊ တရားအားထုတ်မှုဟူသော တရားအမွေကိုသာ ခံယူလျက် အချိန်ရသမျှ တရားကိုသာ ကြိုးပမ်းအားထုတ်စေလိုကြောင်းမှာ ထင်ရှားလှပါသည်။

ရထိုက်သောဓမ္မအမွေနှင့် ရဟန်းတော်ဦးသောဘန

ဆရာတော်ဘုရားကြီး၏ အနီးကပ်ဝတ်ကြီး ဝတ်ငယ်ကို ပြုစုလျက်လည်းကောင်း၊ ဆရာတော်ကြီး ကြွရာတွင် လိုက်ပါ၍ မကွေမကွာ စောင့်ရှောက်လျက် လည်းကောင်း နေထိုင်ခဲ့သော ရဟန်းတော် ဦးသောဘနမှာ ဓမ္မအမွေစာမူကို ကက်ဆက်ကြိုးခွေဖြင့် ဖမ်းယူပြီးလျှင် စာမူအဖြစ် ရောက်အောင် ကြိုးပမ်းထားခဲ့သည်၊ ဤစာမူလို သာသနာနုဂ္ဂဟ အဖွဲ့လူကြီးတို့က တောင်းသော်လည်း မပေးရက် မစွန့်ရက် မက်မက်မောမော နှမြောနှစ်ခြိုက် ရင်ဝယ်ပိုက် လျှက်မလွှတ်နိုင်အောင် ဖြစ်နေခဲ့သည်။

ဤစာမူကြမ်းကို နိဒါန်းနှင့်တကွ စာမူချောအဖြစ်သို့ရောက်အောင် တည်းဖြတ်သုတ်သင် ပြင်ဆင်ပေးပါရန် ဘုန်းကြီးထံ အပ်နှံထားရှာသည်၊ ဤအတွင်းမှာပင် မဟာစည် နာယကဆရာတော်များနှင့် နယ်လှည့် ဓမ္မကထိက ဆရာတော်များ စည်းဝေးဖို့ အချိန်ကာလသို့ ရောက်လာ၍ စည်းဝေးတော်မူကြရာ အခါ၌ မဟာစည် ဆရာတော်ဘုရားကြီး ဟောတရားများကို ရရှိထားရာ ပုဂ္ဂိုလ်တို့သည် ထိုတရားများကို နာယကအဖွဲ့သို့ တင်ပြပြီးလျှင် သာသနာနုဂ္ဂဟ အဖွဲ့က တာဝန်ယူရိုက်နှိပ်ရမည်” ---

ဟူသော ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်တော်မူလိုက်ကြသည်၊ နာယက ဆရာတော်တို့သည် ဤဆုံးဖြတ်တော်မူကြရာ၌ မည်သူ့လက်တွင် မည်သည့်စာမူနေရှိသည်ဟု သိတော်မူဟန်မတူပေ၊ ဆရာတော်ဘုရားကြီး၏ တရားတွေ စည်းမဲ့ကမ်းမဲ့ ဖြစ်မည်စိုးတော်မူကြ၍သာ ဤသို့ ဆုံးဖြတ်တော်မူကြဟန် ရှိပါသည်။ ဤတွင် ရဟန်းတော် ဦးသောဘန၏ စာမူမှာ ဘုန်းကြီးထံတွင် ရောက်ရှိနေပြီဖြစ်၍ ဘုန်းကြီးက ဤစာမူရှိနေသည်ကိုသိရာ-

ဆရာတော်ဘုရားကြီး၏ တရားစာမူတစ်ခု တပည့်တော်ဆီမှာ ရှိနေပါသည်၊ သာသနာနုဂ္ဂဟ အဖွဲ့ကတောင်းထားသော်လည်း သူမြတ်နိုးသော စာမူဖြစ်လို့ မပေးဘဲ ထားသည်ဟုဆိုပါသည်၊ ဤစာမူကို တည်းဖြတ် သူရှိလျှင် ပို့လိုက်ပါမည်” --- ဟု ထုတ်ဖော်လျှောက်ထားလိုက်ရတော့သည်၊ ထိုအခါ ဆရာတော်တစ်ပါးက- “ဆရာတော်ပဲ တည်းဖြတ်ပါဟု ဆိုပါသည်။

နာယကဆရာတော်တို့၏ ဆုံးဖြတ်ချက်မှာ လျော်ကန်သင့်မြတ်လှပါသည်၊ သို့သော် ဤစာမူကို အမြတ်တနိုး ဖြစ်လျက်ရှိသော ဦးသောဘနအတွက်မှာမူ မည်သို့ရှိလေသည်မသိ၊ နာယက အစည်းအဝေး ပြီး၍ ဦးသောဘနနှင့် တွေ့သည့်အခါ-

တပည့်တော် သိလျက်နဲ့ ဒီလို မလျှောက်ဘဲထားလို့ မဖြစ်တော့ဘူး ဦးသောဘန၊ ဒါကြောင့် ဒီလို ဖော်ထုတ်လျှောက်ထားလိုက်ရတာပဲပြောရာ

တင်ပါဘုရား-ပြီးတာပါပဲ၊ မတတ်နိုင်ဘူးပေါ့တဲ့၊ မျက်နှာငယ်ကလေးနဲ့ ပြောရှာပါသည်။

နာယကဆရာတော်တို့၏ ဆုံးဖြတ်ချက်ကို ဆရာတော်ဘုရားကြီးကိုယ်တိုင် လိုက်နာတော်မူခဲ့ဖူးပါသည်၊ နာယကဆရာတော်၏ ဆုံးဖြတ်ချက်တစ်ခုတွင် ဆရာတော်ဘုရားကြီးသည် ဤဆုံးဖြတ်ချက်ကို လိုလားတော်မမူဘဲလျက် လိုက်လျော တော်မူခဲ့ပါသည်၊ အလျဉ်းသင့်နေသဖြင့် ဤနိဒါန်းတွင် ဖော်ပြပါဦးမည်။

ရုပ်တုတော်ကိစ္စ

ဘုန်းကြီးအမြင်တွင် ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိတုန်း ဆရာတော်ဘုရားကြီး၏ ရုပ်တုတော် ပြုလုပ်ထားသင့်သည်၊ သက်တော်ထင်ရှား မရှိသည့်နောက်မှ ဓာတ်ပုံကို ကြည့်လုပ်ရလျှင် တူသင့်သလောက် တူမည်မဟုတ်၊ ဤကိစ္စကို ဆရာတော်ဘုရားကြီးအား လျှောက်ထားပြီး စောစောက ပြုလုပ်ထားမှဖြစ်မည်ဟု မြင်လာသည်၊ ဤတွင် ဆရာတော်ဘုရားကြီးအား လျှောက်ထားဖို့ စဉ်းစားရာ၌ အခက်အခဲ တစ်ခုပေါ်လာလေသည်၊ ထိုအခက်မှာ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူမှဆိုသည့်စကားကို ထည့်သွင်းလျှောက်ထားရန် ရင့်သီးလှသဖြင့် မလျှောက်ထားလိုဘဲ ဖြစ်လာသော အခက်ဖြစ်လေသည်၊ ဘယ်လိုပင် ပရိယာယ်ဖြင့် လျှောက်လျှောက် ဆရာတော် ဘုရားကြီးကတော့ ရည်ရွယ်ချက်ကို သိမည်သာဖြစ်သည်-ဟု ဆင်ခြင်မိသဖြင့် လျှောက်ထားရန် ခက်နေခဲ့သည်၊ အမှန် သေမြှုပလုပ် လို့မဖြစ်ဟူသော ရည်ရွယ်ချက်ကို ဆရာတော်ဘုရားကြီး သိရှိသွားမည့်အတွက် ထိုစကားလုံးကို မထည့်ရက်ဘဲ ဖြစ်နေခြင်း သာဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ရုပ်တုတော်ရှိနှင့်ဖို့ရာက အရေးကြီးသဖြင့် ဖြစ်သလို လျှောက်ထားရတော့မည်ဟု ဆုံးဖြတ်ပြီးလျှင်-

ဆရာတော်ဘုရား- ဆရာတော်ဘုရားကြီး၏ ပုံတူ ရုပ်တုတော်ရှိသင့်သည်ဟု ထင်ပါသည်ဘုရား၊ ဆရာတော်ဘုရားထံမှ ခွင့်ပြုချက်ရလျှင် ပြုလုပ်လိုပါသည်၊ ဓါတ်ပုံကိုကြည့် ထုလုပ်လို့ တူသင့်သလောက် တူမည် မဟုတ်ပါ၊ တပည့်တော်များ ဆရာတော်ဘုရားထံမှ ခွင့်ပြုချက် ရသည်နှင့်တပြိုင်နက် ရုပ်တုတော် ဖြစ်မြောက်ရေးကို အားထုတ်ကြမည်ဖြစ်ပါသည် ဘုရား

ဤအဓိပ္ပါယ်အတိုင်းပင်ဝက်လက်နေ၍ စာဖြင့်လှမ်းပြီး လျှောက်ထားလိုက်ပါသည်၊မကြာမှီမှာပင် ဆရာတော်ဘုရားကြီးထံမှ စာပြန်လာ၏၊ စာမှာ ဓါတ်ပုံတွေ ရှိနေပြီဖြစ်လို့ ရုပ်တုလုပ်နေရန် လိုမည်မဟုတ်ပါ၊ ဓါတ်ပုံရှိနေရင် ပြီးနေတာပဲတဲ့။

လိုရင်းအဓိပ္ပါယ်မှာ ဤသို့ပင် ပြန်စာရေးလိုက်ပါသည်၊ ဤပြန်စာအရ အတင်းထိုး လျှောက်ထားရန် မသင့်သဖြင့် နောက်ထပ်မလျှောက်ထားတော့ပဲ အသာနေခဲ့ပါသည်၊သို့သော်ဤပေးစာပြန်စာနှင့် ပတ်သက်၍ နာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် တွေ့သည့်အခါ လျှောက်ထားခဲ့သည်၊ နာယကအစည်းအဝေးသို့ တင်ပြ လျှောက်ထားခြင်း မဟုတ်ပါ၊ နာယကအဖွဲ့ဝင် ဆရာတော်များ စည်းဝေးချိန်ရောက်လာ၍ စည်းဝေးလာကြသည့်အခါ ဤကိစ္စကို သိပြီးဖြစ်နေသော ဆရာတော် တစ်ပါးက-

ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်ဖြစ်မြောက်ရေးကို တပည့်တော်တို့ နာယကအဖွဲ့က ဆုံးဖြတ်ပြီး ဆောင်ရွက်မှဖြစ်မည်၊ ဝက်လက် ဆရာတော်တစ်ပါးတည်းအနေနဲ့ လျှောက်ထားရာ၌ ဆရာတော်ဘုရား ကြီးက ခွင့်မပြုဘဲ ဖြစ်နေပါသည်၊ ဆရာတော် ဘုရားကြီးရုပ်တုတော် ပြုလုပ်ကြဖို့ သင့်ပြီဖြစ်ကြောင်း အဆိုကို တပည့်တော်က တင်သွင်းပါသည်

ဟု အဆိုကိုတင်သွင်းရာ ထိုအဆိုကို နာယကအဖွဲ့ ဆရာတော်တို့က သဘောတူ ဆုံးဖြတ်လိုက်ကြသည်၊ ဤဆုံးဖြတ်ချက်ကို ဝက်လက် ဆရာတော်က ဆရာတော်ဘုရားကြီးထံ ရောက်အောင် လျှောက်ထားရန်ဟူ၍လည်း ဘုန်းကြီးအား နာယကအဖွဲ့က တာဝန်ပေးလိုက်ကြတော့သည်၊ တာဝန်ရှိလာသည့် အလျောက် ဆရာတော်ကြီး သီတင်းသုံးရာ စံကျောင်း အပေါ်ထပ်သို့ တက်ရောက်ချဉ်းကပ်ပြီးလျှင်-

ဆရာတော်ဘုရား တပည့်တော်က မည်သို့မျှ လှုံ့ဆော်ခြင်းမပြုဘဲ နာယကဆရာတော်များအဖွဲ့က ဆရာတော်ဘုရားကြီး၏ ရုပ်တုတော် ရှိသင့်ကြောင်းကို ဆုံးဖြတ်ကြပါသည်ဘုရား

ဤသို့ လျှောက်ထားခဲ့ရသည်၊ မိမိကလျှောက်ထားသည်ကို ခွင့်မပြုခြင်းကြောင့် နာယက ဆရာတော်များအား လှုံ့ဆော်ပြီး ဆရာတော်ဘုရားကြီး ဆန္ဒမရှိသည်ကို အတင်းမရ-အရ တိုက်ယူသည်ဟု ထင်မည်စိုးသဖြင့် မိမိလှုံ့ဆော်သည် မဟုတ်ကြောင်းကို ထည့်သွင်းလျှောက်ထား လိုက်ခြင်း ဖြစ်၏၊ သည်တော့မှ ဆရာတော်ဘုရားကြီးက-

ရုပ်တုလုပ်ရင် ဘာနဲ့ လုပ်ကြမှာလဲတဲ့။

ကွန်ကရစ်နဲ့ လုပ်ရင် ကောင်းမယ်ထင်ပါတယ် ဘုရားလို့လျှောက်ထားရာ-

ကြေးနဲ့ လုပ်ရင် အန္တရာယ်များတယ် မကောင်းဘူးတဲ့။

ဤသို့ အမိန့်ရှိပါသည်၊ နာယကအဖွဲ့မှ သင့်တော်မည်ထင်၍ ဆုံးဖြတ်သည့်အခါ၌ ဓါတ်ပုံတွေ ရှိနေတာပဲလို့ အမိန့်မရှိတော့ပေ၊ ဆရာတော်ဘုရားကြီးသည် မိမိ၏အလိုဆန္ဒကို ရုပ်သိမ်းတော်မူလျက် နာယကဆရာတော်တို့၏ အလိုဆန္ဒအတိုင်း ငြင်းပယ်ခြင်း မပြုပဲ ခွင့်ပြုတော်မူခဲ့ပါသည်။

ဦးသောဘနလည်း လိုက်လျောခဲ့သည်

ဦးသောဘနသည် ဓမ္မအမွေစာမူကို သာသနာနုဂ္ဂဟအဖွဲ့လူကြီးများက တောင်းသော်လည်း မပေးရက်အောင် အမြတ်တနိုး လက်ဝယ်ပိုက်လျက် နှစ်နှစ်သက်သက် စုံမက်နေခဲ့သည်၊ သာသနာနုဂ္ဂဟအဖွဲ့ လူကြီးများ ဆိုပါလျှင် ရဟန်းသံဃာတော်တို့နှင့်တကွ ရိပ်သာကြီး တစ်ရိပ်သာလုံး စောင့်ရှောက်ပြီး လိုအပ်သမျှ ကိစ္စအဝ၀ကို ဆောင်ရွက်လာခဲ့သော အဖွဲ့ကြီးဖြစ်သည်ကို အများသူငါ သိနေကြသည်၊ ထို့ကြောင့် အဖွဲ့လူကြီးတို့က တောင်းသည်ဆိုလျှင် အရာရာ ထောက်ထား၍ ပေးသင့်ပါလျက် မပေးရက်ဘဲရှိခဲ့သည်မှာ ဦးသောဘနသည် သူ့စာမူကို မည်မျှအမြတ်တနိုး ဖြစ်နေသည်ကို ဆင်ခြင်က သိသာထင်ရှားလှသည်။

သို့-နှစ်သက်စုံမက် ပွေ့ဖက်ထားခဲ့ပါသော်လည်း ဦးသောဘနမှာ နာယက ဆရာတော်တို့၏ အလိုဆန္ဒအတိုင်း ဆုံးဖြတ်ချက်ကိုမူ မတတ်နိုင်ဘူးပေါ့ဟူသော စကားဖြင့် လိုက်လျောခဲ့ရရှာသည်၊ ဆရာတော်ဘုရားကြီးသည်ပင် အလိုဆန္ဒမရှိဘဲ နာယကအဖွဲ့၏ အလိုဆန္ဒအတိုင်း လိုက်လျော တော်မူခဲ့ပါလျက် ဦးသောဘနလို ရဟန်းတော်တစ်ပါးက မလိုက်လျောဘဲ နေခဲ့ပါလျှင် အဘယ်မှာ သင့်တော်ပါမည်နည်း၊ နာယကအဖွဲ့ ဆရာတော်တို့သည် ဆရာတော်ဘုရားကြီး၏ အမွေထိန်းသားကြီး သြရသ အရာတွင် တည်ရှိနေခဲ့ရာ တရားသဖြင့် စီမံခန့်ခွဲပေးသော အစီအမံကို နာခံ၍ အရာရာ လိုက်လျောသင့်ကြ ပါသတည်း။

 

 

ဝက်လက်-မစိုးရိမ်ဦးတိဿ

၁၃၄၄-ခု၊ ပြာသိုလပြည့်ကျော် ၁၂-ရက်၊ ဗုဒ္ဓဟူးနေ့။

သာသနာ-၂၅၂၆

(--၈၃)