(၃၃)နှစ်အတွင်း သြဝါဒတော်များ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

test

(၃၃)နှစ်အတွင်း သြဝါဒတော်များ

Published Date - 2012

Author By - မဟာစည်ဆရာတော်ဘုရားကြီး

230 စာမျက်နှာ


ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဒေါက်တာတင့်စိုးလင်း၏

ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေသော

ဩဝါဒတော်များစာအုပ်အတွက်အမှာစာ

 

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၁၁ ခုနှစ်၊ (-၁၂-၁၉၄၉)ခု၊မဟာစည် သတိပဋ္ဌာန်လုပ်ငန်းစဉ်ကြီးကို ချမှတ်၍ ပဋိပတ္တိသာသနာစတင်ပြီး ပြုတော်မူခဲ့ပါသည်။ ၁၃၁၂ ခုနှစ်၊ နတ်တော်လပြည့်နေ့ (၂၄-၁၂-၁၉၅၀)တွင်၊ ပထမအကြိမ်ကျင်းပြုလုပ်သော နှစ်ပတ်လည် ဩဝါဒခံယူပူဇော်ပွဲမှစ၍ ၁၃၃၇ ခု၊ နတ်တော်လဆုတ် ()ရက်၊ (၂၁-၁၂-၁၉၇၅)နေ့တွင် ကျင်းပသော (၂၆)ကြိမ်မြောက် နှစ်ပတ်လည် ဩဝါဒခံယူပူဇော်ပွဲအထိ၊ ၂၆ နှစ်တာ မိန့်ကြားခဲ့သော ဩဝါဒတော်များနှင့် ဆရာတော်ဘုရားကြီး စံလွန်တော်မမူမီ ၁၃၄၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ()ရက်၊ (၁၂-၁၂-၁၉၈၁)နေ့၌ ကျင်းပပြုလုပ်သော ၃၂ ကြိမ်မြောက် ဩဝါဒခံယူပူဇော်ပွဲတွင် ဩဝါဒတော်များကို မိန့်ကြားခဲ့ပါသည်။ ၎င်းဩဝါဒတော်များကို (၁၉၄၉ မှ ၁၉၈၁ ခုနှစ်) ၃၃ နှစ်အတွင်း မိန့်ကြားခဲ့ခြင်းဖြစ်ပါသည်။ ယင်း ဩဝါဒတော်များကို မပျောက်မပျက်စေရန်စုစည်း၍ ၁၃၇၄ ခုနှစ်၊ နတ်တော်လ၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသော (၆၃)နှစ်မြောက် မဟာစည်ဩဝါဒခံယူပူဇော်ပွဲ အထိမ်းအမှတ် အဖြစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ဥက္ကဋ္ဌကြီး ဦးဝင်းထိန်က စီစဉ်၍ စာအုပ်အဖြစ် ပထမအကြိမ် ပုံနှိပ်ဖြန့်ဝေခဲ့ပါသည်။

ယခုအခါ မဟာစည်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော၃၃ နှစ်အတွင်း ဩဝါဒတော်များစာအုပ် လက်ကျန်နည်းပါး၍ မဟာစည်ပြည်တွင်း/ပြည်ပ ရိပ်သာများ၊ ကမ္မဋ္ဌာန်းဆရာများ၊ ဓမ္မမိတ်ဆွေ ယောဂီများအတွက် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ဒုတိယအကြိမ် ထပ်မံ၍ ပုံနှိပ်ဖြန့်ချိလိုက်ရပါသည်။

ဒုတိယအကြိမ် ပုံနှိပ်ရန်အတွက် စိစစ်သောအခါ (၂၇)ကြိမ်မြောက်၊ (၂၈)ကြိမ်မြောက်၊ (၂၉)ကြိမ်မြောက်၊ (၃၀) ကြိမ်မြောက်၊ (၃၁)ကြိမ်မြောက် ဩဝါဒခံယူပူဇော်ပွဲ ၁၃၃၈ ခု၊ နတ်တော်လမှ ၁၃၄၂ ခု၊ နတ်တော်လ (၁၉၇၆ ခု၊ ဒီဇင်ဘာလမှ ၁၉၈၀ ခု၊ ဒီဇင်ဘာလအတွင်း)များတွင် မဟာစည်ဆရာတော် ကြီး၏ ဩဝါဒများပါဝင်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ယင်းနှစ်များတွင် ဆရာတော်ကြီးအနေဖြင့် ဩဝါဒမိန့်ကြားခြင်း ရှိ/မရှိ၊ မိန့်ကြားခဲ့လျှင်လည်း မှတ်တမ်းတင်ထားခြင်း ရှိ/မရှိကို ထပ်မံစိစစ်ရန် လိုကြောင်း တွေ့ရှိရပါသည်။

ယခု ဒုတိယအကြိမ် ပုံနှိပ်စာအုပ်တွင် အချိန်မရ၍ ယင်း()နှစ်အတွက် ဩဝါဒများကို ထည့်သွင်းနိုင်ခြင်းမရှိသော်လည်း နောင်စိစစ်တွေ့ရှိသောအခါ တတိယအကြိမ်ပုံနှိပ်စာအုပ်တွင် ထည့်သွင်းမည်ဖြစ်ကြောင်း ဖော်ပြပါသည်။

မဟာစည်ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က နှစ်စဉ် မတ်လတွင် ကျင်းပပြုလုပ်သည့် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးများတွင်လည်း တန်ဖိုးမဖြတ်နိုင်သော ဩဝါဒမိန့်ခွန်းများ မိန့်ကြားခဲ့ရာ ယင်းတို့ကို မပျောက်ပျက်စေရန်နှင့် တစ်စုတစ်ဝေးတည်းဆက်၍ လေ့လာလိုက်နာရန်အတွက် သီးခြားစုစည်းပုံနှိပ်ထုတ်ဝေရန် စီစဉ်လျက် ရှိကြောင်း သတင်းကောင်းဖော်ပြပါသည်။

 

ဒေါက်တာတင့်စိုးလင်း

(ဥက္ကဋ္ဌ)

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

မဟာစည်သာသနာ့ရိပ်သာ

ရန်ကုန်မြို့။ 

၂၀၁၇ ခုနှစ်၊ ဇွန်လ


 

နိဒါန်း

ဘဝတု သဗ္ဗမင်္ဂလံ 

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၌ ဝိပဿနာတရား ပြသတော်မူသည်မှာ ၁၃၃၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၌ (၂၅) နှစ်ပြည့်မြောက်ပါသည်။ ယင်း (၂၅)နှစ် အတွင်း၌ ဩဝါဒခံယူပူဇော်ပွဲပေါင်း (၂၄)ကြိမ် ကျင်းပခဲ့ပါသည်။

၁၃၁၂ ခုနှစ်၊ ပဌမအကြိမ် ကျင်းပသော ဩဝါဒခံယူပူဇော်ပွဲမှတစ်ပါး ၁၃၁၃ ခုနှစ်မှစ၍ ကျင်းပခဲ့သော ဩဝါဒခံယူပူဇော်ပွဲတို့၌ နယ်လေးရပ်မှ ရဟန်း၊ ရှင် လူ ယောဂီအပေါင်းတို့ ပျားပန်းခတ်မျှ ထောင်ပေါင်းများစွာ လာရောက်ဩဝါဒခံယူ ပူဇော်ကြပါသည်။

ထိုနှစ်မှစ၍ ရှမ်း၊ ပလောင်၊ ကယား စသော ပြည်နယ် ရဟန်း ရှင်လူ ယောဂီအပေါင်းတို့လည်း လာရောက် ဩဝါဒခံယူပူဇော်ကြသောကြောင့် တစ်ချို့နှစ်များ၌ ပရိသတ်များလွန်းသဖြင့် ရှမ်း၊ ပလောင်၊ ရဟန်း၊ ရှင်၊ လူယောဂီတို့အား ဩဝါဒခံယူပူဇော်ရန် တစ်ရက်သီးခြား စီစဉ်ပေးရသည်လည်း ရှိခဲ့ပါသည်။

ဩဝါဒခံယူပူဇော်ပွဲကျင်းပသော အကြိမ်တိုင်းပင် မြန်မာနိုင်ငံ အရပ်ရပ်၌ရှိသော ကျေးဇူးတော်ရှင် မဟာစည်ဩဝါဒခံ ကမ္မဋ္ဌာန်းဌာနများစာရင်း၊ တရားအားထုတ်ပြီးသော ယောဂီစာရင်းတို့ကို တင်ပြလျှောက်ထားလေ့ရှိခဲ့ရာ ပြီးခဲ့သော ၁၃၃၅ ခုနှစ်၊ (၂၄)ကြိမ်မြောက် ဩဝါဒခံယူပူဇော်ပွဲ ကျင်းပခဲ့စဉ်က မြန်မာနိုင်ငံ အရပ်ရပ်၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဩဝါဒခံ ကမ္မဋ္ဌာန်းဌာနခွဲပေါင်း (၂၀၉)ဌာနရှိခဲ့သည်ကိုလည်းကောင်း၊ တရားအားထုတ်ပြီး ရဟန်း ရှင် လူ ယောဂီပေါင်း (၇၄၇၃၆၄) ဦးရှိခဲ့သည်ကိုလည်းကောင်း တင်ပြလျှောက်ထားခဲ့ပါသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် နှစ်လည်ဩဝါဒခံယူပူဇော်ပွဲ ကျင်းပတိုင်းပင် အကြိုနေ့ညဘက်၌ ကမ္မဋ္ဌာနာစရိယ ဆရာတော်များနှင့် ရဟန်းတော်တို့အား သီးခြားဩဝါဒပေးတော်မူသည့်အပြင် အခမ်းအနားကျင်းပသည့်နေ့၌လည်း ရဟန်း ရှင် လူ ယောဂီ မြောက်များစွာတို့အား မှတ်သားလွယ်ကူအောင် ဆောင်ပုဒ်များပို့ချ၍ ဩဝါဒပေးသနားတော် မူလေ့ရှိခဲ့ပါသည်။


မင်္ဂလာပါခင်ဗျား

မင်္ဂလာဦးအောင်မြင့်

မဟာစည်ကျမ်းစာအုပ်များပုံနှိပ်ရေးအကျိုးဆောင်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၊ ရန်ကုန်မြို့။

၁၃၃၆ ခုနှစ်၊ နတ်တော်လပြည့်။