ကျောင်းအနုမောဒနာတရားတော်(ဆရာတော်အစုံ)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

“ကျောင်းအနုမောဒနာ တရားတော်”ဟု အမည်တတ်ထားပါသော်လည်း အနုမောဒနာတရား သက်သက်လောက်သာ ပါဝင်သည်ဟု မယူဆကြစေလိုပါ၊ .....

ကျောင်းအနုမောဒနာတရားတော်(ဆရာတော်အစုံ)

Published Date - 1970

Author By - မဟာစည်ဆရာတော်ဘုရားကြီး

344 စာမျက်နှာ


နိဒါန်း 

ဘဝတု သဗ္ဗမင်္ဂလံ။

ဤကျောင်းအနုမောဒနာ တရားစာအုပ်သည် မဟာစည်ကျောင်းတော် ရေစက်ချပွဲ ကျင်းပစဉ်က ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးနှင့် ဓမ္မကထိက အရှင်မြတ်တို့ ဟောကြားတော်မူအပ်သော တရားတော်တို့ကို စုပေါင်း ပုံနှိပ်ထားအပ်သော တရားစာအုပ် ဖြစ်ပါသည်။

ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်ကြီးက ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရန် သာသနာ့ရိပ်သာအတွင်း၌ ထယ်ဝါ ခန့်ညား၍ ခိုင်မာတောင့်တင်းသော မဟာစည်ကျောင်းတော်ကို ၁၃၂၉-ခုနှစ်က စ၍ စတင် တည်ဆောက်ခဲ့ပါသည်။

၁၃၃၀-ခုနှစ်၌ ကျောင်းတော်ကြီး ပြီးစီးခဲ့သောကြောင့် ကျောင်းရေစက်ချပွဲကြီးကို ၁၃၃၀-ခု ပြာသိုလဆန်း () ရက် (-၁၂-၆၈) တနင်္ဂနွေနေ့၌ ခမ်းနားကြီးကျယ်စွာ ကျင်းပစဉ်က (၁၉) ကြိမ်မြောက် သြဝါဒခံယူ ပူဇော်ပွဲနှင့်လည်း ကြုံကြိုက်သောကြောင့် အမြို့မြို့ အနယ်နယ်မှ မဟာစည်သြဝါဒခံ ကမ္မဋ္ဌာနာစရိယဆရာတော်များ ရဟန်းရှင်လူယောဂီများလည်း သုံး-လေးရက် ကြိုတင်ကြွရောက်လာကြပါသည်။

သို့ဖြစ်သောကြောင့် ကျောင်းတော် ရေစက်ချပွဲ မတိုင်မီ ပြာသိုလဆန်း -ရက်နေ့မှ စ၍ -ရက်တိုင်တိုင် အကြိုညတရားပွဲများကို ကျင်းပခဲ့ရာ ညစဉ် ညတိုင်းပင် တရားနာ ပရိသတ်မြောက်မြားစွာတို့ လာရောက် တရားနာကြပါသည်။

ဆရာတော်ဘုရားများ ဟောကြားတော်မူအပ်သည့် တရားတော်တို့ကိုလည်း အသံဖမ်းစက် အမျိုးမျိုးတို့ဖြင့် လာရောက် အသံဖမ်းယူကြသူတို့ များပြားလှသည့်အနက် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်ကလည်း နောင်အခါ မှတ်တမ်းတရပ်အဖြစ် တည်ရစ်စေရန်အလို့ငှါ၊ တရားတော်များကို စုပေါင်း၍ စာအုပ်အဖြစ် ပုံနှိပ်နိုင်ရေးအတွက် အဖွဲ့ချုပ်၏ အမှုဆောင် လူကြီးတဦးဖြစ်သူ အငြိမ်းစား တရားမ တရားသူကြီး ဦးသိန်းဟန်အား အသံဖမ်းယူရန် မေတ္တာရပ်ခံခဲ့သည့်အတိုင်း ဦးသိန်းဟန်က တရားအလုံးစုံကို အသံဖမ်းယူခဲ့လေသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကလည်း ဆရာတော်၏ အသံဖမ်းစက်များကို တာဝန်ယူ ဆောင်ရွက်ရသော ဦးပညာဝံသအား အသံဖမ်းယူ စေခဲ့ပါသေးသည်။

ထိုစဉ်က အကြို တရားပွဲ -ညတွင်- ပဌမည ပဌမပိုင်း၌....

() မန္တလေးမြို့ နန်းတော်ရှေ့ ရွှေစည်ရိပ်သာ ကျောင်းတိုက် မဟာနာယက ကမ္မဋ္ဌာနာစရိယ ဆရာတော်လယ်တီ အရှင်ကုလိသက မျက်မှောက်ချမ်းသာ ဝမ်းမြောက်စရာ တရားတော်ကို ဟောကြားတော်မူပါသည်။ ပဌမည ဒုတိယပိုင်း၌....

() မိုးကုတ်မြို့ လောကမာရဇိန် ရွှေဘိုဆရာတော် အဂ္ဂမဟာဓမ္မကထိက အရှင်မုနိန္ဒက ချမ်းသာပျော်ရွှင် အစဉ်နေနိုင်ရေးတရားတော်ကို ဟောကြားတော်မူပါသည်။

ဒုတိယည ပဌမပိုင်း၌....

() ပဲခူးမြို့ သာသနမဏ္ဍိုင် (ပါဠိတက္ကသိုလ်) ကျောင်းတိုက် မဟာနာယကဆရာတော် အရှင်ပညာဇောတက အနုမောဒနာ တရားတော်ကို ဟောကြားတော်မူပါသည်။

ဒုတိယည ဒုတိယပိုင်း၌....

() စစ်ကိုင်းမြို့ ရွှေစေတီ သာသနာ့ရိပ်သာ မဟာနာယက ကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်အရှင်သုန္ဒရမဟာထေရ်က ကျောင်းအနုမောဒနာတရားတော်ကို ဟောကြားတော်မူပါသည်။

တတိယည ပဌမပိုင်း၌....

() မိုးကုတ်မြို့ လောကမာရဇိန် ရွှေဘိုဆရာတော် အဂ္ဂမဟာဓမ္မကထိက အရှင်မုနိန္ဒက ဝိသုဒ္ဓိ () ပါး ဖြစ်စဉ် တရားတော်ကို ဟောကြားတော်မူပါသည်။

တတိယည ဒုတိယပိုင်း၌....

() ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည် ဆရာတော်ဘုရားကြီးက ကျောင်းအနုမောဒနာ တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။

ကျောင်းတော် ရေစက်ချပွဲ ကျင်းပသည့် ပြာသိုလဆန်း () ရက်နေ့၌လည်း မြို့နယ်အသီးသီးတို့မှ ကြွရောက်လာတော်မူကြသော ကမ္မဋ္ဌာနာစရိယ ဆရာတော်များ မြောက်မြားလှစွာသော ကျောင်းဒါယကာ, ကျောင်းဒါယိကာမများနှင့်ရဟန်း ရှင်လူ ယောဂီ သူတော်စင်အပေါင်းတို့အား ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် အနုမောဒနာနှင့် သြဝါဒတရား တော်ကို ဟောကြားတော်မူခဲ့ပါသည်။

ကျွန်ုပ်တို့သည် တိတ်ရီကော်ဒါတို့ဖြင့် ဖမ်းယူထားသော တရားအသံတော်တို့ကို စာမူအဖြစ်သို့ ရောက်ရေးအတွက် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အမိန့်ကို ခံယူရာ ဆရာတော်ဘုရားကြီး၏ အမိန့်အရ ဦးပညာဝံသနှင့် ဒီဃဘာဏက- ဦးကေလာသတို့က တရားတော် အသံမှ တရားတော် စာမူအဖြစ်သို့ ရောက်အောင် ကူးယူပေးတော်မူကြပါသည်။

၎င်းတရားတော်စာမူတို့ကို ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် ကြည့်ရှုစစ်ဆေးတော်မူပြီးနောက် မူလဟောတော်မူကြသည့် ဆရာတော်များထံ ပြန်လည်ဆက်ကပ်၍ ကြိုက်နှစ်သက်သလို ပြင်ဆင်စေတော်မူပါသည်။ ထို့နောက် လိုအပ်သောအခဏ်း အပိုင်းတို့ကို ခွဲခြားကာ မာတိကာများ စီစဉ်၍ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အပြီးသတ် ခွင့်ပြုချက်ကို ထပ်မံရယူပြီးမှသာ ကျောင်းအနုမောဒနာ တရားတော် ဟူသော အမည်ဖြင့် စက်တင်ပုံနှိပ်ခဲ့ပါသည်။

ဤတရားစာအုပ်အမည်ကို ကျောင်းရေစက်ချပွဲကို အကြောင်းပြု၍ ကျောင်းအနုမောဒနာ တရားတော်ဟု အမည်တတ်ထားပါသော်လည်း အနုမောဒနာတရား သက်သက်လောက်သာ ပါဝင်သည်ဟု မယူဆကြစေလိုပါ၊ ဒါနနှင့်စပ်သောတရား, သီလနှင့်စပ်သောတရား, ဘာဝနာနှင့် စပ်သောတရားတို့လည်း အပြည့်အစုံ ပါဝင်သည်ဖြစ်၍ ဤစာအုပ်ကို ဖတ်ရှုလေ့လာ ပွါးများအားထုတ်သူတိုင်း ဗုဒ္ဓသာသနာတော်၌ များစွာထောက်တည်ရာကို ရနိုင်ပါသည်။

ဒါနတည်းဟူသော လှပတင့်တယ်သည့် ပန်းဥယျာဉ်တို့ဖြင့် ဝန်းရံအပ်သော သီလ တည်းဟူသော ခိုင်မာတောင့်တင်းသည့် ဆိပ်ကမ်းရှိသော ဘာဝနာတည်းဟူသော အေးမြကြည်လင်သည့် ရေရှိသော ဤကျောင်းအနုမောဒနာ တရားရေကန်ကြီးအတွင်းသို့ သက်ဆင်းကြကာ ကိလေသာ တည်းဟူသော အညစ်အကြေးတို့ကို ဆေးကြောသုတ်သင်နိုင်ကြ၍ နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းသို့ တက်လှမ်းနိုင် ကြပါစေသော်။

 

မင်္ဂလာပါခင်ဗျား။

၁၃၃၁-ခု၊ သီတင်းကျွတ် လဆန်း -ရက်နေ့။

မင်္ဂလာအောင်မြင့်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

ရန်ကုန်မြို့