ဝမ္မိကသုတ်တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

တကယ်လက်တွေ့ ဝိပဿနာ လုပ်ငန်းစဉ်နှင့် စပ်သော ထုတ်ဖော် ညွှန်ကြားချက်များကို မှတ်သားကြ၍ ....

ဝမ္မိကသုတ်တရားတော်

Published Date - 1966

Author By - မဟာစည်ဆရာတော်ဘုရားကြီး

351 စာမျက်နှာ


နိဒါန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

 

မဟာစည်ဒေသနာ ကွန့်မြူးပုံ

ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ၁၃၀ဝပြည့်နှစ်မှ စ၍ ရွှေဘိုမြို့ ဆိပ်ခွန်ရွာ မဟာစည်ကျောင်း တိုက်၌ သီတင်းသုံးလျက် မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်ကြီးကို မူရင်းပဓာနပြု၍ ဝိပဿနာလုပ်ငန်းတရားတော်ကို လက်တွေ့ထင်ရှားအောင် ဟောကြားညွှန်ပြတော် မူခဲ့ပေသည်။ ထိုသို့ ဟောကြားညွှန်ပြနေစဉ်မှာပင် ရန်ကုန်မြို့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ ပင့်လျှောက်ချက်အရဖြင့် ရန်ကုန်မြို့သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူကာ ၁၃၁၁-ခုနှစ်မှစ၍ ဝိပဿနာလုပ်ငန်း တရားတော်ကို ဟောကြားညွှန်ပြတော်မူလျက် ရှိပေသည်။

ထိုသို့ ဟောကြားညွှန်ပြရာတွင် ဓမ္မစက္ကပ္ပဝတ္တနသုတ် အနတ္တလက္ခဏသုတ်, မဟာ သတိပဋ္ဌာနသုတ်, အရိယာဝါသသုတ်, မာလုကျပုတ္တသုတ်, သက္ကပဥှသုတ်, ဥဒ္ဒေသဝိဘင်္ဂသုတ်, သဠာယတနဝိဘင်္ဂသုတ်, ဘဒ္ဒေကရတ္တသုတ်, အာသီဝိသောပမသုတ်, စူဠဝေဒလ္လသုတ်, မဟာဝေဒလ္လသုတ်, ဝမ္မိကသုတ် အစရှိသော ထိုထိုသုတ္တန် ဒေသနာတော်များကို ထုတ်ပြလျက် သုတနည်းသူတွေပါ သိနားလည်အောင် အကျယ်ဝိတ္ထာရ ဝေဘန်ဖွင့်ပြသောအားဖြင့် ထိုထိုအရပ်ဒေသတို့၌ ဟောကြားတော်မူခဲ့ပေသည်။ ထိုသုတ္တန် ဒေသနာတော် တို့တွင် ဝမ္မိက သုတ္တန်တရားတော်ကို ရန်ကုန်မြို့သာသနာ့ရိပ်သာ နှင့်တကွ မော်လမြိုင် ပဲခူး အိမ်မဲ ဝါးခယ်မ ဘိုကလေး၊ ဒိုက်ဦး အောင်လဲ ရေနံချောင်း နတ်မောက်၊ မြင်းခြံ မိတ္ထိလာ တောင်ကြီး လွိုက်ကော် ရွှေဘို မုံရွာ အစရှိသော များစွာသော မြို့ရွာဒေသတို့၌ ဟောကြားတော် မူခဲ့လေသည်။

ဝမ္မိကသုတ်တရားတော်စာအုပ် ဖြစ်ပေါ်လာခြင်း

ထိုသို့ ဟောကြားတော်မူရာတွင် ဝမ္မိကသုတ် တရားတော်ကို ကြားနာ မှတ်သားကြရသော တရားနာ ပရိသတ်တို့သည် နှစ်ထောင်းအားရ သဘောကျ ကျေနပ်ကြပြီးလျှင် ထိုတရားတော်ကို ကျမ်းစာအုပ် အဖြစ်ဖြင့် ပုံနှိပ်ထုတ်ဝေရန် များစွာလိုလားတောင့်တကြပေသည်။ ထိုသို့ လိုလား တောင့်တကြ သောကြောင့် ၁၃၂၆-ခုနှစ် တန်ဆောင်မုန်း လဆုတ် (--)ရက်နေ့ ညများတွင် မုံရွာမြို့ စန်းမြရောင်ခြည် သာသနာ့ရိပ်သာ၌ ဝမ္မိကသုတ် တရားတော်ကို ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော်မူစဉ် အခါကာလက တိတ်ရီကော်ဒါ အသံဖမ်းစက်ဖြင့် ဖမ်းယူထားသော တိပ်ခွေများမှ ရေးထုတ်ကူးယူ၍ ဝမ္မိကသုတ် တရားတော်ကို စာမူကြမ်းအဖြစ်သို့ ရောက်စေခဲ့ပါသည်။ ထိုစာမူကြမ်းကို ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး ကိုယ်တိုင် ကြည့်ရှုပြင်ဆင်၍ စာမူချော အဖြစ်သို့ ရောက်စေခဲ့ပါသည်၊ ထိုစာမူချောကိုပင် ပုံနှိပ်စေလျက် ပုံနှိပ်စာအုပ်အဖြစ်သို့ ရောက်စေခဲ့ပါသည်။

ဤဝမ္မိကသုတ်တရားတော်ကို အခြားသော ဓမ္မကထိကဆရာတော်တို့လည်း များစွာပင် ဟောကြားလေ့ရှိကြပါသည်။ သို့ရာတွင် ဝမ္မိကသုတ် တရားတော်စာအုပ်ကို ဖတ်ရှုကြည့်သောအခါ ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီး၏ ဟောကြားပုံတွင် ထူးခြားသော အချက်တို့ကို အောက်ပါအတိုင်း တွေ့ရပေလိမ့်မည်။

မဟာစည် ဒေသနာ၌ ထူးခြားချက်များ

၁။ အချို့သော ဓမ္မကထိကတို့သည် ဝတ္ထုကြောင်းကို အသားပေး၍ အကျယ်တဝင့် ဟောပြောတော်မူလေ့ရှိကြ၏။ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်ကား ဝိပဿနာ လုပ်ငန်းစဉ်နှင့် မဆိုင်လှသောဝတ္ထုကြောင်းကို အသားမပေးမူ၍ လိုရင်းသုတ္တန် တရားတော်ကိုသာလျှင် အကျယ်တဝင့် ဖွင့်ပြ ဟောကြားတော်မူပေသည်။

၂။ ဝိပဿနာ လုပ်ငန်းစဉ်နှင့် စပ်ဆိုင်ရာ၌မူကား ဝတ္ထုကြောင်းပင် ဖြစ်သော်လည်း အကျယ်တဝင့် ပေါ်လွင်စွာဖွင့်၍ ဟောကြားတော်မူပေသည်။

၃။ အချို့က အိမ်ကြက်ချင်း ဗိုလ်လုသည့်ပမာ ဗုဒ္ဓဘာသာ ဓမ္မကထိက အချင်းချင်း (သို့မဟုတ်) ကမ္မဋ္ဌာန်းဂိုဏ်း အချင်းချင်း ပုတ်ခတ် ချိုးနှိမ်၍ ဟောပြော ရေးသားလေ့ရှိကြ၏။ ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးသည်ကား ဗုဒ္ဓသာသနာ နယ်ပယ်အတွင်း၌ မည်သူကိုမျှ မထိပါးစေဘဲ သာသနာပ မိစ္ဆာဝါဒတို့ကိုသာလျှင် သုတ်သင် ပယ်ရှင်းလျက် သာသနဓမ္မ လမ်းကြောင်းအတိုင်းသာလျှင် ဖြောင့်မှန် တည်ကြည်စွာ ဟောကြား ရေးသားတော်မူလေ့ ရှိပေသည်။

၄။ အချို့က လိုရင်းသုတ္တန် တရားကို အကျဉ်းချုပ်မျှသာ ဟောကြားတော်မူလေ့ ရှိကြ၏။ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည်ကား ဝမ္မိကသုတ္တန်တရားတော်လာ သိသင့်သိထိုက်သော လိုရင်းအချက်အလက် ဟူသမျှတို့ကို အပြည့်အစုံ အကျယ်တဝင့် ဖွင့်ပြ ဟောကြားထားတော်မူပေသည်။

၅။ အချို့က ဝိပဿနာနှင့်စပ်၍ ဟောကြငြားသော်လည်း ဝမ္မိကသုတ် တရားတော်ကို တကယ်လက်တွေ့ အားထုတ်၍ ဖြစ်နိုင်လောက်အောင် ရှင်းလင်းပြလေ့ မရှိကြပေ။ ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးသည်ကား ဝမ္မိကသုတ်တရားတော်ကို တောင်ပို့ကြီး ဥပမာ, တံခါး မင်းဒုတ် ဥပမာ, လမ်းနှစ်ခွ ဥပမာ စသည်တို့ဖြင့် တကယ်လက်တွေ့ အားထုတ်၍ ဖြစ်နိုင်သည့် ဝိပဿနာ လုပ်ငန်းစဉ် အဖြစ်သို့ ရောက်အောင် အပြည့် အစုံ တိကျ ပြတ်သားစွာ ရှင်းလင်း ဟောကြားတော်မူပေသည်။

ထိုငါးချက်တို့တွင် () အချက်အရ ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးက ဝတ္ထုကြောင်းကို အသားပေး၍ အကျယ်တဝင့် မဟောခြင်းမှာ လိုရင်း တရားသား ဖြစ်သော ဝိပဿနာ လုပ်ငန်းစဉ်ကို ဟောရန်အတွက် အချိန် လုံလောက်စွာ ရစေလိုသောကြောင့် ဖြစ်ပေသည်။ ဝမ္မိက သုတ်ကို ဟောရာတွင် အချိန် မကုန်စေရန် အတွက် ဆရာတော် ဘုရားကြီးက ခြွင်းချက်ထားခဲ့သော ဝတ္ထုကြောင်း အဋ္ဌုပ္ပတ္တိ တခုမှာ အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်။

အရှင်ကုမာရ ကဿပ၏ မယ်တော်

မြတ်စွာဘုရား၏ လက်ထက်တော် ကာလက ရာဇဂြိုဟ်မြို့တွင် သေဋ္ဌေး သမီးတဦး ရှိခဲ့လေသည်၊ ထိုသေဋ္ဌေး သမီးသည် ပါရမီရင့်ပြီးသော အဆုံးစွန်ဘဝ၌ တည်သူ (ပစ္ဆိမဘဝိက) ဖြစ်သောကြောင့် ငယ်ရွယ်စဉ် ကာလမှစ၍ လူ့ဘောင်လောက၌ မပျော်မွေ့ဘဲ ရှင်ရဟန်းပြုလိုသော စိတ်ဆန္ဒ အလွန်ပြင်းပြသည်ဖြစ်၍ မိခင်ဖခင်တို့အား တောင်းပန်သည်မှာ-

မိခင်ဖခင်တို့၊ သမီး၏ စိတ်မှာ လူ့ဘောင်လောက၌ မပျော်မွေ့ပါ၊ သမီးကို မြတ်စွာဘုရား၏ သာသနာတော်၌ ရှင်ရဟန်းပြုပေးကြပါတော့လို့ တောင်းပန်လေ၏။

ချစ်သမီးဘယ့်နှယ်ပြောတာလဲကွယ်။ ငါတို့မှာ စည်းစိမ်ဥစ္စာတွေကလဲ အများကြီးရှိနေတယ်။ သမီးကလဲ ဖေဖေ မေမေတို့ရဲ့ တဦးတည်းသော သမီး မဟုတ်ပါလားကွယ်။ သမီးကိုဖေဖေ မေမေတို့က ဘယ်လိုလုပ်ပြီး ခွဲနိုင်ပါ့မလဲ။ ဒါကြောင့် သမီးကို ဖေဖေ မေမေတို့က ရှင်ရဟန်းပြုဘို့ရာ အခွင့်မပေးနိုင်ပါဘူး သမီးရယ်လို့ ချော့မော့၍ မိခင်ဖခင်တို့က တားမြစ်ကြလေသည်။

ထိုသေဋ္ဌေးသမီးသည် ဤနည်းဖြင့် အကြိမ်ကြိမ်အဖန်ဖန် တောင်းပန်ရှာလေသည်။ သို့သော်လည်း မိခင် ဖခင်တို့က ခွင့်မပြုဘဲ နောက်ဆုံး၌ သင့်လျော်သော သေဋ္ဌေးသား တဦးနှင့် လက်ထပ်ထိမ်းမြား ပေးလိုက်သဖြင့် အိမ်ထောင်ရှင်ဘဝသို့ ရောက်ရရှာလေသည်။ ထိုအခါ၌ ထိုသေဋ္ဌေးသမီးသည် မိမိခင်ပွန်းအား ရိုသေစွာပြုစု၍ ကျေနပ်လောက်သောအခါ ရဟန်းပြုရန် အခွင့်တောင်း၍ ရဟန်းမိန်းမပြုမည်ဟူသော ရည်ရွယ်ချက်ဖြင့် ခင်ပွန်းလင်ကို အိမ်ဦးနတ်ပမာ လင့်ဝတ္တရား ကျေပြွန်စွာ ဖြင့် ရိုသေစွာ ပြုစုလုပ်ကျွေးလျက် ရှိလေသည်။

ထိုစဉ်အခါ ရာဇဂြိုဟ်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော နက္ခတ်ပွဲသဘင်ကြီး ခမ်းနားကြီးကျယ်စွာ ကျင်းပလျက်ရှိလေသည်။ ထိုပွဲသဘင်၌ မြို့သူမြို့သား အပေါင်းတို့သည် မိမိတို့ကိုယ်ကို အလှအပ အစွမ်းကုန် ဖီးလိမ်းပြင်ဆင် ကြလျက် လှည့်လည်သွားလာကာ ပျော်ပွဲခံကြလေသည်။ သို့ရာတွင် ထိုသေဋ္ဌေး သမီးသည်ကား သူ၏ ကိုယ်ကို ဖီးလိမ်း ပြင်ဆင်ခြင်းမရှိဘဲ ပကတိ အသွင်ရိုးရိုး ကလေးဖြင့်သာ နေလျက် ရှိလေသည်။

ထိုအခါသူ၏ ခင်ပွန်းဖြစ်သူ သေဋ္ဌေးသားက-

ရှင်မရေ၊ တမြို့လုံးကလူတွေဖြင့်ယင် ဖီးလိမ်းပြင်ဆင်ပြီးတော့ နက္ခတ်သဘင်ပွဲကို ဆင်နွှဲပြီး ပျော်ရွှင်နေကြတယ်ကွဲ့။ မင်းမှာတော့ မဖီးမလိမ်း မပြင်မဆင်ဘဲ အဖွားအိုကြီးများလိုဘဲ နေသကိုးကွဲ့။ သူများလို ဖီးလိမ်း ပြင်ဆင်ပါဦး တော့လားလို့ ပြောလေသည်။

အရှင့်သားရေ၊ ကျမစိတ်ထဲမှာ ဖြစ်နေတာကို ဖွင့်ပြီးပြောပါရစေ၊ ဟောဒီ ကျမရဲ့ကိုယ်ကြီးဟာ ဆံပင် အမွေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ကျင်ကြီး ကျင်ငယ် နှပ် တံတွေး အစရှိတဲ့ အပုပ်တွေနဲ့ ပြည့်နေတဲ့ အပုပ်ကောင်ကြီးပါရှင်၊ ဒီအပုပ်ကောင်ကြီးကို ဖီးလိမ်းပြင်ဆင်ပြီး အလှအပ ချယ်သနေလို့ကော ဘာအကျိုးရှိဦးမှာတဲ့လဲ၊ ထူးဦးမှာတဲ့လား။ ဒီ ကိုယ်ကောင်ကြီးဟာလေ အလှအပ ပြင်ဆင် ချယ်သ ရအောင်လို့ နတ်တွေက ဖန်ဆင်းထားတာလဲ မဟုတ်ဘူးရှင့်၊ ပြီးတော့ ဗြဟ္မာမင်းကြီးက ဖန်ဆင်းထားတာလဲ မဟုတ်ဘူးရှင့်၊ ဒီကိုယ်ဟာ ရွှေဖြင့်ပြီးတဲ့ ရွှေကိုယ်လဲ မဟုတ်ဘူးရှင့်၊ ပတ္တမြားနဲ့ပြီးတဲ့ ပတ္တမြားကိုယ်လဲ မဟုတ်ဘူးရှင့်၊ မွှေးကြိုင်သင်းပျံ့လှတဲ့ စန္ဒကူးနံ့သာနဲ့ပြီးတဲ့ နံ့သာတုံး ကိုယ်လဲ မဟုတ်ဘူးရှင့်၊ ပုဏ္ဍရိတ်ကြာ ကုမုဒြာ ကြာတိုက်ခန်းမှ မွှေးဖွားလာတဲ့ သန္ဓေသူလဲ မဟုတ်ဘူးရှင့်။

အမှန်ကတော့ အင်မတန် ပုပ်ညှီတဲ့ အမိဝမ်းထဲမှ ဖြစ်လာတဲ့ ကိုယ်သာ ဖြစ်ပါတယ်၊ ပြီးတော့ မိဘနှစ်ပါးတို့ရဲ့ သုတ်သွေးအညစ်အကြေးကဖြစ်လာတဲ့ ကိုယ်ကြီးဖြစ်ပါတယ်။ ရောဂါအမျိုး မျိုးတွေရဲ့ ဖြစ်ပေါ်ရာ ရောဂါအိုးကြီး ဖြစ်ပါတယ်။ သူတပါးတို့ရဲ့ နှိပ်စက်မှု (ကမ္မကရဏ) တွေကို ခံရတဲ့ကိုယ်ကြီး ဖြစ်ပါတယ်။ အတွင်းကလဲ အပုပ်တွေနဲ့ ပြည့်နေပြီးတော့ အပြင်ကိုလဲ အမြဲတမ်း ယိုစီးထွက်နေတဲ့ ကိုယ်ကြီး ဖြစ်ပါတယ်။ ပိုးအမျိုးမျိုးတို့ရဲ့ နေရာအိမ်ကြီးလဲဖြစ်ပါတယ်။ နောက်ဆုံးမှာ သင်းချိုင်းကို ရောက်ရမဲ့ ကိုယ်ကြီး ဖြစ်ပါတယ်။ သေခြင်းလျှင် အဆုံးရှိတဲ့ ကိုယ်ကြီး ဖြစ်ပါတယ်။ ဒီတော့ အရှင့်သားရယ် ဒီအသုဘကောင်ကြီးကို ဖီးလိမ်းပြင်ဆင်နေလို့ကော ဘာအကျိုး ရှိဦးမှာလဲ။ ဒီကိုယ်ကြီးကို ဖီးလိမ်း ပြင်ဆင်တာဟာမစင်အိုးကြီးကို အပြင်ဘက်က ပန်းချီဆေးရေးပြီး အလှအပ ပြုပြင်တာနဲ့ တူနေမှာပါဘဲလို့ သေဋ္ဌေးသမီးက ပြန်ပြောသည်။

ထိုစကားကို ကြားရတော့ သေဋ္ဌေးသားက-

ရှင်မရေ၊ မင့်စိတ်ထဲမှာ ဒီကိုယ်ကြီးရဲ့ အပြစ်တွေကို ဒါလောက်တောင် မြင်နေယင် ရှင်ရဟန်းပြုပါတော့လားကွယ်၊ ဘာကြောင့် ရှင်ရဟန်း မပြုပါသလဲလို့ ပြော၏။

အရှင့်သားရယ်၊ ကျမ ရှင်ရဟန်းပြုချင်နေတာကတော့ ကြာလှပါပြီ။ အခွင့်ရယင် ဒီကနေ့ဘဲ ရှင်ရဟန်း ပြုချင်ပါတယ်

ကောင်းပြီ၊ ဒါဖြင့် မင့်သဘော အတိုင်းဘဲ ရှင် ရဟန်းပြုရစေမယ်လို့ ပြောဆိုပြီး သေဋ္ဌေးသားက ကြီးစွာသော အလှူပွဲသဘင်ကို ဆင်ယင်ကျင်းပကာ အကြီးအကျယ် ပူဇော်ခြင်းကိုလဲပြုပြီးတော့ များစွာသောအခြွေအရံ အခမ်းအနားနှင့်တကွ ဘိက္ခုနီမကျောင်းသို့ ပို့ဆောင်ပြီး ရှင်ရဟန်း ပြုစေပါသည်။ ထိုသေဋ္ဌေးသမီးသည် ရှင်ရဟန်း အဖြစ်ကိုရပြီး အကြံအစည် အောင်မြင်တဲ့အတွက် အလွန် ဝမ်းသာ ရွှင်ပျဖြစ်ပြီး နေပေသည်။

ရက်လအနည်းငယ်ကြာသောအခါ လူ့ဘဝကပါလာခဲ့သော ကိုယ်ဝန်ကရင့်ကျက်လာသည့်အတွက် ထိုသေဋ္ဌေးသမီး ဘိက္ခုနီမလေး၏ မျက်စိမျက်နှာ ဣန္ဒြေတွေက အခြေအနေ တမျိုးဖြစ်လာလေသည်။ ခြေဖမိုး လက်ဖမိုး ကလေးတွေကလည်း ဖောင်းကြွလာသည်။ ဝမ်းဗိုက်ကလည်း မို့မို့ မောက်မောက် ဖြစ်လာသည်။

ထိုအခါ သီတင်းသုံးဘော် ဘိက္ခုနီမတွေက-

အရှင်မ သင့်ကိုယ်အခြေအနေက ကိုယ်ဝန်ရှိတာနဲ့ တူနေပါလား၊ ဘာကြောင့် ဒီလို ဖြစ်လာတာလဲလို့ စုံစမ်းမေးမြန်းကြလေသည်။

အရှင်မတို့ ဘုရား၊ ဘာ့ကြောင့် ဒီလိုဖြစ်လာတယ်ဆိုတာကို တပည့်တော်မတော့ မသိပါဘုရား၊ ဒါပေမဲ့ တပည့်တော်မရဲ့ သီလကတော့ ပြည့်စုံစင်ကြယ်နေပါတယ် ဘုရားလို့ သေဋ္ဌေးသမီး ဘိက္ခုနီမကလေး က စိတ်အားငယ်စွာနှင့် ပြောရှာလေသည်။

ထိုဘိက္ခုနီမတွေက အရှင်ဒေဝဒတ်၏ သြဝါဒခံတွေဖြစ်သည့်အတွက် ထိုအမှုကို အရှင်ဒေဝဒတ်အား လျှောက်ထား တင်ပြကြလေသည်။

အရှင်ကြီး ဒေဝဒတ်ဘုရား၊ ဟောဒီအမျိုးသမီးကလေးဟာ သဒ္ဓါတရား ကောင်းမွန်စွာနဲ့ ခင်ပွန်းလင်ကို တောင်းပန်ပြီး ခဲခဲယဉ်းယဉ်းနဲ့ ရှင်ရဟန်းပြုခဲ့ရရှာပါတယ်ဘုရား။ ဒါပေမယ်လို့ ယခုတော့ သူ့မှာကိုယ်ဝန်ရှိပုံ ရနေပါတယ်ဘုရား။ တပည့်တော်မတို့တော့ ဒီအမျိုးသမီးရဲ့ ကိုယ်ဝန်ဟာ လူ့ဘဝတုန်းက ရခဲ့လေသလား၊ ရှင်ရဟန်း ဖြစ်ပြီးမှ ရလေသလားဆိုတာ မသိကြပါဘုရား။ အဲဒါကို ဘယ့်နှယ်စီမံရပါမလဲ ဘုရားလို့ လျှောက်ထား တင်ပြကြသည်။

ထိုအခါ အရှင်ဒေဝဒတ်သည် မိမိကိုယ်တိုင်က အဖြစ်မှန်ကိုလည်းမသိ, သည်းခံခြင်း ချမ်းသာစေလိုခြင်း သနားခြင်းကလည်း မရှိသောကြောင့် ဤသို့ဆင်ခြင်လေ၏။ အင်းခက်တာဘဲ၊ ဒီဘိက္ခုနီမကလေးကို ဒီအတိုင်း လက်ခံထားယင်တော့ ဒေဝဒတ်ရဲ့ ဂိုဏ်းက ဘိက္ခုနီမတွေမှာ ကိုယ်ဝန်ရှိတယ်၊ ဂိုဏ်းဆရာကြီး အရှင်ဒေဝဒတ်ကလဲ သိလျက်သားနဲ့ ကိုယ်ဝန်ရှိတဲ့ ဘိက္ခုနီမကို လက်ခံထားတယ်လို့ အများ တကာတွေက ကဲ့ရဲ့ကြတော့မှာဘဲ။ ဒါကြောင့် ဒီဘိက္ခုနီမလေးကို အမြန်နှင်ထုတ်မှတော်မှာဘဲလို့ ကြံပြီး အရှင်ဒေဝဒတ်က မစူးစမ်းမဆင်ခြင်တော့ဘဲ မြန်မြန်သာ နှင်ထုတ်လိုက်ကြ ပေတော့လို့ တချက်လွှတ် အမိန့်ချလိုက်လေ၏။

ထိုအခါ ဘိက္ခုနီမကလေးက ဆရာထေရီမကြီးတွေကို-

အရှင်မကြီးတို့ဘုရား၊ တပည့်တော်မဟာ အရှင်ဒေဝဒတ်၏ သာသနာမှာ ရှင်ရဟန်းပြုတာ မဟုတ်ပါဘုရား၊ အမှန်ကတော့ လောက၌ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ရှင်ရဟန်း ပြုခဲ့တာပါ ဘုရား။ အလွန်ခဲယဉ်းစွာနဲ့ရလာတဲ့ ဒီရှင်ရဟန်းဘဝကို တပည့်တော်မ အဆုံးရှုံးမခံနိုင်ပါဘုရား။ ဒါကြောင့် တပည့်တော်မကို မြတ်စွာဘုရားထံ ပို့ပေးတော်မူကြပါဘုရားလို့ လျှောက်ထားတောင်းပန်ရှာ၏။ ထိုအခါ သီတင်းသုံးဘော်တွေက ထိုဘိက္ခုနီမလေးကို ရာဇြုဂိဟ်ပြည်မှ ၄၅-ယူဇနာ ဝေးကွာသော သာဝတ္တိပြည် ဇေတဝန်ကျောင်းတော် မြတ်စွာဘုရားထံတော်သို့ ပို့ဆောင်ကြပြီးလျှင် မြတ်စွာဘုရားအား အကြောင်းစုံကို လျှောက်ထားကြလေ၏။

ပရိသုဒ္ဓ အဆုံးအဖြတ်ပေးခြင်း

ထိုအခါ မြတ်စွာဘုရားက ထိုသေဋ္ဌေးသမီး ဘိက္ခုနီမမှာ လူ့ဘဝတုန်းက ရခဲ့သည့် ကိုယ်ဝန်ဖြစ်ကြောင်းကို သိတော်မူသော်လည်း တိတ္ထိတွေမှစ၍ အများသောလူထုတွေမှာ ယုံမှားသံသယ ကင်းရှင်းစေရန်အလို့ငှာ ကိုယ်တော်တိုင် ဆုံးဖြတ်တော်မမူဘဲ ပေဿနဒီ ကောသလ မင်းကြီး အနာထပိဏ် သေဋ္ဌေးကြီး စူဠအနာထပိဏ် သေဋ္ဌေး ဝိသာခါ ဒါယိကာမကြီးနှင့်တကွ ထင်ရှားသော အခြားလူကြီးလူကောင်းတို့ကိုလည်း စည်းဝေးစေပြီးလျှင် ပရိသတ်လေးပါးအလယ်မှာ အရှင်ဥပါလိမထေရ်အား စစ်ဆေးဆုံးဖြတ်စေတော်မူ၏။

ထိုအခါ အရှင်ဥပါလိမထေရ်သည်လည်း ပရိသတ်လေးပါး အလယ်တွင် မိမိအတွက် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးလျှင် မိမိ၏ရှေ့မှာ ဝိသာခါဒါယိကာမကြီးကိုခေါ်၍ ထိုအမှုကို စစ်ဆေးစေ၏။ ဝိသာခါ ဒါယိကာမကြီးသည် ကန့်လန့်ကာများကို ကာစေပြီးလျှင် ကန့်လန့်ကာအတွင်း၌ ဘိက္ခုနီမ ကလေး၏ လက် ခြေ ချက် ဝမ်းဗိုက် အစရှိသည်တို့ကို ကြည့်ရှုပြီး ရက် တို့ကို ချင့်တွက်ညှိနှိုင်း ကြည့်သောအားဖြင့် လူ့ဘဝတုန်းက ရခဲ့သည့် ကိုယ်ဝန်ဖြစ်ကြောင်း မှန်ကန်စွာ သိရသဖြင့် အရှင်ဥပါလိ မထေရ်အား အကြောင်းစုံကို ပြန်ကြားလျှောက်ထားလေသည်။ ထိုအခါ အရှင်ဥပါလိမထေရ်က ပရိသတ်လေးပါးအလယ်တွင် ထိုဘိက္ခုနီမကလေးကို သီလစင်ကြယ်သန့်ရှင်းသည့် ပရိသုဒ္ဓဖြစ်ကြောင်း အဆုံးအဖြတ် ပေးတော်မူလိုက်လေသည်။ ထိုဘိက္ခုနီမကလေးသည် နောက်ကာလ ကိုယ်ဝန်ရင့်သည့်အချိန်၌ ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်က တောင်းခဲ့သည့် ဆုထူး ပါရမီနှင့်ပြည့်စုံ၍ ဘုန်းတန်ခိုး ကြီးမားသော သားရတနာကို ဖွားမြင်လေသည်။

ကုမာရကဿပ အမည်ရပုံ

တနေ့သောအခါ ပေဿနဒီကောသလမင်းကြီးသည် ဘိက္ခုနီမကျောင်းတိုက်အနီးမှ ဖြတ်သန်းသွားခိုက်မှာ ကလေးငိုသံကြားရ၍ အမတ်တို့ကို မေးတော်မူ၏။ အမတ်တို့ကလည်း ထိုအကြောင်းကို သိပြီးဖြစ်၍ အရှင်မင်းကြီး၊ ဟိုတော်တော်ဆီတုန်းက ပရိသုဒ္ဓ အဆုံးအဖြတ် ပေးထားတဲ့ ဘိက္ခုနီမ ကလေးဟာ သားယောကျာ်းကလေး တပါးဖွားမြင်ပါတယ်။ အဲဒီသူငယ်ကလေး ရဲ့ ငိုသံ ဖြစ်ပါတယ်လို့ သံတော်ဦး တင်ကြ၏။

ထိုအခါ မင်းကြီးက ဘိက္ခုနီမမှာ ကလေးကိုလဲ ပြုစုရ ဆွမ်းခံလဲ သွားရနဲ့ အလွန် ဒုက္ခများမယ်ဆိုတာကို မျှော်တွေးပြီး ထိုကလေးကို မိခင်ဘိက္ခုနီမထံမှ တောင်းယူစေခဲ့ပြီးလျှင် နန်းတော်တွင်းမှာဘဲ ကျွေးမွေး စောင့်ရှောက်ရန် အထိန်းတော်တို့အား အပ်နှင်းလိုက်၏။ ထိုသူငယ်ကလေးရဲ့ အမည်ကို မူလရင်းက ကဿပလို့ ခေါ်ပါသည်။ ယခုပြောခဲ့သည့်အတိုင်း ဘုရင်မင်းမြတ်က မွေးမြူတော်မူသည့်အတွက် ကုမာရ ဆိုသည့် ဝိသေသနနှင့် တကွ ကုမာရ ကဿသ လို့ ခေါ်ကြပါသည်။

ထိုသူငယ်သည် ခုနစ်နှစ်အရွယ်သို့ ရောက်သောအခါ ဗုဒ္ဓသာသနာတော်မှာ ရှင်သာမဏေပြုပြီး အသက် နှစ်ဆယ်ပြည့်သောအခါ ရဟန်းအဖြစ်သို့ ရောက်ခဲ့ပေသည်။ ရဟန်းဖြစ်ပြီးသော အခါ၌လည်း အရှင်ကုမာရ ကဿပမထေရ် လို့ ခေါ်ကြလေသည်။

ဤအရှင်ကုမာရ ကဿပမထေရ်သည် ဤဝမ္မိကသုတ်တရားတော်၌ ဖော်ပြထားသည့်အတိုင်း ဝိပဿနာ ဘာဝနာကို ပွားများ၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူပေသည်။ အရဟတ္တဖိုလ်သို့ရောက်၍ ရဟန္တာဖြစ်ပြီးသည့်နောက် ဆန်းကြယ်သော တရားစကားကို ဟောကြားတော်မူတတ်သည့်အတွက် မြတ်စွာဘုရားက ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးခြင်းကိုလည်း ခံယူရရှိတော်မူပေသည်။

မယ်တော်လဲ ရဟန္တာဖြစ်ပုံ

အရှင် ကုမာရကဿပမထေရ်၏ မယ်တော်ဖြစ်သော ဘိက္ခုနီမမှာမူကား သားနဲ့ကွဲကွာရသည့် နေ့မှစ၍ သောကပရိဒေဝ မီးတောက်လောင်လျက် ရှိနေခဲ့လေရာ တနေ့သောအခါ၌ ဆွမ်းခံကြွနေစဉ် အရှင်ကုမာရ ကဿပမထေရ်ကို တွေ့မြင်၍ ချစ်သား ချစ်သားဟု ဟစ်အော်လျက် အရှင်ကုမာရ ကဿပမထေရ်၏ နောက်သို့အပြေးအလွှား လိုက်သွားပြီးလျှင် မထေရ်၏ သင်္ကန်းကို ဆွဲကိုင်လေသည်။ ထိုအခါ အရှင်ကုမာရကဿပ မထေရ်သည် အကယ်၍ ငါ့ထံမှ ချိုသာသောစကားကို ကြားရလျှင် မယ်တော်သည် သံယောဇဉ်ကြိုးဖွဲ့တွယ်လျက် အကျိုးမဲ့ ဖြစ်သွားရှာ လိမ့်မည်ဟု နှလုံးသွင်းပြီးလျှင် ဘာလုပ်နေသလဲ အမယ်ကြီး၊ ချစ်ခင်ခြင်း ကလေးကိုမျှ ယခုထက်ထိ မဖြတ်နိုင်ဘဲ ရှိနေသေး သလားလို့ ခပ်ထန်ထန်ပြောဆိုလိုက်လေ၏။

ထိုအခါ မယ်တော်ဘိက္ခုနီမမှာ ထိတ်လန့်ခြင်း သံဝေဂကို ရ၍ သားဟူသောချစ်ခြင်းကို ပယ်ဖြတ်ပြီးလျှင် တရားနှလုံးသွင်း အားထုတ်နိုင်သဖြင့် ထိုနေ့၌ပင်လျှင် အရဟတ္တဖိုလ် သို့ရောက်သွားလေသတည်း။

ဤသည်ကား ဝမ္မိကသုတ်ကို ဟောရာတွင် အချိန် မကုန်စေရန်အတွက် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးခြွင်းချန်ထားခဲ့သော ဝတ္ထုကြောင်း အကျဉ်းချုပ် ဖြစ်ပေသည်း ဤဝတ္ထုကြောင်း ထဲတွင် မယ်တော် ဘိက္ခုနီမကလေးမှာ ကိုယ်ဝန်ပေါ်လာ၍ အရှင်ဒေဝဒတ်က နှင်ထုတ်စေသောအခါ ၌၎င်း၊ သားသူငယ်ကို ဖွားမြင်ပြီးနောက် သားသူငယ်ကိုထားခဲ့၍ ဆွမ်းခံသွားရန် စိတ်မချဘဲ ဖြစ်နေသောအခါ၌၎င်း၊ သားသူငယ်ကိုမင်းချင်းတို့က အတင်းလုယူ သွားသောအခါ၌၎င်း သောကပရိဒေဝမီး ပြင်းစွာပူလောင်ပုံ စသည်တို့ကို အချို့သောဓမ္မကထိက ပုဂ္ဂိုလ်တို့က အကျယ်ချဲ့၍ တရားနာပရိသတ်တို့အား မျက်ရည်ကျလောက်အောင် ဟောကြားတော်မူတတ်ကြလေသည်။ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည်ကား ဝိပဿနာလုပ်ငန်းစဉ်နှင့် မစပ်ဆိုင်လ ှသောကြောင့် အချိန်မကုန်စေရန်အတွက် ဤဝတ္ထုတခုလုံးကိုပင် ခြွင်းချန်ထား တော်မူခဲ့ပေသည်။

() အချက်အရ ဝိပဿနာ လုပ်ငန်းစဉ်နှင့်စပ်ဆိုင်ရာ၌ ဝတ္ထုကြောင်းပင် ဖြစ်သော်လည်း အကျယ်တဝင့် ပေါ်လွင်စွာဖွင့်၍ ဟောကြားတော်မူပုံကို စာမျက်နှာ (၁၇) ရဟန်းတော် -ပါး တောထွက်ခြင်းမှစ၍ ဖေါ်ပြသော စကားရပ်ဖြင့်သိအပ်၏။ ထိုစကားရပ်တွင်လည်း စာမျက်နှာ (၃၅)ဗာဟိယဒါရုစီရိယ ဝတ္ထုဖြင့်၎င်း၊ စာမျက်နှာ (၃၉) ဟိတောပဒေသကျမ်းလာ ဒဏ္ဍာရီ ပုံပြင်ကလေးဖြင့်၎င်း အထူး မှတ်သားအပ်ပေသည်။ အကြောင်းမူကား ယခုခေတ်ကာလ၌ ပဋိပတ္တိ ဗဟုသုတမပြည့်စုံသော အချို့ဆရာတို့က မိမိတို့၏ တပည့်များအား ရဟန္တာ မဟုတ်ပါဘဲ ရဟန္တာဟု ဆုံးဖြတ်ပေးခြင်း, သောတာပန် အရိယာမဟုတ်ပါဘဲ သောတာပန် အရိယာဟု ဆုံးဖြတ်ပေးခြင်းတို့ကြောင့် အစပဌမမှာတော့ ဟုတ်သယောင်ယောင် ထင်ပြီးတော့ တော်တော်ကြာသောအခါ အချို့ရဟန္တာတုတွေက လူထွက်၍ ဃရာဝါသ အိမ်ထောင်လောက အတွင်းသို့ ပြန်ရောက်ကုန်ခြင်း, အချို့ရဟန္တာတု သောတာပန်တုတွေကလည်း မိမိတို့ဟာ ရဟန္တာမဟုတ်ကြောင်း, သောတာပန် မဟုတ်ကြောင်းများကို ကျေညာဝန်ခံခြင်းစသည်ဖြင့် သုတမရှိရှာကြသော တပည့်ပုဂ္ဂိုလ်တို့မှာ ထင်ယောင်ထင်မှားဖြစ်လျက် ဒုက္ခများကြရလေသည်။ ထိုသို့သော အဖြစ်ဆိုးနှင့် မတွေ့ကြုံရလေအောင် ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးက သတိပေးသည့်အနေဖြင့် ထိုဗာဟိယဝတ္ထုနှင့် ဒဏ္ဍာရီ ပုံပြင်ဝတ္ထုကို အကျယ်တဝင့် ထုတ်ပြခြင်း ဖြစ်ပေသည်။ (--) အချက်များအရ သာသနဓမ္မ လမ်းကြောင်းအတိုင်းသာလျှင် ဟောကြားတော်မူလေ့ရှိခြင်း အစရှိသော ကျန်ထူးခြားချက် သုံးမျိုးတို့ကိုမူ ဤနိဒါန်း၌ အထူးထုတ်ပြရန်မလိုတော့ပါ၊ ဤဝမ္မိကသုတ် တရားတော်စာအုပ်ကို ဖတ်ရှု့ခြင်းဖြင့်ပင်လျှင် ၎င်းတို့ကို အထင်အရှား တွေ့သွားကြပါလိမ့်မည်။

သို့ဖြစ်၍ ဝမ္မိကသုတ် တရားတော် စာအုပ်ကို အစ အလယ် အဆုံး အကုန်လုံး စေ့စပ်သေချာစွာ အခါခါ ဖတ်ရှုကြပြီးလျှင် တကယ်လက်တွေ့ ဝိပဿနာ လုပ်ငန်းစဉ်နှင့် စပ်သော ထုတ်ဖော် ညွှန်ကြားချက်များကို မှတ်သားကြ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ဆိုက်ရောက်သည်တိုင်အောင် ဝိပဿနာဘာဝနာတရားကို ပွားများမယုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

 

သာသနာ ၂၅၀၉-ခု၊                                                                               ဦးသံဝရ (ကမ္မဋ္ဌာနာစရိယ)

မြန်မာ ၁၃၂၇-ခု၊                                                                                   သိရီပဝရဓမ္မာစရိယ။

ကဆုန်လဆုတ် (၁၀) ရက်၊                                                                   သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့။