ဟေမဝတသုတ္တန်တရားတော်ကြီး

Author By - မဟာစည်ဆရာတော်ဘုရားကြီး

သဒ္ဓါတရား အားကောင်းသော အမျိုးသမီး, အမျိုးသားတို့ ဖတ်ရှုလေ့လာလျှင် တရားစာကို ဖတ်နေရင်း ကာဠီကဲ့သို့ပင် ပီတိသောမနဿသဒ္ဓါဖြစ်ပွားလျက် သောတာပန်ဖြစ်သွားနိုင်ဖွယ် ရှိပါပေသည်

ဟေမဝတသုတ္တန်တရားတော်ကြီး

Published Date - 1974

Author By - မဟာစည်ဆရာတော်ဘုရားကြီး

418 စာမျက်နှာ


အချီးနိဒါန်း

 

ဘုရားအစစ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ .....

အထက်ပါမေးခွန်း၏အဖြေကို အတိအကျအပြည့်အစုံ သိလိုလျှင် ဟေမဝတသုတ္တန်တရားတော်ကို ဖတ်ပါ၊ ဟေမဝတသုတ္တန်တရားတော်၌ ဘုရားအစစ်၏ဂုဏ်တို့ကို အပြည့်အစုံသိနားလည်သော ဟေမဝတနတ်မင်းက ဘုရားအစစ် ဟုတ်မဟုတ် ထင်ရှားအောင် စစ်တမ်းထုတ်ထားသည်၊ ဘုရားအစစ်ကို ကိုယ်တိုင်တွေ့လာသော သာတာဂိရိနတ်မင်းက ဘုရားအစစ်၏ ဂုဏ်များကို အတိအကျ ရှင်းလင်းပြတ်သားစွာ ဖြေဆိုထားပေသည်။

ဤသုတ်ကို ()နံပါတ် လက်ဦးတရားတော်ဖြစ်သော ဓမ္မစက္ကပ္ပဝတ္တန-ခေါ် ဓမ္မစကြာသုတ် ဟောတော်မူပြီးနောက် ထိုဝါဆိုလပြည့်ညမှာပင် ဟောတော်မူသောကြောင့် ဤသုတ်တရားတော်သည် ()နံပါတ် လက်ဦးတရားတော်လည်း ဖြစ်ပေသည်။

ဤအရာ၌ သဒ္ဓါအားနည်းသူအချို့က ဤသုတ်ကို နောက်ဆရာတို့ ထည့်သွင်းထားသော ထိုးဇာတ်ကလေးဟု မရိုမသေ ပြောဆိုကြ၏၊ အမှန်မှာ ထိုးဇာတ်မဟုတ်၊ သင်္ဂါယနာတင်ဆရာ အဋ္ဌကထာဆရာတို့ ပြဆိုထားသည့်အတိုင်း ထိုဝါဆို လပြည့်နေ့ညဉ့်ကပင် မြတ်စွာဘုရားကိုယ်တော်တိုင် ဟောထားသော ဗုဒ္ဓပါဝစနဖြစ်ကြောင်း လုံလောက်သော အထောက် အထားရှိပါပေသည်။

မြတ်စွာဘုရား၏ ဂုဏ်တော်များကို တစ်ဆင့်ကြားကာမျှဖြင့် ကြည်ညိုသဒ္ဓါဖြစ်ပွားသော ဥပါသိကာအမျိုးသမီးတို့တွင် ဧတဒဂ်ရသော ကုရရဃရမြို့သူ ကာဠီသည် ဤသုတ်၏ အချီးနိဒါန်းဖြစ်သော နတ်မင်းနှစ်ဦးတို့၏ အမေးအဖြေကို ကြားရ၍ ကြည်ညိုသဒ္ဓါ ဖြစ်ပွားပြီးလျှင် သောတာပန်ဖြစ်ရပေသည်၊ ယင်းကာဠီသည် လူ့လောက၌ အမျိုးသမီးတို့တွင် အစအဦး သောတာပန် အရိယာ သာဝိကာမလည်း ဖြစ်ပေသည်၊ ဤအကြောင်းကို အင်္ဂုတ္တရနိကာယ် ဧကနိပါတ် ဧတဒဂ္ဂဝဂ်၌ အထင်အရှားပြဆိုထားပေသည်၊ အကယ်၍ ဟေမဝတသုတ်သည် နောက်ဆရာတို့ ထည့်သွင်းထားသော သုတ် ဖြစ်ခဲ့ပါမူ ကာဠီ အမျိုးသမီးသည် ဘယ်တရားကိုနာရ၍ တစ်ဆင့်ကြားကာမျှဖြင့် ကြည်ညိုသူ ဧတဒဂ်ရ ဖြစ်သနည်းဟူသော ဤမေးခွန်းကို ဖြေရှင်းရန် ခဲယဉ်းပေလိမ့်မည်၊ အများက လက်ခံနိုင်အောင် ဖြေရှင်းနိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ဤဟေမဝတသုတ်သည် ဓမ္မစကြာသုတ်ကို ဟောတော်မူသည့်ညဉ့်မှာပင် မြတ်စွာဘုရား ဟောတော်မူခဲ့သော သုတ်ဖြစ်ကြောင်း ရိုသေလေးစား မှတ်သားအပ်ပေသည်။

တစ်ချိန်က ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီးတွင် ဓမ္မစကြာသုတ်မှစ၍ အစဉ်ထင်ရှားသောသုတ်တို့ကို မြတ်စွာဘုရား ဟောတော်မူသည့် အစဉ်အတိုင်း တစ်သုတ်ချင်း အကျယ်တဝင့် ဟောကြားတော်မူခဲ့လေသည်၊ ရှေးဦးစွာ ဓမ္မစကြာသုတ် တရားတော်ကို ၁၃၂၄-ခုနှစ် တော်သလင်းလကွယ်နေ့မှစ၍ သီတင်းနေ့တိုင်း အခွင့်သင့်သလို အကျယ်ဖွင့်ပြ၍ ဟောတော်မူခဲ့လေသည်၊ ဘုရားအဖြစ်သို့ ရောက်တော်မူပုံ, သတ္တဌာန စံတော်မူပုံ တရားဦးဟောရန် မိဂဒါဝုန်သို့ ကြွတော်မူပုံစသော အကြောင်းပြနိဒါန်းနှင့်တကွ အကျယ်ချဲ့၍ ဟောတော်မူခဲ့ရာ ထိုခုနှစ် နှောင်းတန်ခူးလပြည့်နေ့မှာမှ ပြီးဆုံးသွားလေသည်။

ထိုစဉ်အခါက အကျယ်ဖွင့်၍ ဟောကြားသော ထိုဓမ္မစကြာတရားတော်ကို နာကြားကြရသော ဤစာရေးသူနှင့်တကွ ရဟန်း, လူ, ရှင်-သူတော်စင်တို့မှာ သဗ္ဗရသံ ဓမ္မရသော ဇိနာတိဟူသည်နှင့်အညီ အရသာထဲတွင် အမြတ်ဆုံးဖြစ်သော တရားအရသာကို ခံစားကြရသဖြင့် နာကြား၍ အားမရနိုင်, မရောင့်ရဲနိုင်အောင် ရှိခဲ့ကြပေသည်၊ ထိုတရားတော်ကြီး ပြီးဆုံးသွားသောအခါ၌လည်း ထိုတရားတော်ကြီးကို အောက်မေ့မေ့နှင့် စိတ်ထဲမှာ စွဲလျက်ရှိကြပေသည်၊ သို့သော် နောက်ထပ်တစ်ဖန် ဝမ်းသာရန် အကြောင်းပေါ်လာပြန်သည်မှာ-

၁၃၂၄-ခု၊ နှောင်းတန်ခူးလဆုတ် -ရက်နေ့သည် သင်္ကြန်အကျနေ့ဖြစ်သဖြင့် ထိုနေ့မှစ၍ အစဉ်ကျရောက်နေသော ဤဟေမဝတသုတ္တန်တရားတော်ကို ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက ဆက်လက်၍ -ကြိမ်တိုင်တိုင် အကျယ်တဝင့်ပင် ဟောတော်မူပြန်လေသည်၊ ထိုအခါ၌ ဤစာရေးသူနှင့်တကွ တရားနာပရိသတ်တို့မှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်များကို တိကျပြည့်စုံစွာ ကြားနာကြရသဖြင့် ဘုရားဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ကာ ဗုဒ္ဓါနုဿတိဘာဝနာ၏ အစွမ်းဖြင့် ပီတိပါမောဇ္ဇများ တဖွားဖွားဖြစ်ပေါ်ကာ ဝမ်းသာဝမ်းမြောက်ခြင်းဟူသော ဘာဝနာအရသာတို့ကို များစွာပင် ခံစားကြရပေသည်၊ ထိုစဉ်အခါက ရန်ကုန်မြို့ လန်ကစ္စတာလမ်းနေ တရားမတရားသူကြီး ဦးသိန်းဟန်က ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်များကို အဖန်ဖန်ထပ်၍ ကြားနာနိုင်ရန် တိတ်ရီကော်ဒါအသံဖမ်းစက်ဖြင့် ဖမ်းယူထားခဲ့ပေသည်။

ဤစာရေးသူသည်လည်း ထိုအခါက ရန်ကုန်သာသနာ့ရိပ်သာ၌ လက်ထောက်ကမ္မဋ္ဌာနစရိယအဖြစ် ဆောင်ရွက်နေဆဲဖြစ်၍ ထိုအသံဖမ်းကြိုးခွေများမှဖွင့်၍ ကြားနာတိုင်း ကြားနာတိုင်းပင် ဓမ္မပီတိအရသာထူးများကို ခံစားရသောကြောင့် စာမူဖြင့် ကြည့်ရှုနိုင်ရန်အတွက် ကြိုးခွေတရားမှ စာမူဖြစ်အောင် ကူးယူစေခဲ့ပေသည်၊ ထိုစာမူကို ကြည့်ရှု၍ ဤဟေမဝတတရားတော် ကို ဖျာပုံမြို့၊ အိမ်မဲမြို့၊ ကံဘက်မြို့၊ ဇီးကုန်းမြို့၊ မင်းလှမြင့်၊ တောင်ကြီးမြို့-စသော ဌာနပေါင်းများစွာတို့၌ ဤစာရေးသူကိုယ်တိုင်လည်း ဆရာတော်ဘုရားကြီး၏မူအတိုင်း အကြိမ်များစွာပင် ဟောကြားခဲ့ဖူးပေသည်။ဟောကြားတိုင်းမှာပင် ကြားနာရသူ ရဟန်း, လူ, ရှင်-သူတော်စင်အပေါင်းတို့မှာ နှစ်ထောင်းအားရ သဘောကျဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇဟူသော တရားအရသာကို ထူးထူးခြားခြား ခံစားကြရပေသည်၊ သို့ဖြစ်၍ ဤဟေမဝတသုတ္တန်တရားတော်သည် ဆရာတော်ဘုရားကြီး ကိုယ်တိုင် မူသန့်ဖြစ်အောင်ပြင်ဆင်၍ ပုံနှိပ်စာအုပ်အဖြစ်သို့ရောက်လျှင် အလွန်ပင် ကျေးဇူးများပေလိမ့်မည်ဟု ဆင်ခြင်ကြံဆ တောင့်တမိခဲ့ပေသည်။

ထိုသို့ တောင့်တနေစဉ်မှာပင် ရန်ကုန်သာသနာရိပ်သာ ရောက်ခိုက်တွင် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက မူသန့် ပြင်ဆင်ထားသော ဟေမဝတသုတ္တန်တရားတော်စာမူကို ဤစာရေးသူထံ ပေးအပ်၍ အချီးနိဒါန်းရေးရန် အမိန့်ချမှတ်တော်မူလေသည်၊ ထိုအခါ မိမိမှာ စာရေးသားခြင်း၌ အလေ့အထနည်းပါးသူ ဖြစ်သောကြောင့် နေရာတကျဖြစ်အောင် ရေးမှရေးနိုင်ပါမည်လားဟု တွေးတောဆင်ခြင်မိပါသည်၊ သို့သော်လည်း မိမိနှင့်ထိုက်တန်လို့ တာဝန်ပေးတာပဲဟု နှလုံးသွင်းပြီး စွမ်းနိုင်သမျှ ရေးဖို့ရာ ကြိုးစားရပါတော့သည်။

ရေးရန်အတွက် အထောက်အပံ့ရအောင် စာမူကို ရှေးဦးစွာ ကြည့်ရှုပါသည်၊ ထိုသို့ကြည့်ရှုသောအခါမှာ ယခင်က ကြားနာပြီး အကြိမ်ကြိမ် ဖတ်ရှုပြီးဖြစ်သော်လည်း ဘုရားဂုဏ်တော်များကို ဆရာတော်ကြီးက ဖွင့်ပြဟောကြားထားသည်မှာ အသစ်အဆန်းကဲ့သို့ပင် ထင်မြင်ရပါပေသည်၊ ထိုဘုရားဂုဏ်တော်များကို အာရုံပြု၍ တစိမ့်စိမ့်တငြိမ့်ငြိမ့်နှင့် ဝမ်းမြောက်ဝမ်းသာမှု ပီတိသောမနဿနှင့် ကြည်ညိုမှု သဒ္ဓါတရားတွေ တဖွားဖွားဖြစ်ပွားလာသည်ကိုလည်း အကြိမ်များစွာ တွေ့ရပါသည်၊ ထိုသို့ တွေ့ရသဖြင့် နတ်မင်းနှစ်ဦး၏ အမေးအဖြေကို ကြားနာရရုံမျှဖြင့် ကာဠီဆိုတဲ့ သူငယ်မကလေး ပီတိသောမနဿသဒ္ဓါ ဖြစ်ပွားပြီး သောတာပန်ဖြစ်သွားသည်ဆိုတာ ဟုတ်လောက်ပါပေသည်၊ ဖြစ်လောက်ပါပေသည်ဟု ဆုံးဖြတ်ထောက်ခံနိုင်သည့် အခြေအနေသို့ ရောက်သွားခဲ့ပေသည်။

သို့ဖြစ်၍ ယခုအခါ၌လည်း ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ ဤဟေမဝတသုတ္တန်တရားတော်ကို သဒ္ဓါတရား အားကောင်းသော အမျိုးသမီး, အမျိုးသားတို့ ဖတ်ရှုလေ့လာလျှင် တရားစာကို ဖတ်နေရင်း ကာဠီကဲ့သို့ပင် ပီတိသောမနဿသဒ္ဓါဖြစ်ပွားလျက် သောတာပန်ဖြစ်သွားနိုင်ဖွယ် ရှိပါပေသည် ဟူ၍လည်းကောင်း၊ သောတာပန်အဖြစ်သို့ မရောက်နိုင်စေကာမူ ပီတိသောမနဿတွေ အကြိမ်များစွာ ဖြစ်ပွားလျက် သဒ္ဓါအစရှိသော ဣန္ဒြေငါးပါးရင့်ကျက်သွားမည်မှာ သေချာလှပေသည်ဟူ၍လည်းကောင်း ဆင်ခြင်မိပါသည်၊ မှန်ပေ၏၊ ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါက မိမိ၏ အလှူဝတ္ထုကို သောတာပန်, သကဒါဂါမ်, အနာဂါမ် ရဟန္တာအရှင်မြတ်များ သုံးဆောင်ခြင်းနှင့်စပ်၍ ဆင်ခြင်ခြင်းဖြင့် ပီတိပါမောဇ္ဇဖြစ်ပွား၍ ဣန္ဒြေတို့ကို ပွားစေခြင်း ဣန္ဒြိယဘာဝနာဖြစ်ပါလိမ့်မည်ဟု မြတ်စွာဘုရားအား လျှောက်ထားခဲ့ပေသည်၊ မြတ်စွာဘုရားက ထိုလျှောက်ထားချက်ကို သာဓုခေါ်တော်မူ၍ ချီးမြှောက်အားပေးတော်မူခဲ့ပေသည်။

ယခုဟေမဝသုတ္တန်တရားတော်ကို ဖတ်လျက် ဘုရားဂုဏ်တော်များကို အာရြုုံပရသည်မှာ ဗုဒ္ဓါနုဿတိဘာဝနာကို လေးလေးနက်နက် ပွားများနေရခြင်း ဖြစ်ပေသည်၊ ထို့ကြောင့် ဗုဒ္ဓါနုဿတိဘာဝနာ၏ အစွမ်းဖြင့် ပီတိပါမောဇ္ဇ ပဿဒ္ဓိ သုခ သမာဓိဖြစ်ပွားလျက် ဣန္ဒြိယဘာဝနာ ဖြစ်နိုင်သည်မှာ ယုံမှားဖွယ်မရှိ ဖြစ်ပေသည်။

ထို့ပြင် ဤဟေမဝတသုတ္တန်တရားတော်ကို ဖတ်ရှုခြင်းဖြင့် ဘုရားစစ်ဘုရားမှန်၏ ဂုဏ်တော်များကို နက်နက်နဲနဲသိရ၍ မူလကထက် သာပြီးခိုင်မြဲသော သြကပ္ပနသဒ္ဓါ ဖြစ်ပွားမည်မှာလည်း ယုံမှားဖွယ်မရှိ ဖြစ်ပေသည်။

ထို့ပြင် ဤဟေမတသုတ္တန်၌ ဝိပဿနာမဂ်ဖိုလ်နှင့်စပ်သော အမေးအဖြေများလည်း ပါဝင်လျက်ရှိရာ ထိုအချက်များကို ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက အများနားလည်အောင် ဖွင့်ပြထားသဖြင့် ဝိပဿနာ မဂ်ဖိုလ်တရားထူးများ ဖြစ်ပုံကိုပိုင်ပိုင်နိုင်နိုင် သိနားလည်ရမည်မှာလည်း ယုံမှားဖွယ်မရှိ ဖြစ်ပေသည်။

သို့ဖြစ်၍ ဤစာရေးသူက အောက်ပါ ပတ္ထနာမင်္ဂလာဆုတောင်းများဖြင့် အချီးနိဒါန်းကို နိဂုံးချုပ်လိုက်ပါတော့သည်။

 () ဤဟေမတဝတသုတ္တန်တရားတော်ကို ဖတ်ရှုရင်း ကာဠီအမျိုးသမီးကဲ့သို့ အရိယမဂ်ဖိုလ် တရားထူများကို ရကြပါစေ။

() ထိုသို့ မရနိုင်လျှင်လည်း ပီတိပါမောဇ္ဇ စသည်ဖြစ်ပွားလျက် သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဟူသော ဣန္ဒြေငါးပါးကို ပွားစေသောအားဖြင့် တရားထူးရကြောင်းဖြစ်သော ဣန္ဒြေပါရမီ ရင့်ကျက်မှုကိုရကြပါစေ။

() ဝိပဿနာရှုပုံ, မဂ်ဖိုလ်ဉာဏ်ဖြစ်ပုံများကို ဖတ်ရှုရသောအားဖြင့် ထက်သန်သော သဒ္ဓါဆန္ဒ ဖြစ်ပွား၍ သတိပဋ္ဌာန် ဝိပဿနာအလုပ်ကို အပြည့်အစုံ အားထုတ်ကြလျက် မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေ။

 

၁၃၃၅-ခုနှစ်

ဝါခေါင်လဆုတ် ()

အရှင်ဝဏ္ဏိတ

ကမ္မဋ္ဌာနစရိယနာယကဆရာတော်

မဟာစည်သာသနာ့ရိပ်သာ

()လမ်း၊ ဖျာပုံမြို့။