တက္ကသိုလ်ဝိပဿနာ တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

နောက်ဆက်တွဲ ဝိပဿနာဖြင့် ရောဂါပျောက်ကြောင်း သာဓကဝတ္ထုများပါသည်

တက္ကသိုလ်ဝိပဿနာ တရားတော်

Published Date - ၁၉၇၇

Buddha Date - ၂၅၂၁

Myanmar Date - ၁၃၃၉

AD Date - ၁၉၇၇

Author By - မဟာစည်ဆရာတော်ဘုရားကြီး

၂၁၉ စာမျက်နှာ


အမှာစာ

တက္ကသိုလ် ဝိပဿနာတရားတော်ဟူသော ဤအမည်သည် ခန်းနားဝင့်ထယ် တင့်တယ်လှပ မြူးကြွပေါ်လွင် ပီပြင်ဆန်းသစ်လှပေသည်။

ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ဝိပဿနာတရားကိုသာ ဦးစားပေး၍ ဟောတော်မူသည်၊ ဤတရားတော်ကိုလည်း တက္ကသိုလ်ဓမ္မရုံကြီးမှာ ဟောသော ဝိပဿနာတရားဖြစ်၍ အခြားသော ဝိပဿနာတရား အမည်များမှထူးခြားသားနား ကွဲပြားပေါ်လွင် ပီပြင် ထင်ရှားစေရန် တက္ကသိုလ် ဝိပဿနာတရားတော်ဟု နာမည်ပေးတော်မူပေသည်။

တက်ကောင်းစရာ အထက်တန်း အတတ်ပညာမျိုးစုံနှင့် ဗဟုသုတများကို စနစ်တကျပို့ချရာ ကျောင်းကြီးကို တက္ကသိုလ်ဟု ခေါ်သည်၊ ဘုရားရှင် မပွင့်မီကာလကပင် ယခုတက္ကသိုလ်များ၏ ရှေ့ပြေးပညာပေး ဗဟိုဌာနကြီးများဖြစ်သော တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီးများထံထွင် ပညာများကို ဆည်းပူးသည့် အလေ့ရှိခဲ့ကြသည်။ ယင်းပညာဆည်းပူးရာ ကျောင်းကြီးကို တည်ရာဌာန တက္ကသိုလ်ပြည်အစွဲပြု၍ တက္ကသိုလ်ဟု မှည့်ခေါ်ထားကြသည်။

ယခု ရန်ကုန်တက္ကသိုလ်၏အစသည် ၁၈၈၀-ပြည့်နှစ်က ရန်ကုန်မြို့၌ ဗြိတိသျှအစိုးရတို့ ဖွင့်လှစ်သော ရန်ကုန်ကောလိပ်မှ ပေါက်ပွားလာခြင်း ဖြစ်သည်၊ ၁၉၂၀-ပြည့်နှစ်တွင် တက္ကသိုလ် အက်ဥပဒေပြဋ္ဌာန်း၍ ရန်ကုန်ကောလိပ်အစား ရန်ကုန်တက္ကသိုလ်ဟု သီးခြားတက္ကသိုလ်တခု တည်ထောင်သည်။ ၁၉၅၉-ခုနှစ်၌ မန္တလေးကောလိပ်ကို မန္တလေးတက္ကသိုလ်ဟု တိုးချဲ့ဖွင့်လှစ်ပြန်သည် ယခုမြန်မာပြည်၌ ယင်းတက္ကသိုလ် ၂-ခုသာ ရှိသည်။ ယင်းတက္ကသိုလ်နှစ်ခုအနက် ဤတရားတော် သည် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဓမ္မာရုံကြီး၌ တက္ကသိုလ်ပညာရှင်များအား ဟောပြောသော တရားဖြစ်သည်။

ထို့ကြောင့်ကျေး ဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဤတရားတော်ကို တက္ကသိုလ် ဝိပဿနာ တရားတော်ဟူသော အမည်နှင့် ဆီလျော်အောင် သိပ္ပံပညာ ဥပမာစသော ဥပမာ ၁၁-မျိုးတို့ဖြင့် နှိုင်းယှဉ်ပြ၍ ဟောထားသည်၊ သတ္တိသုတ်, သဒ္ဒေကရတ္တသုတ်, သတိပဋ္ဌာနသုတ်အစရှိသော ပင်မဗဟို အချက်အချာပဓာနဖြစ်သော ကျမ်းဂန်အယူအဆတို့ဖြင့် နက်ရှိုင်း တိကျ သေသပ်လှစွာ ဟောထားသည်၊ အရပ်သုံးကားများဖြင့် သိပ်သည်းကျစ်လစ် အဖုအထစ်မရှိ ပကတိညက်ညော ချောမောပြေပြစ် အနှစ်အဆီ ပြည့်မှီစံပြ နည်းရလောက်အောင် ဟောထားသည်၊ (ကျမ်းကြီး တစောင်တဖွဲ့ မဟုတ်သော်လည်း) ဗဟုသုတ ရှိသူများ ရပ်ကွက်မှာ ဟောသောတရားဖြစ်၍ ဗဟုသုတတိုးပွားစေရန် ဝိပဿနာ အကြောင်းအရာနှင့် စပ်လျဉ်း၍၎င်း၊ ဝိပဿနာ ရှုမှတ်နည်းနှင့် ပတ်သက်၍၎င်း ဆစ်ပိုင်းကျန ပြည့်ဝကုံလုံသည့် ဟောပြောချက်များဖြင့် သိသာလွယ်ကူ ပေါ်လွင်ထင်ရှားစွာ ဟောထားသည်။ ချောညက်ပြေပြစ် ကျစ်လစ်လှပ အဓိပ္ပါယ်ပြည့်ဝသည့် သံပေါက်ကလေးများဖြင့် ခြုံငုံ၍ ပြန်လည်သိမ်းပိုက်ကာ နှစ်သက်စဖွယ် စီချယ်ထားသဖြင့်လည်း အမှတ်ရလွယ်ကူလှပေသည်။

ခေတ်သမိုင်းစဉ်ဖြင့် ပုံခေါ်ရသော်-ခေတ်ပညာရပ်များနှင့် သင်ကြားနည်းများသည် တိုးတက်နေသော ခေတ်ကာလနှင့် ဌာနအြုကိက်လိုက်၍ မကြာမကြာပြုပြင်ပြောင်းလဲနေရသဖြင့် ခေတ်လက်အောက်ခံ ခေတ်နောက်လိုက်များသာဖြစ်သည်။

ဤသတိပဋ္ဌာန် ဝိပဿနာတရားတော်သည်ကား တိုးတက်ပြီးသည့် သမရိုးကျနည်းများဖြင့် ြုပပြင်ပြောင်းလဲစရာမရှိဘဲ ဧကာယန မဂ္ဂ-တခုတည်းသော လမ်းဟောင်းလမ်းမှန်ဖြစ်၍လည်း ခေတ်ကို အမြဲတမ်း စိုးပိုင်၍ နေလေသည်။

မှန်ပါပေသည်၊ ပွင့်တော်မူကြပြီးသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့သည်လည်း ဤသတိပဋ္ဌာန် ဝိပဿနာလမ်းဖြင့်သာ လုံးဝစင်ကြယ်ခြင်းသို့ ရောက်တော်မူကြရသည်၊ ပွင့်ဆဲ ပွင့်လတံ့ဖြစ်သော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက တို့သည်လည်း ဤသတိပဋ္ဌာန် ဝိပဿနာလမ်းဖြင့်သာ လုံးဝစင်ကြယ်ခြင်းသို့ ရောက်တော်မူကြသည်။

တက္ကသိုလ်ဟူသော စကားလုံးသည် ရှေးယခင်ကကဲ့သို့ပင် ယခုလည်းကျော်ကြား နောင်လည်း ကျော်ကြားမည်သာ ဖြစ်သည်၊ ဝိပဿနာတရားတော်သည်လည်း ရှေးယခင်ကကဲ့သို့ပင် ယခုလည်းကျော်ကြား နောင်လည်း ကျော်ကြားမည်သာဖြစ်သည်။

အဆင့်ဆင့် ပြုပြင်ရေးဆွဲထားသော ယောဂီ ကာယစိတ္တ ကမ္မဋ္ဌာန်းစီးဖြန်း ကျင့်သုံးရေး ပညာရပ်ကို ဣန္ဒိယနိုင်ငံတွင် မူလတန်းမှစ၍ တက္ကသိုလ်ကျောင်း သင်တန်းများအထိ သင်ပြပို့ချနိုင်ရန် ဣန္ဒိယပညာရေးဌာနက အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ၁၆-၁၁-၇၅-နေ့က နယူးဒေလီမှ သတင်းကောင်း တရပ်ကို ကမ္ဘာသူ ကမ္ဘာသားများ ကြားသိလိုက်ကြရပေပြီ။

တက္ကသိုလ်ပညာရပ်များကို မတတ်မြောက်သည့် တိုင်းပြည်သည် ကမ္ဘာ့အလယ်၌ မျက်နှာမွဲနှင့် ဆင်းရဲရပေမည်။ ဝိပဿနာတရားကို အားမထုတ်နိုင်သဖြင့် ဉာဏ်အဆင့်မမြင့် သေးသူသည် သံသရာထဲတွင် တဝဲလယ်လယ်နှင့် ဆင်းရဲ နေရပေမည်။

ယခုအခါ ဝိပဿနာ တရားတော်သည် စာရိတ္တကောင်းမွန်ရေး, ငြိမ်းချမ်းသာယာ စိတ်ချမ်းသာရေးတို့တွင် ရှေ့တန်းမှ ပါဝင်သည့် အင်အားစုအနေဖြင့် သီးခြားကဏ္ဍတခု ဖြစ်ကြောင်းကို အများက ယုံကြည်လက်ခံကြပေပြီ။ ယင်းတရားတော်ကို ဆရာတော်ဘုရားကြီးက ကောင်း ဆိုး မှား မှန် ဝေဘန်ပြုပြင်၍ ဆင်ခြင်ကြံဆ နည်းလမ်းရကြစေရန် ပါဠိ အဋ္ဌကထာ ဋီကာ ပေကြိုးပေတံတို့ဖြင့် ညှိနှိုင်းတိုင်းတာပြ၍ ဟောထားသောကြောင့် ခေါင်းဆောင် ဝိပဿနာကျမ်းဟူ၍လည်း ခေါ်သင့်ပေသည်။

ရန်ကုန်မြို့ကြီးတွင် ရှိသော တက္ကသိုလ်ဓမ္မာရုံကြီး၌ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးက တက္ကသိုလ်ပညာရှင်ကြီးများအား ဟောကြားသော ကြီးလေးကြီးဆုံရာ ဤတက္ကသိုလ် ဝိပဿနာတရားတော်သည် သူ့ရှုဒေါင့်နှင့်သူသာ မှန်ကန်နေခြင်း မဟုတ်ပေ၊ ခတ်တိုင်းငံသည့် သတိပဋ္ဌာန် ဝိပဿနာတရားများကို ဆန်းသစ်ပေါ်လွင်သော နှိုင်းယှဉ်ချက် အမျိုးမျိုးတို့ဖြင့် စီကာစဉ်ကာ ဟောထားသောကြောင့် နှောင်းခေတ် သာသနာအတွက် အားဆေးတခွက်လည်း ဖြစ်ပေသည်။

သက္ကာယဒိဋ္ဌိအကြောင်းကို စာမျက်နှာ ၁၇-၂၄ တို့၌ စာတွေ့ ကိုယ်တွေ့ ယောဂီတွေ့အတိုင်း လက်နှင့်ကိုင်ပြသလို ထင်ထင်လင်းလင်း ရှင်းရှင်းဘွင်းဘွင်း ပြထားသောကြောင့်၎င်း၊ တိုင်းရင်းသားများ အယူအဆနှင့် တိုင်းတပါးက အယူအဆ ကျမ်းများကိုပါ ပညာရှင်များ၏ သဘောဉာဏ်တွင်းသို့ ချင်းနင်းဝင်ရောက်သွားအောင် ကျဉ်းကျဉ်းနှင့် ရှင်းလင်းပြထားသော ကြောင့်၎င်း၊ တောနေ-မြို့နေ လူတန်းစား အသီးအသီးတို့က အတ္တနှင့်ပတ်သက်၍ ထင်မြင်ယူဆပုံတို့ကိုလည်း စာမျက်နှာ ၂၄-၌ ပြထားသောကြောင့်၎င်း ကမ္မဋ္ဌာန်းဆရာတို့၏ ပေကြိုး ပေတံသဘွယ်ဖြစ်၏၊ ယောဂီသူတော်စင်တို့၏မှီရာ တံကဲပျဉ် သဘွယ်လည်း ဖြစ်၏။

စာမျက်နှာ ၆-၌ နတ်ဗြဟ္မာမမြင်ဘူး၍ မယုံသူကို လေယာဉ် ပျံပေါ်ကာစခေတ်က လေယာဉ်ပျံမမြင်ဘူး၍ မယုံသူ တချို့နှင့် နှိုင်းယှဉ်၍၎င်း၊ စာမျက်နှာ ၆-၌ သာမန်လူတွေက မသိကြသော်လည်း သိပ္ပံပညာသည်တို့၏ စမ်းသပ်တွေ့ရှိချက်အရ အများက ယုံကြည်ရပုံတို့ကို သိပ္ပံပညာဥပမာဖြင့်၎င်း၊ နှာ ၂၀-၌ အတ္တစွဲကို ဘာဝနာမယဉာဏ်ဖြင့် ပယ်ရုံလောက်သာ မကဘဲ အရိယမဂ်ဉာဏ် ဖြစ်ပေါ်သည်အထိ ဝိပဿနာဉာဏ်ဖြင့်ရှုသိပြီး ပယ်ဘို့နှင့် ပယ်ပုံပယ်နည်းတို့ကို၎င်း၊ မြင်ရာကြားရာ စသည်တို့၌ သက္ကာယဒိဋ္ဌိဖြစ်ပုံနှင့် ပယ်ပုံပယ်နည်းတို့ကို၎င်း လက်နှင့်ကိုင်ပြသလို ကွက်တိ အံကျထောက်ပြထားသဖြင့် ဓမ္မကထိကတို့၏ အမြူတေသဖွယ်ဖြစ်၏၊ သုတေသီတို့၏ ရတနာပြတိုက်ကြီးသဖွယ်လည်း ဖြစ်၏။ တရားအားထုတ်ခြင်းဖြင့် ရောဂါပျောက်ဘူးသည့် ယောဂီတို့၏ ကိုယ်တွေ့ဖြစ်ရပ်မှန်တို့ကို နောက်ဆက်တွဲ၌ ထည့်သွင်းပြထားသဖြင့် ယောဂီတို့၏ အားဆေးတခွက်လည်း ဖြစ်၏။

ဘုရားရှင်သည် ကိုယ်တွေ့ကျင့်သုံး၍ သဗ္ဗညုတဉာဏ်ကို ရရှိပြီးမှသာ မိမိစားဝံ့သည့် ဓမ္မဆေးကို သတ္တဝါတို့အား တိုက်ကျွေးသကဲ့သို့ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်လည်း အာစရိယပါစရိယ နယလက်ကိုင် နည်းလမ်းပိုင်သော မင်းကွန်းသထုံဇေတဝန် ဆရာတော်ဘုရားကြီးထံမှာ ထုံးမှီစံရ ဆရာနည်းကျကျဖြင့် လေးလကျော်မျှ အားထုတ်ခဲ့ပြီးမှသာ ဆွေမျိုးများမှစ၍ တစ တစ တိုးချဲ့လျက် မိမိနိုင်ငံတွင်မျှမက နိုင်ငံခြားတိုင်းပြည်များအထိ သွားရောက် ဟောတော်မူခဲ့သည်။ ယခုအခါ မဟာစည်သာသနာ ဝိပဿနာ ဓမ္မစည်သံကြီးသည် တကမ္ဘာလုံးကို အြွုံကနိုးကြား လှုပ်ရှားရိုက်ခတ်လျက် အရှိန်အဟုန်ကောင်းစွာဖြင့် အစဉ်မပြတ် မြည်ဟီးလျက်နေလေပြီ။

တက္ကသိုလ်ရပ်ကွက်သူ ရပ်ကွက်သားများသည် တိုင်းပြည်နှင့် လူမျိုးတိုးတက်ရေးအတွက် တက္ကသိုလ်ပညာ အများအပြားကို စာတွေ့လက်တွေ့ လေ့လာရင်း ပစ္စုပ္ပန်တမလွန် နှစ်တန် ကောင်းစားရေးဖြစ်သော ဝိပဿနာပညာ ရရှိရေးအထိ ကိုယ်တွေ့ စိတ်တွေ့ ကျင့်သုံးကြမည်ဆိုလျှင် ကိုယ်ခံပညာကောင်းစွာရ၍ ကမ္ဘာ့ငြိမ်းချမ်းရေးမှသည် သံသရာငြိမ်းချမ်းရေးအထိ ဦးတည်မိလျက်သား ဖြစ်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ သိကြရပါလိမ့်မည်။

ဤမျှကောင်းမွန်သော ဝိပဿနာတရားတော်ကို ဟောကြားတော်မူရန် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးအား ယခင်က ပင့်ခဲ့ဘူးပါသော်လည်း လာရောက်ပြီး မဟောနိုင်သည့် အချိန်များနှင့် တိုက်ဆိုင်၍ မဟောဖြစ်ဘဲရှိခဲ့ရာမှ ယခုဟောရခြင်း၏ အကြောင်းမှာ တက္ကသိုလ်နယ်မြေ သထုံလမ်း အမှတ် ၂-နေ ဦးကျော်ဝင်း-ဇနီး ဒေါ်ခင်အေးကြည်နှင့် သားသမီးတစုတို့က ပင့်လျှောက်သဖြင့် ဟောနိုင်ခွင့်ရခိုက် ဟောတော်မူသည့်အတွက် ကြုံတောင့်ကြုံခဲ တရားနာခွင့် ရခဲ့ကြပါသည်။

မူလက ဟောထားသည်ကို ရကော်ဒါဖြင့် ဖမ်းယူထားကြရာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ အမှုဆောင်တဦးဖြစ်သူ ဦးဦးခိုင် (ရန်ကုန်မြို့တော် မြူနီစီပယ် အဆောက်အဦဌာန အင်ဂျင်နီယာဟောင်း)က အသံမှ စာအဖြစ်သို့ရောက်အောင် ကူးယူရာတွင် ပါဠိနှင့် ယင်းအနက်စကားလုံးများကို မကူးတတ်၍ ချန်ထားခဲ့သဖြင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဖြည့်စွက်၍ မူလဟောတရား၏ အဓိပ္ပါယ်မပျက်ရအောင် မူသန့်ပေးတော်မူပါသည်။

ဤတက္ကသိုလ် ဝိပဿနာတရားတော်သည် တက္ကသိုလ်ပညာရပ် အမျိုးမျိုးရှိသည့်အနက် ဝိပဿနာပညာဟူသော ပညာရပ်တခု ထပ်ဆင့်၍ သင်ယူလေ့လာနိုင်ရန် ယခုခေတ်နှင့် နှောင်းခေတ်ပညာရှင်များအတွက် သမိုင်းမှတ်တိုင်အဖြစ် တည်ငြိမ်ရင့်ကျက် လေးနက်သောအသွင်သစ် မူသစ်ဖြင့် ခိုင်မြဲထင်ရှားစွာ ရပ်တည်နေလေသည်။

ဤတက္ကသိုလ်ဝိပဿနာ တရားတော်ကို ဖတ်ရှုရခြင်းဖြင့် စာဖတ်သူတို့၏ စိတ်သန္တာန်ဝယ် ဝိပဿနာအရာ၌ စိတ်ပါဝင်စားမှုများ အထိုက်အလျောက် ဖြစ်ပေါ်လာလျှင်ပင် ဤစာရေးသူအနေနှင့် တစိတ်တပိုင်း ကျေနပ်မှုရရှိပါပြီ။ အပြည့်အစုံ အားထုတ်ကြပါလျှင်ကား အဘယ်မှာ ဆိုဘွယ်ရာရှိပါမည်နည်း၊ ဤစာအုပ်ပါ နည်းလမ်းအတိုင်း ကျင့်သုံး၍ အောင်မြင်မှု ရှိမရှိမှာမူ ကျင့်သုံးလိုက်နာသူများ၏ ပါရမီအစွမ်းသတ္တိနှင့် ဇွဲနပဲ ရှိ-မရှိ အပေါ်တွင်သာ မူတည်နေပါသည်။

ဤတက္ကသိုလ် ဝိပဿနာတရားတော်ကို ဖတ်ရှုဆင်ခြင်၍ အချိန်အခွင့်ရတိုင်း ကြိုးစားအားထုတ်ခြင်းဖြင့် အနာဂတ်ကာလတွင် ဤတက္ကသိုလ်ဝိပဿနာတရားတော်ဟူသော သမိုင်းမှတ်တိုင်ကြီးသည် ခေတ်၏ အမိုက်အတိုက်အောက်၌ အားနည်းမှေးမှိန် သေးသိမ်ပျောက်ကွယ် မသွားဘဲ သတ္တဝါအားလုံးတို့အား အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်ဆီသို့ အစဉ်ထာဝရလက်ညှိုးညွှန်လျက် မားမားမတ်မတ် ရပ်တည်နိုင်ပါစေဟု ပတ္ထနာအမှု အာသီသ ပြုလျက်..........


အရှင်ကေလာသ

သာသနဓဇသိရီပဝရဓမ္မစရိယ

ဒီဃဘာဏက ဒီဃနိကာယကောဝိဒ

သာသနာ့ရိပ်သာ

ရန်ကုန်မြို့။

မြန်မာသက္ကရာဇ် ၁၃၃၉-ခုနှစ်

နယုန်လဆုတ် ၁၂-ရက်

၁၂-၆-၁၉၇၇