မဟာသမယသုံးသုတ်တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

မဟာသမယသုံးသုတ် ဆိုတာ မဟာစည် တရားစာအုပ်အဖြစ်ဖြင့် မထုတ်ဝေရသေးသော (၁) ကလဟဝိဝါဒသုတ်၊ (၂) စူဠဗျူဟသုတ်၊ (၃) မဟာဗျူဟသုတ်ဆိုတဲ့ သုံးသုတ်ပင်ဖြစ်ပါသည်။

မဟာသမယသုံးသုတ်တရားတော်

Published Date - 1978

Author By - မဟာစည်ဆရာတော်ဘုရားကြီး

266 စာမျက်နှာ


အမှာစကား

 

မဟာသမယသုံးသုတ်အကြောင်း

မဟာသမယသုံးသုတ် ဆိုတာ မဟာစည် တရားစာအုပ်အဖြစ်ဖြင့် မထုတ်ဝေရသေးသော () ကလဟဝိဝါဒသုတ်၊ () စူဠဗျူဟသုတ်၊ () မဟာဗျူဟသုတ်ဆိုတဲ့ သုံးသုတ်ပင်ဖြစ်ပါသည်။ ယင်းသုံးသုတ်ကို တရားစာအုပ်အဖြစ် စီမံထုတ်ဝေရခြင်း၏အကြောင်းကို တုဝဋကသုတ် စာမျက်နှာ --တို့၌ ပြဆိုထားသော စကားများနှင့် ဆက်စပ်၍ သိမှတ်နိုင်ပါသည်၊ ယင်း ပြဆိုထားသော စကားမှာ အောက်ပါအတိုင်းပင် ဖြစ်ပါသည်။

တုဝဋကသုတ် တရားတော်၌ ပြဆိုချက်

ဒီ (တုဝဋက)သုတ်ကို ဟောရခြင်း၏ အကြောင်းကတော့ ၁၃၂၂-ခုနှစ်က မဟာသမယ -သုတ်ကို ဟောခဲ့တယ်၊ အဲဒီတုန်းက အထူး မှတ်သားဖွယ်ကောင်းတဲ့ ပုရာဘေဒသုတ်ကို တိပ်ရကော်ဒါဖြင့် အသံဖမ်းယူထားခဲ့တယ်၊ အဲဒီ တရားတိပ်ခွေကို ရွှေဘို ဆိပ်ခွန်သို့ ပို့လိုက်တော့ အဲဒီမှာ နာကြားရသူအများက အဲဒီ ပုရာဘေဒသုတ်တရားကို အလွန် သဘောကျကြတယ်၊ တရားကို စိတ်မဝင်စားဘူးတဲ့ သူတွေကတောင် သဘောကျကြနေတယ်၊ အဲဒီတရားကို တရားစာအုပ်ဖြစ်အောင် ဆောင်ရွက်ဖို့လဲ တိုက်တွန်းကြတယ်၊ ဒါကြောင့် အဲဒီတရားကို တိပ်ခွေမှထုတ်ပြီး ၁၃၂၈-ခုနှစ်က စာအုပ်အဖြစ်ဖြင့် ထုတ်ဝေခဲ့တယ်။

အဲဒီ စာအုပ်ကိုလဲ ကြည့်ရှုရသူအများက သဘောကျကြတယ်၊ အထူးအားဖြင့် ဗုဒ္ဓိစရိုက်ရှိသူ ဉာဏ်ထက်သူတို့အတွက် ဟောတဲ့တရားဖြစ်သောကြောင့် ဉာဏ်ထက်သူတွေက ပိုပြီး သဘောကျကြပါတယ်၊ ပဌမအကြိမ်ရိုက် အုပ်ရေ ၅၀ဝ၀ -ကုန်သွားတဲ့အတွက် ၁၃၃၆-ခုနှစ်က ဒုတိယအကြိမ် ထပ်ပြီး ရိုက်နှိပ်ဖြန့်ဝေရပါတယ်၊ အဲဒီလို နှစ်သက် သဘောကျသူတွေထဲမှာ (ကမ္ဘာအေး သာသနာရေးဦးစီးဌာန ညွွှန်ကြားရေးမှူးချုပ် ဖြစ်တဲ့) ဒါယကာကြီး ဦးလှမောင်လဲ တဦးအပါအဝင် ဖြစ်ပါတယ်၊ ဦးလှမောင်ကတော့ အခြား မဟာသမယသုတ်များကိုလဲ စာအုပ်အဖြစ် ဖြန့်ဝေနိုင်လျှင် အလွန် အကျိုးများလိမ့်မယ်လို့ မြော်မြင်မိတဲ့အတွက် အဲဒီ (မဟာသမယ -သုတ်ထဲက) အခြားသုတ် -ခုကိုလဲ စာအုပ်အဖြစ် ရေးသားစီရင်ဖို့ရာ ဘုန်းကြီးထံ လျှောက်ထားတောင်းပန်ပါတယ်၊ လွန်ခဲ့တဲ့ -နှစ်လောက်ကစပြီး တောင်းပန်တာ သုံးလေးကြိမ်မက ရှိပါပြီ၊ ဘုန်းကြီးကလဲ အကြောင်းညီညွတ်တဲ့အခါ တရားဟောပြီးမှ ဟောတဲ့တရားအနေနဲ့ ပြုစုပေးဖို့ ဝန်ခံပြောကြားခဲ့ပါတယ်၊ အဲဒီ ဝန်ခံချက်အရ ယနေ့ တုဝဋကသုတ်ကို စပြီးဟောဖို့ စီစဉ်ထားရတာပဲ။

မဟာသမယ -သုတ် ဟောတော်မူခဲ့ပုံ

မြတ်စွာဘုရားဟာ တစ်ချိန်က (မိမိ၏ ငါးဝါမြောက် ဝါဆိုဦး နယုန်လပြည့်နေ့တွင်) သာကီဝင် မင်းသားများဖြစ်ကြသော ရဟန္တာ ရဟန်းတော်ငါးရာတို့နှင့်တကွ ကပိလဝတ်မြို့နယ် မဟာဝုန် တောအရပ်မှာ စုဝေးမိနေခိုက်၌ တစ်သောင်းသော စကြဝဠာတိုက်တို့မှ နတ်ဗြဟ္မာတွေ လာရောက် ဖူးမြော်ကြပါတယ်၊ အဲဒီနတ်ဗြဟ္မာတွေ လာရောက် ဖူးမြော်ကြရာ မဟာသမယခေါ်တဲ့ အစည်းအဝေးကြီးမှာ မြတ်စွာဘုရားက လာရောက်ကြတဲ့ နတ်ဗြဟ္မာတွေ မဂ်ဖိုလ်တရားထူး ရရေးအတွက် သူတို့နှင့် သင့်လျော်တဲ့ တရား -သုတ်ကို ဟောကြားတော်မူပါတယ်။

() ရာဂစရိုက်ရှိသူ-ရာဂ အဖြစ်များသူတို့အတွက် သမ္မာပရိဗ္ဗာဇနီယသုတ်ကို ဟောတော်မူပါတယ်။

() ဒေါသ စရိုက်ရှိသူ-ဒေါသ အဖြစ်များသူတို့အတွက် ကလဟဝိဝါဒသုတ်ကို ဟောတော်မူပါတယ်။

() မောဟ စရိုက်ရှိသူ-မောဟ အဖြစ်များသူတို့အတွက် မဟာဗျူဟသုတ်ကို ဟောတော်မူပါတယ်။

() ဝိတက် စရိုက်ရှိသူ-ဝိတက် အဖြစ်များသူတို့အတွက် စူဠဗျူဟသုတ်ကို ဟောတော်မူပါတယ်။

() သဒ္ဓါ စရိုက်ရှိသူ-သဒ္ဓါ အဖြစ်များသူတို့အတွက် တုဝဋကသုတ်ကို ဟောတော်မူပါတယ်။

() ဗုဒ္ဓိစရိုက်ရှိသူ-ပညာအဖြစ်များသူတို့အတွက် ပုရာဘေဒသုတ်ကို ဟောတော်မူပါတယ်။

အဲဒီသုတ်များကို ကြားနာရတဲ့အတွက် တစ်သုတ်တစ်သုတ်မှာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ရဟန္တာဖြစ်ကြတယ်၊ အနာဂါမ်, သကဒါဂါမ်, သောတာပန် ဖြစ်ကြတာတွေကတော့ တစ်သုတ် တစ်သုတ်မှာပင် မရေမတွက်နိုင်အောင် များတယ်လို့ ဆိုပါတယ်။

အထက်ပါ ဖော်ပြခဲ့သော စကားရပ်များသည် တုဝဋကသုတ်၌ ပြဆိုထားသော စကားများဖြစ်သည်၊ ယင်းစကားရပ် များဖြင့် မဟာသမယ -သုတ်ရှိကြောင်း၊ ယင်း -သုတ်ထဲမှ ပုရာဘေဒသုတ်မှ တစ်ပါးသော ရှေး -သုတ်ကို တရားစာအုပ်အဖြစ် ပြုစုရန် ယခင်က ကမ္ဘာအေး သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်ခဲ့၍ ယခုအခါ၌ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ကောင်စီဝင်ဖြစ်နေသော ဒါယကာကြီး ဦးလှမောင်၏ လျှောက်ထား တောင်းပန်ချက်အရဖြင့် ယင်းသုတ်တရားတော် -ခုကို သင့်လျော်သောအခါတိုင်း ဖွင့်ပြဟောကြား၍ တရားစာအုပ်အဖြစ် ထုတ်ဝေစေခဲ့ကြောင်းများ အသိအမှတ် ပြုရန်ဖြစ်ပါသည်။

ယင်းမဟာသမယ -သုတ်ထဲက တုဝဋကသုတ်ကို ၁၃၃၇-ခုနှစ်က ဟောခဲ့၍ ၁၃၃၈-ခုနှစ်၌ တရားစာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့သည်၊ သမ္မာပရိဗ္ဗာဇနီယသုတ်ကို ၁၃၃၈-ခုနှစ်ကဟောခဲ့၍ ၁၃၃၉-ခုနှစ်၌ တရားစာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့သည်။

ကျန်သော သုံးသုတ်ထဲက ကလဟဝိဝါဒသုတ်သည် ခိုက်ရန်ဖြစ်ခြင်း စသည်၏ အကြောင်းများကိုမေး၍ ဖြေရှင်းဟောကြားထားသော သုတ်ဖြစ်သည်၊ နက်နဲသည်၊ သာမန်ပုဂ္ဂိုလ်များ သိနားလည်ရန် ခက်ခဲလှပေသည်၊ သို့ဖြစ်၍ တနာရီခွဲ နှစ်နာရီ စသည်ဖြင့် ကြာမြင့်စွာဟောပြောနေလျှင် နာယူသူများမှာ စိတ်အားထက်သန်စွာနှင့် နာယူရန်လွယ်လှမည် မဟုတ်ပေ၊ ထို့ထက် စူဠဗျူဟသုတ်, မဟာဗျူဟသုတ်များမှာ မိစ္ဆာအယူရှိသူများ ငြင်းခုံ ပြောဆိုနေကြပုံများနှင့်စပ်၍ ဟောပြောထားသဖြင့် သာ၍ပင် နက်နဲ ခက်ခဲလှပေသည်။

သို့ဖြစ်၍ ယင်းမဟာသမယသုတ် -ခုကို သိနားလည်နိုင်ရုံ အကျဉ်းမျှသာ ဟောကြား၍ ယင်းတရားတော် -ခုကို မဟာသမယသုံးသုတ်တရားတော် ဟူသောအမည်ဖြင့် တစ်အုပ်တည်း ထုတ်ဝေရန် ဆင်ခြင် ဆုံးဖြတ်မိခဲ့ပါသည်၊ ထိုဆင်ခြင် ဆုံးဖြတ်ချက်အတိုင်း ဖြစ်စေရန် ၁၃၃၉-ခုနှစ် ဝါခေါင်လဆန်း ()ရက်နေ့မှစ၍ အခွင့်သင့်သော သီတင်းနေ့တိုင်း ရှစ်ပါးသီလပေးပြီးသောအခါ မိနစ် ၃၀-ခန့် ၄၀-ခန့် ရည်မှန်း၍ ဖွင့်ပြဟောကြားလာခဲ့ပါသည်၊ တစ်ခါတရံမှာ တစ်နာရီခန့်လည်း ကြာသွားခဲ့ပါသည်။

ဟောပြီးတရားကိုလည်း ဟောသည့်နေ့မှစ၍ လက်နှိပ်စက်ဖြင့် ရိုက်နှိပ်၍ စာမူအဖြစ် ပြုလုပ်ထားခဲ့ပါသည်၊ ၁၃၃၉- ခုနှစ် တပို့တွဲလဆုတ် ()ရက်နေ့တွင် ယင်းသုံးသုတ် တရားတော်များကို ဖွင့်ပြဟောကြား၍ ပြီးသည့်ပြင် တရားစာမူအဖြစ်ဖြင့်လည်း လက်နှိပ်စက်ဖြင့် ရိုက်နှိပ်၍ အပြီးသတ်ခဲ့ရပါသည်။

ထိုတရားတော်များ၌ ဘုရားအလိုတော်ကို သိနားလည်ကြစေရန် ရှေးခေတ်က အခြေအနေများကိုလည်းကောင်း, ယခုခေတ် အခြေအနေများကိုလည်းကောင်း မိမိဉာဏ်မီသမျှ ဖော်ပြဟောကြားထားပါသည်၊ ဗုဒ္ဓသာသနာ အပြင်ပက အကြောင်းအရာများကိုသာမဟုတ်ပဲ ဗုဒ္ဓသာသနာတော်တွင်းဆိုင်ရာ အယူဝါဒအကွဲအပြား အရှုပ်အထွေးများကိုလည်း အဂတိမလိုက်ပဲ ဖော်ပြသင့်သမျှကို ဖော်ပြထားပါသည်၊ အချို့အရာများကိုမူ ဖော်ပြသင့်သော်လည်း ခေတ်ကာလ အခြေအနေအရ မလိုလားသူတို့က အပြစ်မြင်ဖွယ်ရှိမည်ဖြစ်သောကြောင့် မဖော်ပြဘဲ ခြွင်းချန် ထားရပါသည်။

ဤသုတ်တရားတော် သုံးရပ်ဖြင့် မြတ်စွာဘုရား၏ အလိုတော်မှာ အငြင်းအခုံစသည် မဖြစ်ရအောင် ကျင့်သုံးရန်၊ ကိုယ့်အယူမှားကို အထင်ကြီးပြီး သူတစ်ပါးတို့ကို နှိပ်ချလျက်ပြောဆို ငြင်းခုံခြင်းမြုပရန်၊ ငြင်းခုံမှု လုံးဝကင်းသော ရဟန္တာအဖြစ်သို့ ရောက်အောင် အပြည့်အစုံ ကျင့်သုံးကြရန် ဖြစ်ပါသည်။

သို့ဖြစ်၍ ယင်းဘုရားအလိုတော်နှင့်အညီ တင်းတင်းရင်းရင်း ပြည့်ပြည့်ဝ၀ ကျင့်သုံးကြ၍ အရိယမဂ်ဖိုလ် တရားမြတ်များကို လျင်မြန်စွာရကြပါစေဟူ၍ ဆုတောင်းမေတ္တာ ပို့သရင်း ဤအမှာစကားရပ်ကို အပြီးသတ်လိုက် ပါ တော့ သည်။

 

 

အရှင်သောဘန

အဂ္ဂမဟာပဏ္ဍိတ

ဆဋ္ဌသင်္ဂီတိ ပုစ္ဆက

မဟာစည်ဆရာတော်

သာသနာ့ရိပ်သာ ရန်ကုန်၊

၁၃၄၀-ခုနှစ်၊ ဦးတန်ခူးဆုတ် ()ရက်

(၁၊ ၅၊ ၁၉၇၈