ဓမ္မဒါယဒသုတ်တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

သီလစသော အကျင့်ကောင်းများပျက်နေလျှင် ကပိလရဟန်းကဲ့သို့ ငရဲကျရောက်၍ အလွန်ဆင်းရဲကြရမည်ကို လည်းကောင်း

ဓမ္မဒါယဒသုတ်တရားတော်

Published Date - 1979

Author By - မဟာစည်ဆရာတော်ဘုရားကြီး

258 စာမျက်နှာ


နိဒါန်း

 

ဓမ္မဒါယာဒသုတ် ဟောခြင်းအကြောင်း

အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကောသလတိုင်းပြည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသည်။ ထိုစဉ်အခါဝယ် ဗုဒ္ဓသာသနာတော်၌ လှူဒါန်းပူဇော်သူတို့ များပြားသောကြောင့် ပစ္စည်းလာဘ်လာဘ အလွန့်အလွန်ပေါများနေစဉ်မှာ ပစ္စည်းလာဘ်လာဘ ရရှိရေးအတွက် အချို့သောပုထုဇဉ်ရဟန်းတို့က မဖွယ်မရာကျယ်လောင်စွာ ပြောဆိုနေကြသည်ကို ကြားသိတော်မူ၍ ရဟန်းတို့အား ပစ္စည်းများမအပ်စပ်ဟု သိက္ခာပုဒ်ပညတ်ရန် မဖြစ်နိုင်သောကြောင့် ယင်းအစား ဤဓမ္မဒါယာဒသုတ်တရားကို မြတ်စွာဘုရားရှင်က မဟာကရုဏာတော်ဖြင့် ဟောကြားတော်မူခဲ့ပေသည်။

သာသနာအရေး စိတ်မအေးကြ

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ်တစ်ရာခန့် ကာလမှစ၍ ငွေကိုမအပ်မရာ အလှူခံခြင်းစသည်ဖြင့် ပစ္စည်းအမွေခံယူရေးကို အလေးပြုလာခဲ့ကြသောကြောင့်လည်းကောင်း၊ အထူးအားဖြင့် ယခုခေတ်အခါ၌ ကျောင်းလုမှုများအထိ အရှုပ်အထွေးများ ထင်ရှားပေါ်ပေါက်နေသောကြောင့် လည်းကောင်း ဗုဒ္ဓသာသနာတော်ကို ကြည်ညိုလေးစားကြသော ရဟန်းရှင်လူတို့မှာ သာသနာတော်တည်တံ့ထွန်းကားရေး, သန့်ရှင်းစင်ကြယ်ရေးအတွက် စိတ်မအေးဘဲ ရှိနေကြရပါသည်။

အေးစေမည့်ကျမ်းစာ ထွက်ပေါ်လာသည်

ဤကဲ့သို့ သောကရှုပ်ထွေး စိတ်မအေးဘဲ ဆင်းရဲနေကြသော အချိန်အခါ၌ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးက ယင်းဓမ္မဒါယာဒသုတ် ပါဠိတော်ကိုဖွင့်ပြ ဟောကြားတော်မူပြီးနောက် တရားအမွေကိုခံယူမှသာလျှင် မျက်မှောက်၌ ကဲ့ရဲ့ဖွယ်စသော အပြစ်ကင်း၍ ချမ်းသာခြင်း, အပါယ်ဆင်းရဲစသည်မှ လွတ်ကင်း၍ နိဗ္ဗာန်ချမ်းသာကို ရနိုင်ခြင်းဟူသော အကျိုးများကို ထင်ရှားဖော်ပြလျက် တရားအမွေခံ ဓမ္မဒါယာဒသုတ်တော် ဟူသောအမည်ဖြင့် စာမူသန့်ပြုလုပ်၍ ဖြန့်ချိတော်မူစေပါသည်။

နည်းယူဖွယ်ကောင်းလှ ရေးဖွင့်ပြ

ယင်း တရားစာ၌ အလွန်သိမ်မွေ့ နက်နဲသော အနက် အဓိပ္ပါယ်ရှိသည့် (ပါဠိတော်လာ) ပုဒ်, ဝါကျတို့ကို တစ်ပုဒ်ချင်း, တစ်ဝါကျခြင်း အနက်ပေးပြီးလျှင် အဓိပ္ပါယ်ကိုလည်း အသိဉာဏ်ရှင်းအောင် တစ်ဆက်တည်း ရေးသားဖော်ပြထားပါသည်၊ နမူနာပုံစံထုတ်ပြရလျှင် (နှာ -၅၉) ဗာဟုလိကာနှင့် သာထလိကာပုဒ်တို့ကို ရှင်းပြခြင်းမျိုးပင် ဖြစ်ပါသည်။

ယင်းသို့ တစ်ပုဒ်ချင်း, တစ်ဝါကျချင်း ရှင်းပြပြီးနောက် ပုဒ်အများ, ဝါကျအများကိုလည်း ပေါင်းစပ်၍ အသိဉာဏ်ရှင်းသည်ထက်ရှင်းအောင် အကျယ်ဖွင့်ပြထားပြန်ပါသည်။ ပုံစံပြရလျှင် (နှာ-၅၉ ) ပစ္စည်းရဖို့ လာဘ်ရဖို့ ဘုန်းကြီးဖို့ ဒီဘက်က ဂရုစိုက်နေတယ် စသည်ဖြင့် ဖွင့်ပြထားခြင်းမျိုးပင် ဖြစ်ပါသည်။

အကျယ်ချဲ့၍ ဖွင့်ပြပြီးနောက် အလွယ်တကူ နှုတ်တက်ဆောင်ထားနိုင်ရန် အကျဉ်းချုပ် ဆောင်ပုဒ်များကိုလည်း အသင့်စီပြီး ဖော်ပြထားပါသည်။ ပုံစံပြရလျှင် (နှာ-၁၀-) ပစ္စည်းများရေး၊ အလေးပေး၊ ကျင့်ရေးပေါ့လျှော့လျှင် ဟူသော ဆောင်ပုဒ်မျိုးပင်။

တစ်သုတ်လုံးမှ ချုံး၍ပြ

ဓမ္မဒါယာဒ တစ်သုတ်လုံး၌ အကျယ် ဟောပြထားသော တရားအားလုံးကို အကျဉ်းချုံး၍ စာကြောင်းရေ (၁၀) မျှဖြင့် နှီးနှော ဖော်ပြထားချက်လည်း ပါရှိပေသည်၊ ပုံစံပြရလျှင် (နှာ-၂၀၂-)- မြတ်စွာဘုရားက ငါဘုရား၏ တရားအမွေကို ခံယူကြ၊ ပစ္စည်းအမွေကို မခံယူကြနဲ့၊ ပစ္စည်းအမွေကို ခံယူရုံမျှဖြင့် အားရမနေကြနဲ့လို့ ညွှန်ကြားတော် မူခဲ့ပါတယ်၊ အဲဒါကို အရှင်သာရိပုတ္တရာမထေရ်မြတ်က ကဲ့ရဲ့ဖွယ်အပြစ်သုံးပါးနဲ့ ချီးမွမ်းဖွယ်ဂုဏ်သုံးပါးဖြင့် ဝေဖန်ဖွင့်ပြပြီးတော့ မြတ်စွာဘုရားက ပယ်ရန်ဟောထားတဲ့ လောဘ အစ, ပမာဒအဆုံးရှိသော ကိလေသာ (၁၆)ပါးတို့ကို ပယ်ကြရမယ်၊ အဲဒီလို ပယ်ရင် ချီးမွမ်းဖွယ်ဂုဏ်နဲ့ ပြည့်စုံပြီး တရားအမွေခံ အစစ်ဖြစ်နိုင်တယ်

ဆိုတာကိုလဲ သိစေပါတယ်၊ အဲဒီ ကိလေသာတွေပယ်ဖို့ မဂ္ဂင်ရှစ်ပါး ဆိုတဲ့ အလယ်လမ်းမှန်အကျင့်တရားကိုလဲ ထုတ်ဖော်ပြီး ဟောခဲ့ပါတယ်ဟူ၍ တစ်သုတ်လုံး၌ အကျယ်ဟောထားသည့် တရားအားလုံးကို အကျဉ်းချုံး၍ နှီးနှောပြထားခြင်းမျိုး ဖြစ်ပါသည်။

ဤကဲ့သို့ အကျဉ်းချုံး၍ ပြထားခြင်းသည်-

၁။ ဟောကြားသည့် ပုဂ္ဂိုလ်အားဖြင့် မြတ်စွာဘုရားနှင့် အရှင်သာရိပုတ္တရာ၊

၂။ ဟောကြားပုံအစီအရင်အားဖြင့် မြတ်စွာဘုရား၏ တိုက်တွန်းညွှန်ကြားချက်နှင့် အရှင်

သာရိပုတ္တရာ၏ အကျယ်ဟောပြချက်၊

၃။ အမွေအားဖြင့် တရားအမွေနှင့် အာမိသပစ္စည်းအမွေ၊

၄။ အပြစ်နှင့်ဂုဏ်အားဖြင့် ကဲ့ရဲ့ဖွယ်သုံးပါးနှင့် ချီးမွမ်းဖွယ်သုံးပါး၊

၅။ တရားအယုတ်အမြတ်အားဖြင့် ပယ်သင့်သော ကိလေသာ (၁၆) ပါးနှင့် ပွားစေသင့်သော ပယ်ကြောင်း အကျင့်မဂ္ဂင် () ပါးဟူသောတစ်သုတ်လုံး

အကျယ်ပြထားသည့် တရားအားလုံးကို အကျဉ်းချုပ်ဆက်စပ်လျက် နှီးနှောပြထားသောကြောင့် အလွန်ပင် နည်းယူဖွယ် ကောင်းလှပါပေသည်။

သာသနာပြုရာဝယ် နည်းယူဖွယ်

ဆရာတော်ဘုရားကြီးသည် ပဋိပတ္တိသာသနာ ထွန်းကားရေးကို မြှော်မြင်ရှေးရှု အလေးပြုတော်မူ၍ အမြို့မြို့အနယ်နယ်တို့၌ ရိပ်သာကျောင်းခွဲများကို အသိအမှတ်ပြုလျက် ကူညီစောင့်ရှောက် နေရာတွင် ကျောင်းရရှိရေး (ပြဿနာ)နှင့် စပ်၍ဆရာတော်ဘုရားကြီးထံသို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ မကြာမကြာ ရောက်လာတတ်ကြပါသည်။

ထိုသို့သော ပုဂ္ဂိုလ်များအား သက်ဆိုင်ရာကျောင်းပြဿနာကို လောကဓမ္မ နှစ်ဌာနလုံးတွင် အပြစ်ကင်းအောင် ညွှန်ပြမိန့်ကြားတော်မူပုံနှင့် ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ကျောင်းနှင့်စပ်၍ တွေ့ကြုံရသော အရှုပ်အထွေးများကို နှလုံးမသွင်း ဂရုမစိုက်တော့ဘဲ စွန့်ပယ်ထားကာ လျစ်လျူရှုနေပုံတို့ကို (နှာ-၁၀-၁၁) တို့၌ ဖော်ပြထားပါသည်၊ ထိုသို့ပြထားချက်မှာ ဓမ္မအမွေခံယူကာ သာသနာပြုလိုသည့် ပုဂ္ဂိုလ်များအတွက် နည်းယူဖွယ် ကောင်းလှပါပေသည်။

ဘုရားရှင်အလိုတော်ကျ ရှင်းလင်းပြသည်

ယခု ခေတ်ကာလ၌ တချို့က မိမိတို့ ဆရာသမား ထံမှ အဆောက်အအုံများရတာကို အမွေရတယ်လို့ ဆိုကြသည်၊ တချို့ကတော့ ဆရာသမား၏ ဒကာဒကာမများနှင့် အဆက်အသွယ်မပြတ်ဘဲ ဆက်စပ်ခင်မင် သိကျွမ်းနိုင်တာကို အမွေရတယ်လို့ ဆိုကြသည်၊ တချို့ကတော့ ဆရာသမား၏ ဆေးဝါးဓာတ်စာ ယတြာနည်းနှင့် လက်ဖွဲ့အင်းအိုင်, မန္တာန်နည်း စသည်တွေ ရလိုက်တာကို အမွေရတယ်လို့ ဆိုကြသည်။

ဘုရားရှင်၏ အလိုတော်အားဖြင့် အဲဒါတွေ အားလုံးဟာ ပစ္စည်းအမွေတွေချည်းပဲ၊ အဲဒီပစ္စည်း အမွေတွေကို တကယ့် အမွေအစစ်အနေနဲ့ သာယာတပ်မက်ပြီး ခံယူနေလျှင် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် တွေ့ကြရမည့် အကြောင်းကို (နှာ ၂၈-၂၉) တို့၌ပစ္စည်းမွေမျှ, ခံယူက, ဒုက္ခမကင်းပါ-အစရှိသော ဆောင်ပုဒ်များဖြင့် အထင်အရှား ဖော်ပြထားပါသည်။

ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထဟူသော မိန့်ခွန်းတော်အရ ဘုရားအလိုတော်ကျ ဓမ္မအမွေကိုသာ ခံယူကြရန် ကိုလည်း (နှာ --) တို့၌ ပါဠိနှင့် အနက် အဓိပ္ပာယ် တို့ကို ရှင်းလင်းဖွင့်ပြပြီးလျှင် နှာ ၁၄-စသည်၌ ငါ့တပည့်တွေ, တရားမွေ, ခံစေချင်လှသည်ဟူသော ဆောင်ပုဒ်ဖြင့် ထပ်ကာထပ်ကာ ဖော်ပြထားပါသည်။

ပယ်ရန်ညွှန်ပြ ကျိုးများလှ

ပယ်ရန်ညွှန်ကြား, တရားများ, ပယ်ရှားကြလေလျှင်ဟူသော ဆောင်ပုဒ်ဖြင့် မြတ်စွာဘုရား ညွှန်ကြားတော်မူသည့်အတိုင်း လောဘ, ဒေါသစသော ကိလေသာတို့ကို ပယ်ရန်ခွဲခြားပြရာ၌ ကိုယ်ဖြင့်, နှုတ်ဖြင့် ကျူးလွန်လျက်ဖြစ်သော ကိလေသာကြမ်းတို့ကို သီလဖြင့်ပယ်ပုံ၊ စိတ်ကူးထဲ၌ ဖြစ်သောကိလေသာ အလတ်စားတို့ကို သမာဓိဖြင့်ပယ်ပုံ၊ ထင်ရှားသိထားသည့် အာရုံ၌ဖြစ်ထိုက်သော အာရမ္မဏာနုသယ ကိလေသာအနုစားတို့ကို ဝိပဿနာဖြင့်ပယ်ပုံ၊ ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တို့သန္တာန်၌ ဖြစ်ခွင့်ရှိနေသော သန္တာနာနုသယ ကိလေသာအနုစားတို့ကို အရိယာမဂ်ပညာဖြင့် ပယ်ပုံများကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပါသည်။ (နှာ-၇၀)

ဤကဲ့သို့ရှင်းလင်းစွာ ခွဲပြထားခြင်းသည် မိမိသန္တာန်၌ တည်ရှိနေသော ပယ်သင့်သည့် ကိလေသာအဆင့်ဆင့်နှင့် ပယ်နိုင်ကြောင်း တရားတို့ကို ဆက်စပ်၍ ညွှန်ပြထားသဖြင့် မြတ်စွာဘုရား၏ ဓမ္မအမွေမြတ်ကို တကယ်ခံယူလိုသော ပုဂ္ဂိုလ်များအတွက် အလွန်ပင် အကျိုးများဖွယ် ရှိပါပေသည်။

ပစ္စည်းမွေမျှ ခံယူက များလှအပြစ်တွေ

ပစ္စည်းအမွေမျှ ခံယူသော ပုဂ္ဂိုလ်များမှာ ပစ္စည်းတွေရခြင်းကြောင့် လောဘဖြစ်ပုံ၊ မရခြင်းကြောင့် ဒေါသဖြစ်ပုံ၊ လောဘဆိုတဲ့ တဏှာကို အမှီပြု၍ အကုသိုလ် -မျိုးဖြစ်ပွားပုံများဖြင့် အပြစ်များကြောင်းကို နှာ-၁၂၃- ဖော်ပြထားသဖြင့် ယင်းသို့ အပြစ်များပုံကို လေးလေးနက်နက် သတိပြုမိပါက ပစ္စည်းအမွေခံယူခြင်း၌ အပြစ်မြင်၍ တရားအမွေခံယူရန် စိတ်ဆန္ဒထက်သန် လာဖွယ် ရှိပေသည်။

ဒေါသကြဉ်ဖယ် ကျိုးများဖွယ်

အမျက်ဒေါသသည် အမျက်ဒေါသရှင်ကို ယုတ်ညံ့စေလျက် ဆုတ်ယုတ်စေပုံ၊ မိတ်ပျက်ဆွေပျက် ဖြစ်စေလျက် အကျိုးမဲ့ ဖြစ်စေတတ်ပုံတို့ကို ကွက်ကွက်ကွင်းကွင်း ထင်လင်းပေါ်လွင်စေလျက် အမျက်ဒေါသကို စက်ဆုပ်ဖွယ် ထင်လာအောင် နှာ-၁၂၅- ဖော်ပြထားခြင်း၊ ဖြစ်ပေါ်လာသည့် အမျက်ဒေါသကိုဆင်ခြင်၍ ပယ်ဖျောက်နည်း၊ ဖြစ်ဆဲ၌ ရှုမှတ်၍ ပယ်ဖျောက် နည်းတို့ကို နှာ ၁၂၉- ဖော်ပြထားခြင်းတို့သည် လက်တွေ့သုံးသပ်လျက် စာဖတ်သူအား လောကဓမ္မ နှစ်ဌာနလုံး၌ လက်ငင်းဓိဋ္ဌ ထူးမြတ်လှသည့် အကျိုးများကို ရစေမည်မှာ ဧကန် အမှန်ပင် ဖြစ်ဖွယ်ရှိပါသည်။

ဒေါသတူစွာ ပယ်ဖို့ရာ

အမျက်ဒေါသနည်းတူပင် ဥပနာဟ-ရန်ငြိုးဖွဲ့ခြင်း၊ မက္ခ-သူ့ကျေးဇူးကို ချေဖျက်ခြင်း၊ ပဠာသ-မြင့်မြတ်သူကို ဂုဏ်ပြိုင်ခြင်း၊ ဣဿာ-မနာလိုခြင်း၊ မစ္ဆရိယ-ဝန်တိုခြင်း၊ မာယာ-မိမိအပြစ်ကို ဖုံးကွယ်၍ လှည့်စားခြင်း၊ သာဌေယျ-မရှိသည့် ဂုဏ်ဖြင့် ဝါကြွားခြင်း၊ တမ္ဘ-မကိုင်းညွတ် မရိုသေခြင်း၊ သာရမ္ဘ-နှိမ်ချိုးရန် သူ့ထက်ကျောအောင် ပြုခြင်း၊ မာန-အထင်ကြီးခြင်း၊ အတိမာန-ဘဝင်မြင့်၍ သူများကို အထင်သေးခြင်း၊ မဒ-မာန်ယစ်ခြင်း၊ ပမာဒ-မေ့ခြင်း ဟူသော အယုတ်တရားများက ယင်း အယူတ်ရားရှိသူကို ယုတ်ညံ့စေပုံနှင့် ယင်းအယုတ်တရားများ ပယ်ဖျောက်နည်းတို့ကို နှာ (၁၂၃-မှ ၁၉၈) အထိ ရှင်းလင်းဖော်ပြထားပေသည်၊ ထိုဖော်ပြချက်က စာဖတ်သူအား လူဖြစ်ရကျိုးနပ်ပါပေပြီလို့ ဆိုရလောက်အောင် လောကဓမ္မနှစ်ဌာနလုံး၌ များစွာသော၊ အကျိုးတို့ကို ရစေနိုင်မည်မှာ ထင်ရှားလှပါပေသည်။

ထိတ်လန့်ဖွယ်ပြ သံဝေဂ

ကြုံခဲလှသည့် ဗုဒ္ဓသာသနာတော်နှင့်တွေ့ကြုံနေကြပါလျက် တရားအမွေ ခံယူနိုင်ကြောင်းဖြစ်သည့် သီလစသော အကျင့်ကောင်းများ ပျက်နေလျှင် ကပိလရဟန်းကဲ့သို့ ငရဲကျရောက်၍ အလွန်ဆင်းရဲကြရမည်ကို လည်းကောင်း၊ ပြိတ္တာဖြစ်လျက် မီးရဲရဲတောက်နေသည့် သင်္ကန်း သပိတ်စသည်ဖြင့် အတိဒုက္ခရောက်နေကြရသော ပါပဘိက္ခု၊ စသည်တို့ကဲ့သို့ အကြီးအကျယ် ဆင်းရဲကြရမည်ကိုလည်းကောင်း နောက်ဆက်တွဲကို ဖတ်ရှုမိသူမှာ ထင်ရှားတွေ့ရ၍ ထိတ်လန့်ခြင်း သံဝေဂကို ဖြစ်ပွားစေလျက် တရားအမွေ ခံယူရအောင် ကျင့်ခြင်းဖြင့် အကျိုးများဖွယ် ရှိသည်မှာလည်း ထင်ရှားလှပါပေသည်။

တရားအမွေပင် ခံစေချင်

ယခုခေတ်နှင့်လျော်ညီစွာ သိကောင်းစရာ အဖြာဖြာတို့ဖြင့် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဖွင့်ပြဟောကြား ရေးသားစီရင်အပ်သော ဤတရားအမွေခံ ဓမ္မဒါယာဒသုတ် တရားတော်ကို နိဒါန်းမှ နိဂုံးအထိ နောက်ဆက်တွဲပါ စေ့စပ်သေချာစွာ ဖတ်ရှုကြပြီးလျှင် ကဲ့ရဲ့ဖွယ်သုံးပါးကိုပယ်ရှား၍ ချီးမွမ်းဖွယ်သုံးပါးနှင့်ပြည့်စုံကာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မဂ္ဂင်ရှစ်ပါးကို ပြည့်စုံအောင် ပွားများနိုင်ကြသဖြင့် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အလိုတော်နှင့်အညီ တရားအမွေမြတ်ကို ခံယူနိုင်ကြပါစေ။

 

(မေဒိနီ) ဦးကုဏ္ဍလ

ကမ္မဋ္ဌာနစရိယ

မဟာစည် သာသနာ့ရိပ်သာ

ရန်ကုန်မြို့။

၁၃၄၀-ခုနှစ်၊ တော်သလင်းလပြည့်ကျော် -ရက်။

(၂၂--၁၉၇၀)