အာသီဝီသောပမသုတ်တရားတော်ကြီး

Author By - မဟာစည်ဆရာတော်ဘုရားကြီး

test

အာသီဝီသောပမသုတ်တရားတော်ကြီး

Published Date - 1985

Author By - မဟာစည်ဆရာတော်ဘုရားကြီး

538 စာမျက်နှာ


ရှေးဦးစကားလက်ဆောင်

 

ကျွန်ုပ်တို့ ကျောင်းသားဘဝ လွန်ခဲ့သောအနှစ် (၅၀) ကျော်က သတင်းစာဆောင်းပါးတခုတွင်သိပ္ပံပညာရှင်များ၏ ယူဆချက်အရ ရှေးနှစ်ပေါင်းများစွာက အသံလှိုင်းများသည် စကြဝဠာအတွင်း ပျံ့နှံ့လျက် ရှိနိုင်သည်ဖြစ်ရာ ၎င်းအသံလှိုင်းများကို ပြန်လည်ဖမ်းယူ နားထောင်နိုင်ရန် အကြောင်းရှိသည် ဟူသော မှန်းမျှော်ယူဆချက် တွေ့ရှိဖတ်ရှုခဲ့ရသည်ကို မှတ်မိပေသည်၊ ထိုစဉ်က မိမိတို့စိတ်တွင် ဖြစ်ပေါ်ခဲ့သည်မှာ ဤယူဆချက်အရ ဖြစ်မြောက်အောင်မြင်လျှင် အနန္တကျေးဇူးတော်ရှင် မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး ဟောကြားမြွက်ဟတော်မူခဲ့သော တရားဓမ္မတော်များ၊ လက်ဝဲရံ-လက်ယာရံ သာဝကကြီးများ၏ တရားအသံတော်များ ပြန်လည်ကြားနာရလျှင် ကောင်းလေစွဟု အောက်မေ့မိခဲ့ပါသည်။

ယခုအချိန်အထိ အဆိုပါမျှော်မှန်းချက် အောင်မြင်သည်ကို မတွေ့ရသေးသော်လည်း ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဖြစ်ထွန်းပေါ်ပေါက်လျက် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီးတွင် နှစ်ပေါင်းများစွာ ဟောကြားတော်မူခဲ့သော တရားတော်များကို နာကြားရသည့်အခါ နှစ်ထောင်းအားရ နှစ်သိမ့်ခြင်း ပီတိများ တဖွားဖွား ဖြစ်ပေါ်ရပေသည်၊ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ရောက်ရှိပြီး တရားတော်များဟော ကြားချီးမြှင့်တော်မူခဲ့သော်လည်း ၁၃၂၄-ခု၊ တော်သလင်းလမှစ၍ ကရုဏာကြီးမားစွာဖြင့် နောင်လာ နောက်သားများ ကြားနာ

ကြည်ညိုနိုင်ရန်ဟူသော မြွက်ဟချက်ဖြင့် ဓမ္မစက္ကပဝတ္တနသုတ်တရားတော်ကြီးမှစ၍ အစဉ်အတိုင်း များစွာသော သုတ်တရားတော်များကို ဟောကြားတော်မူခဲ့ပေသည်၊ ဤစာရေးသူနှင့် ထိုစဉ်က ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသိန်းအောင်၊ ကျောင်းဒါယကာဦးကြင်ပို့ တို့ပါဝင်သော ဥပါသကာများ၊ အန္တေဝါသိက တပည့်ကြီးများက ရီကော်ဒါများဖြင့် အသံဖမ်းယူခဲ့ပါသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ကြည်လင် ပြတ်သားသော အသံတော်များဖြင့် အပိုအလိုမရှိ တိတိကျကျ ဟောကြားတော်မူလျက် ဝိပဿနာအလုပ်ဖြင့် အမြဲတမ်း တန်ဆာဆင် ဟောကြားတော်မူသည့် တရားတော်များ၏ အဖိုးအနဂ္ဃထိုက်တန်ပုံကို ထိုစဉ်က သဘောပေါက်တော်မူခဲ့သော မဟာစည် နာယကအဖွဲ့ကြီး၏အဖွဲ့ဝင်နှင့် ယခု ဖျာပုံမြို့ သာသနာ့ရိပ်သာ နာယကဆရာတော် ဦးဝဏ္ဏိတ အရှင်သူမြတ်သည် ၎င်း၏တပည့်များ အကူအညီဖြင့် တိတ်ကြိုးခွေများမှ အသံထုတ်လျက် စာမူများပြုစုထားခဲ့ပါသည်၊ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က ဤစာရေးသူနှင့် ဦးသိန်းအောင်တို့သည် မိမိတို့ထံရှိ စာမူများကို ဆရာတော်ဘုရားကြီးထံတင်ပြ၍ ကျမ်းစာအုပ်များအဖြစ် ရောက်ရှိနိုင်ရန် လျှောက်ထားခဲ့သည့်အတိုင်း ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တည်းဖြတ်သုတ်သင်ခြင်းဖြင့် စာမူချောများအဖြစ် ရောက်ရှိခဲ့ပြီး ဓမ္မစကြာတရားတော်ကြီး အစရှိသော ကျမ်းစာအုပ်များ အဆက်မပြတ် ထွက်ပေါ်ခဲ့ပါသည်၊ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းများ မနားမနေ ဆောင်ရွက်နေရသည့် ကြားမှပင် ကျမ်းစာအုပ်များ ရေးသားပြုစုတော်မူခဲ့ပေရာ သင်္ခါရတရားတို့၏ သဘောတရားအရ ဇရာတရားသည်လည်း တဖြည်းဖြည်း ဆရာတော်ဘုရားကြီးအား လွှမ်းမိုးခဲ့ပေသည်၊ သို့ဖြစ်ရာ ဆရာတော်ဘုရားကြီး၏ နှုတ်တော်မှ အခါအားလျော်စွာ ကျမ်းစာရေး ခြင်းနှင့်ပတ်သက်၍ မိန့်မြွက်တော်မူသည်မှာတော်လောက်ပါပြီ၊ ဘုန်းကြီးဟောကြား ရေးသားခဲ့တာတွေ ပြည့်စုံပါပြီ၊ဟူသော စကားတော်များပင် ဖြစ်ပါသည်။

မှန်ပါသည် ဤကဲ့သို့သော အခြေအနေတွင် ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးအား မိမိထံတွင် ကျန်ရှိနေသောအာသီဝိသောပမသုတ်တရားတော်စာမူကြီးနှင့် အခြားစာမူနှစ်ခုကို တင်ပြ လျှောက်ထားလျှင် အထာမသိသော တပည့်တဦး အဖြစ်ရောက်ရှိပေတော့မည်၊ သို့ဖြစ်ရာ နောင်အကြောင်းအားလျော်စွာ အခြေအနေကြည့်၍ အသုံးပြုရပေတော့မည်ဟု ဆုံးဖြတ်ခဲ့ပါသည်၊ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး နောက်ဆုံးတည်းဖြတ်တော်မူခဲ့သော အဘိဓမ္မာ တရားတော်၏ နိဒါန်းစာမူကို ဝက်လက်ဆရာတော် မစိုးရိမ်ဦးတိဿထံမှရရှိပြီး ဤစာရေးသူပင် ကိုယ်တိုင် ဆရာတော်ဘုရားကြီးအား ဆက်ကပ်ခဲ့ပါသည်၊ ဆရာတော်ဘုရားကြီးသည် အဘိဓမ္မာတရားတော်ကြီး စာအုပ်အဖြစ်သို့ မရောက်မီ ၁၃၄၄-ခု ဒုတိယဝါဆိုလဆုတ် (၁၀) ရက်နေ့တွင် သင်္ခါရတရားအားလျော်စွာ ရုပ်နာမ်ခန္ဓာကို စွန့်ခွာတော်မူခဲ့လေပြီ၊ အဘိဓမ္မာတရားတော် စာအုပ်ကြီးမှာ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ နောက်ဆုံးပြုစုရေးသား သွားတော်မူသော တရားတော်ကြီးအဖြစ် ကျန်ရစ်ခဲ့ပါသည်။

ဆရာတော်ဘုရားကြီး စံလွန်တော်မူပြီး ဤစာရေးသူထံတွင် စာမူကြီးသုံးခုမှာ တပွေ့တပိုက် ကျန်ရစ်လျက်ရှိရာ ယခု သြဝါဒါစရိယဆရာတော် အရှင်ပဏ္ဍိတာဘိဝံသထံ တင်ပြလျက် ကျမ်းစာအုပ်အဖြစ်သို့ ရိုက်နှိပ်နိုင်ရန် ခွင့်ပန်လျှောက်ထားပြီး ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ အမှုဆောင်အစည်းအဝေးတွင် တင်ပြခွင့်ပန်ရရှိခဲ့ပါသည်၊ သြဝါဒါစရိယ ဆရာတော်ဘုရားကလည်း မိမိ၏တပည့်များအား ကြည့်ရှုစေပြီး ခွင့်ပြုခဲ့သဖြင့် စက်တင်ပုံနှိပ်ရန် စီစဉ်ခဲ့ရပါသည်၊ ထိုကဲ့သို့ စီစဉ်ခဲ့သည့်အတိုင်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော နက်နဲသိမ်မွေ့သည့် မြတ်စွာဘုရားတရားတော်များအနက် ဤအာသီဝိသောပမသုတ် တရားတော်ကြီးမှာ ဆရာတော်ဘုရားကြီး၏ နှုတ်တော်မှ မြွက်ဟတော်မူခဲ့သည့်အတိုင်း တလုံးတပါဒမကျန် (တည်းဖြတ်သုတ်သင်တော်မူခြင်း မခံရသော) ပထမဦးဆုံး ကျမ်းစာ, စာအုပ်ကြီးဟုဆိုလျှင် မှားအံ့မထင်ပေ။

အစိန္တေယျ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ကျွတ်ထိုက်သသူ သတ္တဝါတို့အား ဟောကြား ချွေချွတ်တော်မူရာတွင် မည်မျှဆန်းဆန်းကြယ်ကြယ် ဥပမာဥပမေယျတို့ဖြင့် ဟောကြားတော်မူပုံ၊ ထိုကဲ့သို့ လေးနက်ဆန်းကြယ်သော တရားတော်များကို ယခုခေတ်လူများပင် နားလည်သဘောပေါက်၍ သံဝေဂယူနိုင်စေရန် စေ့စေ့စုံစုံ အကျယ်တဝင့် ကရုဏာကြီးမားစွာဖြင့် တဖန်ပြန်လည်ဟောကြားတော်မူခဲ့သော ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ကျေးဇူးတော် ဂုဏ်တော်တို့ကိုအာရုံပြုလျက် ဆရာတော်ဘုရားကြီး ဟောကြားတော်မူစဉ်က အသံတော်တို့ကို ကြားယောင်ရှိပြီး သတ္တဝါဝေနေယျအပေါင်း ကျန်းမာချမ်းသာစေကြောင်းနှင့် သူတော်ကောင်းတရားသည် ဤကမ္ဘာကြီးနှင့် စကြာဝဠာတသောင်းတိုက်အား လွှမ်းမိုးရစ်ပတ် ပါစေသောဟု ဆုမွန်တောင်းလျက် နိဂုံးချုပ်အပ်ပါသည်။

 

အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ

 

 

ဦးသိန်းဟန်

ဘီ-အေ-ဘီ-အယ်လ်

မဟာစည်ယောဂီ၊ ရန်ကုန်မြို့။

၁၈--၈၅