အာဒိတ္တသုတ္တန်တရားတော် (အကြီး)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

အာဒိတ္တဟူသည်ကား အလျှံတပြောင်ပြောင် တောက်လောင်နေသည်ဟု ဆိုလိုပါသည်

အာဒိတ္တသုတ္တန်တရားတော် (အကြီး)

Published Date - 2011

Author By - မဟာစည်ဆရာတော်ဘုရားကြီး

390 စာမျက်နှာ


အမှာစာ

 

ဗုဒ္ဓမြတ်စွာသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၀ ကျော်က ပါဠိဘာသာဖြင့်အာဒိတ္တအမည်ရှိသော သုတ္တန်တရားတော်ကြီးကို ဟောကြားတော်မူခဲ့ပါသည်။ ထိုသုတ္တန်တရားတော်ကြီးကို ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ အဂ္ဂမဟာပဏ္ဍိတ, ဆဋ္ဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီးက မြန်မာဘာသာပြန်ဆိုကာ အကျယ်အားဖြင့် ဟောကြားထားပါသည်။

အာဒိတ္တဟူသည်ကား အလျှံတပြောင်ပြောင် တောက်လောင်နေသည်ဟု ဆိုလိုပါသည်။ ဤသုတ္တန်ကို ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မီးကို အမြဲပူဇော်နေကြသော ရသေ့ညီနောင်ရှင်တစ်ထောင်တို့အား ထင်လွယ်မြင်လွယ် ဉာဏ်သက်ဝင်လွယ်အောင် အလျှံတပြောင်ပြောင် တောက်လောင်နေပုံကို ဥပမာအားဖြင့် တင်စားဟောကြားခဲ့၏။

ထိုမီးတို့ကို ငြိမ်းစေနိုင်မှသာလျှင် ဒုက္ခအားလုံး ငြိမ်းမည့် အကြောင်းကိုလဲ ဟောကြားထားခဲ့ပါသည်။ မှန်လှ၏၊ ဗုဒ္ဓဘာသာဝင် သူတော်စဉ်အပေါင်းတို့သည် ကုသိုလ်ကောင်းမှုပြုပြီးသောအခါတစ်ဆယ့်တစ်သီးမီးတို့၏ ငြိမ်းအေးရာအမှန် မဟာ အသင်္ခဓာတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ ရောက်ရပါလို၏ဟု ဆုတောင်းလေ့ရှိသည့်အတိုင်း မဟာစည်ဆရာတော်ဘုရားကြီးကလည်း ထိုမီးတစ်ဆယ့် တစ်တန်ကို အကျယ်ဖွင့်ပြ ဟောကြားလျက် အကျဉ်းအားဖြင့် သိနိုင်ရန်

ရာဂ, ဒေါသ, မောဟတစ်ဖြာ၊

ဖြစ်,အို,သေရေး ပူဆွေးငိုကာ

ကိုယ်,စိတ်ဒုက္ခ, ပူရပြင်းစွာ

ကိုယ်တွင်းမီး ထိမ်ငြီးဆယ့်တစ်ဖြာ

၁။ ရာဂ

၂။ ဒေါသ

၃။ မောဟ

၄။ ဖြစ်ခြင်း

၅။ အိုခြင်း

၆။ သေခြင်း

၇။ ပူဆွေးခြင်း

၈။ ငိုကြွေးခြင်း

၉။ ကိုယ်ဆင်းရဲခြင်း

၁၀။ စိတ်ဆင်းရဲခြင်း

၁၁။ ပြင်းစွာပူပန်ခြင်းဟု ဆောင်ပုဒ်ကလေးပေးခဲ့လေသည်။

ထိုကဲ့သို့ မီးဆယ့်တစ်မျိုး လောင်နေပုံကို ဟောကြားပြီးနောက် မီးငြိမ်းဖို့ရန်အတွက် အကျယ်ဟောပြရာတွင်လည်း

မှတ်သားလွယ်ရန် အကျဉ်းဆောင်ပုဒ်ကို

မြင်,ကြား,သိတိုင်း မဆိုင်းမှတ်ပါ။

ရုပ်နာမ်မမြဲ, ဆင်းရဲချည်းသာ

ငါကောင်လဲပျောက်, မျက်မှောက်မြင်ကာ

(တစ်)ဆယ့်တစ်သီး, ဤမီးငြိမ်းစေရာဟု ပေးထားခဲ့ပါသည်။

၁။ မြင်ရာ

၂။ ကြားရာ

၃။ နံရာ

၄။ စားရာ

၅။ တွေ့ထိရာ

၆။ စိတ်ကူးစဉ်းစားကြံစည်ရာ

ဒွါရ ()ပါး၌ ပေါ်လာတိုင်းသော အာရုံများကို ပေါ်ခိုက်ပေါ်ခိုက် မပြတ်ရှုမှတ်နေလျှင် ရုပ်နာမ်ကွဲ ကြောင်းကျိုးသိ ဖြစ်ပျက်မြင်ကာ နောက်ဆုံး၌ တစ်ဆယ့်တစ်သီး မီးတို့၏ ငြိမ်းရာဖြစ်သော မဟာအသင်္ခတ ဓာတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ ရောက်နိုင်ကြောင်း ဟောပြထားသည်ကို စာရှုသူများ တွေ့မြင်ရမည်ဖြစ်ပါသည်။ ဤမျှဖြင့် အမှာစာကို နိဂုံးချုပ်၍ ကျန်သောအပိုင်းများကို တရားတော်စာအုပ်၌ ဆက်လက်ရှုစားသွားကြပါရန် အနူးအညွတ် တိုက်တွန်းအပ်ပါသည်။

 

အရှင်ဇဋိလ

မဟာစည်နာယက

မူလစံကျောင်း

မဟာစည်သာသနာ့ရိပ်သာ

ရန်ကုန်မြို့။