သာသနာ့ရိပ်သာငွေရတုတရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

အလုပ်ပေးတရားတော် မြန်မာ/အင်္ဂလိပ် ဝိသုဒ္ဓိနှင့်ဉာဏ်စဉ် အကျဉ်းချုပ်၊ဆောင်ပုဒ်များ၊သြကာသကန်တော့ခန်း၊ဘုရား၊တရား၊သံဃာဂုဏ်တော်များ၊ဘုရားရှိခိုးဆုတောင်းအမျှဝေများပါသည်

သာသနာ့ရိပ်သာငွေရတုတရားတော်

Published Date - 1978

Author By - မဟာစည်ဆရာတော်ဘုရားကြီး

170 စာမျက်နှာ


သာသနာ့ရိပ်သာ ငွေရတုတရားတော်

ဖြစ်ပေါ်လာခြင်းအကြောင်းရင်း 

ဘဝတု သဗ္ဗမင်္ဂလံ 

ဤငွေရတုတရားတော်သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ သတိပဋ္ဌာန် ဝိပဿနာအလုပ်ပေးတရားတော်ကို စတင်ဟောကြားတော်မူသည့် နှစ်မှ (၂၅)နှစ်ပြည့်မြောက်သည့် ငွေရတုသြဝါဒခံယူပူဇော်ပွဲကျင်းပသည့်နေ့က မြန်မာနိုင်ငံအရပ်ရပ်ရှိ မဟာစည် ကမ္မဋ္ဌာန်းဌာနခွဲများမှ ကြွရောက်၍ သြဝါဒခံယူတော်မူကြသော ကမ္မဋ္ဌာနာစရိယ ဆရာတော်များနှင့် ရဟန်း ရှင် လူယောဂီ သူတော်စင် မြောက်များစွာတို့အား ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် သြဝါဒပေး ဟောကြားတော်မူခဲ့သော တရားတော်ဖြစ်ပါ၍ “သာသနာ့ရိပ်သာ ငွေရတု တရားတော်”ဟု ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် အမည်ပေးတော်မူခဲ့ပါသည်။

ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချုပ်သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့၊ သာသနာ့ရိပ်သာသို့ ကြွရောက်သီတင်းသုံးတော်မူပြီးလျှင် ၁၃၁၁ ခု၊ နတ်တော်လပြည့်နေ့၌ စတင်ဟောကြားတော်မူခဲ့သည့် ဓမ္မစကြာတရားတော် ဆောင်ပုဒ်ကိုအစပြု၍ ပုံနှိပ်ဝေငှခဲ့သည့်အပြင် အခါအားလျော်စွာ ဟောကြားတော်မူခဲ့သော တရားတော်များ သြဝါဒတော်များကိုလဲ ရဟန်းရှင်လူ ယောဂီအပေါင်းတို့ ဖတ်ရှုလိုက်နာကျင့်သုံးနိုင်ရန် နှစ်လည်အစီရင်ခံစာ စာအုပ်များ၌ ထည့်သွင်းရိုက်နှိပ်၍၎င်း၊ သီးခြားစာအုပ်ရိုက်နှိပ်၍၎င်း ဖြန့်ချီလှူဒါန်းခဲ့ပါသည်။

သီးခြားစာအုပ်ရိုက်နှိပ်ဖြန့်ချီခဲ့သော တရားစာ ကျမ်းစာအုပ်တို့မှာ ၆၅ ကျော်မျှရှိပြီဖြစ်၍ သီးခြားပုံနှိပ် လှူဒါန်းခဲ့သော သြဝါဒကထာစာအုပ်တို့မှာ

၁။    ၁၃၃၄ ခုနှစ် (၂၃)ကြိမ်မြောက် သြဝါဒကထာ။

၂။    ၁၃၃၅ ခုနှစ် (၂၄)ကြိမ်မြောက် သြဝါဒကထာ။

၃။    ၁၃၃၅ ခုနှစ် (ပဌမနှိပ်) ဒုလ္လဘရဟန်းသစ်များအတွက် အထွေထွေသြဝါဒကထာ။

၄။    ၁၃၃၆ ခုနှစ်၊ (၂၅)နှစ်အတွင်း မိန့်ကြား​သော မဟာစည်သြဝါဒကထာပေါင်းချုပ်။

၅။    ၁၃၃၇ ခုနှစ်၊ (၂၆)နှစ်မြောက်နှစ်ပတ်လည်အကြိုနေ့ သြဝါဒကထာ။

၆။    ၁၃၃၈ ခုနှစ်၊ တမူးမြို့၊ မဟာစည်သာသနာ့ရိပ်သာခွဲ “ဖွင့်ပွဲ” အတွက် သြဝါဒကထာ။

၇။     ၁၃၃၈ ခုနှစ် (ဒုတိယနှိပ်) ဒုလ္လဘရဟန်းတော်များအတွက် အထွေထွေသြဝါဒကထာ။

၈။    ၁၃၂၉ ခုနှစ် ဟိတေသီအဖွဲ့ တည်ထောင်စက မိန့်ကြားခဲ့သော သြဝါဒကထာတို့ဖြစ်ပါသည်။ ထိုမှတစ်ပါး

၁။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး မြန်မာ ဘာသာဖြင့် ဟောကြားတော်မူသော တရားတော်တို့ကိုလည်းကောင်း၊ သြဝါဒတော်တို့ကိုလည်းကောင်း အသံသွင်းကူးယူ၍ ထိန်းသိမ်းလျက်ရှိပါသည်။

၂။ အင်္ဂလိပ်ဘာသာဖြင့် ဟောကြားတော်မူသော သတိပဋ္ဌာန် ဝိပဿနာအလုပ်ပေး တရားတော်ကိုလည်း အသံသွင်းကူးယူ၍ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားတို့ အကျိုးငှါ ဆင့်ပွားကူးယူဖြန့်ချီရန် စီစဉ်လျက်ရှိပါသည်။

၃။ ဆရာတော်ဘုရားကြီး ဟောကြားတော်မူသမျှ ရေးသားတော်မူသမျှ ကျမ်းစာအဝဝတို့ကိုလည်း စက်တင်ပုံနှိပ်ဖြန့်ချီလျက်ရှိပါသည်။

၄။ ယင်းပုံနှိပ်ပြီး ကျမ်းစာတို့ကိုလည်း အင်္ဂလိပ်ဘာသာပြန်၍ စက်တင်ပုံနှိပ်ပြီးလျှင် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားတို့ အကျိုးငှါ ဖြန့်ချီရန် စီစဉ်လျက်ရှိပါသည်။

၅။ ထို့ပြင် ဆရာတော်ဘုရားကြီး၏ အဖြစ်တော်စဉ်တို့ကို နောင်လာနောက်သားတို့ ကြည်ညိုနိုင်ရန် အမှတ်တရ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးထားပါသည်။

ဤသို့သော တာဝန်အရပ်ရပ်တို့ကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ဆောင်ရွက်နေစဉ် ပခုက္ကူမြို့ မဟာစည် သာသနာ့ရိပ်သာခွဲ ကျောင်းဒါယကာ ဦးဖေ၊ ဇနီး ကျောင်းအမ ဒေါ်မြင့်မြင့်ခင်၊ ညီမ ဒေါ်ထား ဒေါ်ငွေမြိုင်တို့က ၁၃၄၀ ပြည့်နှစ်၌ ကျင်းပမည့် (၂၉)နှစ်မြောက် သြဝါဒခံယူပူဇော်ပွဲတွင် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် တရားစာတမျိုးမျိုးကို အုပ်ရေ တထောင် ပုံနှိပ်လှူဒါန်းလိုပါသည်။ ဆရာတော်ဘုရားကြီးအား လျှောက်ထား၍ ဆောင်ရွက်ပေးပါဟု ကျွန်ုပ်တို့အား မေတ္တာရပ်ခံပါသည်။

ဤသည်ကို အကြောင်းပြု၍ ဤမည်သော သာသနာ့ရိပ်သာငွေရတုတရားတော် စာအုပ်ကို ဆရာတော် ဘုရားကြီး၏ ခွင့်ပြုတော်ခူချက်အရ ပုံနှိပ်ရန် အကြောင်းသင့် အခွင့်ပေါ်လာပါသည်။

ဤသာသနာ့ရိပ်သာ ငွေရတုတရားတော်သည် ပွင့်တော်မူခံပြီးကုန်သော ဘုရားရှင် အားလုံးတို့ ဟောကြားဆုံးမတော်မူခဲ့သည့် သြဝါဒတော်လည်း ဖြစ်ပြန်သည့်အပြင် တိုတိုနှင့် လိုရင်းကျင့်ဘွယ်တို့ သိနားလည်ဘွယ်တို့လည်း ပါဝင်သော တရားတော်လည်းဖြစ်ပါသောကြောင့် အုပ်ရေ တထောင်မျှသာ ပုံနှိပ်ရုံမျှနှင့် ဆရာတော်ဘုရားကြီး၏ သြဝါဒကိုခံယူရန် လာကြသည့်ပရိသတ်အတွက် လုံလောက်မည်မဟုတ်ပါ။ သို့ပါသောကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က မည်သူမဆို လှူလိုကလှူနိုင်ရန် ဖတ်လိုက ဝယ်ဖတ်နိုင်ရန် အနည်းဆုံးအုပ်ရေ ငါးထောင် ပုံနှိပ်ဘို့ရာ တာဝန်ယူဆောင်ရွက်ပါသည်။

ဤစာအုပ်၌

ဝိပဿနာအလုပ်ပေးတရားတော် (မဟာစည်မူ)၊ ယင်းတရားမူ အင်္ဂလိပ်ဘာသာပြန်၊ ဝိသုဒ္ဓိနှင့်ဉာဏ်စဉ် အကျဉ်းချုပ်၊ ဝိသုဒ္ဓိနှင့်ဉာဏ်စဉ် ဆောင်ပုဒ်များကိုလည်း ထည့်သွင်းပုံနှိပ်ထားပါသည်။ 

၁၃၄၀ ပြည့်

နတ်ယုန်လပြည့်ကျော် (၁၀)ရက် 

 

မင်္ဂလာပါခင်ဗျား

မင်္ဂလာအောင်မြင့်

ဂုဏ်ထူးဆောင်အမှုဆောင်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၊ ရန်ကုန်မြို့။