ကမ္ဘာ့သာသနာပြုတရားတော် (ပထမတွဲ)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

test

ကမ္ဘာ့သာသနာပြုတရားတော် (ပထမတွဲ)

Published Date - 1979

Author By - မဟာစည်ဆရာတော်ဘုရားကြီး

74 စာမျက်နှာ


ဆက်သွယ်ရေးနိဒါန်း


ယနေ့ သာသနာတော်၏ အသက်တမ်းကား ၂၅၂၂-နှစ် ရှိနေပြီမို့ အရွယ်တော်ရင့်ပြီး အိုမင်းသည့် အသွင်ဆောင်နေ သယောင်ပင်၊ သို့သော် တရားတော်သည်ကား စစ်မှန်တိကျခြင်းကြောင့် ကြာလေကောင်းလေ၊ ဟောင်းလေ သစ်လေ၊ ပွတ်လေ ပြောင်လေသာ ဖြစ်နေပါသည်။

လူများမှာလည်း အရွယ်ရင့်လာသောအခါဝယ် ငယ်စဉ်ကတည်းက စားလာခဲ့သော အစားအစာပင် ဖြစ်သော်လည်း တချို့အစာများသည် မကြေညက်နိုင်တော့သည့် သဘောကို ပြလာပေသည်၊ ထိုအခါ အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်အောင် ခန္ဓာကိုယ်က လက်ခံနိုင်သည့် အစားအစာကို ဓာတ်စာအဖြစ် ရွေးချယ်စားကြရသည်၊ ယင်းသို့ ဖြစ်ရခြင်းသည် အစာက မကောင်း၍ မဟုတ်ပေ၊ မိမိတို့၏ ပါစက ဝမ်းမီးက ညံ့ခြင်းကြောင့်သာ ဖြစ်ပေသည်။

ထို့အတူပင် သာသနာတော်သည်လည်း အသက်ရင့်လာပြီဖြစ်သည့် ယခုလို နောက်ပိုင်းခေတ် အချိန်များတွင် လူတွေမှာ ပါစကဝမ်းမီးတည်းဟူသော သဒ္ဓါတရားက နုံနဲ့အားနည်းလာသဖြင့် ဒါန သီလစသော သမားရိုးကျ တရားများလောက်နှင့် တချို့မှာ ယုံကြည်သက်ဝင်မှု ဖြစ်မလာကြပေ၊ ကမ္မဋ္ဌာန်းဘာဝနာတည်းဟူသော ဓာတ်စာကိုပါ ရောနှောကျွေးမှသာလျှင် ယုံကြည်သက်ဝင်နိုင်ပြီး ဗုဒ္ဓတရားတော်တည်းဟူသော အစာများကို ကြေညက်နိုင်မည် ဖြစ်ပေသည်၊ ယင်းသို့ ဖြစ်ရခြင်းသည် ဗုဒ္ဓတရားတော်ကမကောင်း၍ မဟုတ်ပေ၊ ခေတ်လူတို့၏ သဒ္ဓါတရားက အားနည်းလာခြင်း ကြောင့်ပင်ဖြစ်ပေသည်။

လောကတွင် တွေ့ဖူး သိဖူး မြင်ဖူးမှ ယုံကြည်ခြင်းသည် လူ့ထုံးစံတစ်ရပ်လို ဖြစ်နေပေသည်၊ သို့သော် ယခုအခါ လကမ္ဘာကို အာကာသယာဉ်ဖြင့် ရောက်တယ်ဆိုတာကို မယုံကြည်သူများသည် သိပ္ပံပညာ အဆင့်အတန်း နိမ့်နေသေးသလိုပင်၊ ဗုဒ္ဓတရားတော်များကို မယုံကြည်သူများသည်လည်း ဘာသာရေး အသိအမြင် အဆင့်အတန်း မမီသေးခြင်းပင်ဖြစ်သည်၊ အဆင့်အတန်းမီအောင်ကတော့ ဗုဒ္ဓဘုရားရှင်၏ တရားဓာတ်စာတွေကို ကိုယ်တိုင်ကျင့်သုံး စားသောက်ကြည့်ရမည်သာ ဖြစ်ပေသည်။

ဓာတ်စာ-ဟူသည် အထူးအဆန်း အစာတစ်မျိုး မဟုတ်ပေ၊ သင့်တော်သည့် နေရာမှာနေပြီး၊ သင့်တော်သည့် အဝတ်ကို ဝတ်လျက် စားနေကျ အစာတွေထဲမှာ မိမိနှင့်သင့်တော်သည့်အစာကို စားသုံးခြင်းသာဖြစ်သည်၊ ၎င်းကို သပ္ပာယသမ္ပဇဉ်-ဟု ခေါ်သည်၊ ထို့အတူပင် သဒ္ဓါတရား အားနည်းနေသေး၍ ရတနာ -ပါးကို မယုံကြည်ကြသေးသည့် လူများအတွက် မြတ်စွာဘုရားက တရားတည်းဟူသော ဓာတ်စာဆေးကို ပေးထားခဲ့သည်၊ တရားဆေးကို သောက်စားကျင့်သုံး နေသူတို့သည် ကာယိကဒုက္ခ ရောဂါတွေသာမက စိတ်မှာ ဖြစ်ပေါ်လေ့ရှိသည့် လောဘ ဒေါသစသည့် အညစ်အကြေးများကိုပါ စင်ကြယ်ပျောက်ကင်း သွားစေပါလိမ့်မည်။

လောက၌ လူတွေ ဆင်းရဲနေကြရခြင်းသည် မြင်ရာ ကြားရာ နံရာ စားရာ တွေ့ထိရာ စိတ်ကူးစဉ်းစားရာ သွားရာ လာရာလုပ်ကိုင်ပြောဆိုရာ စသည့် လောကီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆင်းရဲနေကြရခြင်း ဖြစ်ပေသည်။ ယင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ်စိတ်ဒုက္ခတွေမှ ကင်းဝေးလျက် ကိုယ်ရောစိတ်ပါ ချမ်းသာမှုကို လက်ငင်းရစေနိုင်သည့် ဘုရားရှင်၏ အကောင်းဆုံး ဓာတ်စားဆေးသည်ကား မြင်ယင် မြင်တယ်လို့မှတ်၊ ကြားယင် ကြားတယ်လို့မှတ်။ပ။ သွားယင် သွားတယ်လို့မှတ်စသည်ဖြင့် ရှုမှတ်ပွားများမှု ဖြစ်ကြောင်း ဤစာအုပ်၌ ဖော်ပြထားပါသည်။

စာဖတ်လို့ ရုပ်နာမ်ကွဲတာက စာကွဲ၊ တရားနာလို့ ကွဲတာက နာကွဲ၊ လက်ဖက်ရည်ကြမ်းဝိုင်းမှာ ဆွေးနွေးလို့ ကွဲတာက ရွာကွဲဟု ခေါ်ပါသည်၊ အဲဒီအကွဲတွေအားလုံးသည် သညာသိတွေသာဖြစ်သည်၊ ကိုယ်တိုင်တွေ့သိရသည့် ပညာသိအဖြစ်၊ လက်တွေ့အဖြစ်သို့ မရောက်ရှိသေးပါ၊ မြန်မာ့တက္ကသိုလ်နှင့် ကမ္ဘာ့တက္ကသိုလ်များမှ အထွေထွေဗဟုသုတများ ကဲ့သို့ပင် တကယ့်လုပ်ငန်းခွင်တွင် တွေ့ရသော ဘဝပေး အသိကလည်း တကဏ္ဍအဖြစ် နက်ရှိုင်းစွာ ပါဝင်လျက်ရှိသည် မဟုတ်လော။

သင်၏ဘဝချမ်းသာရေးနှင့် သံသရာချမ်းသာရေးကိုလည်း သညာသိတွေထက် အဆများစွာ သာလွန်သည့် ပညာသိကသာ ဖန်တီးပေးပေလိမ့်မည်။ ဗုဒ္ဓ၏တရားတော်များကို လက်တွေ့ကျကျ ကျင့်သုံးခြင်းသည်သာ ဘုရားရှင်က ပေးသည့် တရားတော် ဓာတ်စာဆေးကို စားသုံးသည်နှင့် တူပေလိမ့်မည်၊ ကျင့်သုံးမှုတည်းဟူသော ဓာတ်စာကို စားသုံးမှသာ သံသရာဒုက္ခတွေအားလုံး ချုပ်ငြိမ်းရာဖြစ်သည့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူသောအကျိုးကို ရရှိပေလိမ့်မည်။

ထိုအကျိုးကို ရရှိရန်အတွက်သာလျှင် ဗုဒ္ဓရှင်တော်ဘုရားက လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၆၇ (အနောက်တိုင်း ပညာရှိတို့ ရေတွက်ချက်အရအားဖြင့် ၂၅၂၇)နှစ်တုန်းက ဓမ္မစကြာကို စတင်လည်စေခဲ့လေသည်၊ ထိုအချိန်မှစ၍ ဘုရားရှင်သည် ယင်းတရားတော်များကို ပရိသတ်အများစုတို့ကိုလည်း အကြိမ်များစွာဟောခဲ့၏၊ တခါတလေ ကျွတ်ထိုက်သည့် ပုဂ္ဂိုလ်ထူး ပေါ်လာလျှင် အိမ်တိုင်ယာရောက်တမျိုး၊ အလုပ်ရုံနှင့် လယ်ကွင်းထဲအထိတစ်ဖုံ ကွင်းဆင်း၍လည်း ဟောပြောပြသခဲ့၏၊ ယင်းသို့ဟောရာတွင် တချို့မှာ အဓိပ္ပါယ်တူသော်လည်း ပုဂ္ဂိုလ်၏အလုပ်အကိုင် စိတ်နေ စိတ်ထား စရိုက်များနှင့် လျော်သည့်ဥပမာအမျိုးမျိုးတို့ဖြင့်လည်း ဟောခဲ့၏။

ဗုဒ္ဓ၏ တရားတော်များကို ရှေးဆန်တယ် ခေတ်နဲ့မညီတော့ဘူး လူမှုရေးကို ထုံထိုင်းစေတယ် စသည်ဖြင့် တချို့က ကဲ့ရဲ့တတ်ကြသည်၊ ဒါတွေအားလုံး လုံးဝမမှန်ကန်ပေ၊ ဗုဒ္ဓတရားတော်ထဲတွင် မင်္ဂလသုတ် သိင်္ဂါလောဝါဒသုတ် အစရှိသော သုတ္တန်များသည် လူမှုရေးတွေပင် မဟုတ်ပါလော၊ ၎င်းတို့ကို လိုက်နာခြင်းဖြင့် လူ့ဘဝ ကြီးပွားချမ်းသာ အေးချမ်းဖို့သာ ရှိပါတယ်၊ ထို့ပြင် လောဘ ဒေါသ နည်းပါးစေရမယ်၊ မေတ္တာ ကရုဏာ ရှိရမယ် စသည်တွေကကော ဘယ်လိုနည်းနှင့် လူ့အခွင့်အရေးတွေကို ဆုံးရှုံးစေနိုင်ပါမလဲ၊ အခွင့်အရေးရဖို့သာ ရှိပါသည်၊ မှန်၏၊ မေတ္တာကရုဏာ ရှိခြင်းဖြင့် ရုံးလုပ်ငန်းဆိုင်ရာတွေမှာလည်း ပျော်ပျော်ရွှင်ရွှင် လုပ်ရပေမည်၊ ရောင်းရာ ဝယ်ရာများမှာလည်း ပို၍ ပြေပြေလည်လည် ရှိပေမည်။

ဈေးဝယ်လာသူကို မေတ္တာဖြင့်သာ ချိုသာစွာ ပြောဆိုရမည့်အစား ငြင်းခုံခြင်း ရန်ဖြစ်ခြင်းဖြင့် သင့်ဆိုင်ကို မည်သူ လာဝယ်တော့မည်နည်း၊ ရုံးလုပ်ငန်းတွေမှာလည်း ထိုနည်းလည်းကောင်းပင်။ ယနေ့မျက်မှောက်ခေတ် ကမ္ဘာ့လူသားအားလုံးတို့သည်လည်း စစ်နှင့်ဖြေရှင်းသည့် ကိစ္စရပ်တိုင်း၌ နာကျည်းဖွယ်ရာ အမာရွတ်များ ထင်ကျန်ရစ်ခဲ့သည် မဟုတ်တုံလော၊ နောက်ဆုံးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြင့်သာ လုံးဝပြေလည်နေကြသည် မဟုတ်တုံလော၊ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး ဟောကြားရေးသားသည့် ဤကျမ်းစာများသည် ကမ္ဘာကြီးငြိမ်းချမ်းရေးရစေရန်နှင့် သံသရာငြိမ်းချမ်းရေးရစေရန် တရားတော်များသာ ဖြစ်ပေသည်၊ ယင်းသို့သော စာအုပ်များကို ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားရေးသားခဲ့သည်မှာ ဆရာတော်၏ သက်တော် ၇၅- နှစ် မပြည့်မီ အချိန်တွင် ကျမ်းစာအုပ်ပေါင်း ၆၈-အုပ် ရှိခဲ့ပေပြီ။

ယင်းတို့ထဲတွင် ဤစာအုပ် ဖြစ်ပေါ်လာရခြင်းမှာ ဝိပဿနာဘာဝနာအသင်း ပလဲ့ဆင့်လမ်း ဘားမက်စကျူးဆက်- ဝ၁၀ဝ၅ အမေရိကန်ပြည်ထောင်စု မန်နေဂျင်းဒါရိုက်တာ မစ္စတာဂိုင်းအမ်း စထရောင်းတို့နှင့် အနောက်တိုင်းတွေမှာ ဗုဒ္ဓတရားတော်များကို လှည့်လည် ဟောဖူး နေဖူး ဖြစ်နေသော ၄၁-ကားလိုင်းလ် ကမ်းဘာမင်ဂန်ဘီ ၁၆၉ ဘီအိပ်ချ်အင်္ဂလန်က မဟာစည်ဆရာတော်ဘုရားကြီးအား အနောက်တိုင်းတွင် စာနှင့်ဖတ်ဟောသည့် အလေ့အထရှိကြောင်းနှင့် ဆရာတော်ဘုရားကြီး ကြွလာတဲ့အခါမှာ တရား -၄ပုဒ်လောက်စီစဉ်ခဲ့ပါရန်လျှောက်ထားသဖြင့် ဆရာတော်ကြီးက ဤတရားများကို စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်၊ ဤစာအုပ်၌ စီစဉ်ခဲ့သည့် တရားများမှာ-

၁။ အမြတ်ဆုံး တရားတော်၊

၂။ ဗုဒ္ဓသာသနာ တရားတော်၊

၃။ သတိပဋ္ဌာန် တရားတော်(ပ၊ ဒု)

၄။ ချမ်းသာရေး တရားတော်များပင် ဖြစ်ပါသည်။

ယင်းတို့သည် ကမ္ဘာ့သာသနာပြုတရားတော်များပင် ဖြစ်ပါသည်၊ ဤတရားတော်များတွင် အမြတ်ဆုံးတရားတော်ကို ဦးညီညီ (မဟာစည်ယောဂီ ဗုဒ္ဓသာသနာနုဂ္ဂဟကော်မတီအဖွဲ့ဝင်)က ဘာသာပြန်၍ ကျန်တရားများကို ဦးသာနိုး (စာရေးဆရာ မောင်သာနိုး၊ အမ်အေ၊ ဆူးလေ ဘုရားလမ်း၊ ရန်ကုန်)က ဘာသာပြန်ခြင်း ဖြစ်ပါသည်၊ ဤတရားတော်များတွင် ဗုဒ္ဓသာသနာတရားတော် စာမျက်နှာ ၁၉- ဝိပဿနာကုသိုလ် ဖြစ်ပွားစေဖို့ အရေးကြီးဆုံးဖြစ်ပုံနှင့် အမြတ်ဆုံးကုသိုလ်ဖြစ်ပုံကို လည်းကောင်း၊ ဝိပဿနာကုသိုလ် ဖြစ်ပွားအောင် အားထုတ်ပုံကို လည်းကောင်း ပြထားပါသည်။

ဗုဒ္ဓသာသနာတရားတော် နှာ-၁၉ စသည်တို့၌ ဝိပဿနာကုသိုလ်ဖြစ်ဆဲမှာ တွေ့သိရသည့် ဉာဏ်စဉ်များကိုလည်းကောင်း၊ အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မျက်မှောက်ပြုပုံကို လည်းကောင်း၊ တိတိကျကျ ရှင်းလင်းစွာ ဖော်ပြထား၏၊ ဤစာအုပ်တွင် ပါဝင်သည့် အခြားတရားတော်များမှာလည်း တရားနာဝေနေယျသို့လိုက်၍ ခေတ်သစ်ဓာတ်စာ အတွေးအခေါ် တည်းဟူသော အခြားအချက်အလက်များဖြင့် ထုံမွန်း၍ ဟောထားခြင်းသာ ဖြစ်ပေသည်၊ အခြေခံပုံစံအားဖြင့်မူ () ဝိပဿနာ ကုသိုလ်ဖြစ်ဖို့ အရေးကြီးပုံ၊ () အားထုတ်ပုံ၊ () ဉာဏ်ဖြစ်ပုံနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပုံ ဟူသော ဤအချက် -ချက်သာဖြစ်ပေသည်။

ဤအချက်အလက်များဖြင့် ဗုဒ္ဓတရားတော်၏ မှန်ကန်သည့်အတွက်ကြောင့်ပင် ခေတ်အသီးသီးရှိ လူမျိုးအသီးသီးတို့၏ အတွေးအခေါ် အတွေ့အကြုံ နည်းမျိုးစုံတို့ဖြင့် နိုင်းယှဉ်တွေးခေါ် ဝေဖန်ပွတ်တိုက်သော်လည်း ပွတ်လေပြောင်လေသာ ဖြစ်ခဲ့လေသည်၊ ဖြစ်နပေသည်၊ အနာဂတ် တွင်လည်း ထွန်းတောက်ပြောင်လက်နေဦးမည်မှာ အမှန်မုချပင် ဖြစ်ပေသည်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ၁၉၈၃-ခုနှစ်ကစ၍ သတိပဋ္ဌာန ဓမ္မစက်ခေါ်သည့် ဝိပဿနာတရားတော်များကို အချိန်အခါအလျောက် တတ်နိုင်သမျှ ဟောပြောပြသလာခဲ့ပေသည်၊ ဆရာတော်ဘုရားကြီး၏ တရားတော်များကို ကိုယ်တိုင် ကျင့်သုံးကြည်ညို ယုံကြည်ကြသော ဒကာ-ဒကာမများသည် ကမ္ဘာလုံးဆိုင်ရာ ဝိပဿနာ ဖြန့်ဖြူးရေးအဖွဲ့ဟု အဖွဲ့တစ်ခုဖွဲ့ပြီးလျှင် လက်လှမ်းမီ ရာမှာ သာသနာပြုကြ၏။

ထိုအဖွဲ့ကို ဖွဲ့စည်းစဉ်တုန်းက နာမည်က ကြီးကျယ်လှပါတကား၊ တစ်ကမ္ဘာလုံး နှံ့စပ်ဖို့ မလွယ်ကူဟုပင် ထင်ခဲ့ကြသေးသည်၊ သို့သော် ဆရာဒကာ ညီညွတ်စွာ သာသနာပြုရင်းပင် တစ်စတစ်စနှင့် လက်တွေ့ကျင့်သုံးသူများ တိုးပွားလာသည်နှင့်အမျှ ယုံကြည်သူများမှာ ဆတက်ထမ်းပိုး ပွားများလာခဲ့ရာ ယခုအခါတွင် ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီး၏ သတိပဋ္ဌာန်ဂုဏ်ရနံတို့သည် မြန်မာနိုင်ငံတွင်းဝယ် ရွာအနှံ့၊ မြို့အနှံ သင်းပျံ့ ကြိုင်လှိုင်သည်သာမက အာရှတိုက်တစ်ခွင်လုံးကို ဖြတ်ကျော်၍ ဥရောပ အမေရိကစသော ကမ္ဘာအရပ်ရပ်အထိ ကြိုင်လှိုင်သင်းပျံ့ကာ တိုင်းသိ ပြည်ကျော် ထင်ပေါ်သောကမ္ဘာကျော် ဆရာတော်ဘုရားကြီး ဖြစ်လာပေသည်၊ ယင်းသို့ ဖြစ်ရသည်မှာလည်း ဉာဏ်တွေ့ အခြေခံသော သတိပဋ္ဌာန်ဓမ္မစက်၏ အစွမ်းသတ္တိကြောင့်ပင် ဖြစ်ပေသည်၊ ဓမ္မစက်သည် လျင်မြန်စူးရှ၏၊ ခိုင်မာတောင့်တင်း၏၊ သေချာကျန၏၊ အတိအကျဖြစ်၏၊ ထို့ကြောင့် သတ္တဝါအားလုံး အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်ဆီသို့ ဓမ္မစက်တပ်ဆင်ထားသော မဂ္ဂင်ယာဉ်ကြီးဖြင့် စီးနင်းလိုက်ပါနိုင်ကြပါစေဟု ပတ္ထနာပြုလျက် ......

 

အရှင်ကေလာသ

ဒီဃဘာဏက ဒီဃနိကာယ ကောဝိဒ

သာသနဓဇ သိရီပဝရ ဓမ္မာစရိယ

သာသနာ့ရိပ်သာ

သာသနာ့ရိပ်သာလမ်း၊ ရွှေဂုံတိုင်၊ ရန်ကုန်မြို့။