ကောင်းခြင်းလေးဖြာမင်္ဂလာတရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

test

ကောင်းခြင်းလေးဖြာမင်္ဂလာတရားတော်

Published Date - 1981

Author By - မဟာစည်ဆရာတော်ဘုရားကြီး

119 စာမျက်နှာ


ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော် 

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

 

ဒီကနေ့ ဟောမည့်တရားကတော့ အဲဒီ ဆောင်ပုဒ်ပေးထားတဲ့အတိုင်းကောင်းခြင်းလေးဖြာမင်္ဂလာ တရားတော်ဆိုတာကို ဟောဖို့ပါပဲ။ အလှူ အတန်း ဒါနတွေနဲ့ ပတ်သက်ပြီးတော့ ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော်ဆိုတာ အင်မတန် ဆီလျော်ပါတယ်။ တိုတိုကလေးနဲ့ ထိထိရောက်ရောက်လည်းရှိပါတယ်။ ပြီးတော့ ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော် ဆိုတာက ဝိပဿနာတရားတွေလည်း ဒီအထဲ အကုန်ပါနေတယ်။ အချိန်ရှိလို့ရှိရင်တော့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်းဖြစ်ပြီးတော့ အရိယမဂ်ဖိုလ်ရောက်ပုံအလုံးစုံကို ဟောရမှာပဲ။ ဒါပေမယ့် ဒီကနေ့ည တညထဲနဲ့တော့ ဒီတရားကို ပြည့်ပြည့်စုံစုံ သိပ်မဟောနိုင်ဘူး။ နှစ်ည သုံးညလောက်ဟောမှ တော်ရုံရှိမယ်။ ချုံးတန်းတာ ချုံးပြီးဟောရမှာပဲ။

နတ်သားတစ်ဦးက မြတ်စွာဘုရားအား လျှောက်ထားပါတယ်။ သူ လျှောက်ထားပုံ ဂါထာပုဒ်ကိုလည်း ရွတ်ဆိုပြရအုံးမယ်။

ကိံ သု ယာဝ ဇရာသာဓု၊ ကိံ သု သာဓု ပတိဋ္ဌိတာ။

ကိံ သု နရာနံ ရတနံ၊ ကိံ သု စောရေဟိ ဒူဟရံ    

(သံ . ပါ () ဇရာဝဂ္ဂ-နှာ- ၃၃ ဆဋ္ဌ)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပေသော မြတ်စွာဘုရား။ ယာဝ ဇရာ သာဓု၊ အိုမင်းသည့်တိုင်အောင် ကောင်းသောအရာကား။ ကိံသု၊ အဘယ်ပါနည်း မြတ်စွာဘုရား။ ဒီမေးခွန်းက အမှတ်()မေးခွန်းပဲ။ အိုသည့်တိုင်အောင် ထာဝရကောင်းတဲ့အရာက ဘယ်ဟာပါလဲဘုရား တဲ့။

ပတိဋ္ဌိတာ၊ ခိုင်မြဲတည်တံ့သည်ရှိသော်။ သာဓု၊ ကောင်းသောအရာကား။ ကိံသု၊ အဘယ်ပါနည်း မြတ်စွာဘုရား။ ဒီမေးခွန်းက အမှတ်()မေးခွန်း။ ခိုင်မြဲတည်တံ့ရင်ကောင်းတာ ဘယ်ဟာပါဘဲ ..တဲ့။

နရာနံ၊ လူတို့၏၊ ရတနံ၊ အဖိုးတန်ရတနာကား။ ကိံ သု အဘယ်ပါနည်း မြတ်စွာဘုရား။ ဒီမေးခွန်းက အမှတ်() မေးခွန်း။ လူ့လောကမှာ ရတနာဆိုတာ အမျိုးမျိုးရှိတယ်။ ဒါပေမယ့် မေးလိုတာက အမြတ်ဆုံးဖြစ်တဲ့၊ အဖိုးအတန်ဆုံးဖြစ်တဲ့ ရတနာက ဘယ်ဟာပါလဲ တဲ့။

စောရေဟိ၊ သူခိုး၊ ဒမြ၊ လူဆိုးတို့သည်။ ဒူဟရံ၊ မခိုး မယူနိုင်သောဥစ္စာကား၊ ကိံသု၊ အဘယ်ပါနည်း မြတ်စွာဘုရား။ ဒီမေးခွန်းက အမှတ်()မေးခွန်း။ သူခိုး၊ ဒမြ၊ သူဆိုး၊ လူဆိုးတို့ မခိုးယူနိုင်တဲ့ ဥစ္စာကား အဘယ်ဟာပါလဲ မြတ်စွာဘုရားတဲ့။

အဲဒီမေးခွန်းလေးချက်ကို မြတ်စွာဘုရားကလည်း ဂါထာ တစ်ပုဒ်ထဲနဲ့ ဖြေကြားလိုက်ပါတယ်။ ဖြေတော်မူပုံကတော့ -

သီလံ ယာဝ ဇရာ သာဓု၊ သဒ္ဓါ သာဓု ပတိဌိတာ။

ပညာ နရာနံ ရတနံ၊ ပုညံ စောရေဟိ ဒူဟရံ     

(သံ . ပါ () ဇရာဝဂ္ဂ-နှာ- ၃၃ ဆဋ္ဌ)

ဒေဝပုတ္တ၊ သိလိုရေးနှင့် မေးမြန်းလျှောက်ထားလာတဲ့ အို - နတ်သား။ ယာဝဇရာ သာဓု၊ အိုမင်းသည့်တိုင်အောင် ကောင်းသောအရာကား။ သီလံ၊ ကိုယ်ကျင့်သီလ ပါပေတည်း။ ဒီအဖြေက () နံပါတ်မေးခွန်းအဖြေ။ အိုမင်းသည့်တိုင်အောင် အစဉ်ထာဝရ ကောင်းတာက ကိုယ်ကျင့်သီလာပဲ  တဲ့။

ပတိဋ္ဌိတာ၊ ခိုင်မြဲတည်တံ့သည်ရှိသော။ သာဓု၊ ကောင်းသောအရာကား။ သဒ္ဓါ၊ ယုံကြည်မှု သဒ္ဓါတရားပေတည်း။