ကမ္ဘာ့သာသနာပြုတရားတော် (ဒုတိယတွဲ)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

test

ကမ္ဘာ့သာသနာပြုတရားတော် (ဒုတိယတွဲ)

Published Date - 1981

Author By - မဟာစည်ဆရာတော်ဘုရားကြီး

43 စာမျက်နှာ


ကမ္ဘာ့သာသနာပြုတရားတော် (ဒုတိယပိုင်း)

 

စာအုပ်နိဒါန်း

ဘဝတု သဗ္ဗမင်္ဂလံဗုဒ္ဓမြတ်စွာဘုရား၏ ပဋိပတ္တိသာသနာ ဝိပဿနာဓမ္မလင်းရောင်ခြည်တို့သည် ကမ္ဘာလောကဓာတ် တစ်ခုလုံး၌ ထွန်းလင်းတောက်ပလာသည်ရှိသော် ရာဂ, ဒေါသ, မောဟ, မာနစသော ကိလေသာအညစ်အကြေးတို့ ကင်းဝေးစင်ကြယ်သူတို့ ပေါများလာနိုင်သောကြောင့် ငြိမ်းချမ်း သာယာသော လောကဓာတ်ကြီးကို တွေ့မြင်ကြရလိမ့်အံ့ဟု ယုံကြည်ကိုးစား မျှော်လင့်ကြကုန်သော သတိုးသီရိ သုဓမ္မ ဆာ-ဦးသွင် အမှူးပြုသည့် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်သူတော်စင်အပေါင်းတို့သည် ပဋိပတ္တိသာသနာ ဝိပဿနာ အလုပ်ပေးတရားကို နည်းမှန်လမ်းကျ ဟောညွှန်ပြတော်မူနိုင်သော ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးအား မြန်မာနိုင်ငံတော် လွတ်လပ်ပြီးစ (၁၉၄၉) ခုနှစ်လောက်ကပင် ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ ပင့်ဆောင်ကိုးကွယ်ခဲ့ကြလေသည်။

ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ကြွရောက် သီတင်းသုံးတော်မူပြီးလျှင် (၁၃၁၁)ခု နတ်တော်လပြည့် (-၁၂-၄၉)နေ့မှ အစပြု၍ နယ်အရပ်ရပ်မှ လာကြကုန်သော ရဟန်း ရှင်လူ ယောဂီ သူတော်စင်တို့အား သတိပဋ္ဌာန် ဝိပဿနာအလုပ်ပေးတရားတော်ကို ဟောကြား ပြသတော်မူခဲ့လေသည်။

ဆရာတော်ဘုရားကြီး၏ သီလဂုဏ်-သမာဓိဂုဏ်-ပညာဂုဏ်တို့ကို ယုံကြည်ကိုးစား၍ ယထာဘူတ နည်းမှန်လမ်းကျသော ဝိပဿနာတရားတော်ကို ပြည့်စုံလုံလောက်အောင် အားထုတ်ခွင့်ရကြသော ရဟန်းရှင်လူ သူတော်စင်တို့သည် မိမိတို့ရပ်ရွာဒေသသို့ ပြန်လည်၍ ဆရာတော်ဘုရားကြီး၏ နည်းဥပနိဿယအတိုင်း ဟောကြားပြသကြသဖြင့် မြန်မာနိုင်ငံ အရပ်ရပ်၌ ကမ္မဋ္ဌာန်းဌာနခွဲပေါင်း (၃၂၁) ဌာနရှိခဲ့ကြောင်း၊ တရားအားထုတ်ပြီးသူ ယောဂီပေါင်း ရှစ်သိန်းကျော် ရှိခဲ့ကြောင်း၊ (၁၉၈၀-ခု) ၁၃၄၂-ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်နေ့က ကျင်းပပြီးစီးခဲ့သော သြဝါဒခံယူပူဇော်ပွဲ၌ ဖတ်ကြား အစီရင်ခံသည်ကို ကြားနာခဲ့ရလေသည်။

ဆရာတော်ဘုရားကြီးသည် ၁၉၅၂-ခုနှစ်မှ အစပြု၍ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့လည်း အခါအားလျော်စွာ ကြွရောက်၍ သာသနာ ပြုတော်မူလေ့ရှိသဖြင့် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ယိုးဒယား (ထိုင်း) အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကမ္ဘောဒီယား၊ လောစသော အာရှနိုင်ငံတို့၌ ခပ်စောစောကပင် မဟာစည် သတိပဋ္ဌာန် ဝိပဿနာကမ္မဋ္ဌာန်း ဌာနခွဲများ တည်ရှိခဲ့လေသည်။ 

နိုင်ငံခြားသားများ လာရောက် တရားအားထုတ်ကြခြင်း

၁၉၅၂-ခုနှစ်မှ ဤမှာဘက်၌ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ လာရောက်ကြ၍ ဝိပဿနာတရားတော်ကို အားထုတ်ကြသူတို့တွင် ဂျာမန်ဘုန်းတော်ကြီး အရှင်ဉာဏပေါနိကနှင့် အင်္ဂလိပ်အမျိုးသား ရေတပ်ဗိုလ် မစ္စတာရှပ်တော့စသော ပုဂ္ဂိုလ်တို့သည် ဆရာတော်ဘုရားကြီး၏ ခြေတော်ရင်း၌ တရားတော်ကို ကျေနပ်အားရအောင် အားထုတ်သွားခဲ့ ကြပြီးလျှင် မိမိတို့နိုင်ငံတို့သို့ ပြန်ရောက်ကြသောအခါ ကိုယ်တွေ့အားထုတ်ခဲ့ရစဉ်က ချမ်းသာသုခ ရခဲ့ပုံအကြောင်းကို အင်္ဂလိပ်သာဘာဖြင့် ကျမ်းစာအုပ်များ ရေးထုတ်ခဲ့ကြလေသည်။

ထိုအချိန်မှစ၍ မဟာစည် ပဋိပတ္တိသာသနာ ဓမ္မလင်းရောင်ခြည်သည် ကမ္ဘာအနှံ့ ထင်ရှားတောက်ပခဲ့၍ ဥရောပ၊ အမေရိက၊ အာဖရိကနှင့် အာရှတိုက်တို့မှ လူမျိုးပေါင်းစုံတို့ မြန်မာနိုင်ငံကို လာရောက်ကြကာ ဆရာတော်ဘုရားကြီး၏ ခြေတော်ရင်း၌ ဝပ်စင်းခိုလှုံပြီးလျှင် လောဘ, ဒေါသ, မောဟ, မာနစသော ကိလေသာကင်းကြောင်း ဖြစ်သော ဝိပဿနာတရားတော်ကို အားထုတ်ကြ, ရှင်ရဟန်းအဖြစ်၊ သီလရှင်အဖြစ် ခံယူကြလေသည်။

မဟာစည် ကျမ်းစာများ

ဆရာတော်ဘုရားကြီး၏ ပဋိပတ္တိသာသနာပြုလုပ်ငန်း အတွင်ကျယ်ဆုံးကာလမှာ ၁၉၇၀ ပြည့်နှစ်မှ သည်ဘက်ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး ဟောကြားတော်မူ၊ ရေးသားတော်မူသော ကျမ်းစာတို့မှာ ရှစ်ဆယ် (၈၀) ကျော်မျှ ရှိခဲ့၍ ထိုကျမ်းစာအားလုံးကို ဆရာတော်ဘုရားကြီး၏ ပစ္စည်းလေးပါးဒါယကာ ဗုဒ္ဓသာသနာ့နုဂ္ဂဟအဖွဲ့ချုပ်က ပုံနှိပ်ဖြန့်ချိခဲ့သည့်အပြင် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားတို့၌ အကျိုးများမည့် ကျမ်းစာတို့ကိုလည်း အင်္ဂလိပ်ဘာသာပြန်၍ ပုံနှိပ်ဖြန့်ချိခဲ့လေသည်။

အမေရိကအပါအဝင် () နိုင်ငံသို့ သာသနာပြုကြွခြင်း

ဆရာတော်ဘုရားကြီးအား ၁၉၇၉-ခု နှစ်ဆန်းလောက်က အမေရိကမှ မစ္စတာ ဂျိုးဇက်ဂိုးလ်စတိန်း၊ ဂျက်ကွန်းဖီးစသော ပုဂ္ဂိုလ်တို့၏ ကမ္ဘာ့သာသနာပြု ကြွရောက်ပါရန် ပင့်လျှောက်ချက်အရ ဆရာတော်ဘုရားကြီးသည် နောက်ပါ တပည့်များနှင့်အတူ ၁၉၇၉-ခု ဧပြီလ -ရက်နေ့၌ အမေရိကသို့ ကြွတော်မူစဉ် နိုင်ငံပေါင်း -နိုင်ငံကို ရောက်ခဲ့လေသည်။ ရက်အားဖြင့် ၁၁၈-ရက် ကြာခဲ့လေသည်။

ရောက်ခဲ့သော နိုင်ငံများမှာ () ထိုင်း၊ () ဂျပန်၊ () အမေရိက၊ () အင်္ဂလန်၊ () ပြင်သစ်၊ () ဆွတ်ဇာလန်၊ () အီတလီ () ဟော်လန်၊ () ဂျာမဏီ တို့ဖြစ်လေသည်။

ဆရာတော်ဘုရားကြီးသည် ယင်းနိုင်ငံတို့သို့ သာသနာပြု ကြွတော်မမူမီ ဟောကြားတော်မူရန် ကမ္ဘာ့သာသနာပြု တရားတော် ()ပုဒ်ကို ကြိုတင်ပြုစုတော်မူခဲ့လေသည်။

ယင်းတို့မှာ-

() ဗုဒ္ဓဘုရားရှင်၏ အမြတ်ဆုံး တရားတော်

() ဗုဒ္ဓသာသနာ တရားတော်

() သတိပဋ္ဌာန် တရားတော် ()

() သတိဋ္ဌာန် တရားတော် (ဒု)

() ချမ်းသာရေး တရားတော်

ယင်းတရားတော် () ပုဒ်ကို အင်္ဂလိပ်ဘာသာ ပြန်ဆို၍ စာအုပ်အဖြစ် ပုံနှိပ်ခဲ့ပါသည်။

ဆရာတော်ဘုရားကြီးသည် ရောက်လေရာရာ နိုင်ငံတိုင်း၌ ယင်းတရားတော်တို့ကိုပင် အင်္ဂလိပ် ဘာသာဖြင့် ဖတ်ကြား ဟောတော်မူခဲ့လေသည်။

အင်္ဂလန်သို့ ဒုတိယအကြိမ် သာသနာပြုကြွခြင်း

ထိုမှတစ်ပါး ဆရာတော်ဘုရားကြီးအား ၁၉၈၀-ပြည့်နှစ်ကလည်း အိုကင်ဟော့ ဦးမြတ်စော စသော ပုဂ္ဂိုလ်တို့က ကမ္ဘာ့သာသနာပြု ပင့်လျှောက်ပြန်သောကြောင့် အင်္ဂလန်သို့ ဒုတိယအကြိမ် ၂၉--၈၀ နေ့၌ ကြွတော်မူရပြန်သည်။

ဆရာတော်ဘုရားသည် အောက်စဖို့မြို့နယ် အိုကင်ဟော့ ဦးမြတ်စော ဂေဟာ၌ မဟာစည်ကမ္မဋ္ဌာန်း ဌာန ဖွင့်၍ ရက်ရှည် ဝိပဿနာအလုပ်ပေး တရားတော်ကို ပြသတော်မူခဲ့ပြီးနောက် သီရိလင်္ကာ (သီဟိုဠ်) စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့မှတစ်ဆင့် ၂၃--၈၀ နေ့၌ မြန်မာနိုင်ငံကို ပြန်ကြွခဲ့၍ ရက်အားဖြင့် ၅၆ ရက် ကြာခဲ့လေသည်။

နီပေါနိုင်ငံသို့ သာသနာပြု ကြွတော်မူခြင်း

ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓမြတ်စွာဘုရားအလောင်းတော် ဖွားမြင်တော်မူရာ နီပေါနိုင်ငံသို့ သာသသနာပြုကြွတော်မူရန် နီပေါနိုင်ငံရှိ အမျိုးသား အမျိုးသမီး ယောဂီတို့က ပင့်ကြပြန်ပါသည်။

၁၉၆၀-ပြည့်နှစ်လောက်က ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ လာရောက်၍ တရားအားထုတ်သွားကြသော နီပေါအမျိုးသမီး သီလရှင် ဒေါ်သုဓမ္မဝတီနှင့် မြန်မာအမျိုးသမီး သီလရှင် ဒေါ်ဂုဏဝတီတို့သည် နီပေါနိုင်ငံ၌ ထေရဝါဒဗုဒ္ဓသာသာနာ ပြုခဲ့ကြရာတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး၏ နည်းဥပနိဿယအတိုင်း သတိပဋ္ဌာန်ဝိပဿနာ တရားတော်ကိုလည်း ဟောကြား ပြသခဲ့လေသည်။

ထိုမှတစ်ပါး နီပေါအမျိုးသား အရှင်သုမင်္ဂလ၊ အရှင်ဉာဏပုဏ္ဏိကစသော ရဟန်းတော်တို့သည်လည်း မြန်မာနိုင်ငံကို ကြွရောက်ကြ၍ ဆရာတော်ဘုရားကြီး၏ ခြေတော်ရင်း၌ တရားအားထုတ်ခဲ့ကြ လေသည်။

သို့ဖြစ်၍ နီပေါနိုင်ငံတွင် မဟာစည် ပဋိပတ္တိသာသနာမှာ ခတ္တမန္ဒူမြို့တော်နှင့် လုမ္ဗိနီစသော ဒေသတို့၌ ပြန့်တန်သလောက် ပြန့်နေလေပြီ။ ထိုအရပ်မှ ရဟန်းတော်များနှင့် နီပေါအမျိုးသား အမျိုးသမီး တို့သည် မြန်မာနိုင်ငံသို့ မကြာမကြာ လာရောက်ကြ၍ ဘုရားဖူးရင်း ဝိပဿနာ တရားဓမ္မကို ကျင့်သုံးခဲ့ကြလေသည်။ ၁၉၈၀-ပြည့် ဖေဖော်ဝါရီလ ၂၆-ရက်နေ့၌ နီပေါသီလရှင် ဒေါ်သုဓမ္မဝတီ ခေါင်းဆောင်သော ရဟန်းတော်တစ်ပါးနှင့် အမျိုးသား အမျိုးသမီး ယောဂီအဖွဲ့သည် အများဆုံးဖြစ်၍ မဟာစည်သာသနာ့ရိပ်သာ၌ တစ်လတိုင်တိုင် နေထိုင်ကြကာ ဝိပဿနာတရား အားထုတ်သွားခဲ့ လေသည်။

ယင်းအဖွဲ့က နွေရာသီရောက်လျှင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးအား နီပေါနိုင်ငံသို့ သာသနာပြုပင့်လိုပါကြောင်း ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့အား ပြောကြားခဲ့လေသည်။ နီပေါပြည် လုမ္ဗိနီ ပြန်လည်ထူထောင်ရေး ဥက္ကဋ္ဌကြီးကလည်း ဆရာတော်ဘုရားကြီးအား လုမ္ဗိနီ အုတ်မြစ်ချပွဲသို့ ပင့်လိုပါကြောင်း ရန်ကုန်မြို့သို့ (နီပေါဘုရင်၏ ပဏ္ဏာတော် စေတီတော် အုတ်မြစ်ချပွဲသို့)အလာမှာ ဆရာတော်ဘုရားကြီးအား လျှောက်ထားခဲ့လေသည်။

ဆရာတော်ဘုရားကြီးသည် နီပေါနိုင်ငံသူ နိုင်ငံသားတို့၏ ပဋိပတ္တိသာသနာပြု ကြွရောက်တော်မူပါရန် ပင့်လျှောက်သည်ကို ကရုဏာရှေ့ထား၍ လက်ခံတော်မူပြီးလျှင် အမေရိကန်သို့ သာသနာပြုကြွစဉ်က ကမ္ဘာ့သာသနာပြုတရားတော် ပထမပိုင်းကို ကြိုတင်ရေးသား စီစဉ်သကဲ့သို့ပင် နီပေါနိုင်ငံသို့ ရောက်သည့်အခါ ဟောကြားတော်မူရန် အောက်ပါ ကမ္ဘာ့သာသနာပြု တရားတော် (ဒုတိယပိုင်း) ကိုလည်း ကြိုတင် ရေးသားတော် မူခဲ့လေသည်။

၁။ ဗုဒ္ဓသြဝါဒ တရားတော်

၂။ ဘုရားကိုယ်တိုင်ရှုနည်း တရားတော်

၃။ သစ္စာလေးပါး တရားတော်

ယင်းတရားတော်တို့ကိုလည်း ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အမှုဆောင်လူကြီး ဦးညီညီက အင်္ဂလိပ်ဘာသာပြန်၍ မြန်မာဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း၊ စာအုပ်အဖြစ် ပုံနှိပ်ခဲ့လေသည်။

ထိုမှတစ်ပါး အင်္ဂလန်၌ သာသနာပြုနေသော နီပေါအမျိုးသား အရှင်ဉာဏပုဏ္ဏိက မထေရ်ကလည်း နီပေါဘာသာပြန်၍ နီပေါပြည်၌ စာအုပ်အဖြစ် ပုံနှိပ်ရန် ရည်ရွယ်ထားလေသည်။ ဆရာတော်ဘုရား ကြီးသည် နီပေါနိုင်ငံသို့ ရောက်သောအခါ နီပေါအမျိုးသား အမျိုးသမီးတို့၏ ဆန္ဒအားလျော်စွာ ၁၅-ရက်၊ အရက် ၂၀-ခန့် ဝိပဿနာကမ္မဋ္ဌာန်းဌာနဖွင့်၍ ဝိပဿနာအလုပ်ပေး တရားတော်ကို ဟောကြားပြသတော်မူမည် ဖြစ်သောကြောင့် ဗုဒ္ဓမြတ်ဘုရား၏ ပဋိပတ္တိသာသနာ ဝိပဿနာ လင်းရောင်ခြည်သည် ကမ္ဘာလောကဓာတ်တစ်ခုလုံး ထွန်းလင်းပါစေသတည်းဟု ဆန္ဒပြုရင်း ဤစာအုပ်၏ နိဒါန်းကို ရေးသားအပ်ပါသည်။

 

 

မင်္ဂလာပါခင်ဗျား

မင်္ဂလာ အောင်မြင့်

(ဂုဏ်ထူးဆောင်အမှုဆောင်)

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

ရန်ကုန်မြို့။

၁၃၄၂-ခု၊ နတ်တော်လပြည့်ကျော် ၁၀-ရက်။ (--၈၁)