စက်လေးပါတရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

test

စက်လေးပါတရားတော်

Published Date - 1988

Author By - မဟာစည်ဆရာတော်ဘုရားကြီး

47 စာမျက်နှာ


ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ

မဟာစည်သာသာနာ့ရိပ်သာ မဟာသိမ်တော်ကြီး၌

၁၃၃၇-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၂)ရက်နေ့က

ဒေါက်တာဦးသန်းနောင်+ဒေါ်နှင်းနှင်းသန်း မိသားစုတို့၏

ရှင်ပြုရဟန်းခံအလှူတော်မင်္ဂလာ

ရေစက်သွန်းချ အမျှပေးဝေပွဲတွင်

ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ

ကျေးဇူးတော်ရှင်

မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော

စက်လေးပါး အနုမောဒနာ

တရားတော်ကြီး

စတ္တာရိမာနိ ဘိက္ခဝေ စက္ကာနိ၊ ယေဟိ သမန္နာ ဂတာနံ ဒေဝမနုဿာနံ စတုစက္ကံ ဝတ္တတိ၊ ယေဟိ သမန္နာ ဂတာ ဒေဝမနုဿာ နစိရဝဿဝ မဟန္တတ္တံ ဝေပုလ္လတ္တံ ပါပုဏန္တိ ဘောဂေသု။

ဘိက္ခဝေ - ရဟန်းတို့၊ ဣမာနိစက္ကာနိ - ဤပြည့်စုံကြောင်းဖြစ်သော စက်တို့သည်။ စတ္တာရိ - လေးပါးတို့ပေတည်း။

စက္က - စက်ဆိုတာ အဝန်းအဝိုင်း, ဝန်းဝိုင်းနေတဲ့ဟာကို စက်, အဝိုင်းတွေပေါ့လေ၊ လောကမှာတော့ စက်ဆိုလို့ရှိရင် အလိုလိုသွားနေတဲ့ ယန္တရားလို့ ဒီလိုနားလည်ကြတယ်။ ဒီဟာကတော့ အဝန်းအဝိုင်းပါပဲ၊ စက္က - အဝန်းအဝိုင်းတဲ့၊ သို့သော်လည်း အလိုလိုသွားနေတဲ့ ယန္တရားစက်တွေမှာလည်း အဝန်းအဝိုင်းတွေက ပါတာပဲ၊ သူကလည်းမပါလို့မဖြစ်ဘူး။ ဘီးတွေက အဝိုင်းတွေနှင့်လည်ရတာ၊ အဲဒီ အဝန်းအဝိုင်း စက်လေးခုရှိပါတယ်။

စက်လေးပါးသရုပ်

ကတမာနိ စတ္တာရိ - အဘယ်လေးပါးတို့နည်းဟူမူကား၊ ပတိ ရူပဒေသဝါသော, သပ္ပုရိသာဝဿယော, အတ္တသမ္မာပဏိဓိ, ပုဗ္ဗေစ ကတပုညတာ။

၁။    ပတိရူပဒေသဝါသော - သင့်တင့်လျောက်ပတ်သော အရပ်၌ နေရတာက စက်တစ်ပါး, စက်ဝိုင်းရဲ့ အစိတ်အပိုင်း  ကလေးတစ်ခုပါပဲ။

၂။    သပ္ပုရိသာဝဿယော - သူတော်ကောင်းကို မှီဝဲရတာကလည်း စက်တစ်ပါး။

၃။    အတ္တသမ္မာပဏိဓိ - မိမိကိုယ်တိုင် ကောင်းစွာ ဆောက်တည်ထားတာကလည်း စက်တစ်ပါး။

၄။    ပုဗ္ဗေစ ကတပုညတာ - ရှေးဘဝ ရှေးကာလ၌ ပြုခဲ့ဖူးသော ကောင်းမှုရှိတာကလည်း စက်တစ်ပါး။